Saturday, March 7, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (၁)

ငါ့နှလုံးသားမှာ ပွင့်ခွင့်မကြုံလိုက်ပဲ ကြွေလွင့်သွားရတဲ့ ပန်းဖူးကလေးတစ်ငုံ ရှိခဲ့ဘူးတယ်……။



မာနကြီးတဲ့၊ အတ္တလည်းကြီးတဲ့၊ အတွေးအခေါ် ခေတ်မမီတဲ့ (မိန်းမဆိုတာ မီးဖိုချောင်ထဲမှာပဲနေသင့်တယ်ထင်တဲ့၊ အိမ်ထောင်ကျပြီးတဲ့ မိန်းမတွေအလှပြင်တာကို မကြိုက်တဲ့) တချိန်တည်းမှာပဲ ထက်မြက်တဲ့ယောကျာ်း တစ်ယောက်ဖြစ်တဲ့ နင့်ကို ငါရင်ထဲမှာအချိန်ကာလတစ်ခု အထိသိမ်းဆည်းထားခဲ့ဖူးတယ်။ ငါ့အတွက်တော့ ဘယ်တုန်းကမှ ပွင့်ဖူးခွင့်မရလိုက်တဲ့၊ လူမသိလိုက်တဲ့ နှလုံးသားပန်းပွင့်လေးဟာ အထွန်းလို့ငါက ချစ်စနိုးခေါ်တဲ့နင်ပါ။ နင်ဘယ်တော့မှသိမှာမဟုတ်သလို နင်သိဖို့လိုအပ်မှာလည်းမဟုတ်တော့ပါဘူး။
ငါမှတ်မိနေသေးတယ်။ အတန်းရဲ့မော်နီတာဖြစ်ပြီး အဲဒီတာဝန်ကိုအလွန်တရာ (လူအမြင်ကတ်ခံရလောက်အောင်) ကျေပွန်လှတဲ့နင့်ကြောင့် ငါခဏခဏအပြစ်ပေးခံခဲ့ရဘူးတယ်။ ပထမဆုံးနင်ငါတို့နဲ့တစ်တန်းတည်းကျတဲ့အချိန်က ငါတို့ ၆တန်းနှစ်လေ။ ၄တန်းအောင်လို့ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းမှာ ၅တန်းပြောင်းတက်ရတဲ့ အချိန်မှာ နင်ကတခြားအခန်းမှာ။ ၆တန်းနှစ်ကစပြီး စာတော်တဲ့ကျောင်းသားတွေကိုပဲထားတဲ့ A ခန်း၊ သူများတွေက ရှယ်ခန်းလို့ခေါ်တဲ့အခန်းမှာ ငါတို့မူလတန်းတစ်ကျောင်းတည်းကလူတွေတော်တော်များတဲ့အပြင် ငါးတန်းမှာတုန်း တည်းက A ခန်းမှာအတူတူကျခဲ့တဲ့သူတွေပါတာကြောင့် ငါတို့က လူတော်တော်များများနဲ့ရင်းနှီးပြီးသားလေ။ ပြီးတော့ သိပ်အသွက်လွန်နေတဲ့၊ သိပ်ကဲတဲ့ငါ့ကလည်း နေရာတကာစပ်စပ်ပါတတ်တဲ့ အကျင့်ကြောင့် လူတိုင်းနဲ့ခင်နေတဲ့အချိန်မှာ နင်ကတော့လူသိပ်မသိတဲ့၊ လူတွေနဲ့သိပ်မရောတဲ့၊ နင့်တို့ခုံတန်းမှာအတူတူထိုင်တဲ့ လူတွေလောက်နဲ့ပဲစကားအပြောအဆိုရှိခဲ့တယ်။ နင်ကိုငါစသတိထားမိတဲ့အချိန်ကိုနင်သိလား။ ကျောင်းတက်ပြီး သိပ်မကြာခင်မှာပဲ အင်္ဂလိပ်စာဆရာမအချိန်မှာပေါ့။ မုန့်စားဆင်းပြီးပြန်တက်ခါစအချိန်ဆိုတော့ ထမင်းဆိပ်တက်ပြီး ငါအိပ်ငိုက်နေခဲ့တယ်။ မျက်စိကိုမနည်းအားတင်းဖွင့်နေရတာပေါ့။ အဲဒါကိုဆရာမကမြင်ပြီး ငါ့ကိုမတ်တပ်ရပ် ခိုင်းတယ်။ မတ်တပ်ရပ်ခိုင်းခံရတာ ငါတစ်ယောက်တည်းမဟုတ်ဘူးနော်။ နင်လည်းပါတယ်။ ဆရာမက ငါ့ကိုအရင်မေးတာနော် “အိပ်ငိုက်နေတာလား၊ မျက်လုံးကဘာဖြစ်နေတာလဲ”တဲ့။ ငါက “ဘာဖြစ်မှန်းမသိပါဘူး၊ အဲဒီလိုပဲ”လို့ ခပ်တည်တည်နဲ့ငါဖြီးတော့ ဆရာမက“ဆေးခန်းလည်းပြကြည့်ဦး”တဲ့။ ဒါနဲ့နင့်ကိုဆရာမက ဆက်မေးတယ် “မင်းကရော” တဲ့။ နင်က “ကျွန်တော့မျက်လုံးက အစတည်းကဒီလိုပဲ” တဲ့။ ငါနင့်ကို လှည့်ကြည့်တော့ ဟုတ်တယ်၊ နင့်မျက်လုံးက မျက်ခွံတွေမို့နေတဲ့အပြင်မျက်လုံးက ခပ်မှေးမှေး။ နင့်ရုပ်က ပုပ်စပ်နေတာပဲ။ ငါနင့်ကိုကြည့်ပြီးရယ်ချင်လိုက်တာ။ အဲဒီတုန်းက ငါကနင့်ကိုခင်ပါတယ်။ ဒါပေမယ့် နင်ကတော့ ငါနဲ့ပါတ်သက်လာရင် အမြဲတင်းမာ နေတတ်တယ်နော်။ ငါ့ကိုပဲ နင်အမြင်ကတ်တာလားလို့တွေးမိဘူးတယ်။ နင့်ကို မကြားတကြားစောင်းပြီး “မော်နီတာ ဘော်လီမပါ၊ မော်နီတာ အလုပ်ပြုတ်၊ ချီးကျုံးကုလားလုပ်”လို့ အော်မိခြင်းရဲ့ရလာဒ်က အတန်းပိုင်ဆရာမရဲ့ကြိမ်လုံး နဲ့ဆုချခံရတာလေ။ ခဏခဏပဲ နင်နာမည်မှတ်တဲ့စာရင်းမှာ မုန့်ခိုးစား၊ ထမင်းခိုးစား၊ စကားပြောစတဲ့ ပြစ်ချက်တွေနဲ့ ဆရာမရိုက်တာခံရတိုင်းနင့်ကိုစိတ်ဆိုးတယ်၊ မုန်းတယ်လို့အော်မိပေမယ့် ငါတကယ်နင့်ကိုမုန်းခဲ့တာမှ ဟုတ်ရဲ့လား။ နင်နဲ့ပါတ်သက်လာရင် ငါဟာ အစကတည်းကရှုံးနေခဲ့တာပါ။



ဒီလိုနဲ့သက္ကရာဇ်တစ်ခုကျော်သွားပြီးနောက် ငါမထင်မှတ်တဲ့တစ်နေ့မှာ နင်ကအလံဖြူပြလာခဲ့တယ်။ မင်္ဂလာရှိလှတဲ့ ကျောင်းပိတ်ရက်တစ်ခုမှာ ငါဘယ်လိုမှထင်မထားတဲ့ ဧည့်သည်တစ်ယောက်အိမ်ကိုရောက်လာခဲ့တယ်။ ငါနေ့လည် စာထမင်းစားမလို့ လုပ်နေတုန်း အိမ်ရှေ့ကခေါ်သံကြားလို့ထွက်လာတော့ နင်ဖြစ်နေခဲ့တယ်။ ငါအရမ်းအံ့သြနေတာ ကိုမြင်တော့ နင်ကပြုံးစိစိနဲ့။ ငါနဲ့နင် စကားတွေတော်တော်ကြာကြာပြောဖြစ်ကြတယ်။ နင်က ငါ့ကိုပြောတယ်နော်။ “မိန်းကလေးသူငယ်ချင်းတွေထဲမှာ နင့်ကိုငါအခင်ဆုံးပဲ”တဲ့။ နင့်မှာ မိန်းကလေးသူငယ်ချင်းရောရှိရဲ့လားလို့ ငါပြန်မမေးလိုက်ပါဘူး။ နင်ပြောတဲ့စကားကိုပဲ ငါပျော်နေခဲ့တယ်။ အဲဒီနောက်ပိုင်းနင်နဲ့ငါရဲ့ဆက်ဆံရေးက အရင်ကနဲ့ ဆန့်ကျင်ဘက်ကိုပြောင်းသွားခဲ့တယ်။ ဘာမဆိုငါ့ကိုဖွင့်ပြောတတ်တဲ့ နင့်ရဲ့အခင်ဆုံးမိန်းကလေး သူငယ်ချင်းဆိုတဲ့နေရာဟာ ငါ့ကိုအများကြီးစိတ်ပျော်ရွှင်စေခဲ့တာ ငါဝန်ခံရမှာပါ။ နင်သဘောကျတဲ့မိန်းကလေး တိုင်းကို ငါသဘောကျတတ်ပေမယ့် တခါတလေငါစိတ်ထဲမှာသ၀န်တိုမိတာလည်းအမှန်ပဲ။ နင်နဲ့ငါဟာ အကြိုက်ချင်းတူ၊ ရင်ဘတ်ချင်းတူတဲ့လူနှစ်ယောက်ဖြစ်နေတာဟာ ငါတို့ကိုမြန်မြန်ဆန်ဆန်နီးကပ်စေခဲ့တယ်။ တချိန်တည်းမှာပဲ မဟုတ်တဲ့နေရာမှာ မာနကြီးတာချင်းကလည်းတူနေသေးတယ်။ အဲဒီအချက်ကတော့ ငါတို့နှစ်ယောက်ကို ခဏခဏရန်ဖြစ်အောင်၊ စကားမပြောဘဲနေအောင်လုပ်ခဲ့တာပေါ့။ နင်မှတ်မိဦးမလား။ တစ်နှစ်မှာ နွေရာသီ ကျောင်းပိတ်ရက်ကုန်လို့ နှစ်စကျောင်းပြန်တက်တော့ နင်နဲ့ငါတစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲနေကြတာ ကျောင်းတက်တာ တစ်လလောက်ကြာတဲ့အထိပဲလေ။ အဲဒီနှစ်နွေရာသီကျောင်းပိတ်တုန်း ကတောင်နင်ငါ့အိမ်လာလည်ပြီး နှစ်နာရီလောက်ကြာအောင် စကားပြောသွားသေးတယ်။ ဒါပေမယ့် ကျောင်းပြန်တက်ကြတော့ နင်နဲ့ငါနှစ်ယောက်ပြန်အတွေ့မှာ တစ်ယောက်အခေါ်ကိုတစ်ယောက်က စောင့်ကြရင်းနဲ့ စကားမပြောဖြစ်ကြတော့ဘူးလေ။ အဲဒီအချိန်တုန်းက ပြန်ခေါ်ဖို့စလာတဲ့သူကနင်နော်။ အဲဒီတစ်ချိန်တည်းပါပဲ။ ငါနေမကောင်းနေရက်နဲ့ ကျောင်းကိုလာနေတာလေ။ ပြီးတော့ မနက်ဆိုကျောင်းကိုအစောကြီးလာပြီး အငယ်တန်းတွေကို ပန်းပွားအကသင်ပေးရတယ်လေ။ အကူမရှိဘဲ ကျောင်းသူ၆၀လောက်ကို သင်ပေးရတော့ ငါအရမ်းပင်ပန်းတာပဲ။ တစ်နေ့ငါပင်မကျောင်းဆောင်ကြီးက အကသင်ပေးပြီး ပြန်လာတော့အန်တယ်။ နင်သိပါတယ်။ နင်နောက်ဆုံးခုံမှာထိုင်တာပဲ။ နောက်တနေ့ငါကျောင်းရောက်လာတော့ အတန်းထဲမှာအဲဒီနေ့ အသင်းတာဝန်ကျတဲ့သူတွေကလွဲပြီး ဘယ်သူမှမရှိဘူး။ ငါထိုင်နေတုန်းနင်ရောက်လာတယ်။ ပြီးတော့ ငါထိုင်နေတဲ့ခုံ ရဲ့ရှေ့ခုံမှာဝင်ထိုင်လိုက်ပြီး ငါ့ဘက်ကိုပြုံးကြည့်လိုက်တဲ့မျက်နှာ ငါအခုထိမမေ့ဘူး။ အစ်ကိုတစ်ယောက်က ညီမဆိုးလေးတစ်ယောက်ကို ချစ်စနိုးကြည့်သလိုမျိုး။ ငါရင်ထဲမှာရုတ်တရက်ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ နင့်ကို စကားမပြောနိုင်ဘဲ ငါထထွက်သွားမိတာ ငါအရမ်းငိုချင်လို့ပါ။ ငါသိပ်ပျော်သွားလို့ပါ။ နင်သိရဲ့လား။ နင့်အပြုံးတစ်ပွင့်ဟာ ငါ့ကိုရူးစေနိုင်ခဲ့တယ်ဆိုတာ……။

9 comments:

မမသီရိ said...

မေ့သမီးလေး...၀တ္တုတို လို့ lable ထိုထားလို့ သာ
..
ဝတ္တုတို ပဲ သဘောထား ပြီး ဖတ်သွား ပြီ..း)

လင်းဒီပ said...

အပိုင်းတစ်ဆိုတော့ ဆက်ဦးမှာထင်တယ်..စောင့်ဖတ်နေမယ်..

“မော်နီတာ ဘော်လီမပါ၊ မော်နီတာ အလုပ်ပြုတ်၊ ချီးကျုံးကုလားလုပ်”လို့လည်း အော်ဖူးတယ်..

အစ်ကိုကိုလည်း ကြိုက်တဲ့လူနဲ့ဝေးအောင်လုပ်ဖူးတယ်..

ဒီကလေးမ လွယ်တော့မလွယ်ဘူး..:P

ဆောင်းယွန်းလ said...

ငယ်ငယ်တုန်းက မော်နီတာမုန်းခဲ့တာလေးတွေကို ပြန်သတိရသွားတယ်...အပိုင်း၂ကိုမျှော်နေမယ် ညီမလေးရေ...
အစစအရာရာ အဆင်ပြေပါစေ

ကမာနီလာ said...

ငါ့ညီမက ခံစားချက်နဲ့ ရေးတာလေးကို အကိုရင်ဘတ်ကြီးနဲ့ဖတ်သွားတယ်၊ အရေးအသားလေးက ကောင်းတယ်။ အပိုင်း(၂)ကိုစောင့်ဖတ်နေမယ် ...။

မိုးတိမ် said...

အမတော်ရဲ့ ငယ်ကအကြောင်းတွေကို စောင့်ဖတ်နေမယ် အဟီးအဟီး

မျှော်နေတယ်ဗျို့ ဆက်ရေးပါအုံး
ခင်တဲ့

မေ့သမီး said...

အားပေးတဲ့အစ်ကိုတွေ၊ အစ်မတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လိုအပ်တာရှိရင်လည်းအကြံပေး ကြပါဦး။
မမသီရိ အမှန်တ၀က်တော့ ပါတယ်။ :P
ကိုလင်း မလွယ်မှန်းအခုမှသိတယ်ပေါ့။
ကိုဆောင်းရေ ကျေးဇူးနော်။ အခုထိတော့ စာတွေများတာကလွဲလို့ အဆင်ပြေနေပါသေးတယ်။
ကိုကမာရေ ရင်ဘတ်ကြီးနဲ့ဖတ်သွားလို့ ကျေးဇူး။
မောင်လေးမိုးတိမ်ရေ ဒါတွေက နှောင်းခဲ့ပါပြီ။ :P

Moe Cho Thinn said...

အရေးအသား ကောင်းလိုက်တာ။ ဆက်ရေးပါအုံး။ စောင့်ဖတ်မယ် ညီမရေ။ အဲဒီအပြုံးလေးကြောင့် ဘယ်လောက်ထိ ရူးသွားသတဲ့လဲ.. :)

Welcome said...

လူတိုင်းအတွက်
ပြန်မရနိုင်တဲ့ ကျောင်းသားဘ၀ကို ပြန်အမှတ်နေမယ် ဆိုတာအမှန်ပါပဲ။
ကျောင်းသားဘ၀နဲ့ နှီးနွယ်နေတဲ့
ဖြူစင်တဲ့ ရင်တွင်းက ပထမတွေကို
ကြည်နူးသွားပါတယ်။

လေးစားစွာဖြင့်

မိုးမြင့်အောင် said...

တကယ်ပဲ ခုံမင်မိတဲ့ အပြုံးတွေဆိုရင် အဲဒီလိုပဲ ခံစားခဲ့ဘူးတယ်လို့ထင်တယ် တညထဲမှာ စုပြီး ရှိသမျှကြယ်တွေ ခေါင်းထဲပြုံပြီး လင်းလိုက်သလိုမျိုးနဲ့တူတယ် ရူးတာလေ