Friday, October 2, 2009

မေ့သမီးနဲ့ Stress


စာမရေးဖြစ်၊ စိတ်ကူးပေါက်ရာကဗျာတွေလည်းမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။ အီးမေးပို့ပြီး မေးကြတဲ့ အကို၊ အမတွေ စိတ်ပူကြတဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ကိုယ့်အတွက် စိတ်မပူစေချင်တာမို့အားလုံးကိုနေကောင်းပါတယ်ပဲ ပြောမိပါတယ်။ စာမရေးဖြစ်တာက ကျောင်းစာတွေနဲက အလုပ်ရှုပ်နေတာကြောင့်ရော၊ လက်ကစာရိုက်လို့အဆင်မပြေတာကြောင့်ရောပါ။ မြန်မာလိုရိုက်ရတာပို ပင်ပန်းပါတယ်။ ကျောင်းကအိမ်စာတွေတောင် စာရွက်ပေါ်မှာအရင်ချရေးပြီးမှပဲ ကွန်ပျူတာပေါ်တင်ဖြစ်တော့တာ။ အရင်လိုကွန်ပျူတာပေါ်မှာတန်းရေး၊ အခေါက်အခါခါပြင်လို့အဆင်မပြေတော့။

ဒီရက်ပိုင်းစိတ်ကတက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ တော်ကြာနေ နောက်ဆုံးဖြစ်တဲ့ဒီစာသင်နှစ်မှာ အကောင်းဆုံး လုပ်ဖို့အားတင်းလိုက်၊ တော်ကြာကိုယ့်ကျန်းမာရေးနဲ့စိတ်ဓါတ်ကျလိုက်၊ တော်ကြာအိမ်ကိုလွမ်းလိုက် တခါတခါ လည်းလုပ်ချင်တာများပြီး ခန္ဓာကိုယ်ကမလိုက်နိုင်ဆိုတော့ stress တွေပိလိုက်ဖြစ်နေပါတယ်။ သီချင်းတွေဖွင့်၊ လိုက်ဆိုလည်း တခါတလေကျကိုယ့်ကိုယ်ကိုယ်ထိန်းလို့မရဘူးဖြစ်နေပါတယ်။ ကိုယ်နဲ့အခု Core Module အတွက် အတူလုပ်ရတဲ့ Group Mate ၂ယောက်က ကိုရီးယားအမျိုးသား David ရယ်၊ Cambodian သူ Lanet ရယ်ပါ။ ဖြစ်ချင်တော့ Lanet ကလည်းသူနေနေတဲ့အိမ်မှာ အသစ်ရောက်လာတဲ့ Vietnam သူ ဂျူနီယာမလေးနဲ့ အဆင်မပြေပါဘူး။ အဲဒီကောင်မလေးကို လူတိုင်းကသိပ်မကြည်ဘူးဖြစ်နေတာပါ။ ကျောင်းမှာတောင်မှ သူကတွေ့တဲ့သူတိုင်းကိုအကူအညီတွေတောင်း၊ စာတွေမေးနဲ့။ စာမေးတာ၊ ကူညီရတာအကြောင်းမဟုတ်ပေမယ့် ကိုယ့်မကူညီနိုင်တဲ့အချိန်မှာ လူမှုရေးနားမလည်ဘဲ အတင်းကာရောတွန်းတိုက်တောင်းတဲ့အကူအညီမျိုးကျ စိတ်ညစ်ရပါတယ်။ စရောက်လာကာစကတော့ ကိုယ်ကလည်းနဂိုကမှသူများကမပြောခင် ကူညီချင်တဲ့သူဆိုတော့ ကိုယ်လဲတော်တော်ဒဏ်ခံလိုက်ရပါသေးတယ်။ ဒါတောင်မှ ကိုယ့်ဆီကိုသူဖုန်းဆက်တဲ့အချိန် ည၁၁နာရီလောက် ကိုယ်ကမအိပ်သေးတော့ သိပ်ပြဿနာမရှိလှဘူးပေါ့။ တချို့လူတွေကိုတော့ ည၁၂နာရီလောက် အိမ်တံခါးသွားခေါက်တာမျိုး၊ သူ့အိမ်စာတွေကို ရှင်းပြရုံမကပဲအစအဆုံးရေးခိုင်းတာမျိုးအထိ ခိုင်းတယ်လို့ သိရပါတယ်။ ကိုယ်ကျတော့ ကိုယ့်ကျန်းမာရေးအခြေအနေကို တကျောင်းလုံးသိနေတော့ ကိုယ့်ကိုသူအဲလောက်တော့ မခိုင်းရဲဘူးထင်ပါတယ်။ ဒါတောင်မှတွေ့ရာနေရာမှာ နာမည်အကျယ်ကြီးအော်ပြီး အနားရောက်လာတတ်သေးတာ။ အံ့သြဖို့ကောင်းတာက လူတွေ့တိုင်းသူ့မှာမေးစရာ၊ အကူအညီတောင်းစရာ တခုရှိနေတာပဲ။ ပြီးတော့ ဘယ်တော့မှလည်းသူများအဆင်ပြေမပြေမမေးဘဲ ပေးသမျှအကူအညီကိုလည်း သူမှာ ဒီလိုရပိုင်ခွင့်ရှိသလို ယူသွားတာပဲ။ ကြာတော့ ကူညီရတဲ့သူတွေကအောင့်သက်သက်ဖြစ်လာတာပေါ့။ တခြားသူတွေအတွက် ရှောင်လို့ရနေသေးပေမယ့် တအိမ်တည်းနေရတဲ့ Lanet ခမျာတော့ ဒီဒုက္ခတွေကိုခံစားနေရတာပေါ့။ မနက်အစောကြီးသူ့အခန်းတခါးခေါက်၊ မဖွင့်မချင်းနာမည်အကျယ်ကြီးအော်ခေါ်၊ တအိမ်လုံးမျှပေးရတဲ့ Utility Bill မှာ ၃ကျပ်လောက်ပိုပေးရမှာကို ပတ်ပြဿနာရှာဆိုတော့ သူတော့ စိတ်အညစ်ကြီး ညစ်ရတာ။ တခြားအတူနေတဲ့ကျောင်းသူ၂ယောက်ကလည်း အဲဒီတယောက်နဲ့ပြဿနာဖြစ်ထားတယ်တဲ့လေ။ Lanet ကသဘောကောင်းတဲ့သူဆိုတော့ ထုတ်မပြောတဲ့အခါ သူ့ကိုပဲအမြဲခဏခဏလာရှာနေတော့တာပေါ့။ အခုကျတော့ သူတို့နဲ့အတူနေတဲ့ Mexican မလေးက သူအိမ်ပြောင်းတော့မယ်တဲ့။ ကျောင်းကိုပြောပြီး ကျွန်မတို့ ၀င်းထဲမှာပဲ အခန်းလွတ်ရှိတဲ့အိမ်တလုံးကိုပြောင်းတာပါ။ ဒါပေမယ့် တအိမ်လုံးမှာ Lanet ကသူ့ကိုအချစ်ဆုံးဆိုတော့ အရမ်းကိုဝမ်းနည်းတော့တာပေါ့။ သူပြောင်းတော့မယ်ဆိုမှ သူလည်းဒီလိုခံစားနေရတဲ့အကြောင်းကို Lanet ကသူ့ကို ပြောပြတော့ အဲဒီMexican မလေးလည်း စိတ်မကောင်းဖြစ်ရှာရော။ စောစောကတည်းက သူတို့အားလုံးဒီလို ခံစားရတယ်ဆိုတာသိခဲ့ရင် ဒီဂျူနီယာမလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျောင်းနဲ့တိုင်ပင်ပြီး သူတို့တခုခု စဉ်းစားခဲ့မိမှာပဲလေ။ အခုတော့ Lanet လည်းချစ်တဲ့သူငယ်ချင်းနဲ့ခွဲနေရမယ့်အပြင် ဟိုတယောက်ပြဿနာကလည်း မအေးသေးဘူး။ ကိုယ်တို့အားလုံးက နောက်ဆုံးနှစ်တင်ရမယ့် စာတမ်းအပြင်ရှိနေတဲ့ Module requirement တွေနဲ့ အားလုံး စိတ်ပင်ပန်းနေကြတာပါ။ အဲဒီ Mexican မလေးဆိုလာမယ့်နိုဝင်ဘာကျောင်းကလုပ်မယ့် GPPN Student Conference အတွက် Committee Chairman ဆိုတော့ပိုပင်ပန်းပါတယ်။ ကိုယ်တောင်မှ Administrative တာဝန်ပဲ ယူထားတာတောင် အခန်းပြင်ဆင်ဖို့၊ ငွေရေးကြေးရေးကိစ္စကျောင်းကို စကားပြောရတာတို့၊ Fund raising အတွက် ကူစဉ်းစားရတာ၊ ထွက်သွားတဲ့ Administrative member တွေနေရာမှာ ကူညီဖို့ Volunteer ရှာရတာ၊ တခြားပြင်ဆင်ရတာတို့အတွက် အရမ်းကိုစိတ်ပင်ပန်းရတာပါ။ ဒါတောင်မှကိုယ်ကခေါင်းဆောင်နေရာမဟုတ်ပါဘူး။ Mexican သူလေးက ပြောပါတယ်။ သူဒီတာဝန်တွေယူထားပြီး အချိန်တန်အိမ်ပြန်လာလို့သူ့ကိုပြဿနာတခုက ထပ်ဆီးကြိုနေဦးမယ်ဆိုရင်သူကြာရှည်ဒီဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူးတဲ့။ အိမ်အသစ်ကိုပြောင်းတာဟာ သူ့ရဲ့အိမ်ပြဿနာကို ဖြေရှင်းနည်းပေါ့။ Lanet ကို David နဲ့ကိုယ်ကလည်းအိမ်ပြောင်းပါလားလို့ အကြံပေးတော့သူကအဲဒီလိုမလုပ်ချင်ဘူးတဲ့။ သူပါပြောင်းလိုက်ရင် အဲဒီကောင်မလေးပိုစိတ်မကောင်းဖြစ်လိမ့်မယ်တဲ့။ အခု Mexican မလေးပြောင်းတာတောင် သူသိတော့ သူကြောင့်ပြောင်းတယ်ဆိုတာသိပုံပဲတဲ့။ စိတ်မကောင်းဖြစ်နေတယ်တဲ့။ တကယ်တော့ Lanet ကတကယ့်ကိုစိတ်ထားဖြူစင်တာပါ။ အဲဒီကောင်မလေးကြောင့်စိတ်ညစ်နေရတာတောင် သူ့အတွက်တွေးပေးနေတုန်းပဲ။ အဲဒီဂျူနီယာကောင်မလေးက သူပထမနေတဲ့အိမ်မှာ အဆင်မပြေလို့ သူတို့အိမ်ကို ပြောင်းလာတာလေ။ အဲဒီတောင်သူကပါထပ်ပြီး ကျောင်းကိုComplaint လုပ်လို့အဲဒီကောင်မလေး ပြောင်းရရင်ဖြစ်ဖြစ်၊ တခုခုအဲဒီကောင်မလေးကိုဖြစ်သွားရင် သူတသက်လုံးစိတ်မကောင်းဖြစ်နေရတော့မှာတဲ့။ သူသိပ်သဘောကောင်းလွန်းလို့လည်း ဟိုကရောင့်တက်တာဖြစ်မှာ။ ကိုယ်ကတော့အခုရှင်းရှင်းပဲ။ ပါတ်ပြေးတာပေါ့။ တွေ့ရင် ရှောင်တယ်လေ။ စိတ်ကောင်းမမွေးနိုင်ဘူးပြောလည်းခံရတော့မှာပဲ။ ကိုယ်စိတ်ညစ်မခံနိုင်ဘူးလေ အခုအချိန်မှာ။

ဒီနေ့ကိုယ်တို့ Group ဆုံကြတော့စာအကြောင်းမဆွေးနွေးဘဲ ကိုယ့်ပြဿနာတွေကိုယ်ပြောကြပြီး ဘယ်လိုဖြေရှင်း ကြမလဲ။ အဓိကကတော့ Stress ရလာရင် ဘယ်လို manage လုပ်မလဲပြောကြတာပါ။ ကိုယ်ကတော့ သီချင်းဆိုတယ်လို့။ သီချင်းတွေဖွင့်ပြီးလိုက်ဆိုတာပေါ့။ ဆိုတာမှဟိုမြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ သီချင်းတွေကအစ၊ အခု ဟစ်ဟော့အထိ အကုန်အော်တာပဲ။ David ကတော့ Classical သီချင်းအေးအေးလေးတွေ နားထောင်တယ်တဲ့။ ကိုယ်ကတော့အရင်တုန်းကအစားကောင်းကောင်းစားရရင် Stress တ၀က်ပျောက်တာပဲလို့။ အခုကတော့ ဆားမပါဘဲစားရမှတော့ ဘာမှမှစားမကောင်းတာ။ အဲဒီမှာတင် Stress က၂ဆဖြစ်နေပြီဆိုတော့ ရယ်ကြတယ်လေ။ တကယ်ပြောတာ။ အရင်တုန်းကဆို ကျန်တာတွေအသာထား စားချင်တာစားရရင်ကို လူကပျော် နေတာ။ အခုကျတော့။ အဲဒါနဲ့ Lanet ကိုကိုယ်ကအကြံပေးတယ်။ ဈေးဝယ်ထွက်ပြီး အ၀တ်အစားအသစ်ဝယ်ရ အောင်လို့။ ပြီးတော့ နားဆွဲတို့၊ ကလစ်တို့လို အလှအပပစ္စည်းလေးတွေလျှောက်ဝယ်၊ စိတ်ကူးပေါက်ရင် အလှပြင် ရတာလည်း စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်စေတာပဲလို့။ အဲဒါလည်း ကိုယ်လုပ်ကြည့်တာတွေပေါ့။ အရင်တုန်းကဆို ကိုယ့်ကိုအမေက နားဆွဲဆင်ချင်တာအရမ်း၊ ကိုယ်ကကိုယ့်ကိုကိုယ်မိန်းကလေးကို လှလှပပ၊ နွဲ့နွဲ့နှောင်းနှောင်း သိပ်မရှိဘူးထင်တော့ အဲဒါမျိုးဝတ်လိုက်ရင် အခြောက်ကြီးနဲ့တူတာပဲလို့ထင်တယ်။ အဲဒါနဲ့ပဲ ၀ယ်ဖြစ်တဲ့ကလစ်တို့၊ ခေါင်းစည်းတို့၊ ဘီးကုပ်တို့တောင်အမြဲပဲ အိမ်မှာပုံနေပြီးမသုံးဖြစ်ဘူး။ အခုနောက်ပိုင်းကျ တခါတလေ အပြင်ထွက်ဖြစ်တဲ့အခါ စိတ်ကူးပေါက်ရာလေးတွေ မျက်စိထဲမြင်တာတွေလျှောက်ဝယ်ပြီး ကိုယ့်ကိုကိုယ်အလှဆင် ကြည့်မိပါတယ်။ ရယ်တော့လည်းရယ်ရသား။ မျက်နှာကဆေးကြောင့်ဖောင်းနေ၊ တခါတလေနားကပ်အကြီးကြီး တွေနဲ့ ဆိုတော့ မြင်တဲ့သူကတော့ရယ်ချင်မှာပဲ။ (ဆေးသောက်ပြီးတော့ နှုတ်ခမ်းမွှေးတောင် ထွက်လာသေးတယ်။ ဟိ။) ကိုယ်ကတော့ ပျော်သလိုနေနေတာပဲ။ Lanet ကတော့ ဈေးဝယ်ထွက်မယ့် အကြံကိုနောက်ရွှေ့ထား ကြရအောင်တဲ့။ အခုလောလောဆယ်တခြားနည်းတွေကြိုးစားကြတာပေါ့တဲ့။ လကုန်ရက်ဆိုတော့ ၂ယောက်စလုံးရဲ့Bank account တွေခြောက်နေပြီလေ။ အဲဒါနဲ့ပဲငါပြန်ပြီး ကြက်တောင်ရိုက်ဖို့ ကြိုးစားကြည့်မယ်။ အပြင်းအထန်ကြီးမရသေးပေမယ့် နည်းနည်းစီစကြည့်တာပေါ့လို့။ နင်လည်း ငါနဲ့ကြက်တောင် လာရိုက်လို့ သူ့ကိုပြောရတယ်။ Lanet ရဲ့ Stress လျှော့ချနည်းကလည်းတမျိုးပဲ။ တနေ့လုံးအစာမစားပဲနေ တယ်တဲ့။ အဲဒီအခါကျတော့ လူကအားမရှိဘဲဒေါသနည်းတယ်တဲ့။ သူပြောတာပဲ။ ကိုယ်ကတော့ အဲဒီနည်းကို တသက်လုံးလုပ်ဖြစ်မယ်မထင်ဘူး။
ဘလော့မရေးဖြစ်တာကြာပြီး လောလောဆယ်ဘာမှလည်း ရေးစရာမရှိတာမို့ စိတ်ကူးပေါက်ရာတွေပဲ ချရေးလိုက်တော့တယ်။ ဖတ်ပြီးတော့ ကိုယ်တိုင်ရော Stress ဘယ်လိုလျှော့သလဲဆိုတာ ဝေမျှခဲ့ပါဦးနော်။

Monday, August 31, 2009

အိမ်ကလေး

အခုတလော အိပ်မက်တွေထဲမှာ ဟိုးနှစ်ပေါင်းများစွာကအိမ်ကလေးတလုံးကို ပြန်မက်နေမိတယ်။ နိုးလာတိုင်းမှာတော့ မျက်ရည်တွေဝိုင်းလို့။ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ ညီမလေးရယ်၊ အဘရယ်၊ သစ်သားအိမ်လေးရယ် နွေးထွေးလုံခြုံတဲ့ပါတ်ဝန်းကျင်လေးတခုရယ်။ အခုတော့ဒါတွေကအဝေးမှာ။ နောက်တချိန်မှာ ဒီလိုဘ၀လေးကိုပြန်တည်ဆောက်ကြတဲ့အခါ အိမ်ကလေးနဲ့အဘကတော့ ပါလာမှာမဟုတ်တော့။ အိမ်ကလေးကို ဆုံးရှုံးရတာ၊ အဘကိုဆုံးရှုံးလိုက်ရတာ အခုအချိန်အထိသွေးမတိတ်သေးတဲ့ ဒဏ်ရာတွေပေါ့။ ဘယ်တော့မှလည်း ပျောက်ပျက်သွားမယ်မထင်တော့။

အိမ်အသစ်တွေပြောင်းသွားတယ်။ ပါတ်ဝန်းကျင်တွေပြောင်းသွားတယ်။ မိသားစုနဲ့ဝေးခဲ့တယ်။ ဒါပေမယ့်အခုအချိန် အထိ အိပ်မက်မက်ရင် ဟိုးတုန်းကအိမ်လေးမှာကိုယ်ရှိနေတုန်းပဲ။ ဟိုးတုန်းကပျော်ခဲ့ဖူးတဲ့ကလေးမလေးတယောက် အဲဒီအိမ်လေးမှာရှိနေတုန်းပဲ။ ကိုယ်ပြန်သွားတဲ့အခါအိမ်လေးကအရင်ပုံစံမဟုတ်တော့။ အဖေကိုယ်တိုင် တည်ဆောက်ခဲ့တဲ့အိမ်လေးက အကောင်အထည်မရှိတော့။ အဲဒီအိမ်လေးက ကိုယ့်ရင်ထဲမှာပဲ ကျန်နေခဲ့တာ။ ခြံထဲမှာကိုယ်နှစ်သက်ခဲ့တဲ့ နာနတ်ပင်တွေ၊ ကီလိုမာလကာပင်တွေ၊ စံပယ်ပင်တွေ၊ သင်္ဘောပင်တွေ ဘာမှမရှိတော့။ လူအသစ်တွေပြောင်းတော့ ခြံဝင်းလေးလည်းပြောင်းပြီပေါ့။ မပြောင်းလဲနိုင်တာက ကိုယ်ပဲလေ။ ဆယ်စုနှစ်တခုနီးပါးစွန်းလာပေမယ့် အိမ်လိပ်စာတောင်းတဲ့သူတွေကို အလွတ်ရနေတဲ့လိပ်စာတခုကို အယောင်ယောင်အမှားမှားပြောထွက်မိနေဆဲ။ လိပ်စာအသစ်ပေးလိုက်ဖို့ ဘာလို့တွန့်ဆုတ်နေရတာပါလဲ။ ကိုယ့်အတွက်တော့ လိပ်စာအသစ်ပေးလိုက်ရင် ကိုယ့်ရင်ထဲကအိမ်လေးကို ကိုယ်သစ္စာဖောက်သလိုဖြစ်သွားမှာ ကြောက်မိလို့ပါ။ အိမ်လေးကိုကိုယ်လွမ်းနေတုန်းပဲဆိုတာ သိစေချင်လို့ပါ။

အဲဒီအိမ်ကလေးမှာ သီတင်းကျွတ်ဆို အကိုနဲ့မီးပန်းနဲ့ဖောက်ရာက နောက်ပြန်ချော်ကျဘူးတယ်။ စိတ်တိုတတ်တဲ့ အဘကိုခဏခဏနောက်ပြီး ထွက်ပြေးဖူးတယ်။ စနေ၊ တနင်္ဂနွေမှာ ခရီးထွက်သွားရာကကားပျက်လို့နောက်ကျတဲ့ မေမေနဲ့ဖေဖေကိုမနက် ၄နာရီ လောက်မအိပ်နိုင်ဘဲ ငုတ်တုတ်မျှော်ခဲ့ရဘူးတယ်။ တော်တော်နားဝင်မချိုတဲ့စက်သံနဲ့ ဖေဖေ့ဘီ၆၀၀ကားလေးပြင်တဲ့ အချိန်ဆို အိမ်လေးထဲမှာ ဆူညံနေခဲ့ဖူးတယ်။ အလံတ၀က်ချလိုက်၊ အကုန်ထူလိုက်နဲ့ အရေးပါတဲ့နေ့တွေကို ဖြတ်သန်းခဲ့ဘူးတယ်။ မွေးထားတဲ့ကြက်တူရွေးလေးနဲ့ ကြောင်လေးဆုံးသွားလို့ ၀မ်းနည်းခဲ့ဘူးတယ်။ အမှတ်တမဲ့အရာများစွာကို အမှတ်မထင်ဘဲ ကျော်ဖြတ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အချိန်ကာလ တခုအကြာမှာတော့ ဒါတွေအားလုံးဟာရင်ထဲမှာသံမှိုစွဲသလိုထင်နှက်နေမယ်လို့ မသိခဲ့ဘူးလေ။ ပြန်မရနိုင်တဲ့ဟာကို တမ်းတမိလို့ ကိုယ်လူမိုက်ဆိုရင်လည်း ထားလိုက်ပါတော့။ အခုအချိန်မှာ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ အဘရယ်၊ အိမ်ကလေးရယ်နဲ့ တရက်လောက် ပြန်ဆုံခွင့်ရရင် ကိုယ်ဒီလောကထဲကစောထွက်သွားရရင်တောင် ၀မ်းနည်းမှာမဟုတ်တော့။ အခုတော့ ဘာပဲပြောပြောမျက်ရည်ဝဲအောင်ပဲလွမ်းတယ်။

Sunday, August 23, 2009

ရာသက်ပန်လိပ်စာ

သူငယ်ချင်းဆိုတာ

ကြယ်တာရာတွေလိုပဲ ညတွေလင်းလက်စေခဲ့တာ

စံပယ်ဖြူတွေလိုပဲ ပန်ဆင်သူကိုမွှေးမြဖြူစင်စေခဲ့တာ

နေခြည်တွေလိုပဲ အရုဏ်ကိုနွေးထွေးစေခဲ့တာ...


လောကဆိုတာ သမုဒ္ဒရာထက်က ရေတပွက်ပါပဲ

အဲဒီခဏလေးမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့လောင်မြိုက်ကြ

လောကဓံရဲ့ရိုက်ပုတ်ချိန်တိုင်း

ငါ့ရင်ခွင်နန်းက စမ်းရေပြာတွေမှာ

စံပယ်ဖြူတွေတမ်းတမိ

ကြယ်တာရာတွေ ဖွေရှာမိ

နေခြည်တွေစောင့်မျှော်မိနဲ့

မင်းတို့နဲ့ဝေးတော့မှ

ငါ့ကမ္ဘာလေး အထီးကျန်ခဲ့တာ

နောင်အနာဂါတ်တွေဆို

ဒေသကွဲ၊ နေရာလွဲ၊ ပိုင်ဆိုင်မှုအရပ်ရပ်တွေနဲ့

ငါ့ကိုမေ့ခဲ့ရင်တောင်

မင်းတို့ညနက်တွေမှာ ငါ့ကြယ်တွေရှိရဲ့

မင်းတို့ဆံစတွေမှာ ငါ့စံပယ်တွေမွှေးမြရဲ့

မင်းတို့အရုဏ်တွေမှာ ငါ့နေခြည်တွေနွေးထွေးမြဲ

အဲဒါ ငါ့ရဲ့ရာသက်ပန်လိပ်စာ

မင်းတို့သူငယ်ချင်းရဲ့

ရာသက်ပန်လိပ်စာ……။


မိုးအိမ်စည် (သို့) သားကြီး

ဇန်န၀ါရီ ၁၊ ၂၀၀၄ နံနက် ၃း၄၀

Monday, August 10, 2009

ညကအိပ်မက်


အမေ့ကိုစိတ်ကောက်တယ်
စက်ဘီးဆွဲပြီး အပြင်ထွက်ခဲ့တယ်
မုံရွာရေဦးလမ်းမပေါ်မှာ ကားတွေရှုပ်နေတယ်
ကြော်ငြာဘုတ်တွေကပ်ထားတဲ့ ကားပေါ်ကလူတွေကလှမ်းစတယ်
တက်ဆိပ်ကိုဝင်တယ်
အန်တီလေးဆီကဖဲထုပ်တောင်းတယ်
အန်တီလေးက အဖေနဲ့တိုင်မယ်ပြောတယ်
မဆော့ရလဲ မဆော့ဘူးနေပေါ့ ဟွန်း
သန္တာနဲ့တွေ့တယ်
နင့်ကိုကရင်က သူနဲ့လာမတွေ့လို့ စိတ်ဆိုးနေတယ်တဲ့
အေးငါသွားတွေ့လိုက်ပါ့မယ်ပြောတယ်
စက်ဘီးဆက်နင်းလာတယ်

ကော်ရည်သောက်တယ် အိမ်မှာ
အဘကနည်းနည်းတိုက်ပြောလို့ နည်းနည်းတိုက်တယ်
ပြီးတော့ မကောင်းဘူးပြောတယ်
စိတ်ဆိုးပြီး ပန်းကန်ကိုင်ပြီးအိမ်ပေါ်ထပ်ကဆင်းလာတယ်
အဲဒီမှာအိပ်ရာနိုးလာတယ်
လွမ်းလိုက်တာကွယ်။ ။