Friday, December 26, 2008

အမှတ်တရ ဒါလတ်


တမင်တကာပျိုးယူခဲ့တဲ့
အစိမ်းရောင် သစ်ပင်တွေကိုကြည့်ရင်း
သဘာဝရဲ့ တောစိမ်း၊ တောင်စိမ်းတွေကို သတိရ
ပန်းတွေပွင့်တဲ့မြို့ကလေးကို အမှတ်ရလို့...............

ဒီဇင်ဘာက မိုးအကုန်ဆောင်းအကူးတဲ့
လေအေးတွေက ငါ့ကိုအလုအယက်တိုးဝင်
အေးစက်နေတဲ့ကြားက ငါမနွေးထွေးချင်ခဲ့ပြန်ဘူး
နေ့ဘက်ဆို နေရောင်နဲ့တလက်လက်ဖြစ်နေတဲ့ ရေကန်ကြီးရယ်
ညဘက်ဆိုမီးရောင်တလက်လက်အောက် ကပန်းပွင့်တွေ
လူတွေလှုပ်ရှားနေတဲ့ ညဈေးတန်းလေး
ချစ်စရာရိုးသားတဲ့ ကလေးငယ်တွေ
အဲဒီအရာတွေကြားမှာ ငါပျော်ခဲ့၊ ၀မ်းနည်းခဲ့၊ မျက်ရည်ကျခဲ့.......

ငါတို့ခွဲကြရတုန်းက
တောင်တွေကမြင့်လိုက်၊ နိမ့်လိုက်နဲ့
ပြေးလိုက်လာသေးတယ်
လေအေးလေးတွေက မြို့အ၀င်အထိလိုက်ပို့ကြ
ပန်းတွေကယိမ်းနွဲ့လို့ ၀ိုင်းဆို
“နောက်တစ်ခေါက်ပြန်လာခဲ့နော်”တဲ့

အစိမ်းရောင်တောင်တန်းတွေရယ်
ရေကန်ကျယ်ကြီးရယ်
လှေကားထစ်စိုက်ခင်းတွေရယ်
အရောင်စုံတဲ့ပန်းတွေနဲ့
ဒါလတ်ဆိုတဲ့မြို့ကလေးရေ
ငါမင်းကို ဘယ်တော့မှ မမေ့ပါဘူးကွယ်။

မေ့သမီး

Saturday, December 20, 2008

လွမ်းရတာတွေများလို့

လွမ်းရတာတွေများလို့
ငါ့ရင်ဘတ်မှာအက်ကြောင်းတွေနဲ့
အနာဂါတ်ကမှုန်ဝါးဝေသီ
အိမ်ပြန်ချိန်လည်း ဝေးဝေးလာပြီ။

လွမ်းရတာတွေများလို့
အိပ်မက်တွေမှာတောင်မျက်ရည်ရွှဲ
အဝေးကအမေ့အိမ်ရယ်
မြို့ငယ်ငယ်လေးရယ်
ခနောခနဲ့လမ်းကလေးရယ်
င၀န်မြစ်ကြီးရယ်
တောင်တန်းနဲ့ပင်လယ်ပေါင်းစပ်မှုရယ်
မြင့်လိုက်နိမ့်လိုက် ဘ၀တွေရယ်
ငါတို့ ဘယ်တော့ဆုံနိုင်မလဲ...။

လွမ်းရတာတွေများလို့
ကြယ်တွေတောင်ပုန်းနေကြတယ်။
လပြည့်တစ်ညကိုအမှတ်ရတယ်
ညမွှေးပန်းရနံ့ရယ်
အိမ်ရှေ့ကဂစ်တာသံရယ်
လဖက်သုပ်ပွဲနဲ့
မောင်နှမစကားဝိုင်းရယ်
ငါတို့ဝေးနေတုန်းပဲ ရှိသေးတယ်။

လွမ်းရတာတွေများလို့...............
လွမ်းရတာတွေများလို့..............

လျှပ်စစ်လိုင်းကထွက်တဲ့ပုံရိပ်
ကြိုးမဲ့လှိုင်းကစကားသံတွေ
ထူးအိမ်သင်ရဲ့ “အမေ့အိမ်”
ဒါတွေအားလုံးကိုထားရစ်
အမေ့အိမ်အစစ်ကို ပြန်ရောက်ချင်လှပြီ။

Tuesday, December 16, 2008

ချစ်သူအတွက်ကဗျာ

လေးကြောင်းမစပ်တစပ်

သုံးကြောင်းထပ်လဲမဟုတ်

ဒါပေမယ့် ရင်ထဲကစကား

ချစ်သူ့အတွက်တေးသွားလေ

ကာရန်ကျကျ မကျကျ

စကားလုံးလှလှ မလှလှ

ချစ်သူသဘောကျဖို့

ကိုယ်ရေးခဲ့တာ

ရင်ထဲက ကဗျာတွေ။ ။



ကဗျာ(၁)

ဟိုတစ်နေ့က

ချစ်သူနဲ့တွေ့တော့

တိုးတိုးလေးမေးတယ်

ကိုယ့်ကိုချစ်လားတဲ့

ကိုယ်ဖြေမလိုအလုပ်

(ဗြုန်းခနဲဆို) ငလျင်လှုပ်သလို

ခုတင်ပေါ်ကပြုတ်ကျ

သြော် အိပ်မက်ကောင်းနေတုန်းမှကွယ်….



ကဗျာ(၂)

ချစ်သူကိုဖုန်းဆက်

ညစဉ်ရက်ဆက်

ဟိုတစ်နေ့ကျ

ဖုန်းထဲက ချိုစကား

လူကြီးမင်းခေါ်ဆိုသောဖုန်းမအားပါတဲ့

ရင်ဝကိုဓါးနဲ့ထိုးသလိုပါပဲလား။ ။



ကဗျာ(၃)

ချစ်သူဖတ်ဖို့

ကဗျာတွေစပ်

ချစ်သူရှေ့မှာရပ်ပြီး

ရွတ်ပြခဲ့ဖူးတယ်

ချစ်သူက ကိုယ့်ကိုမေးသွားတာက

ရက်ပ်ပါ လားဟင်တဲ့။

(ကံကောင်းထောက်မစွာပဲ ကိုယ့် Blog လေးပြန်ပွင့်သွားတယ်။ http://haymarwintun.blog.friendster.com/ အဲဒီကနေပြန်ကူးပြီးတင်လိုက်ပါတယ်။)

သင်ယူနေတဲ့ ယဉ်ကျေးမှု

မေ၀ယ်ပေးတဲ့ အင်္ကျီဖြူလေး အခုတော့ ညစ်ထေးမှုတွေနဲ့….
ပျော်ခဲ့ဘူးတဲ့ ကလေးတစ်ယောက် အခုမသန့်စင်တော့ဘူး။

တမာအပြုံးကို သကာဖုံးတဲ့လူတွေရဲ့အပြုံးမျိုး
သမီးမပြုံးတတ်ဘူး မေမေ
ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်တပ်
လူလယ်မှာပြုံးသလိုနဲ့
နောက်ကွယ်ကခြေထိုး
ယုတ်မာတာမျိုးလည်း
မေ သမီးကိုမသင်ခဲ့ဖူးလေ
ဖေ ပြောတဲ့စကား
လူတော်ကများ
လူကောင်းကရှုားသတဲ့
သမီးလူကောင်းဖြစ်ချင်ခဲ့တာပါ
အခုတော့…..
အသက်တစ်ရက်ထက်တစ်ရက်
ပိုဆက်လာသလို
သမီး အတွေ့အကြုံတွေလည်း
ပိုခဲ့ပြီလေ
လူတွေမှားရင် သမီးကခွင့်လွှတ်
သမီးမှားတော့ လူတွေရဲ့မျက်လုံး
သမီးဘ၀ဆုံးသွားတယ်။

အနာဂါတ်ကို စိုးရိမ်ခြင်း

ကျွန်မသူ့ကို သတိထားမိနေတာ ၂ရက်ရှိပါပြီ။ ကျွန်မကျောင်းကင်တင်းမှာ မနက်အတန်းမတက်ခင် ကော်ဖီဝယ်ဖို့တန်းစီရင်းနဲ့သူ့ကိုတွေ့တာပါ။ သူကကျွန်မရှေ့မှာတန်းစီနေတာပါ။ ခါးမကိုင်းပေမယ့် သူလမ်းလျှောက်ပုံက ခြေကိုမသယ်နိုင်တဲ့ပုံစံမျိုးနဲ့ ရွေ့ရွေ့သွားတဲ့ပုံမျိုးပါ။ အိတ်ကလေးတစ်အိတ်ကို ကိုင်ထားပါတယ်။ သူ့အလှည့်ရောက်တော့ ကော်ဖီဖျော်တဲ့သူက သူ့ကိုသိနေတဲ့ပုံမျိုးနဲ့ ဘာမှမမေးတော့ဘဲ ကော်ဖီဖျော်ပါတယ်။ သူကတော့ ဗန်းအလွတ်တစ်ခုကိုယူ Toast ၂ချပ် ၃ချပ်ကိုမှန်ပုံးထဲကထုတ်ဗန်းထဲကိုထည့်၊ ငရုတ်ကောင်းမှုန့်ဘူးကိုယူပြီးဗန်းထဲကိုထည့်ပြီး စောင့်ပါတယ်။ သူလုပ်နေတဲ့ပုံက နေ့စဉ်လုပ်နေကျပုံစံမျိုးပါ။ ကော်ဖီဖျော်ပြီးတော့ အဖျော်ဆရာကပဲ ကြက်ဥမကျက်တကျက်ပြုတ် ၂လုံးကို ဘူးထဲကယူပြီး ပန်းကန်ထဲထည့်ပေးပါတယ်။ သူက ၂ဒေါ်လာတန်တစ်ရွက်ထုတ်ပေးပါတယ်။ ဆိုင်ကပြန်အမ်းတဲ့ အကြွေစေ့ကို ဗန်းထဲထည့်လိုက်ပြီး သူစားပွဲတစ်ခုကို တရွေ့ရွေ့နဲ့ထွက်သွားပါတယ်။ သူ့ကိုကြည့်ရတာဘာကိုမှလဲစိတ်ဝင်စားပုံ မရပါဘူး။ သူအစားအစာတွေကို စားနေတဲ့ပုံကလဲ တာဝန်တစ်ခုကို လုပ်နေသလိုပါပဲ။ သူ့ပုံစံကြည့်ရတာ လုံးဝကျန်းမာရေးဒေါင်ဒေါင်မြည်နေတဲ့ ပုံလည်းမဟုတ်သလို၊ ကျန်းမာရေးအလွန်အမင်းချို့ယွင်းနေတဲ့ပုံလည်း မဟုတ်ပြန်ပါဘူး။ ခန့်မှန်းချေ အသက် ၇၀ကျော် လောက်တော့ ရှိမဲ့ပုံပါ။ ကျွန်မ မနက်အတန်းရှိလို့ ကော်ဖီသွားဝယ်ဖြစ်တဲ့ အဲဒီ၂ရက်လုံးကျွန်မသူ့ကို တစ်ပုံစံတည်းပဲ တွေ့ရပါတယ်။ သူစားတဲ့ မနက်စာကလည်း ဒီတစ်ပုံစံတည်းပါပဲ။ ကျွန်မသူ့ကိုကြည့်ရင်းနဲ့ ရင်ထဲမှာဆို့နင့်လာမိပါတယ်။ သူတို့နိုင်ငံမှတော့ ဒီအသက်အရွယ်မှာတောင် ကိုယ့်အားကိုယ်ကိုးပြီး ဒီလိုသွားလာ စားသောက်နေကြတာ ဂုဏ်ယူစရာပဲလားတော့ မသိဘူး။ ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ ဒီအသက်ဒီအရွယ်ရောက်လာရင် မနက်စာလေးတော့ အိမ်ကမိသားစုနဲ့ စည်းစည်းလုံးလုံးပျော်ပျော်ပါးပါးစားရချင်ပါတယ်။ ကျွန်မ ဒီနိုင်ငံရောက်လာ ကတည်းက သက်ကြီးရွယ်အိုတွေကိုဒီလိုပဲ ကိုယ့်အားကိုယ်ကိုးပြီးရုန်းကန်လှုပ်ရှားနေရတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်မတွေ့ နေရပါတယ်။ လူတွေဟာ ကားအကောင်းစားတွေနဲ့သွားနေကြပါတယ်။ ဘတ်စ်ကား၊ MRT စီးတဲ့သူတွေ အားလုံးကလည်း ဆင်းရဲသားတွေမဟုတ်ပါဘူး။ ဒါပေမယ့် တချို့ဆိုရင် ကိုယ်မိသားစုအဆင်ပြေနေတာတောင် မိဘတွေက အလုပ်လုပ်နေရတုန်းပါပဲ။ ကျွန်မ အခုလက်ရှိနေတဲ့နေရာကိုမပြောင်းခင်တုန်းက ကျောင်းက ကျွန်မတို့ကျောင်းသား၊ ကျောင်းသူတွေကို Private ကွန်ဒိုတစ်ခုမှာထားပါတယ်။ အဲဒီကွန်ဒိုမှာနေ့စောင့်ရော၊ ညစောင့်ရော၂ယောက်စလုံးက အသက် ၇၀ ၀န်းကျင်တွေပါ။ တခါတလေကျွန်မစဉ်းစားပါတယ်။ အော် Lee Kuan Yew ကဒီအသက်ဒီအရွယ်အထိ ရာထူးယူပြီးအလုပ်လုပ်နေတုန်းမို့လို့ သူတို့လဲလုပ်နိုင်ပါတယ်ဆိုပြီးများ လုပ်နေကြသလားလို့ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို ဒီအချိန်မှာကိုယ့်အတွက်မလုပ်ရင် ဘယ်အချိန် သံသရာအတွက် အလုပ်လုပ်ကြမှာလဲလို့ မတွေးရင်တောင်မှ တစ်သက်လုံး လုပ်လာခဲ့ရတဲ့အလုပ် ကိုယ့်ဘ၀နေ၀င်ချိန်ရောက်တာတောင်မှ ကိုယ့်စိတ်အေးချမ်းအောင်မနေရဘူးဆိုရင် ဒီဘ၀ကြီးဟာဘာများ မက်မောစရာရှိဦးမှာလဲ။ ကျွန်မအဲဒီကွန်ဒိုမှာနေခဲ့တဲ့၂လကျော်လောက်မှာ မီးဖိုချောင်အတွက်လိုအပ်တာတွေ ၀ယ်ချင်ရင် အနားမှာရှိတဲ့ Shop and Save ကိုသွားပါတယ်။ အဲဒီမှာ Promotion အစီအစဉ်တွေ ခဏခဏရှိပါတယ်။ ဒါပေမယ့် ကျွန်မက တစ်လမှာ ၂ခါ၊ ၃ခါလောက်ဈေးဝယ်တာဆိုတော့သိပ်လဲ အဲဒီအစီအစဉ်တွေကို သိပ်စိတ်လဲမ၀င်စားလှပါဘူး။ တစ်နေ့ကျွန်မဈေးဝယ်ပြီးထွက်လာတော့အပေါက်ဝမှာ ခါးကိုင်းကိုင်း၊ တောင်ဝှေးနဲ့ အဘွားကြီးတစ်ယောက်က ကျွန်မကိုတစ်ခုခုလှမ်းပြောပါတယ်။ ကျွန်မကသူဘာပြောလဲနားမလည်ပါဘူး။ အဲဒါနဲ့ သူက ကျွန်မနောက်ဘက်မှာရှိတဲ့ ကြော်ငြာဘုတ်ကိုလက်ညှိုးထိုးပြပါတယ်။ အဲဒီမှာရေးထားတာက ၁၅ဒေါ်လာဖိုးဝယ်တဲ့သူတိုင်းကို တံဆိပ်ခေါင်းတစ်ခုပေးပါတယ်။ အဲဒီတံဆိပ်ခေါင်းမျိုး ၈ခုကို တစ်လအတွင်းမှာ ရအောင်စုနိုင်ရင် ၉ဒေါ်လာဖိုးအစားအသောက်ဘောင်ချာတစ်ခုရမယ်တဲ့။ သူ့လက်ထဲမှာလဲ တံဆိပ်ခေါင်း ၂ခု ၃ခုကိုင်ထားတာတွေ့ပါတယ်။ ဘာပစ္စည်းမှတော့ ၀ယ်ထားတာမတွေ့ရပါဘူး။ ထွက်လာတဲ့ ဈေးဝယ်သူတွေဆီက တောင်းထားတာဖြစ်ပုံရပါတယ်။ အဲဒီတော့မှ သူကျွန်မဆီကလည်း အဲဒီတံဆိပ်ခေါင်းတောင်းနေတယ်ဆိုတာကို သိတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ကျွန်မ၀ယ်တဲ့တန်ဖိုးက ၁၄ဒေါ်လာကို ပြားနည်းနည်းပဲ စွန်းတယ်။ တံဆိပ်ခေါင်းလဲရမလာဘူး။ ကျွန်မကသူ့ကိုပြောပြတော့ သူကရတယ်ရတယ်၊ ကိစ္စမရှိဘူးတဲ့။ ဒါနဲ့ကျွန်မလည်း ထွက်လာပါတယ်။ ဒါပေမယ့် သူ့ကိုမကူညီနိုင်လိုက်တဲ့ အတွက်ကျွန်မစိတ်မကောင်းဖြစ်ပြီး တစ်လမ်းလုံးဒါကိုပဲတွေးလာပါတယ်။ အိမ်ရောက်ခါနီးမှ သွားသတိရတယ်။ သြော်သူအဓိကလိုချင်နေတာ တံဆိပ်ခေါင်းမှမဟုတ်ဘဲ။ စားစရာလိုချင်တာပဲ။ ငါဝယ်လာတဲ့အထဲက တစ်ခုခုပေးခဲ့ရင် ရသားနဲ့ ငါတော်တော်တုံးတာပဲဆိုပြီး ကိုယ့်ကိုကိုယ်တော်တော်မကျေမနပ်ဖြစ်နေမိတယ်။ အဲဒီကတည်းကသူ့ကို မကြာမကြာအမှတ်ရနေမိပြီး ကျွန်မ Shop and Save ကိုသွားတိုင်းသူ့ကိုရှာကြည့်မိပါတယ်။ တစ်နေ့တော့ ကျွန်မဆိုင်ထဲကထွက်အလာမှာသူ့ကိုထပ်တွေ့ပါတယ်။ ကျွန်မအဲဒီနေ့ကတံဆိပ်ခေါင်း ၂ခုရလာလို့ သူ့ကိုတွေ့မလားဆိုပြီး တံဆိပ်ခေါင်း ၂ခုကိုလက်ထဲမှာဆုပ်ပြီးထွက်လာတာပါ။ သူ့ကိုတွေ့တော့ ကျွန်မသူ့ဆီသွားပြီး အဲဒီတံဆိပ်ခေါင်း၂ခုကိုပေးလိုက်ပါတယ်။ ကျွန်မထွက်လာတဲ့အချိန်အထိ သူက ကျေးဇူးတင်ကြောင်းတဖွဖွပြောပြီးကျန်ခဲ့ပါတယ်။ ကျွန်မရင်ထဲမှာ သူ့ကိုကူညီလိုက်ရလို့စိတ်ချမ်းသာသွားပေမယ့် လည်း သူဒီလိုနေ့တိုင်းတောင်းလိုက် စားစရာဝယ်လိုက်နဲ့ အသက်ဆက်နေရတာ ကြည့်ရှုမယ့်သူမရှိလို့လား၊ သူကျန်းမာရေးမကောင်းတော့တဲ့အခါဘယ်လိုလုပ်မလဲ အပြန်လမ်းတလျှောက်လုံး အတွေးတွေနဲ့ ကျွန်မခေါင်းထဲမှာ ပြည့်နေခဲ့တယ်။

ကျွန်မရင်ထဲမှာ ကျွန်မနိုင်ငံကလူတွေကို အခုလိုပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရပြီး တစ်နေကုန်ရင် စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့ ဘ၀တွေကနေ လွတ်မြောက်စေချင်တယ်။ ဒီမိုကရေစီရဖို့တို့၊ လွတ်လပ်တဲ့လူ့ဘောင်ဖြစ်လာဖို့ဆိုတာတွေထက် လူတွေတစ်နေ့တစ်နေ့ စားဝတ်နေရေး အတွက် ပူပန်နေရတာတွေကို အရင်လျော့ပါးသွားစေချင်တယ်။ လူနဲ့သူနဲ့တူအောင်နေကြရစေချင်တယ်။ လူတိုင်း လူတိုင်း အရည်အသွေးမြင့်ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမီစေချင်တယ်။ ဒါပေမယ့်ကျွန်မရင်ထဲမှာစိုးရိမ်မိတာတစ်ခုက (ဘယ်အချိန်မှ ဒီလိုဖြစ်လာမယ်မသိပေမယ့်) အဲဒီလိုတိုးတက်ဖွံ့ဖြိုးတဲ့ လူ့ဘောင်သစ်တစ်ခုကိုရောက်လာတဲ့အချိန်မှာ၊ ကျွန်မတို့ရဲ့နေ့စဉ်ဘ၀မှာစားဝတ်နေရေးပူပင်မှုတွေ မရှိတော့တဲ့အခါ၊ လူတိုင်းပညာရေး ကျန်းမာရေး အခြေခံဝန်ဆောင်မှုတွေရလာတဲ့အခါမှာ ကျွန်မတို့ရဲ့ လူ့ဘောင်တန်ဘိုးတွေ လျော့ပါး ပျောက်ကွယ်ကုန်မှာစိုးရိမ်မိတယ်။ စင်္ကာပူမှာ ဘတ်စ်ကားစီးတဲ့အခါ ကျွန်မတို့အထုပ်အပိုးတွေ အများကြီးမနိုင်မနင်းဖြစ်နေလည်း ရန်ကုန်ကဘတ်စ်ကားတွေပေါ်မှာလို ကူကိုင်ပေးမယ့်သူမရှိဘူး။ စင်္ကာပူမှာ လူတွေအသက်အရွယ်ရလာတဲ့အခါ သားသမီးတွေနဲ့တန်းတူအလုပ်လုပ် နေရတယ်။ ကျွန်မတို့နိုင်ငံကိုလည်း တိုးတက်တဲ့နိုင်ငံဖြစ်စေချင်ပေမယ့် အဲဒီလိုအနေအထားမျိုးတွေဖြစ်လာမှာကျွန်မအရမ်းကြောက်တယ်။

(အိပ်မက်က post ကိုပြန်ကူးပေးလိုက်ပါတယ်။ ကိုယ့် Blog လေးပျောက်သွားလို့ပါ။)

ရာဇ၀င်ထဲမှာထားရစ်ခဲ့

ဘုရင့်နောင်၊ အနော်ရထာ၊ အလောင်းဘုရားတဲ့

မြန်မာတွေရဲ့အောင်ပွဲလား

အားတော့နာပါရဲ့လေ

သူရဲကောင်းတွေကိုလည်း

ရာဇ၀င်ထဲမှာပဲ ထားခဲ့ပါရစေ

အတိတ်တစ်ချိန်ကရေးခဲ့တဲ့သမိုင်း

အခုဘယ်လောက်ရိုင်းနေပြီလဲ

အလောင်းဘုရားရေ

ငါတို့ပြေသွေးမစည်းတာကြာပေါ့

ကမ္ဘာအနှံ့ မြန်မာတွေပျံ့လို့

(ကိုယ့်ဘာသာကိုယ်တော့)

အောင်ပွဲခံနေကြတုန်းပဲ

ငါတို့ရဲ့ရေကြည်ရာမှာ

ငါတို့နေစရာမရှိဘူး

ငါတို့ရဲ့မြက်နုတဲ့မြေမှာ

ငါတို့မနေနိုင်ဘူး

ရေနောက်တွေကိုသောက်

မြက်ခြောက်တွေကောက်ဖို့

ငါတို့အဝေးရောက်နေရပြီ

တစ်ချိန်က (ငါတို့)ရွှေပြည်ကြီး

ရွှေထီးဆောင်းခဲ့တာတွေလေ

(ငါအခုတော့) ရာဇ၀င်ထဲမှာပဲ ထားခဲ့ပါရစေ။ ။


မေ့သမီး
(ဒီကဗျာကိုနောက်ဆုံးတင်ပြီးတော့ Friendster မှာရှိတဲ့ မေ့သမီးရဲ့ Blog လေးကိုဘယ်လိုမှဖွင့်လို့မရတော့လို့ ဒီမှာအသစ်လုပ်လိုက် ရတယ်။ အမှတ်တရပေါ့။)

သူငယ်ချင်းရေးတဲ့စာ

ု“တက္ကသိုလ်ရောက်လျှင် ပုပ်နေအောင်သိပ်ထားသော ငါးပိကောင်ပင်ထ၍ခုန်တတ်သည်ဟူသော ဆိုရိုးစကားရှိပါသည်။ ကျွန်တော်သည် ပုပ်နေသောငါးပိကောင်မဟုတ်ပါ။ ခုန်ဖို့ရန်လတ်လတ်ဆတ်ဆတ်ဖြစ်နေသော ငါးခုံးမတစ်ကောင်သာဖြစ်ပါသည်။ ”

တက္ကသိုလ်ကျောင်းသားဘ၀အနှစ်သာရ
ကျော်ဌေး

“ပန်းကလေးတွေကြွေဖို့မြေနေရာကောင်းကောင်းလိုချင်တယ်။”

ကျော်သူရထွန်း

(တက္ကသိုလ်မှာတုန်းက တွဲဖော်တွဲဖက်၊ စာတိုစာစတွေရေးဖက် သူငယ်ချင်းတွေကိုသတိရနေလို့ သူတို့ရေးခဲ့ဖူးတာတွေထဲက မှတ်မိနေတဲ့ ကြိုက်တဲ့စာသားတွေကိုတင်လိုက်တာပါ။ ကျန်တဲ့သူငယ်ချင်းတွေရေးတဲ့စာတွေက ဒီကိုပါမလာဘူး။)

Monday, December 15, 2008

မေပျိုးတဲ့ပန်း

နှစ်ရှည်လတိုး
မေပျိုးတဲ့ပန်း
လန်းဆန်းခဲ့ပြီ။


ပန်းတစ်ပွင့်ရဲ့တန်ဘိုး
ဘာနဲ့ဖြတ်ကြမလဲ။
သစ်ခွလိုပွဲဝင်တဲ့ပန်း
ကြာရင်တော့နွမ်းတာပဲ
သဇင်လို့ ရနံ့ကြိုင်
နန်းဆိုင်တဲ့ပန်း
ဘယ်အထိလန်းသလဲ မေ။


မေရေ
ပင်ထက်ဝေေ၀
ကြွေကျမြေသက်
ခြောက်ခြောက်ညှိုးညှိုး
ချောင်မှာထိုးတော့
သစ္စာမပျယ်
ရနံ့ကြွယ်နေ
အမေချစ်တဲ့
ခရေတစ်ပွင့်ဖြစ်ချင်တယ်။

မေ့သမီး