Saturday, March 28, 2009

ပျော်လို့

စာအရေးကျဲဦးမယ်ဆိုပေမယ့်ဒီနေ့ နည်းနည်း ပျော်စရာလေးတွေများနေလို့ ရေးလိုက်ဦးမယ်နော်။ တစ်နေ့လုံး စိတ်ပေါက်ပေါက်နဲ့ အိပ်ရာထဲမှာခွေနေမိတာ။ မနက်ပိုင်းခြံဝင်းတစ်ဝန်းထဲမှာပဲနေတဲ့ အစ်ကိုကဖုန်းဆက်တယ်။ ဈေးသွားမလို့ ဈေးဝယ်တဲ့လှည်းလာယူမယ်တဲ့။ အဲဒါနဲ့အောက်ဆင်းပြီး လှည်းထုတ်ပေးလိုက်တယ်။ (မနက်ဖြန်ညနေ သူ့မွေးနေ့ဆိုတော့ ညစာချက်ကျွေးမှာလေ။ :P)ခဏလေးကြာ တော့ ဖုန်းထပ်ဆက်တယ်။ Fair Price ရှေ့ကပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေဖွေးနေတာပဲတဲ့။ ခူးလာပေးဆိုတော့ အမြင့်ကြီးပဲတဲ့။ အဲဒါဆိုဘာလို့ဆက်သေးလဲဆိုတော့ နင်ကြည့်ချင်လာကြည့်ရအောင်လို့တဲ့။ လူကစိတ်ကအချဉ်ပေါက်နေတာ။ ဖုန်းချပြီးဆက်အိပ်နေလိုက်တယ်။ ညနေကျတော့ ဟိုဘက်အိမ်က အစ်ကိုက နင်သက်သာပြီလားတဲ့၊ သက်သာရင်ငါတို့ဆွဲရအောင်တဲ့ (ကြက်တောင်ရိုက်ဖို့ပြောတာ)။ အဲဒါနဲ့အ၀တ်အစားလဲ၊ ကြက်တောင်ရိုက်တံယူပြီး အိမ်ကထွက်သွားပြီးကွင်းထဲရောက်တော့။ပျော်လိုက်တာလေ ကွင်းထဲမှာပိတောက်တွေ ကြွေနေတာ ဖွေးလှုပ်နေတာပဲ။ ဟိုအရင်ရက်တွေတည်းက မိုးရွာတိုင်း ပိတောက်ပွင့်ပေမယ့် အခုလောက်ကြွေနေတာတော့ မတွေ့ဘူး။ စိတ်ထဲမှာတော်တော် ပျော်သွားတယ်။ အစ်ကိုက ကြွေပါမှပဲ၊ မဟုတ်ရင် ပိတောက်ပွင့်တိုင်းခူးမပေးလို့ ရန်လုပ်တဲ့သူကတမှောင့် တဲ့။ :P ပိတောက်ပင်ကလည်း တော်တော်မြင့်တဲ့အပြင် ပွင့်လိုက်ရင်လည်း ထိပ်ဖျားမှာချည်းပွင့်တယ်။ အဲဒါကို ခူးမပေးလို့ဆိုပြီး သူတို့ကိုခဏခဏနားပူလို့ပါ။ ဓါတ်ပုံရိုက်ချင်ရိုက်ထားလေဆိုလို့ ကင်မရာပြေးယူပြီး ဓါတ်ပုံတွေတောင်ရိုက်လိုက်သေးတယ်။ ပိတောက်တွေခင်းထားတဲ့ကွင်းထဲမှာ ကြက်တောင်ရိုက်ရတာ ပိတောက်နံ့သင်းသင်းလေးနဲ့မို့ ကိုယ်ကပျော်နေသလောက် ကျန်တဲ့အစ်ကိုသုံးယောက်ကတော့ သူတို့ဖိနပ်မှာပိတောက်ပန်းတွေ ချွဲကပ်ပြီးပေကုန်လို့ဆို ပိတောက်ကိုအမြင်ကပ်နေလေရဲ့။ ဖိနပ်မှာ -ျီးပေနေတာနဲ့တူတယ် တဲ့။ ညစ်ပတ်တဲ့လူတွေ။ ကိုယ်ကတော့ သင်္ကြန်ကိုလည်းချစ်၊ ပိတောက်ကိုလည်း ချစ်တဲ့သူမို့ ပိတောက်ပန်းမြင်တိုင်းလည်း မြန်မာပြည်ကိုလွမ်းတယ်။ ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင် စင်္ကာပူမှာ ပွင့်တဲ့ပိတောက်ကို နည်းနည်းတော့ အမြင်ကပ်တယ်။ ပိတောက်ကို ကိုယ့်မြန်မာရိုးရာသင်္ကြန်ပွဲနဲ့တွဲမြင်ယောင် နေကျမို့လားတော့မသိ။ ကိုယ်မကြိုက်တဲ့စင်္ကာပူမှာ ကိုယ်ကြိုက်တဲ့ပိတောက်လာပွင့်တာကို မနာလိုသလို၊ ၀န်တိုသလို စိတ်ထဲမှာတစ်မျိုးပဲ။ ဘာပဲဖြစ်ဖြစ်လေ မြန်မာ့ရနံ့ကိုတမျိုးတဖုံရစေတဲ့ပန်းမို့ မြင်တိုင်းမှာပဲ အိမ်ကိုတော့လွမ်းမိတယ်။

(ပိတောက်တွေဖွေးနေတဲ့ ကြက်တောင်ကွင်း)

(အဲဒီမြင်နေရတဲ့အပင်က ပိတောက်ပင်လေ။ နောက်ကအိမ်ပုံစံနဲ့ ကိုယ့်ဂေဟာက တစ်ပုံတည်းပဲ။ ကိုယ်တို့ တစ်ဝန်းလုံးအဲဒီအိမ်တွေချည်းပဲ။)


နောက်ထပ်ပျော်စရာတစ်ခုကတော့ ဒီနေ့သောကြာနေ့မို့လားမသိ၊ လမကုန်သေးပေမယ့် ပိုက်ဆံကအကောင့် ထဲကိုဝင်လာတယ်။ ခုနကပဲ စစ်ကြည့်လိုက်တော့ ပိုက်ဆံကရောက်နေပြီ။ ပျော်လိုက်တာ။ စာမေးပွဲဖြေပြီးလို့ အိမ်ခဏပြန်ရင်ကိုကြီးအတွက်လက်ဆောင် Laptop လေးတစ်လုံးဝယ်ခဲ့မယ်လို့ ပြောထားတယ်။ ကိုယ်မလာခင် တုန်းက ကိုယ်သုံးခဲ့တဲ့ Fujitsu စက်အဟောင်းလေးကို ကိုကြီးကိုအမွေပေးခဲ့တာ အဲဒါလေးက အခုဆိုတော်တော် ဟောင်းနေတော့မှာ။ ကိုကြီးက သိပ်အကောင်းကြီးမ၀ယ်ခဲ့ပါနဲ့လို့ပြောပေမယ့် ကိုယ်ကလည်း Brand ပဲလိုချင်တာ ဆိုတော့ ဈေးခပ်တန်တန်နဲ့အသုံးလည်းခံမယ့်၊ ဂိမ်းတွေဘာတွေဆော့လို့ရမယ့်စက်မျိုးဝယ်သွားရမယ်။ ပိုက်ဆံကလက်ထဲမှာ ကြာကြာမခံတတ်တဲ့အရာဆိုတော့ မနက်ဖြန်ပဲသွားဝယ်ထားဖို့ စဉ်းစားထားပါတယ်။ အတွေးနဲ့လူကပျော်နေတယ်။ (မနေ့တုန်းကတော့ စိတ်ညစ်တယ်ဆိုပြီး :D) မနေ့ကလာ အားပေးတဲ့အစ်ကို၊ အစ်မတွေအားလုံးကိုလည်း ကျေးဇူးပါလို့။

Thursday, March 26, 2009

စိတ်ညစ်တဲ့စာ

ဒီရက်ပိုင်း ကျန်းမာရေးမကောင်းတဲ့အတွက် စာရေးကျဲပါဦးမယ်။ ဘာကြောင့်မှန်းမသိ ခေါင်းမူးမူးနေတယ်။ ပိုဆိုးတာက ဘတ်စ်ကားစီးတိုင်း မူးနေတယ်။ နေ့ခင်းဘက်အပြင်သွားပြီး ပြန်လာပြီဆိုရင် အဲဒီနေ့တညနေလုံးစာလုပ်လို့မရတော့။ ခေါင်းကကိုက် သလို၊ မူးသလိုနဲ့ နေရတာအဆင်မပြေတော့။ (အသက်ကလည်းကြီးပြီကိုး။ :P) အဲဒါကြောင့် စီးတီးဟောသွားပြီး ထမင်းစားဖို့တောင် ဘတ်စ်ကားစီးရမှာ၊ ရထားစီးရမှာကိုကြောက်နေရတယ်။ အပြင်ကိုမထွက်ချင်တာ။ ကျောင်းသွား၊ ပြန်လာရင် အိပ်ရာထဲပဲခွေနေချင်တယ်။ အကိုတွေ၊ အမတွေ ဘလော့လည်ရင် အားရစရာ၊ စာတွေရေးထားလိုက်ကြတာ။ ကိုယ့်မှာတော့ ကွန်ပျူတာကြာကြာကိုင်ရင်တောင် ခေါင်းကမကြည်တော့။ ပြီးခဲ့တဲ့ semester တုန်းက အိမ်ကယူလာတဲ့မျက်မှန် ၂လက်လုံးကျိုးသွားတယ်။ အဲဒီတော့ ကွန်ပျူတာကိုင်ရင် ကြည့်စရာကမရှိတော့။ မျက်လုံးကို ၀တ်လစ်စလစ်နဲ့ပဲ ကြည့်နေရတယ်။ :P အဲတော့ သိပ်ကြည့် ရတာအဆင်မပြေချင်။ မျက်မှန် ၂လက်စလုံးက Frameless ဆိုတော့ ဖိမိတော့ မှန်တွေကျိုးကုန်တာ။ ဒီကမျက်မှန်ဆိုင်သွားရမှာလည်း ၁၂၀ဆိုတော့ ဘတ်ဂျက်ကအခြေအနေမကောင်း ရတဲ့ကြားထဲ မသွားနိုင်။ တစ်နေ့တစ်နေ့ လကုန်ကုန်ချင်းအကောင့်ထဲပိုက်ဆံဝင်ပါစေပဲ ထိုင်ဆုတောင်းနေရတယ်။ ဒီကြားထဲ ချက်ရပြုတ်ရတာအချိန်ကုန်ပါတယ်ဆိုပြီး ဘေးကပ်ရက်မှာရှိတဲ့ Adam Food Center ကိုသွားစားပါတယ်။ ၂ရက်လောက်စားပြီးတော့ မစားချင်တော့။ ဘာတွေမှန်းကိုမသိ။ စင်္ကာပူလူမျိုးတွေဟာ အကောင်းလည်း စားတတ်ပုံ မရဘူး။ ကုလားစာလည်း စင်္ကာပူရောက်တော့ပျက်၊ တရုတ်စာလည်း ပျက်။ အစားအသောက်အကောင်းကို မစားတတ်ဘူးထင်ပါတယ်။ ကိုယ်တွေမှာအစားအသောက်ကောင်းကောင်းစားချင်ရင် မြန်မာအစားအစာဆို စီးတီးဟောသွား၊ ကုလားစာစားချင်ရင် တရုတ်တန်းမှာရှိတဲ့ Annalakashmi ကိုသွားချင်သွား၊ ဒါမှမဟုတ် Australian အစားအသောက်ရတဲ့ အနားက Mad Jack ကိုသွား၊ ဒါမှမဟုတ် KFC သွားရင်သွား။ ဘယ်ပဲသွားစားစားပါ တခြားနိုင်ငံကအစားအသောက်ပါပဲ။ စင်္ကာပူအစားအသောက်ကောင်းကောင်းသိရင် လမ်းညွှန်ကြပါဦး။ မြည်းကြည့်ချင်လို့။ လူကလည်း Depression တောင်ရတော့မယ်။ ကျောင်းစာတော့ Depression ရမှာမဟုတ်ဘူး။ အဲဒီအစားအသောက်ကောင်းကောင်းမစားရတဲ့ ဒုက္ခနဲ့ရမှာ။ စိတ်ညစ်တယ်။ ကျောင်းကကင်တင်းကလည်း နေ့တိုင်းစားတော့ ထူးမခြားနားဖြစ်နေပြီ။ တစ်နေ့လာလည်း Hor Fan၊ တစ်နေ့လာလည်း ဒံပေါက်၊ တစ်နေ့လာလည်း Cheese ပလာတာနဲ့ ပဲဟင်း။ အဲဒီသုံးမျိုးကိုလှည့်ပတ်စားနေရတာ စိတ်ညစ်နေပြီ။ ဒီနေ့လည်း အဲဒီ Food Center ကိုမသွားချင်တော့ဘူးဆိုပြီး အိမ်မှာရှိတဲ့ အာလူးကြော်ပြီး ဂေါ်ဖီသုတ်နဲ့စားတာ အာလူးကတူးပြီး ဂေါ်ဖီသုပ်ကချဉ်တူးနေတာပဲ။ စိတ်နဲ့ကိုယ်နဲ့ညစ်ပါတယ်ဗျို့။


(ဓါတ်ပုံက Google က)

Sunday, March 22, 2009

အခါလွန်မိုး


ရွာပါရွာပါ

ငါမျှော်တုန်းက

နင်မလာဘူး

စမ်းချောင်းမှာ

ရေခပ်ဆင်းခါမှ

နင်လာတယ်

ရေအိုးထဲမှာ

ရေတွေပြည့်လို့

ငါ… ရေချိုးလို့ပဲပြီးပြီ

နင်လာလို့လည်း

ပျော်စရာမဟုတ်တော့ဘူး

နင်သည်းချင်သလိုသာသည်းပေါ့

ငါလည်း အိပ်တော့မှာ။


(ဓါတ်ပုံကို Google ထဲကရှာထားတာပါ။)

Thursday, March 19, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (ဆုံး)

နင့်ကြောင့်ငါမပျော်ခဲ့ရဘူးလို့ ငါမပြောချင်ပေမယ့် နင်နဲ့ပါတ်သက်လာရင် စိတ်ညစ်စရာကလည်း များနေခဲ့တာကိုး။ သူငယ်ချင်းတွေကြားမှာ နင့်ကြောင့်မျက်နှာပူရတဲ့အချိန်တွေလည်း အများကြီးရှိခဲ့ရတယ်။ နင်ကတော့ မသိတာလား။ မသိချင်ယောင်ဆောင်ခဲ့တာလားတော့ ငါလည်းမခန့်မှန်းတတ်ဘူးလေ။

နင်မှတ်မိဦးမလား။ နင်ဆေးကျောင်းသွား တက်တော့မယ်ဆိုတော့ ငါ့ကိုလာနှုတ်ဆက်တယ်လေ။ အဲဒီနေ့က နင်အိမ်လာတဲ့အချိန် ငါ့ရဲ့တခြားယောက်ျားလေး သူငယ်ချင်းတွေကလည်း အိမ်ရှေ့ကိုအရောက်နဲ့ဆုံတယ်။ ငါ့သူငယ်ချင်းတွေက အိမရေ လို့လှမ်းအော်လို့ ငါထွက်လာတော့ အိမ်ရှေ့မှာဆိုင်ကယ်ပေါ်ကနင့်ကိုအရင်လှမ်းတွေ့တယ်။ နင့်နောက်မှာ စက်ဘီးနဲ့ငါ့သူငယ်ချင်း တွေ။ ငါ့သူငယ်ချင်းလို့သုံးရတာကလည်း ငါ့နဲ့ကအတွဲများလို့ပါ။ တကယ်တော့ အဲဒါနင်နဲ့လည်း အတန်းတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေပါပဲဟာ။ ဒါပေမယ့်နင်ကိုယ်တိုင်လည်း လူတိုင်းနဲ့အပေါင်းအသင်းမလုပ်သလို ငါ့ကိုလည်း အပေါင်းအသင်းများတာမကြိုက်ခဲ့ဘူးဆိုတာ ငါခန့်မှန်းမိပါတယ်။ အဲဒါနဲ့ပဲ နင်ရော၊ ဟိုကောင်တွေရောအိမ်ထဲဝင် လာပြီးထိုင်ကြတယ်။ သူတို့ကငါနဲ့ပါတ်သက်လာရင် ငါ့စိတ်ကို ကကြီးကအအထိသိတဲ့ကောင်တွေ၊ ပြီးတော့ နင်နဲ့လည်းတစ်ခန်းနေခဲ့တာဆိုတော့ နင်ဘယ်လိုဆိုတာ သူတို့သိနေပုံရပါတယ်။ မျက်နှာသိပ်မကြည်လင်တဲ့ နင့်ကိုကြည့်ပြီး ငါတို့ပြန်ရမလားလို့ ငါ့ကိုကပ်မေးတယ်။ ငါကဘာပြောရမှာလဲ။ နင်လည်းသူငယ်ချင်း သူတို့လည်း သူငယ်ချင်း ငါနင့်အတွက်နဲ့ ငါ့သူငယ်ချင်းတွေအပေါ်မရက်စက်သင့်ဘူးလေ။ နင်နဲ့ငါရဲ့ဆက်ဆံရေးအတွက် ငါရဲ့တခြား ငါ့အပေါ်မှာလည်း နားလည်တဲ့သူငယ်ချင်းကောင်းတွေကို စတေးဖို့ ငါမရဲဘူး။ ဘာဆိုင်လဲဟာ သူငယ်ချင်းတွေပဲ လို့ငါပြန်ပြောလိုက်တယ်။ အဲဒီလိုနဲ့ခြောက်ခြောက်သွေ့သွေ့ဧည့်ခန်းမှာ နင်ကတစ်ဘက်၊ ငါ့သူငယ်ချင်း သုံးယောက်ကတစ်ဘက်၊ ငါကအလယ်က။ ဒီလိုနဲ့ပဲ စကားပြောသွက်တဲ့ ဖိုးဇေက နင့်ဘက်လှည့်ပြောလိုက်၊ ငါ့ကိုလှည့်ပြောလိုက်နဲ့ စကားဝိုင်းကိုစိုပြည်လာအောင် ထိန်းရှာပါတယ်။ ဒါပေမယ့် နင်ကတော့အေးစက်စက်။ နောက်တော့ ငါမနက်ဖြန်မကွေးသွားတော့မယ်။ နင့်ကိုလာနှုတ်ဆက်တာ တဲ့။ သြော် အေး နင်ဂရုစိုက်နော်လို့ငါပြောတော့ ခေါင်းညိတ်တယ်။ ပြီးတော့ ငါသွားတော့မယ်ဆိုပြီး နင်ထထွက်သွား တော့တာပဲ။ သာမာန်အချိန်မှာတောင် ငါ့အိမ်ကိုလာရင် တစ်နာရီအနည်းဆုံးကြာအောင်စကားပြောတတ်တဲ့နင်က ငါတို့နှစ်ယောက်ခွဲရမယ့်အချိန်မှာ ငါးမိနစ်ပြည့်အောင်ငါနဲ့စကားပြောမသွားဘူး။ နင်ပြန်သွားတော့ ဖြိုးကျော်ကပြော တယ်။ အမှန်ဆိုငါတို့အရင်ရောက်တာနော်တဲ့။ သူကဆိုင်ကယ်နဲ့မို့ ငါတို့ရှေ့ကရောက်သွားတာ တဲ့။ ဖြေရှင်းသလိုပြောတော့ ငါရယ်မိတယ်။ အေးပါ ငါဘာပြောနေလို့လဲလို့။ ငါ့ကြောင့်သူငယ်ချင်းတွေ စိတ်မကောင်းဖြစ် မှာလည်း ငါမလိုလားခဲ့ဘူး။

ဒီလိုနဲ့နင်မကွေးကသူငယ်ချင်းတွေပြန်လာတဲ့အခါ လူပြန်မလာတဲ့နင့်သတင်းတွေက ပါလာတတ်တယ်။ နင်မိန်းကလေးတွေနဲ့သိပ်ရှုပ်တယ်တဲ့။ သူငယ်ချင်းမိန်းကလေးတစ်ချို့က ထိန်ထိန်သာဆောင်မှာနေတယ်။ ဆေးတက္ကသိုလ်ကျောင်းသူတွေနဲ့ မကွေးတက္ကသိုလ် နေ့ကျောင်းသူတွေကိုတစ်ခြံဝင်းထဲမှာထားပါသတဲ့။ ဖုန်းကိုတော့ သူတို့နှစ်ဆောင်ရဲ့အလယ်မှာရှိတဲ့ ပိုင်ရှင်အိမ်မှာထားပါတယ်တဲ့။ ဆေးကျောင်းသူတွေက စာမေးပွဲဖြေ စရာရှိရင် သူငယ်ချင်းယောက်ျားလေးတွေကို ဖုန်းဆက်ပြီးမေးခွန်းတွေမေးကြ၊ စာဆွေးနွေးကြ၊ ကျူရှင်ချိန်မေးကြနဲ့ ပေါ့။ အဲဒီအချိန်မှာ နေ့ကျောင်းသူတွေကဖုန်းဘေးမှာညနေဘက်ဆိုတချိန်လုံးရှိနေတတ်တယ်တဲ့။ ဖုန်းဆက်ပြီးလို့ ဆေးကျောင်းသူတွေပြန်သွားရင် နေ့ကျောင်းသူတွေကအဲဒီဖုန်းနံပါတ်ကို redial ပြန်လုပ်ပြီးခေါ်စကားပြောပါသတဲ့။ ကျွန်မသူငယ်ချင်းတချို့ကပြန်ပြောတာပါ။ သူတို့ရဲ့တချို့သူငယ်ချင်းယောကျာ်းလေးတွေက အဆောင်ကနေသူတို့ ဆီဖုန်းမဆက်ပါနဲ့လို့တောင်ပြောတယ်တဲ့။ ဒါပေမယ့် နင်ကနင့်ဆီဆက်တဲ့မိန်းကလေးတိုင်းကို လက်ခံစကားပြောပါသတဲ့။ သူငယ်ချင်းတွေပြောစကားအရသိရတဲ့အခါ နင့်အတွက်ငါစိတ်ပူမိတယ်။ ပြီးတော့ နင်နဲ့တွဲတဲ့မိန်းကလေးတွေအားလုံးဟာလည်း မကွေးတက္ကသိုလ်ကပဲ ဖြစ်နေခဲ့တယ်လေ။ နင်ကျောင်းမမှန်မှာ၊ စာတွေမရမှာ ငါစိတ်ပူနေခဲ့ပေမယ့် ဒုတိယနှစ်အောင်ပြီးတော့ နင်ပြန်လာခဲ့တယ်။ နင်ပြန်ရောက်တယ်လို့ပဲ ငါကြားတာ။ နင်ကတော့ ငါ့ဆီရောက်မလာခဲ့ပါဘူး။ နင့်နဲ့ဆုံရတဲ့ အဲဒီနှစ်သင်္ကြန်တုန်းကရယ်ရသေးတယ်။ ငါရယ်၊ တခြားငါတို့အထက်တန်း ကျောင်းကအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတော်တော်များများ လမ်းမကြီးကသူငယ်ချင်းတစ်ယောက်အိမ်မှာ မဏ္ဍာတ်ထိုးပြီး သင်္ကြန်ရေဆော့ကြတယ်။ အကျနေ့မှာငါရယ်၊ သန္တာရယ်ရေခွက်ကလေးတွေကိုင်ပြီး ဘယ်သူ့ပက်ရင်ကောင်းမလဲကြည့်နေကြပါတယ်။ တက္ကသိုလ်ရောက်နေပြီဆိုတော့ ကလေးတုန်းကလို မြင်မြင်သမျှလူမပက်ဖြစ်ကြတော့ဘူး။ သူငယ်ချင်းကောင်လေးတွေကလည်း ကောင်မလေးတွေပဲ ရွေးပက်ပြီးလိုက်နောက်နေကြပါတယ်။ အဲဒီအချိန်မှာငါတို့မဏ္ဍာတ်ဘက်ကို ကောင်လေးတစ်ယောက်ဆိုင်ကယ်လေး စီးပြီးလာနေတာလှမ်းမြင်တယ်။ အဲဒီကောင်လေးက Giordarno ဦးထုပ်အပြာနုရောင်လေးဆောင်းထားတယ်။ အသားဖြူဖြူလေးနဲ့။ ငါတို့နှစ်ယောက်လုံးသဘောကျသွားတယ်။ ဟဲ့ဟိုကောင်လေးချောတယ်လို့ ပြောမိကြသေး တယ်။ ဆိုင်ကယ်လေးအနားကိုရောက်တဲ့အထိ ငါတို့နှစ်ယောက်ကြည့်နေမိကြတယ်။ ရုတ်တရက်အနား ရောက်လာပြီး ဆိုင်ကယ်ကိုရပ်ပြီး ငါ့ဘက်ကိုလှည့်ပြီး ပြုံးကြည့်လိုက်တဲ့အခါ ငါရုတ်တရက်အသက်ရှုရပ်သွားမတ် မင်သက်သွားမိတယ်။ အဲဒီကောင်ချောလေးက ငါ့ရဲ့နင်ဖြစ်နေခဲ့တယ်လေ။ နင်ငါ့ကိုအဲဒီနေ့က အိမ်ပြန်လိုက် ပို့တယ်။ သူများနဲ့သိပ်မတည့်တတ်တဲ့နင်က မဏ္ဍာတ်ထဲကသူငယ်ချင်းတွေအားလုံးနဲ့ ရယ်ရယ်မောမောစကားတွေ ပြောနေတော့ ငါစိတ်ချမ်းသာရတယ်။ နင့်ကို သူငယ်ချင်းတွေအားလုံးနဲ့ သိုက်သိုက်ဝန်းဝန်း ခင်ခင်မင်မင်ရှိစေချင် ခဲ့တာ ငါ့စေတနာပါ။


ဒီလိုနဲ့ပဲ နင်နဲ့ငါဟာအရင်ကလိုတတွဲတွဲပြန်ဖြစ်သွားပြန်ရော။ သင်္ကြန်အတူလည်ကြ၊ မုန့်ထွက်စားကြ၊ မဏ္ဍာတ်တွေသွားကြည့်ကြနဲ့ ငါအရမ်းပျော်နေခဲ့တယ်။ နင့်ကို မကွေးကကောင်မလေးတွေအကြောင်းမေးတော့ နင့်ကခပ်ပေါ့ပေါ့ပဲ ပျင်းလို့တွဲတာတဲ့။ ပြီးတော့ငါ့ကိုပြောသေးတယ်။ မကွေးကအရမ်းပူတာတဲ့။ ငါညဘက်မှအပြင်ထွက်နိုင်တာတဲ့။ အဲဒီတော့ ဆေးကျောင်းသူတွေနဲ့တွဲလို့မရဘူး။ ညဘက်ထွက်လို့ရတဲ့ အဆောင်ကတက္ကသိုလ်ကျောင်းသူတွေနဲ့တွဲတာ တဲ့။ ငါ့ရင်ထဲမှာဘယ်လိုဖြစ်မလဲ နင်မစဉ်းစားမိဘူးလား။ ရင်တစ်ခုလုံးအချေမွခံလိုက်ရသလို ခံစားနေရပေမယ့် နင့်ကိုငါဘာမှမပြော ဖြစ်ခဲ့ဘူး။ ကျောင်းဖွင့်ခါနီးမှာ တော့ နင်ပြန်သွားခဲ့တယ်။ စာသင်နှစ်တစ်နှစ်လုံးလည်း ရောက်လာသမျှနင့်သတင်းတွေက တစ်ခုမှမကောင်းဘူး။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်၊ မိန်းကလေးတွေနဲ့လည်း တွဲတုန်းပဲ တဲ့။ ငါအံ့သြရလောက်အောင်နင်ပြောင်းလဲ သွားခဲ့တာပဲ။ တတိယနှစ်ပြီးတော့ နင်ပြန်လာခဲ့တယ်။ ငါကရန်ကုန်သွားနေတဲ့အချိန်။ ငါ့အိမ်ကိုလာတယ်တဲ့။ ရန်ကုန်ကငါပြန်ရောက်ရောက်ချင်း ဖုန်းဆက်ပါလို့အမေ့ကို မှာသွားတယ်။ ငါချက်ချင်းမဆက်ဖြစ်တာက တွေဝေတတ်တဲ့ငါ့စိတ်ကြောင့်ပါ။ နင်ဘာတွေဘယ်လိုပြောင်းလဲ သွားမလဲ။ ငါ့အပေါ်ကိုရော အရင်လိုခင်တုန်းပဲလား ဆိုတဲ့အတွေးတွေနဲ့ အိမ်ရှေ့အိမ်မှာဖုန်းသွားဆက်ဖို့ ငါနှောင့်နှေးနေခဲ့တယ်။ ဒါပေမယ့် ငါပြန်ရောက်မယ့်ရက်ကို အမေ့ဆီကသိနေတဲ့နင်က ညနေပိုင်းကျတော့ရောက်လာခဲ့တယ်။ ငါရောက်ရောက်ချင်း နင့်ဆီပြေးလာတာ နင်မရှိလို့ငါအမောတောင်မပြေဘူး တဲ့။ အဲဒါနင့်စကား။ ငါစိတ်ချမ်းသာအောင်ပြောတတ်တယ် နော်။ ဒီစကားတစ်ခွန်းနဲ့ ငါ့ရင်ထဲကပူပန်မှုတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေဘယ်ရောက်သွားမှန်းမသိလိုက်သလို ခံစားလိုက်ရတယ်။ နင်က မုန့်သွားစားရအောင်တဲ့။ နင်ဘာစားချင်လဲ။ ငါကျွေးမယ် တဲ့။ ငါက ကော်ရည်သောက်ချင်တယ် ဆိုတော့ နင်က ငါ့ခေါင်းကိုအုပ်ကိုင်ပြီးရယ်တယ်။ ဘယ်လိုလဲကောင်မလေး ရန်ကုန်ကို၃ရက်လောက်သွားပြီး ကော်ရည်ကိုလွမ်းလာပြန်ပြီလား တဲ့။ ငါရယ်မိတယ်။ နင်ပြောလဲပြောချင်စရာ။ ငါကငါတို့မြို့ကကော်ရည်ကို အရမ်းကြိုက်တာကိုး။ တခြားမြို့တွေအလည်သွားရင် အဲဒီကကော်ရည်လည်းငါမသောက်ဘူး။ ပြီးရင် ကော်ရည်သောက်ချင်တယ်လို့အော်နေတတ်တဲ့ငါ့အကြောင်းနင်သိနေခဲ့တာကိုး။ ကော်ရည်တောင်မှ တခြားတနေရာမှမသောက်တဲ့ ငါ့ရဲ့စွဲလန်းမှု ဟာ လူတစ်ယောက်အပေါ်မှာဆိုရင် ဘယ်လောက်အထိပြင်းထန်မလဲ နင်စဉ်းစားကြည့်မိဘူးလား။ ဒီလိုနဲ့နင်နဲ့ ကော်ရည်သောက်၊ ပြီးတော့ ဆိုင်ကယ်နဲ့မြို့စွန်ချောင်းသာသွားတဲ့လမ်း ပေါ်က အသစ်ဖွင့်တာမကြာသေးတဲ့ ကြိုးတံတားပေါ်ကိုသွားကြတယ်။ တံတားပေါ်မှာ ရောက်တတ်ရာရာ စကားပြောကြရင်းနဲ့ရုတ်တရက် နင်က မေးတယ်။ နင်ရန်ကုန်ကိုဘာသွားလုပ်တာလဲတဲ့။ အမေရိကန်စင်တာ ကစာမေးပွဲတစ်ခုသွားဖြေတာလို့ငါဖြေတော့ နင်ငါ့ကိုသေချာကြည့်တယ်။ ပြီးမှ ဘာစာမေးပွဲလဲ တဲ့။ စကော်လားရှစ်လျှောက်တာ ဆိုတော့ ဘာလုပ်ဖို့လဲတဲ့။ ဟာ နင်ကလည်း ကျောင်းတက်ဖို့ပေါ့ လို့ဆိုတော့ နင်အခုလည်းကျောင်းတက်နေတာပဲ တဲ့။ မဟုတ်ဘူးလေ ဟိုမှာသွားတက်ဖို့ဆိုတော့ နင်ခဏငြိမ်သွားတယ်။ ပြီးတော့ ငါ့ကိုသေချာကြည့်ပြီး ခပ်မဲ့မဲ့ပြုံးတယ်။ပြီးတော့မှ နင်ငါ့ကိုထားခဲ့ဖို့ စဉ်းစားနေပြီပေါ့ တဲ့။ အော်နင်ကလည်း နောက်တော့ပြန်တွေ့ရမှာပဲဆိုတော့ ဘယ်တော့လဲတဲ့။ ကျောင်းပြီးတာနဲ့နင်ကပြန်လာမှာလား၊ ပြီးရင်ရောနင်ကဘာလုပ်မှာလဲ တဲ့။ အော် ၅နှစ် ၆နှစ်လောက်တော့ကြာမှာပေါ့၊ ငါတတ်တဲ့ပညာကို အသုံးချလို့ရတဲ့ အလုပ်တစ်ခုတော့လုပ်ရမှာပေါ့ ဆိုတော့ နင်အကြာကြီးငြိမ်နေတယ်။ နောက်တော့ ငါက ကျောင်းပြီးရင် အိမ်ထောင်ပြုမှာ တဲ့။ အဲဒီစကားက ငါ့နားထဲမှာမိုက်နဲ့အော်ထည့်လိုက်သလို အကျယ်ကြီးပဲကြားလိုက်ရတယ်။ ဟင် နင်က ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ လို့ငါမေးတော့နင်မဖြေဘူး။ ပြီးတော့မှ ငါယူမယ့်မိန်းကလေးကို ငါ့နားမှာပါရမီဖြည့်ဖက်ဖြစ်စေချင်တယ်၊ ငါဆေးရုံကပြန်လာတဲ့အခါ ငါ့ဆေးအိတ်ကိုပြေးကြိုမယ့်မိန်းမမျိုး၊ သနပ်ခါးလိမ်း၊ ထမင်းပွဲအဆင်သင့်နဲ့စောင့်မယ့်မိန်းမမျိုး၊ ငါစကားကို ရိုသေနာခံမယ့်မိန်းမမျိုး၊ ငါ့အဖေနဲ့အမေကိုလည်း အကူအညီရမယ့် မိန်းမမျိုးပေါ့ တဲ့။ နင်ဘာကိုရည်ရွယ်ပြီး ပြောနေတာလဲ။ နင် ငါ့ကိုအဲဒီလိုမိန်းမမျိုးဖြစ်စေချင်တာလား။ ငါလုပ်နေတဲ့အလုပ်တွေ၊ ငါကြိုးစားနေတာတွေကို ရပ်လိုက်ဖို့ပြောနေတာလား။ ငါ့မိသားစုအတွက် အားကိုးရတဲ့သမီး၊ ငါ့ပါတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်တဲ့ လူတယောက်၊ ငါ့နိုင်ငံအတွက် အုတ်တချပ်၊ သဲတပွင့်၊ ဒါတွေငါဖြစ်ချင်ခဲ့တာ။ ဒါတွေအားလုံးကို နင့်ရဲ့ပါရမီဖြည့်ဖက် ဖြစ်ခွင့်ရဖို့စွန့်လွှတ်ခိုင်းနေတာလား။ ငါ့ကိုချစ်တယ်လို့တစ်ခါမှ မပြောဘူးတဲ့သူတစ်ယောက်အတွက်လေ။ နင်ကိုငါဘာမှပြန်မဖြေလိုက်ဘူး။ နင်ကလည်း ငါ့ကိုမေးခွန်းတွေမေးနေတာမှ မဟုတ်တာ။ ဒါပေမယ့် ပြန်ခါနီးတော့ ငါနင့်ကိုမေးခွန်းတစ်ခုမေးမိတယ်။ နင်ချစ်တဲ့သူက နင့်ပါရမီဖြည့်ဖက်မဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့။ နင်ပြန်ဖြေတဲ့အဖြေဟာ ငါအသည်းကိုခွဲတဲ့ဓါးဆိုတာ နင်မသိလိုက်ဘူးနော်။ ပါရမီဖြည့်မယ့်သူကိုရှာပြီး ချစ်အောင်ကြိုစားလိုက်မယ် တဲ့။ နင်အရွဲ့တိုက်ပြီးဖြေလိုက်တာလား။ ငါမသိဘူး။ ဒါပေမယ့် အဲဒီကစပြီး ဒဏ်ရာရသွားတဲ့ ငါ့အသည်းနှလုံးဒီနေ့အထိသွေးမတိတ်သေးပါဘူး။ နင်သာမြင်နိုင်ရင် မြင်ခဲ့မှာပါ။ အဲဒီနေ့က နင်ပြန်သွားပြီးနောက် နင်ငါ့ဆီကို မလာတော့ဘူး။ ငါလည်းနင့်ကိုတွေ့ဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအချိန်ကစပြီး နင်သာဖွင့်ပြောရင် နင့်ကိုပေးဖို့အဆင်သင့်ရှိနေခဲ့တဲ့ အဖြေတစ်ခု၊ ဘယ်တော့မှလည်း ပေးဖြစ်တော့မှာမဟုတ်တဲ့ အဖြေတစ်ခုကို ငါ့မှတ်ဥာဏ်ထဲက၊ ငါ့နှလုံးအိမ်ထဲကမေ့ပစ်လိုက်ဖို့ ငါကြိုးစားရတော့မယ်။ နင့်သတင်းတွေကြားတိုင်း မှာ သိဟောင်းကျွမ်းဟောင်းတစ်ယောက်အကြောင်း ကိုနားထောင်ရသလို ဘာမှမဖြစ်သလိုပဲ ငါဟန်ဆောင်နိုင်အောင် ကြိုးစားတော့မယ်။ ငါဒီလိုဆုံးဖြတ်ခဲ့တယ်။ နင်နဲ့ဝေးသွားခဲ့ပေမယ့် ငါ့ဆီရောက်ရောက်လာတတ်တဲ့ နင့်သတင်းတွေက ငါ့ကိုနှိပ်စက်နေတုန်းပဲ။ ငိုချင်လာတိုင်းလည်း ပြုံးရယ်နိုင်ဖို့ငါ အားထုတ်ခဲ့ရတယ်။ မာနကြီးတဲ့၊ ဆေးရုံမှာလည်း တော်သလောက်ထက်ပြီး နာစ့်မလေးတွေကိုဟောက်တတ်တဲ့၊ ဆေးရုံဝန်ထမ်းတွေကို အရက်ဝယ်ခိုင်းပြီး ရုံးခန်းထဲမှာသောက်တယ်ဆိုတဲ့၊ လူနာတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတယ်ဆိုတဲ့ နင့်သတင်းတွေကြားတိုင်း အောင့်သွားတတ်တဲ့ဘယ်ဘက်ရင်အုံထဲမှာတော့ နင်မသိလိုက်တဲ့ တစ်စုံတစ်ခုက အခုထိနာကျင်နေဆဲပေါ့ သူငယ်ချင်းချစ်သူရယ်။

Sunday, March 15, 2009

စင်္ကာပူက ဘူးဝါး ဘူးဝါးပွဲ

ကျောင်းက Irish သူငယ်ချင်းတစ်ယောက်က St.Patrick Day Parade သွားဖို့ဆိုပြီး ပြီးခဲ့တဲ့အပါတ်တည်းက လူစုပါတယ်။ အဲဒါနဲ့ဒီနေ့တော့ စင်္ကာပူမှာပထမဆုံးလုပ်တယ်ဆိုတဲ့ St. Patrick Day Parade ကိုသူငယ်ချင်းတွေနဲ့ သွားဖြစ်ပါတယ်။ အတန်းထဲမှာ လူပေါင်း ၇၄ယောက်ရှိထဲအထဲက ၃၅ယောက်ပါလာတယ်။ အိမ်ကစထွက်ပြီး ဘတ်စ်ကားစီးကြကတည်းက အစိမ်းရောင်တွေဝတ်၊ အစိမ်းရောင်ဦးထုပ်တွေဆောင်း၊ အစိမ်းရောင်ကြိုးစည်းတွေ၊ စတစ်ကာတွေကပ်ထားတဲ့ ကိုယ်တို့အုပ်စုကိုကားပေါ်ကလူတွေက ပြုံးစိစိနဲ့ကြည့်သွားကြပါတယ်။


Parade လုပ်မယ့်နေရာရောက်တော့ ရာသီဥတုကဖောက်ပြန်လာတော့တယ်။ တစ်နေ့လုံးပူနေတဲ့နေပျောက်သွားပြီး မှောင်လာပါတော့တယ်။ အဲဒီအချိန်အထိတော့ ကဲလို့ကောင်းတုန်းပေါ့လေ။ ကျောင်းအတွက်လုပ်ပေးထားတဲ့ Banner ကိုယူပြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ Parade မစခင်မှာပဲမိုးကရွာလာပါတော့တယ်။ မိုးရွာကြီးထဲမှာ လမ်းလျှောက်ရတာပေါ့လေ။ စင်္ကာပူမြစ်ကိုဖြတ်တဲ့တံတားပေါ်ကနေဖြတ်ပြီး ပွဲလုပ်မယ့်နေရာကိုသွားကြတော့ လမ်းမှာမိုးကသည်းသထက်သည်းလာပါတယ်။ ဒါပေမယ့် အတန်းထဲကကောင်တွေကတော့ ပျော်နေကြတုန်းပဲ။ သူတို့ကြည့်ပြီး ကိုယ်ပါအလိုလိုမြူးလာပါတယ်။ Irish သူငယ်ချင်းကရှေ့ကနေတိုင်ပေးပါတယ်။ ကျောင်းနာမည် LKY လို့အော်ရင် ဘူးဝါး ဘူးဝါးလို့အော်မယ်တဲ့။ အဲဒါနဲ့ တလမ်းလုံး LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ဆိုပြီး တစ်လမ်းလုံး လုပ်လာကြတယ်။ ပွဲလုပ်တဲ့အမိုးအောက်ရောက်တော့ Parade အတွက်ချီတက်လာကြတဲ့အဖွဲ့တွေကို နာမည်ခေါ်ပြီး လက်ခုပ်တီးရင်လည်း LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ပါပဲ။ ဘာမှန်းသာမသိပေမယ့် ကိုယ်တွေတဖွဲ့လုံး လည်းဘူးဝါးဘူးဝါးပေါ့။

တစ်ချို့အဖွဲ့တွေက အကတွေ၊ အတီးအမှုတ်တွေနဲ့ဖျော်ဖြေပါတယ်။ အဲဒီထဲမှာထူးထူးခြားခြားဖျော်ဖြေမှုတစ်ခု ကတော့ Star Wars Fans ဆိုတဲ့အဖွဲ့ပါ။ သူတို့က Star Wars ကလူတွေအတိုင်းဝတ်ထားပြီးတော့ သရုပ်ဆောင်ပြ သွားပါတယ်။ ပျော်စရာပွဲလေးပါပဲ။ မိုးတွေရွာ၊ အေးစိမ့်စိမ့်နဲ့ ၀တ်ထားတဲ့ရှုးဖိနပ်ထဲရေတွေဝင်ပြီး ခြေထောက်ကိုက်လာတာကလွဲလို့ပေါ့။ အားလုံးကြည့်လို့ရအောင် ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်။





video