Thursday, March 19, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (ဆုံး)

နင့်ကြောင့်ငါမပျော်ခဲ့ရဘူးလို့ ငါမပြောချင်ပေမယ့် နင်နဲ့ပါတ်သက်လာရင် စိတ်ညစ်စရာကလည်း များနေခဲ့တာကိုး။ သူငယ်ချင်းတွေကြားမှာ နင့်ကြောင့်မျက်နှာပူရတဲ့အချိန်တွေလည်း အများကြီးရှိခဲ့ရတယ်။ နင်ကတော့ မသိတာလား။ မသိချင်ယောင်ဆောင်ခဲ့တာလားတော့ ငါလည်းမခန့်မှန်းတတ်ဘူးလေ။

နင်မှတ်မိဦးမလား။ နင်ဆေးကျောင်းသွား တက်တော့မယ်ဆိုတော့ ငါ့ကိုလာနှုတ်ဆက်တယ်လေ။ အဲဒီနေ့က နင်အိမ်လာတဲ့အချိန် ငါ့ရဲ့တခြားယောက်ျားလေး သူငယ်ချင်းတွေကလည်း အိမ်ရှေ့ကိုအရောက်နဲ့ဆုံတယ်။ ငါ့သူငယ်ချင်းတွေက အိမရေ လို့လှမ်းအော်လို့ ငါထွက်လာတော့ အိမ်ရှေ့မှာဆိုင်ကယ်ပေါ်ကနင့်ကိုအရင်လှမ်းတွေ့တယ်။ နင့်နောက်မှာ စက်ဘီးနဲ့ငါ့သူငယ်ချင်း တွေ။ ငါ့သူငယ်ချင်းလို့သုံးရတာကလည်း ငါ့နဲ့ကအတွဲများလို့ပါ။ တကယ်တော့ အဲဒါနင်နဲ့လည်း အတန်းတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေပါပဲဟာ။ ဒါပေမယ့်နင်ကိုယ်တိုင်လည်း လူတိုင်းနဲ့အပေါင်းအသင်းမလုပ်သလို ငါ့ကိုလည်း အပေါင်းအသင်းများတာမကြိုက်ခဲ့ဘူးဆိုတာ ငါခန့်မှန်းမိပါတယ်။ အဲဒါနဲ့ပဲ နင်ရော၊ ဟိုကောင်တွေရောအိမ်ထဲဝင် လာပြီးထိုင်ကြတယ်။ သူတို့ကငါနဲ့ပါတ်သက်လာရင် ငါ့စိတ်ကို ကကြီးကအအထိသိတဲ့ကောင်တွေ၊ ပြီးတော့ နင်နဲ့လည်းတစ်ခန်းနေခဲ့တာဆိုတော့ နင်ဘယ်လိုဆိုတာ သူတို့သိနေပုံရပါတယ်။ မျက်နှာသိပ်မကြည်လင်တဲ့ နင့်ကိုကြည့်ပြီး ငါတို့ပြန်ရမလားလို့ ငါ့ကိုကပ်မေးတယ်။ ငါကဘာပြောရမှာလဲ။ နင်လည်းသူငယ်ချင်း သူတို့လည်း သူငယ်ချင်း ငါနင့်အတွက်နဲ့ ငါ့သူငယ်ချင်းတွေအပေါ်မရက်စက်သင့်ဘူးလေ။ နင်နဲ့ငါရဲ့ဆက်ဆံရေးအတွက် ငါရဲ့တခြား ငါ့အပေါ်မှာလည်း နားလည်တဲ့သူငယ်ချင်းကောင်းတွေကို စတေးဖို့ ငါမရဲဘူး။ ဘာဆိုင်လဲဟာ သူငယ်ချင်းတွေပဲ လို့ငါပြန်ပြောလိုက်တယ်။ အဲဒီလိုနဲ့ခြောက်ခြောက်သွေ့သွေ့ဧည့်ခန်းမှာ နင်ကတစ်ဘက်၊ ငါ့သူငယ်ချင်း သုံးယောက်ကတစ်ဘက်၊ ငါကအလယ်က။ ဒီလိုနဲ့ပဲ စကားပြောသွက်တဲ့ ဖိုးဇေက နင့်ဘက်လှည့်ပြောလိုက်၊ ငါ့ကိုလှည့်ပြောလိုက်နဲ့ စကားဝိုင်းကိုစိုပြည်လာအောင် ထိန်းရှာပါတယ်။ ဒါပေမယ့် နင်ကတော့အေးစက်စက်။ နောက်တော့ ငါမနက်ဖြန်မကွေးသွားတော့မယ်။ နင့်ကိုလာနှုတ်ဆက်တာ တဲ့။ သြော် အေး နင်ဂရုစိုက်နော်လို့ငါပြောတော့ ခေါင်းညိတ်တယ်။ ပြီးတော့ ငါသွားတော့မယ်ဆိုပြီး နင်ထထွက်သွား တော့တာပဲ။ သာမာန်အချိန်မှာတောင် ငါ့အိမ်ကိုလာရင် တစ်နာရီအနည်းဆုံးကြာအောင်စကားပြောတတ်တဲ့နင်က ငါတို့နှစ်ယောက်ခွဲရမယ့်အချိန်မှာ ငါးမိနစ်ပြည့်အောင်ငါနဲ့စကားပြောမသွားဘူး။ နင်ပြန်သွားတော့ ဖြိုးကျော်ကပြော တယ်။ အမှန်ဆိုငါတို့အရင်ရောက်တာနော်တဲ့။ သူကဆိုင်ကယ်နဲ့မို့ ငါတို့ရှေ့ကရောက်သွားတာ တဲ့။ ဖြေရှင်းသလိုပြောတော့ ငါရယ်မိတယ်။ အေးပါ ငါဘာပြောနေလို့လဲလို့။ ငါ့ကြောင့်သူငယ်ချင်းတွေ စိတ်မကောင်းဖြစ် မှာလည်း ငါမလိုလားခဲ့ဘူး။

ဒီလိုနဲ့နင်မကွေးကသူငယ်ချင်းတွေပြန်လာတဲ့အခါ လူပြန်မလာတဲ့နင့်သတင်းတွေက ပါလာတတ်တယ်။ နင်မိန်းကလေးတွေနဲ့သိပ်ရှုပ်တယ်တဲ့။ သူငယ်ချင်းမိန်းကလေးတစ်ချို့က ထိန်ထိန်သာဆောင်မှာနေတယ်။ ဆေးတက္ကသိုလ်ကျောင်းသူတွေနဲ့ မကွေးတက္ကသိုလ် နေ့ကျောင်းသူတွေကိုတစ်ခြံဝင်းထဲမှာထားပါသတဲ့။ ဖုန်းကိုတော့ သူတို့နှစ်ဆောင်ရဲ့အလယ်မှာရှိတဲ့ ပိုင်ရှင်အိမ်မှာထားပါတယ်တဲ့။ ဆေးကျောင်းသူတွေက စာမေးပွဲဖြေ စရာရှိရင် သူငယ်ချင်းယောက်ျားလေးတွေကို ဖုန်းဆက်ပြီးမေးခွန်းတွေမေးကြ၊ စာဆွေးနွေးကြ၊ ကျူရှင်ချိန်မေးကြနဲ့ ပေါ့။ အဲဒီအချိန်မှာ နေ့ကျောင်းသူတွေကဖုန်းဘေးမှာညနေဘက်ဆိုတချိန်လုံးရှိနေတတ်တယ်တဲ့။ ဖုန်းဆက်ပြီးလို့ ဆေးကျောင်းသူတွေပြန်သွားရင် နေ့ကျောင်းသူတွေကအဲဒီဖုန်းနံပါတ်ကို redial ပြန်လုပ်ပြီးခေါ်စကားပြောပါသတဲ့။ ကျွန်မသူငယ်ချင်းတချို့ကပြန်ပြောတာပါ။ သူတို့ရဲ့တချို့သူငယ်ချင်းယောကျာ်းလေးတွေက အဆောင်ကနေသူတို့ ဆီဖုန်းမဆက်ပါနဲ့လို့တောင်ပြောတယ်တဲ့။ ဒါပေမယ့် နင်ကနင့်ဆီဆက်တဲ့မိန်းကလေးတိုင်းကို လက်ခံစကားပြောပါသတဲ့။ သူငယ်ချင်းတွေပြောစကားအရသိရတဲ့အခါ နင့်အတွက်ငါစိတ်ပူမိတယ်။ ပြီးတော့ နင်နဲ့တွဲတဲ့မိန်းကလေးတွေအားလုံးဟာလည်း မကွေးတက္ကသိုလ်ကပဲ ဖြစ်နေခဲ့တယ်လေ။ နင်ကျောင်းမမှန်မှာ၊ စာတွေမရမှာ ငါစိတ်ပူနေခဲ့ပေမယ့် ဒုတိယနှစ်အောင်ပြီးတော့ နင်ပြန်လာခဲ့တယ်။ နင်ပြန်ရောက်တယ်လို့ပဲ ငါကြားတာ။ နင်ကတော့ ငါ့ဆီရောက်မလာခဲ့ပါဘူး။ နင့်နဲ့ဆုံရတဲ့ အဲဒီနှစ်သင်္ကြန်တုန်းကရယ်ရသေးတယ်။ ငါရယ်၊ တခြားငါတို့အထက်တန်း ကျောင်းကအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတော်တော်များများ လမ်းမကြီးကသူငယ်ချင်းတစ်ယောက်အိမ်မှာ မဏ္ဍာတ်ထိုးပြီး သင်္ကြန်ရေဆော့ကြတယ်။ အကျနေ့မှာငါရယ်၊ သန္တာရယ်ရေခွက်ကလေးတွေကိုင်ပြီး ဘယ်သူ့ပက်ရင်ကောင်းမလဲကြည့်နေကြပါတယ်။ တက္ကသိုလ်ရောက်နေပြီဆိုတော့ ကလေးတုန်းကလို မြင်မြင်သမျှလူမပက်ဖြစ်ကြတော့ဘူး။ သူငယ်ချင်းကောင်လေးတွေကလည်း ကောင်မလေးတွေပဲ ရွေးပက်ပြီးလိုက်နောက်နေကြပါတယ်။ အဲဒီအချိန်မှာငါတို့မဏ္ဍာတ်ဘက်ကို ကောင်လေးတစ်ယောက်ဆိုင်ကယ်လေး စီးပြီးလာနေတာလှမ်းမြင်တယ်။ အဲဒီကောင်လေးက Giordarno ဦးထုပ်အပြာနုရောင်လေးဆောင်းထားတယ်။ အသားဖြူဖြူလေးနဲ့။ ငါတို့နှစ်ယောက်လုံးသဘောကျသွားတယ်။ ဟဲ့ဟိုကောင်လေးချောတယ်လို့ ပြောမိကြသေး တယ်။ ဆိုင်ကယ်လေးအနားကိုရောက်တဲ့အထိ ငါတို့နှစ်ယောက်ကြည့်နေမိကြတယ်။ ရုတ်တရက်အနား ရောက်လာပြီး ဆိုင်ကယ်ကိုရပ်ပြီး ငါ့ဘက်ကိုလှည့်ပြီး ပြုံးကြည့်လိုက်တဲ့အခါ ငါရုတ်တရက်အသက်ရှုရပ်သွားမတ် မင်သက်သွားမိတယ်။ အဲဒီကောင်ချောလေးက ငါ့ရဲ့နင်ဖြစ်နေခဲ့တယ်လေ။ နင်ငါ့ကိုအဲဒီနေ့က အိမ်ပြန်လိုက် ပို့တယ်။ သူများနဲ့သိပ်မတည့်တတ်တဲ့နင်က မဏ္ဍာတ်ထဲကသူငယ်ချင်းတွေအားလုံးနဲ့ ရယ်ရယ်မောမောစကားတွေ ပြောနေတော့ ငါစိတ်ချမ်းသာရတယ်။ နင့်ကို သူငယ်ချင်းတွေအားလုံးနဲ့ သိုက်သိုက်ဝန်းဝန်း ခင်ခင်မင်မင်ရှိစေချင် ခဲ့တာ ငါ့စေတနာပါ။


ဒီလိုနဲ့ပဲ နင်နဲ့ငါဟာအရင်ကလိုတတွဲတွဲပြန်ဖြစ်သွားပြန်ရော။ သင်္ကြန်အတူလည်ကြ၊ မုန့်ထွက်စားကြ၊ မဏ္ဍာတ်တွေသွားကြည့်ကြနဲ့ ငါအရမ်းပျော်နေခဲ့တယ်။ နင့်ကို မကွေးကကောင်မလေးတွေအကြောင်းမေးတော့ နင့်ကခပ်ပေါ့ပေါ့ပဲ ပျင်းလို့တွဲတာတဲ့။ ပြီးတော့ငါ့ကိုပြောသေးတယ်။ မကွေးကအရမ်းပူတာတဲ့။ ငါညဘက်မှအပြင်ထွက်နိုင်တာတဲ့။ အဲဒီတော့ ဆေးကျောင်းသူတွေနဲ့တွဲလို့မရဘူး။ ညဘက်ထွက်လို့ရတဲ့ အဆောင်ကတက္ကသိုလ်ကျောင်းသူတွေနဲ့တွဲတာ တဲ့။ ငါ့ရင်ထဲမှာဘယ်လိုဖြစ်မလဲ နင်မစဉ်းစားမိဘူးလား။ ရင်တစ်ခုလုံးအချေမွခံလိုက်ရသလို ခံစားနေရပေမယ့် နင့်ကိုငါဘာမှမပြော ဖြစ်ခဲ့ဘူး။ ကျောင်းဖွင့်ခါနီးမှာ တော့ နင်ပြန်သွားခဲ့တယ်။ စာသင်နှစ်တစ်နှစ်လုံးလည်း ရောက်လာသမျှနင့်သတင်းတွေက တစ်ခုမှမကောင်းဘူး။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်၊ မိန်းကလေးတွေနဲ့လည်း တွဲတုန်းပဲ တဲ့။ ငါအံ့သြရလောက်အောင်နင်ပြောင်းလဲ သွားခဲ့တာပဲ။ တတိယနှစ်ပြီးတော့ နင်ပြန်လာခဲ့တယ်။ ငါကရန်ကုန်သွားနေတဲ့အချိန်။ ငါ့အိမ်ကိုလာတယ်တဲ့။ ရန်ကုန်ကငါပြန်ရောက်ရောက်ချင်း ဖုန်းဆက်ပါလို့အမေ့ကို မှာသွားတယ်။ ငါချက်ချင်းမဆက်ဖြစ်တာက တွေဝေတတ်တဲ့ငါ့စိတ်ကြောင့်ပါ။ နင်ဘာတွေဘယ်လိုပြောင်းလဲ သွားမလဲ။ ငါ့အပေါ်ကိုရော အရင်လိုခင်တုန်းပဲလား ဆိုတဲ့အတွေးတွေနဲ့ အိမ်ရှေ့အိမ်မှာဖုန်းသွားဆက်ဖို့ ငါနှောင့်နှေးနေခဲ့တယ်။ ဒါပေမယ့် ငါပြန်ရောက်မယ့်ရက်ကို အမေ့ဆီကသိနေတဲ့နင်က ညနေပိုင်းကျတော့ရောက်လာခဲ့တယ်။ ငါရောက်ရောက်ချင်း နင့်ဆီပြေးလာတာ နင်မရှိလို့ငါအမောတောင်မပြေဘူး တဲ့။ အဲဒါနင့်စကား။ ငါစိတ်ချမ်းသာအောင်ပြောတတ်တယ် နော်။ ဒီစကားတစ်ခွန်းနဲ့ ငါ့ရင်ထဲကပူပန်မှုတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေဘယ်ရောက်သွားမှန်းမသိလိုက်သလို ခံစားလိုက်ရတယ်။ နင်က မုန့်သွားစားရအောင်တဲ့။ နင်ဘာစားချင်လဲ။ ငါကျွေးမယ် တဲ့။ ငါက ကော်ရည်သောက်ချင်တယ် ဆိုတော့ နင်က ငါ့ခေါင်းကိုအုပ်ကိုင်ပြီးရယ်တယ်။ ဘယ်လိုလဲကောင်မလေး ရန်ကုန်ကို၃ရက်လောက်သွားပြီး ကော်ရည်ကိုလွမ်းလာပြန်ပြီလား တဲ့။ ငါရယ်မိတယ်။ နင်ပြောလဲပြောချင်စရာ။ ငါကငါတို့မြို့ကကော်ရည်ကို အရမ်းကြိုက်တာကိုး။ တခြားမြို့တွေအလည်သွားရင် အဲဒီကကော်ရည်လည်းငါမသောက်ဘူး။ ပြီးရင် ကော်ရည်သောက်ချင်တယ်လို့အော်နေတတ်တဲ့ငါ့အကြောင်းနင်သိနေခဲ့တာကိုး။ ကော်ရည်တောင်မှ တခြားတနေရာမှမသောက်တဲ့ ငါ့ရဲ့စွဲလန်းမှု ဟာ လူတစ်ယောက်အပေါ်မှာဆိုရင် ဘယ်လောက်အထိပြင်းထန်မလဲ နင်စဉ်းစားကြည့်မိဘူးလား။ ဒီလိုနဲ့နင်နဲ့ ကော်ရည်သောက်၊ ပြီးတော့ ဆိုင်ကယ်နဲ့မြို့စွန်ချောင်းသာသွားတဲ့လမ်း ပေါ်က အသစ်ဖွင့်တာမကြာသေးတဲ့ ကြိုးတံတားပေါ်ကိုသွားကြတယ်။ တံတားပေါ်မှာ ရောက်တတ်ရာရာ စကားပြောကြရင်းနဲ့ရုတ်တရက် နင်က မေးတယ်။ နင်ရန်ကုန်ကိုဘာသွားလုပ်တာလဲတဲ့။ အမေရိကန်စင်တာ ကစာမေးပွဲတစ်ခုသွားဖြေတာလို့ငါဖြေတော့ နင်ငါ့ကိုသေချာကြည့်တယ်။ ပြီးမှ ဘာစာမေးပွဲလဲ တဲ့။ စကော်လားရှစ်လျှောက်တာ ဆိုတော့ ဘာလုပ်ဖို့လဲတဲ့။ ဟာ နင်ကလည်း ကျောင်းတက်ဖို့ပေါ့ လို့ဆိုတော့ နင်အခုလည်းကျောင်းတက်နေတာပဲ တဲ့။ မဟုတ်ဘူးလေ ဟိုမှာသွားတက်ဖို့ဆိုတော့ နင်ခဏငြိမ်သွားတယ်။ ပြီးတော့ ငါ့ကိုသေချာကြည့်ပြီး ခပ်မဲ့မဲ့ပြုံးတယ်။ပြီးတော့မှ နင်ငါ့ကိုထားခဲ့ဖို့ စဉ်းစားနေပြီပေါ့ တဲ့။ အော်နင်ကလည်း နောက်တော့ပြန်တွေ့ရမှာပဲဆိုတော့ ဘယ်တော့လဲတဲ့။ ကျောင်းပြီးတာနဲ့နင်ကပြန်လာမှာလား၊ ပြီးရင်ရောနင်ကဘာလုပ်မှာလဲ တဲ့။ အော် ၅နှစ် ၆နှစ်လောက်တော့ကြာမှာပေါ့၊ ငါတတ်တဲ့ပညာကို အသုံးချလို့ရတဲ့ အလုပ်တစ်ခုတော့လုပ်ရမှာပေါ့ ဆိုတော့ နင်အကြာကြီးငြိမ်နေတယ်။ နောက်တော့ ငါက ကျောင်းပြီးရင် အိမ်ထောင်ပြုမှာ တဲ့။ အဲဒီစကားက ငါ့နားထဲမှာမိုက်နဲ့အော်ထည့်လိုက်သလို အကျယ်ကြီးပဲကြားလိုက်ရတယ်။ ဟင် နင်က ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ လို့ငါမေးတော့နင်မဖြေဘူး။ ပြီးတော့မှ ငါယူမယ့်မိန်းကလေးကို ငါ့နားမှာပါရမီဖြည့်ဖက်ဖြစ်စေချင်တယ်၊ ငါဆေးရုံကပြန်လာတဲ့အခါ ငါ့ဆေးအိတ်ကိုပြေးကြိုမယ့်မိန်းမမျိုး၊ သနပ်ခါးလိမ်း၊ ထမင်းပွဲအဆင်သင့်နဲ့စောင့်မယ့်မိန်းမမျိုး၊ ငါစကားကို ရိုသေနာခံမယ့်မိန်းမမျိုး၊ ငါ့အဖေနဲ့အမေကိုလည်း အကူအညီရမယ့် မိန်းမမျိုးပေါ့ တဲ့။ နင်ဘာကိုရည်ရွယ်ပြီး ပြောနေတာလဲ။ နင် ငါ့ကိုအဲဒီလိုမိန်းမမျိုးဖြစ်စေချင်တာလား။ ငါလုပ်နေတဲ့အလုပ်တွေ၊ ငါကြိုးစားနေတာတွေကို ရပ်လိုက်ဖို့ပြောနေတာလား။ ငါ့မိသားစုအတွက် အားကိုးရတဲ့သမီး၊ ငါ့ပါတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်တဲ့ လူတယောက်၊ ငါ့နိုင်ငံအတွက် အုတ်တချပ်၊ သဲတပွင့်၊ ဒါတွေငါဖြစ်ချင်ခဲ့တာ။ ဒါတွေအားလုံးကို နင့်ရဲ့ပါရမီဖြည့်ဖက် ဖြစ်ခွင့်ရဖို့စွန့်လွှတ်ခိုင်းနေတာလား။ ငါ့ကိုချစ်တယ်လို့တစ်ခါမှ မပြောဘူးတဲ့သူတစ်ယောက်အတွက်လေ။ နင်ကိုငါဘာမှပြန်မဖြေလိုက်ဘူး။ နင်ကလည်း ငါ့ကိုမေးခွန်းတွေမေးနေတာမှ မဟုတ်တာ။ ဒါပေမယ့် ပြန်ခါနီးတော့ ငါနင့်ကိုမေးခွန်းတစ်ခုမေးမိတယ်။ နင်ချစ်တဲ့သူက နင့်ပါရမီဖြည့်ဖက်မဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့။ နင်ပြန်ဖြေတဲ့အဖြေဟာ ငါအသည်းကိုခွဲတဲ့ဓါးဆိုတာ နင်မသိလိုက်ဘူးနော်။ ပါရမီဖြည့်မယ့်သူကိုရှာပြီး ချစ်အောင်ကြိုစားလိုက်မယ် တဲ့။ နင်အရွဲ့တိုက်ပြီးဖြေလိုက်တာလား။ ငါမသိဘူး။ ဒါပေမယ့် အဲဒီကစပြီး ဒဏ်ရာရသွားတဲ့ ငါ့အသည်းနှလုံးဒီနေ့အထိသွေးမတိတ်သေးပါဘူး။ နင်သာမြင်နိုင်ရင် မြင်ခဲ့မှာပါ။ အဲဒီနေ့က နင်ပြန်သွားပြီးနောက် နင်ငါ့ဆီကို မလာတော့ဘူး။ ငါလည်းနင့်ကိုတွေ့ဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအချိန်ကစပြီး နင်သာဖွင့်ပြောရင် နင့်ကိုပေးဖို့အဆင်သင့်ရှိနေခဲ့တဲ့ အဖြေတစ်ခု၊ ဘယ်တော့မှလည်း ပေးဖြစ်တော့မှာမဟုတ်တဲ့ အဖြေတစ်ခုကို ငါ့မှတ်ဥာဏ်ထဲက၊ ငါ့နှလုံးအိမ်ထဲကမေ့ပစ်လိုက်ဖို့ ငါကြိုးစားရတော့မယ်။ နင့်သတင်းတွေကြားတိုင်း မှာ သိဟောင်းကျွမ်းဟောင်းတစ်ယောက်အကြောင်း ကိုနားထောင်ရသလို ဘာမှမဖြစ်သလိုပဲ ငါဟန်ဆောင်နိုင်အောင် ကြိုးစားတော့မယ်။ ငါဒီလိုဆုံးဖြတ်ခဲ့တယ်။ နင်နဲ့ဝေးသွားခဲ့ပေမယ့် ငါ့ဆီရောက်ရောက်လာတတ်တဲ့ နင့်သတင်းတွေက ငါ့ကိုနှိပ်စက်နေတုန်းပဲ။ ငိုချင်လာတိုင်းလည်း ပြုံးရယ်နိုင်ဖို့ငါ အားထုတ်ခဲ့ရတယ်။ မာနကြီးတဲ့၊ ဆေးရုံမှာလည်း တော်သလောက်ထက်ပြီး နာစ့်မလေးတွေကိုဟောက်တတ်တဲ့၊ ဆေးရုံဝန်ထမ်းတွေကို အရက်ဝယ်ခိုင်းပြီး ရုံးခန်းထဲမှာသောက်တယ်ဆိုတဲ့၊ လူနာတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတယ်ဆိုတဲ့ နင့်သတင်းတွေကြားတိုင်း အောင့်သွားတတ်တဲ့ဘယ်ဘက်ရင်အုံထဲမှာတော့ နင်မသိလိုက်တဲ့ တစ်စုံတစ်ခုက အခုထိနာကျင်နေဆဲပေါ့ သူငယ်ချင်းချစ်သူရယ်။

11 comments:

Moe Myint Tane said...

ဟူးးး...ဖတ်ပြီး တစ်မျိုးကြီးဘဲ..စိတ်မကောင်းဘူး...

တစ်ခါတစ်ရံမှာ မဖြေဘဲနဲ့သိလိုက်ရတဲ့ အဖြေတွေ ရှိတတ်ပါတယ်။ ချစ်ကြသူအားလုံး ရင်ခုန်သံတွေ ထပ်တူကျ ချင်မှ ကျကြတယ်။ ရင်ခုန်သံထပ်တူကျကြသူအားလုံးလဲ ပေါင်းဖက်ချင်မှ ပေါင်းဖက်ရတယ်။ ဒါတွေဟာ ကံစီမံရာလို့ဘဲ ဆိုကြရတော့မှာပေါ့။ လူဖြစ်ရတဲ့ ဒုက္ခတွေပေါ့လေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

ညီမလေးရေ နောက်ဆုံးပိုင်းလေးဖတ်ပြီး စိတ်ထဲမှာမကောင်းပါဘူး..ဒါတွေဟာ ကိုယ်ကမတောင်းဆိုပဲ မလိုချင်ပဲ ဘဝဇာတ်ဆရာက ရေးဖွဲ့ပေးလိုက်တဲ့ ကံကြမ္မာဇာတ်ညွှန်းတွေပါပဲလေ..
ကြာရင်တော့ ခံစားချက်တွေ တဖြေးဖြေးနဲ့ အနည်ထိုင်သွားနိုင်လိမ့်မယ်လို့ ယူဆရမှာပေါ့

ဖိုးဂျယ် said...

ဖတ်လိုက်ရတာ ရင်ဘတ် အောင့်သွားတယ်။
အရေးသားတွေ ကောင်းတယ်ဗျာ

လင်းဒီပ said...

အစအလည်အဆုံး အားလုံးကောင်းပါတယ်..
အင်း ရေးတတ်လိုက်တာ...
နောက်ဆုံးကျတော့
ကောင်မလေးက အပြင်ထွက်လာ..
ကောင်လေးက ယမကာဆရာဝန်လေးဖြစ်...

မပြောဖြစ်ခဲ့တာတွေ မပြောတတ်ခဲ့တာတွေလို့ပဲထင်တယ်..
တကယ်လို့သာ ပွင့်လင်းခဲ့ကြရင်
ကောင်မလေး အပြင်ရောက်ချင်မှ ရောက်နိုင်သလို
ကောင်လေးလည်း သောက်ဖြစ်နေမှာ မဟုတ်ဘူး...

ဘာပဲဖြစ်ဖြစ်
မပြီးသေးတဲ့ဇာတ်လမ်းတစ်ခု လို့ပဲ ခံစားလိုက်တယ်..ဘဝက ဇာတ်လမ်းရှည်ကြီးကိုး...

သီဟသစ် said...

ဇာတ်ဆရာ ရဲ့ အလိုတို့တွေလိုက်ရုံ
တို့တွေ ဘာမှမတတ်နိုင်ဘူး

အေးချမ်းမေသီချင်း လေးကို သတိရသွားတယ်။

အင်း....

မမသီရိ said...

ဝတ္ထုတိုလေး က ကောင်းလိုက်တာ မေ့သမီလေးရေ..
လုံးချင်းတွေ .. ရေးဖို့ ကြိုးစားတော့
အောင်မြင်မှာ သေချာတယ်..

မမသီရိ said...

မမ က နယ်ကပါ သမီးရေ
ရန်ကုန်က မဟုတ်ပါဘူး
မြန်မာနိုင်ငံရဲ့ ပြည်နယ် တခုကပါ

မိုးမြင့်အောင် said...

ဖတ်ပြီးတော့ နင်နဲ့ငါသီချင်းလေးကို မဖွင့်ရပဲ ကြားမိပါတယ် ခပ်ပေါ့ပေါ့လေးလွမ်းစရာဖြစ်ပေမဲ့ ငယ်စဉ်ဘ၀တွေကအကြောင်းတွေက မနက်ဖြန်အတွက် လေးလေးနက်နက်စိတ်ကူးစရာတွေလို့ထင်တာပဲ။ လေးဖြူရဲ့အတိတ်မြက်ခင်းစိမ်းကိုရော နားမထောင်ဘူးလား?

Ar said...

you know what!? that was all your false slut for not knowing whether friends or the life time partner is more important...

မေ့သမီး said...

ဘယ်သူမှန်းတော့ မသိဘူး။ Ar ပြောသွားတာကြည့်ရင် ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့လေ။ မေ့သမီးအတွက်တော့ သူငယ်ချင်းနဲ့ ချစ်သူဘာကိုရွေးမလဲဆိုရင် နှစ်ခုလုံးမစွန့်လွှတ်နိုင်ပါဘူး။ နှစ်ခုကိုယှဉ်ရွေးစရာ လို့လည်း ဘယ်တုန်းကမှ မထင်ခဲ့ဘူးဘူး။ နှစ်ခုစလုံးက သူ့တန်ဘိုးနဲ့သူပဲ။ ခုနကလို အခြေအနေမျိုးက တစ်မျိုးလေ။ ဘ၀နဲ့ချီပြီး ရွေးရမယ်ဆိုတာမျိုးမှ မဟုတ်တာ။ သာမာန် စိတ်ထားနုတာလေးမျိုးပဲ။

Mae said...

Nice story. I hope it isn't real.

And I agree that you shouldn't have to choose between friends and your partner, or anything else. Your partner should love you for who you are.