Wednesday, March 11, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (၂)

နင်အကြောင်းပြန်တွေးတိုင်း ငါ့ကိုပြုံးမိစေတဲ့၊ ငါနောက်ထပ်ငါအမှတ်ရနေတဲ့အဖြစ်တစ်ခုက နန္ဒာမွေးနေ့မှာလေ။ အဲဒီနေ့ကကျောင်းပိတ်ရက်နဲ့လည်းတိုက်နေတော့ သူငယ်ချင်းတွေစုပြီး မြို့စွန်ကရေကြည်ဦး ဘုရားကို စက်ဘီးကိုယ်စီနဲ့သွားကြတယ်လေ။ ငါတို့ဘုရားပေါ်က ဆင်းပြီးပြန်လာတော့ မန္တလေးစံပြနည်းပညာ ကောလိပ်ကလေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေအများကြီးနဲ့ဆုံတယ်။ သူတို့ကငါတို့ စက်ဘီးရပ်ထားတဲ့နေရာနားမှာ သူတို့ယူလာတဲ့အိုးကြီးတွေထဲက ထမင်းတွေ၊ ဟင်းတွေနဲ့နေ့လည်စာစားမလို့လုပ် နေတယ်။ ငါတို့ဆင်းလာတော့ အဲဒီကအစ်ကိုတွေကလှမ်းနောက်တယ်။ အပြန်အလှန်နောက်ကြပြောင်ကြရင်းနဲ့ စကားခဏပြောဖြစ်ကြတယ်။ အားလုံးကလည်း လူငယ်တွေဆိုတော့ ခဏတွေ့ရပေမယ့် ရင်းရင်းနှီးနှီးပေါ့။ ငါတို့လည်း စက်ဘီးတွေမထုတ်ဖြစ်သေးဘဲ ရပ်စကားပြောဖြစ်နေတယ်။ ၀င်မပြောတာနင်တစ်ယောက်တည်း။ သစ်ပင်အောက်မှာထိုင်ပြီး မျက်နှာပုပ်ပုပ်နဲ့။ ငါကသိပါတယ်။ နင်ဘာဖြစ်နေတယ်ဆိုတာကို။ ငါတို့နဲ့စကားပြောနေ တာကလည်း ယောက်ျားလေးတွေမို့နင်မကြိုက်ဘူးဆိုတာငါရိပ်မိပြီးသားပဲ။ ဒါပေမယ့် ငါကဘာလုပ်ပေးလို့ရမှာလဲ။ နန္ဒာကတော့ ငါ့ကိုလာပြောပါတယ်။ ဟဲ့ အထွန်း စူပုပ်နေပြီနော် တဲ့။ ငါခေါင်းပဲညိတ်ပြလိုက်တယ်။ ပြန်လာတဲ့ လမ်းတလျှောက်လုံး နင်စကားမပြောဘူး။ ငါမသိချင်ယောင်ဆောင်ပြီး နင်မကြိုက်တာကို တမင်လုပ်တာလည်း မဟုတ်ဘူး။ နင်စိတ်ဆိုးတာကို သိရက်သားနဲ့မသိချင်ယောင်ဆောင်ပြီး နင့်ကိုမချော့ဘဲနေတာလည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုကိစ္စမျိုးမှာ ငါနင့်ကိုဘယ်လိုချော့မလဲ။ ငါနဲ့နင်က သူငယ်ချင်းတွေလေ။ ငါယောက်ျားလေးတွေနဲ့ စကားပြောတာမကြိုက်ဘူးလို့ နင်ကိုယ်တိုင်ရော တားမြစ်ရဲခဲ့လို့လား။ အဲဒီလိုနင်နဲ့ငါဟာ ရင်ထဲကခံစားချက်ကို သိပ်သိုဝှက်လွန်းခဲ့လို့များ ငါတို့ဝေးခဲ့ရတာလားလို့ တခါတလေမှာမဟုတ်မှန်းသိရက်နဲ့ တွေးမိနေတတ်တယ်။



ဒီလိုနဲ့တိုတိုပြောရရင် ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ အချိန်ကိုရောက်လာခဲ့တယ်။ အားတဲ့ရက်တွေမှာ နင်နဲ့ အောင်အောင် ငါ့အိမ်ကိုခဏခဏရောက်လာပြီးငါနဲ့စကားပြောတတ်တယ်။ နင်နဲ့ငါအဲဒီရက်တွေမှာ ဘာအကြောင်းတွေပြောဖြစ်ကြလဲဆိုတာ ငါမမှတ်မိတော့ဘူး။ ငါမှတ်မိနေတာက အောင်စာရင်းတွေမထွက်ခင် နင်နဲ့ငါ ပထမဆုံးအကြိမ် စကားများကြတဲ့အကြောင်းပဲ။ မိန်းကလေးတွေ နိုင်ငံခြားမှာ ပညာသွားသင်တာတို့ အလုပ်လုပ်ဖို့တို့ နင်မကြိုက်ဘူးလေ။ ငါ့အတွက်တော့ ငါပညာတွေအများကြီး တတ်ချင်တယ်။ ငါ့ပညာနဲ့ အလုပ်လုပ်ချင်တယ်။ မိဘကို ကျေးဇူးဆပ်ချင်တယ်။ ပိုက်ဆံနောက်တကောက်ကောက် လိုက်ရတဲ့ စီးပွားရေးမျိုးကို ငါမလုပ်ချင်ပေမယ့် ပိုက်ဆံအတွက်ပူပန်နေရတဲ့ဘ၀မျိုးလည်း ငါပြန်မရောက်ချင်တော့ဘူး။ သာမာန်ဝန်ထမ်းတွေ ဖြစ်တဲ့ ငါ့မိဘတွေအတွက် ငါ့ကျောင်းစားရိတ်က၀န်ထုတ်ဝန်ပိုးတစ်ခု။ အဲဒီတော့ ပညာကိုပိုကြိုးစားပြီး Scholarship ရမှငါတတ်ချင်တဲ့ပညာကို ငါဆက်သင်လို့ရမှာလေ။ ဒါတွေကို ဆယ်တန်းတစ်နှစ်လုံး အိမ်ကကားနဲ့အကြိုအပို့လုပ်၊ ပညာတစ်ခုပဲအာရုံစိုက်စရာလိုတဲ့ နင်ကဘယ်နားလည်မှာလဲ။ နင်နားမလည်တဲ့အရာတစ်ခုကို နင်နဲ့ငါခံမငြင်းသင့်ဘူး လို့ရင်ထဲမှာရှိနေတဲ့ကြားထဲက ငါနင်နဲ့အပြိုင်ငြင်းခဲ့မိတယ်။ ရှေးရှေးတုန်းကလို မိန်းကလေးဆိုတာ သေစာ၊ရှင်စာ ဖတ်တတ်ရင်ပြီးရော။ အချိန်တန်ယောကျာ်းယူ၊ အပြင်ထွက်အလုပ်လုပ်တာ မိန်းမအလုပ်မဟုတ်ဘူးဆိုတဲ့ အယူအဆ ကိုလက်မခံနိုင်တာလည်း ပါတာပေါ့။ နင့်ကိုလည်းငါအံ့သြမိတယ်။ ၂၁ရာစုခေတ်လူငယ်ဖြစ်ပါရက်နဲ့ ဒီလိုအတွေး အခေါ်တွေရှိရမလားလို့။ အဲဒီနေ့ကနင် ငါ့ကိုစိတ်ဆိုးပြီးပြန်သွားတယ်လေ။ နင်ပြန်သွားတော့ အမေကငါ့ကို ရယ်ပြီးပြောတယ်။ ဘာလို့ခံငြင်းနေတာလဲ။ သူ့အယူအဆနဲ့သူပေါ့ တဲ့။ နောက်တနေ့ကျတော့ အောင်အောင်တစ်ယောက်ပဲ ငါ့ဆီရောက်လာတယ်။ ပြီးတော့ ငါ့ကိုပြောတယ်။ နင်တို့နှစ်ယောက်ကရယ်ရတယ် တဲ့။ မနေ့ကနင်ပုံကအေးအေးဆေးဆေးပဲ။ ဟိုကောင်ကသာ မျက်နှာတွေနီရဲပြီး စိတ်တိုနေတာ တဲ့။ အဲဒီနေ့က ပထမဆုံးအကြိမ် နင်နဲ့ငါကြားကအကွာအဝေးကို ငါခံစားမိလိုက်ပါတယ်။ အရင်တုန်းကအကြိုက်ချင်းတူ၊ စိတ်ထားချင်းတူတယ်လို့ထင်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သဘောထားခြင်းမတိုက်ဆိုင်မှု ဟာငါတို့နှစ်ယောက်ကို ဝေးကွာစေလိမ့်မယ်လို့ ငါမတွေးမိသေးတာတော့ အမှန်ပါ။ ရည်မှန်းချက်မတူပေမယ့် တချိန်မှာတစ်လမ်းတည်းသွားနိုင်ပါသေးတယ် ငါတို့ဆန္ဒရှိဖို့ပဲလိုတာပါလို့ ငါ့ရင်ထဲမှာတော့တိတ်တိတ်လေး ပြောနေမိတယ်။ ငါ့အတွေးထဲမှာလည်း အချိန်တွေနဲ့အတူ နင့်အယူအဆတွေပြောင်းလဲလာပါစေလို့ ဆုတောင်းရင်းပေါ့။ နင်နဲ့ပါတ်သက်လာရင် ငါ့ဘက်ကတစ်ဘက်သတ် မျှော်လင့်ချက်တွေများ ခဲ့မိတယ်နဲ့ထင်ပါရဲ့။



ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာ ငါကမနက်၈နာရီလောက်ကတည်းက သူငယ်ချင်းတွေနဲ့အိမ်ကထွက်သွား ပြီး ကိုယ်စာဖြေခဲ့တဲ့ကျောင်းမှာ ကိုယ့်နာမည်ကိုအမှတ်တရဆိုပြီးလိုက်ကြည့်နေကြတာ။ သူငယ်ချင်းမိန်းကလေး ၅ယောက်က ကျောင်း၎ကျောင်း ခွဲဖြေရတော့ ကျောင်းတွေတစ်ကျောင်းပြီး တစ်ကျောင်းသွားရတယ်။ ငါတို့ ၅ယောက်ထဲမှာ ၄ယောက်က ဂုဏ်ထူး၎လုံး၊ ငါက ဂုဏ်ထူး၃လုံး။ နင်အပါအ၀င် ငါတို့အုပ်စုထဲကကျန်တဲ့သူငယ်ချင်း တော်တော်များများကလည်း ဂုဏ်ထူး၎လုံးရကြတယ်။ အမှန်တော့ ငါဘယ်ဘာသာတွေဂုဏ်ထူးပါပြီး ရတဲ့ဘာသာတွေကဘာဆိုတာ ညကတည်းကအတန်းပိုင်ဆီကို တိုင်းပညာရေးရုံးကပို့တဲ့စာရင်းထဲမှာပါလို့ ဆရာမကဖုန်းဆက်ခေါ်ပြီး ဆူတောင်ပြီးသွားပြီ။ D ၃လုံးပဲရပြီး ရတဲ့ဘာသာတွေက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဆိုတော့ ကျန်တဲ့ ၀ိဇ္ဇာတွဲနဲ့သိပ္ပံတွဲနဲ့ D မပါတာ စာမကျက်လို့ဆိုတာ ထင်ရှားနေတော့ အတန်းပိုင်နဲ့ Chemistry ဆရာမခေါ်ဆဲတာကို အောင်စာရင်းမထွက်ခင်ညမှာ ခံပြီးသားလေ။ ငါကတော့ ဆေးကျောင်းတက်ဖို့ မရည်ရွယ်ခဲ့သူဆိုတော့ ဘာမှလည်းမခံစားရဘူး။ ဒါပေမယ့် အောင်စာရင်းထွက်တဲ့နေ့ကတော့ ငါမျက်ရည်ကျရ သေးတယ်။ နင်သိလား။ ငါတို့ကျောင်းတွေလျှောက်မသွားခင် သူငယ်ချင်းတစ်ယောက်ကိုသွားခေါ်တော့ လမ်းမှာ နင်နဲ့တွေ့တယ်လေ။ နင်ကငါ့ကိုတွေ့တော့ဆိုင်ကယ်ကိုကွေ့ပြီး လိုက်လာတယ်။ ငါ့ကိုလှမ်းရယ်ပြတဲ့နင့်ကို ငါပြုံးမပြမိသလို စကားလည်းမပြောလိုက်မိဘူး။ အဲဒီတုန်းက ငါဘာဖြစ်သွားလဲငါ့ကိုယ်ငါတောင်မသိဘူး။ နင်ကတော့ နင်D၄လုံးထွက်ပြီး ငါ၃လုံးပဲထွက်လို့ စိတ်ကောက်တာလားလို့ ထင်သွားလားမသိဘူး။ နင်ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်းပြီးထွက်သွားတော့ ငါပဲစိတ်မကောင်းဖြစ်ကျန်ခဲ့ရတယ်။ တကယ်တော့ အဲဒီတုန်းက ငါရူးသွားတာလားမသိဘူး။ စိတ်မရှည်တတ်တဲ့နင့်အကြောင်းလဲသိသားနဲ့။ ကျောင်းရှေ့ရောက်တော့ သူငယ်ချင်းတွေ နဲ့တွေ့တယ်။ ရွာကကျောင်းလာတက်ပြီး ငါကတောသားလို့စလေ့ရှိတဲ့ ဖြိုးမင်းက ငါတို့အကုန်လုံး D ၄လုံး၊ နင်တစ်ယောက်ပဲ ၃ လုံးရတာ၊ မရှက်ဘူးလားတဲ့။ ငါငိုရော။ အဲဒါနဲ့ဖြိုးမင်းခမျာသူငယ်ချင်းတွေ ၀ိုင်းဆဲတာခံလိုက် ရရှာတယ်။ ဒါပေမယ့် ငါဘာကြောင့်ငိုတယ်ဆိုတာ ငါကိုယ်ငါပဲသိတယ်။ ငါ့အတွက် D ၄လုံးတို့၊ ၃လုံးတို့ဆိုတာ နင့်အပြုံးတစ်ချက်လောက် အရေးမကြီးဘူးဆိုတာ နင်ကျောခိုင်းသွားမှ ငါသိလိုက်တာပါ။

ငါအိမ်ပြန်ရောက်တော့ နင်ငါ့အိမ်ကိုလာသွားတယ်တဲ့။ အမေပြန်ပြောလို့ ငါပြန်သိရတယ်။ အဲဒီနေ့ကနင်နဲ့ငါ လမ်းမှာတွေ့တာ နင်ငါ့အိမ်ကပြန်လာတာဆိုတာ ငါတကယ်မသိဘူး။ ဟိုတခေါက် စကားများပြီးပြန်သွား ကတည်းက နင့်ငါ့ဆီကိုမှမလာတော့တာ။ တကယ်ဆိုရင် ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့လို ပျော်စရာနေ့မျိုး မှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ပျော်ရွှင်မနေသင့် ဘူးလား။ အဲဒီပျော်ရွှင်မှုကိုငါ့ဘက်က ဖျက်ဆီးပစ်ခဲ့လို့ ငါ့အတွက်ပျော်ရွှင်မှုတွေဆိတ်သုဉ်းကုန်ပါစေလို့များ နင်ကျိန်စာတိုက်ခဲ့တာလားဟယ်။

(နောက်တစ်ပိုင်းတွင် အဆုံးသတ်ပါတော့မည်။ :D)

10 comments:

မမသီရိ said...

ငါ့အတွက် D ၄လုံးတို့၊ ၃လုံးတို့ဆိုတာ နင့်အပြုံးတစ်ချက်လောက် အရေးမကြီးဘူးဆိုတာ နင်ကျောခိုင်းသွားမှ ငါသိလိုက်တာပါ။
..............................
အဆုံးသတ်ပိုင်းလေး မျှော်နေတယ်

လင်းဒီပ said...

“ငါ့အတွက် D ၄လုံးတို့၊ ၃လုံးတို့ဆိုတာ နင့်အပြုံးတစ်ချက်လောက် အရေးမကြီးဘူးဆိုတာ နင်ကျောခိုင်းသွားမှ ငါသိလိုက်တာပါ။”

တယ်ဆိုတဲ့စာပါလား...ရင်ထဲက ထွက်လာတာ အစစ်..အစစ်..အစစ်..

တခါတလေကျတော့ ငယ်တုန်းမှာ မပြောဖြစ်တာ တွေဝေတာ..မာနကြီးသလို ဖြစ်ခဲ့တာတွေဟာ..
တသက်စာ အမှတ်တရအနာတရလေးတွေ ဖြစ်နေတတ်တယ်..

အဆုံးသတ်မှ အားရပါးရ မန့်မယ်...
စောင့်နေဦးမည်..ဇာတ်သိမ်းပိုင်း..

ဒူကဘာ said...

မေ့သမီးက လက်လန်တယ်ဟေ့ စိတ်ပုပ်လို့ ရည်းစားက Lesson ပေးတာတောင် ကျိန်စာ ထင်နေတုန်းပဲ၊ ပြင်လိုက်ပေါ့ ဟုတ်လား? ပြင်လိုက်တော့ ...မှီသေးတယ် ..ဟုတ် ..မမှီလဲ ... မှီမှာပါ...ကိုယ့်ဟာကို ပြင်ရေးလိုက်ပေါ့။

မိုးသောက်(ရှမ်းလေး) said...

အင်း........ 3D ဆိုတာ လူတိုင်းရနိုင်တာမဟုတ်ဘူးနော်... မြန်မာနဲ့ အင်္ဂလိပ် ဒီပါတယ်ဆိုလို့ အားကျမိပါတယ်... ကျွန်တော်က အဲဒါတွေ ဂုဏ်ထူးလိုချင်ခဲ့တာ... ဒါပေမယ့် မပါခဲ့ဘူး... အော်... အဓိကကျတာ ပြောရဦးမယ်... မေ့သမီးက အရေးအသားအရမ်းကောင်းတယ်ဗျ...

ကမာနီလာ said...

ဒီသုံးလုံးတောင်ထွက်တောင်ကို ငိုရသေးတယ်လို့ အကိုတို့များ ၁၀တန်းကို ပွတ်ကာသီကာအောင်ခဲ့ရတာ ဒီဆိုတာဝေးလာဝေးပေါ့ ညီမရယ်၊
အရေးအသားတွေက ခံစားချက်အပြည့်ပါတယ်၊ ဇတ်သိမ်းပိုင်းလေးမှာဘာတွေဖြစ်မလည်း ဆိုတာ စောင့်မျှော်နေတယ်ညီမလေးရေ။

မိုးတိမ် said...

မမေ ဆက်ရေးပါအုံးဗျို့
အားပေးနေတယ်
အဆုံးသတ်ပိုင်းလေးကိုလဲမျှော်နေပါတယ်
ခင်တဲ့

ဆောင်းယွန်းလ said...

ဂုဏ်ထူးလေးခုမရပေမယ့် ရတဲ့သုံးခုမှာ မြန်မာစာဂုဏ်ထူးပါတာ ဂုဏ်ယူစရာကောင်းတာပေါ့ ညီမလေးရေ..များသောအားဖြင့် ဗမာကျောင်းသားတော်တော်များများဟာ ဂုဏ်ထူးတွေအများကြီးရတာတောင် ကိုယ့်ဘာသာစကားဖြစ်တဲ့ မြန်မာစာကို ဂုဏ်ထူးထွက်အောင်မဖြေနိုင်ကြဘူး....အကိုဆယ်တန်းအောင်တုန်းက မြန်မာစာတဘာသာပဲဂုဏ်ထူးထွက်ခဲ့တာ..အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ခဲ့မိတယ်...

ဆက်ရန်မျှော်နေမယ် ညီမလေးရေ...

မေ့သမီး said...

မမသီရိနော် ကျေးဇူးနော်။
ကိုလင်း အစစ်လို့ထင်တယ်ပေါ့လေ။ ပြောဘူး။ သတ်ရင်သတ်လိုက်။ :P
ဒူကဘာအစုတ်ပလုတ်။
မောင်လေးမိုးသောက်ရေ အစ်မသူငယ်ချင်းတွေဆို ဒီတွေ၎လုံးသာပါကြတာ ကိုယ်အပိုင်ဆုံးထင်တဲ့ ဘာသာတွေမှာ ဒီမရကြပါဘူး။
ကိုကမာရေ ဒီ၃သုံးထက်ပေမယ့် ကံမကောင်းတော့ ငိုလိုက်ရတာပေါ့။ :P (ဇာတ်လမ်းထဲမှာလေ)
ကိုမိုးတိမ်ရေ ကျေးဇူးပါ
ကိုဆောင်းရေ ကျေးဇူးပါ။ မြန်မာစာက ငယ်ငယ်တည်းက စာဖတ်များလာတော့ စာရေးချင်စိတ်က အထက်တန်းတည်းက ရှိနေတာလေ။ ကဗျာတို့၊ စကားပြေတို့ဆို ဆရာမပေးတဲ့ လက်ချာကိုသိပ်မကြည့်ဘဲ ကိုယ်ခံစားရသလိုပြန်ရေးလိုက်တာ။ အခုထိလည်း အရေးအသားသိပ်မကောင်းပေမယ့် စာရေးချင်စိတ်က ရှိနေတုန်းပဲ။

Welcome said...

State ကျောင်းက တွယ်ခဲ့တဲ့ သံယောဇဉ်က Uni ထိ ပါမလာတာက ၉၈% ကျော်ပါတယ်။ မိန်းကလေးဘက်က သံယောဇဉ်ကြီးပေမယ့်။
ယောက်ျားလေးကျတော့ ပိုလွတ်လပ်ပြီး အရောင် အသွေးပိုစုံတဲ့ နယ်မြေသစ်မှာ အဟောင်းဆီကို ဘယ်လိုမှ သံယောဇဉ် ပြန်မငြိတော့ပါဘူး။
ဖတ်လို့ကောင်းတဲ့ ၀တ္တုမို့ ဇာတ်သိမ်းပိုင်းတင်ရင် လက်တို့ဖို့ မမေ့ပါနဲ့နော်..

လေးစားလျက်

မေ့သမီး said...

မန့်သွားတဲ့၊ အားပေးသွားတဲ့အစ်ကို၊ အစ်မတွေအားလုံးကိုကျေးဇူးပါလို့။