Wednesday, February 4, 2009

ဘ၀နဲ့ နှစ်ဆယ့်လေး


ရှင်သန်လာခဲ့တဲ့
နှစ်ပေါင်းနှစ်ဆယ့်သုံးမှာ
မုန်းတီးခဲ့ဘူးတဲ့
ကော်ဖီခါးခါးတွေကို
(အခုတော့)
မနက်တိုင်း
ရှုံ့ရှုံ့မဲ့မဲ့
ရေတစ်ခွက်နဲ့ မျိုမျိုချ…။
ကိုယ့်ကိုကိုယ်လိမ်ရင်း
မာကျောနေတဲ့
လိမ်မာသူများကို
ကြည့်မရဘဲ
မချိပြုံးတွေပြုံးပြ…။
ဒေါင်းကကျီးယောင်
ကျီးကဒေါင်းဆောင်
ပေါင်းသင်းဆက်ဆံရေးမှာ
ရိုးသားမှုမရှိသူတွေကို
ပြုံးမပြတတ်ခဲ့တဲ့
နှစ်ဆယ့်သုံးနှစ်မှာ
ငါပျော်ရွှင်ခဲ့ဘူးပေမယ့်
(အခုတော့)
ငါမဆိုချင်တဲ့ပဋိသဒါရက
ငါနှုတ်ခမ်းကိုခါးစေကြ...။

ဘ၀က ငါ့ကို
ပျော်သလိုနေခွင့်မပေးနိုင်ဘူးတဲ့
ဘ၀ဆိုတာ မကြိုက်တာတွေကို
ခါးခါးသီးသီးလုပ်ရတာတဲ့လား

ငါမကြိုက်တဲ့
ကော်ဖီတစ်ခွက်လို
ငါမကြိုက်တဲ့
အပြုံးတစ်ဝက်လို
ငါမကြိုက်တဲ့
ဟန်ဆောင်စကားတွေကို
ငါကိုယ်တိုင်အဖက်လုပ်နေရ
အသက်က နှစ်ဆယ့်လေးဖြစ်လာတဲ့အခါ။

မေ့သမီး

9 comments:

လင်းဒီပ said...

ဒီတခါ ကွန့်မင့်ကို ထူးထူးခြားခြားလေးဖြစ်အောင် ရေးဖူးတဲ့ပုံစံတူကဗျာထဲက စာသားလေးတွေချခဲ့မယ်...

“ အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။ “

အဲဒီလိုပါပဲ
အသက်ကြီးလာလေလေ
ရှင်သန်ခြင်းကိုသေချာတွေးမိလေ လောကကြီးကနေရခက်လေပဲ....

ATN said...

အများကြီးငယ်သေးတာပဲကွယ်...
လှော်ခတ်လို့ ကောင်းနေတဲ့ အရွယ်ပဲ
ရွက်တောင် မလိုဘူး...
ခပ်တက်ပြင်းပြင်းနဲ့ မြန်မြန်လှော်... ဟေ့...

မမသီရိ said...

မေ့သမီးလေး.....
ဘယ်နေက က ၂၃ ပြည့်ခဲ့တာလဲ..
မသိလိုက် ဖူး ရော..........
ဒီလောက် ငယ်ငယ် လေးနဲ့....
ဒီလောက်..လောက ကြီး..ကြည့် တတ်နေရသလား...း).
မမ ရဲ့ အစ်ကို..သမီးတို့..ဦးဦးအောင်သာငယ်..
မကြာခဏ ပြောဘူးတယ်..ကြီးကြီး ပြောခဲ့ တဲ့ စကား တစ်ခွန်း.....ဘ၀ဆိုတာ တိုတိုလေး...ချိုအောင်နေကြ..တဲ့.....
............
မမ ရဲ့ လက်သုံးစကား ကတော့...
http://mamathiri.blogspot.com/2008/09/blog-post_09.html
...အဲဒီမှာ..ညီမလေး သွား ဖတ်ကြည့် နော်....

ဆောင်းယွန်းလ said...

ဘဝကကိုယ့်ကို ပျော်အောင်ဖန်တီးမပေးနိုင်ရင် ကိုယ်ကဘဝကိုပျော်အောင်ဖန်တီးယူရမှာပေါ့ ညီမလေး
နှစ်ဆယ့်လေးဆိုတော့ အကို့ထက်၁၆နှစ်ကြီးများတောင်
ငယ်တာ ဘဝကိုအကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ဖို့
အချိန်တွေအလုံအလောက်ရှိတာပဲဟာ..
ဒါနဲ့ ဒီနေ့ကညီမလေးရဲ့မွေးနေ့လား...

Anonymous said...

ငါမကြိုက်တဲ့
ဟန်ဆောင်စကားတွေကို
ငါကိုယ်တိုင်အဖက်လုပ်နေရတဲ့
ကောင်းလိုက်တဲ့ စာသား ...
အရွယ်ကောင်းပဲ အားတင်းထား

kay said...

မေ့သမီးရေ-
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ တကယ့် ရွှေရောင်အချိန်တွေ ပါပဲ။ ပိုပြီးတော့လည်း တောက်ပ ရင့်ကျက် နိုင်ပါစေ ပေါ့နော်။

ခင်တဲ့..မကေ

မေ့သမီး said...

အားလုံးကို ခေါင်းရှုပ်အောင်လုပ်သလိုဖြစ်သွားရင် ဆောရီးပါ။ တကယ်တော့ ကျွန်မမွေးနေ့က ဖေဖော်ဝါရီ ၂၁မှပါ။ ဒါပေမယ့် ကဗျာကစိတ်ကူးပေါက်လာတဲ့အချိန် မှာ ရေးလိုက်တာပါ။

လင်းထက် said...

ဒါဆိုလဲ ဖေဖော်ဝါရီ ၂၁ မှာ မွေးနေ့ပွဲလေး လုပ်ပေါ့ လာလဲ ဖိတ်အုံးနော် အဝလာတီးမယ် ဟိ ဟိ

Anonymous said...

မေ့သမီး ၂၄ပြည့်ရင် ဖေ့သားကို ကော်ဖီတိုက်ဦးနော်။