Sunday, January 31, 2010
အလင်းရောင်မထွက်ခင်အချိန်ဟာ အမှောင်ဆုံးအချိန်ဆိုတာကိုလက်ခံလား။ ဥပမာ အာရုဏ်ဦးနေရောင်မလာခင်အချိန်မျိုးပေါ့။ အဲဒါကိုလက်ခံတယ်ဆိုရင် လူတွေသေခါနီးရင် အားကိုးရာမဲ့အချိန်မျိုး ရောက်လာတတ်တာကိုလက်ခံရမယ်။ သေရမှာကိုကြောက်လားလို့ မေးရင် တချို့လူတွေက မကြောက်ဘူးတဲ့။ ရင်ထဲမှာတော့ ဘယ်လိုနေမလဲမသိပါဘူး။ ကိုယ့်ကိုမေးရင်တော့ ကြောက်တယ်။ အထူးသဖြင့် ကိုယ်အချိန်မတန်သေးဘူးလို့ ထင်တဲ့အချိန်မှာသေရမှာကိုပိုကြောက်တယ်။ ပင်ပန်းခဲ့သမျှ အကျိုးပြန်မခံစားလိုက်ရမှာကိုကြောက်တယ်။ ချစ်တဲ့သူတွေနဲ့ခွဲသွားရမှာကို ကြောက်တယ်။ ဖေဖေ၊မေမေနဲ့ ကိုကြီး ငိုနေရမှာကိုကြောက်တယ်။ အပါယ်တံခါးမပိတ်သေးခင်မှာ လူ့ဘ၀ကြီးကိုထားသွားရမှာ ကြောက်တယ်။ ဒါပေမယ့် ကိုယ်ကအချိန်မတန်သေးဘူးလို့ထင်ပေမယ့် သေခြင်းတရားဆိုတာ အချိန်တန်တယ်၊ မတန်ဘူးလို့မှမရှိတာနော်။ အချိန်မရွေးဖြစ်နိုင်တာပဲ။ လူတွေ သေခါနီးရင်ဘာတွေစဥ်းစားကြပါလိမ့်နော်။ ကိုယ်တော့တကယ်ကိုကြောက်ပါတယ်။ အခုအချိန်သာသေသွားရင် ကိုယ်မှာနောက်ဘ၀လူပြန်ဖြစ်ဖို့ ကုသိုလ်မှပြည့်စုံသေးရဲ့လားမသိဘူး။ မနေ့ကတောင် မီးဖိုခန်းထဲက ပုရွက်ဆိတ်တပ်ကိုရေနွေးပူတွေလောင်းပြီး နှိမ်နှင်းလိုက်သေးတယ်။ လုပ်သာလုပ်နေရတာ၊ စိတ်ထဲကတော့ ကြောက်သား။ နောက်ဘ၀ကျငါ့ကိုလဲ ရေနွေးပူအလောင်းခံရရင် ဒုက္ခပဲလို့။ အခုအချိန်ကိုယ်သေသွားရင် ကိုယ်ဘယ်ဘ၀ရောက်မလဲဆိုတဲ့ မသေချာမှုကြီးမျိုးနဲ့သေသွားရမှာ။ သေခါနီးအစွဲမကောင်းရင် ငရဲတောင်ရောက်နိုင်သေးတယ်။ သင်ခန်းစာတွေပြီးဖို့၊ ရေးလက်စစာတမ်းပြီးဖို့၊ အဲဒါပြီးရင် Prof နဲ့နောက်တစောင်ထပ်ရေးဖို့ ဆိုပြီးဇောတွေကပ်၊ လောဘတွေကြီးနေပေမယ့် တခါတလေသေခြင်းတရားဆိုတာကို စိတ်ရောက်သွားတဲ့အခါ ပစ္စုပ္ပန်အတွက်လုပ်နေတာတွေအကုန်ရပ်ပြီး တရားစခန်းပြေးဝင်ရတော့မလား တွေးမိပါတယ်။ အရမ်းပင်ပန်းလာတဲ့အခါ အမေ့ရင်ခွင်ကိုလွမ်းမိသလို တချိန်တည်းမှာပဲ ဖုန်းဆက်ရင်ဖွင့်နေကြအသံလေးကို ကြားချင်မိသေးတယ်။ ဘ၀မှာလူတွေဟာ သေခြင်းတရားနဲ့ကြုံလာရမှပဲ ဘယ်ဟာကိုယ့်အတွက် တကယ်အရေးကြီးပြီး ဘယ်ဟာအရေးမကြီးဘူးလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်လာရတယ်။ အဲဒီအချိန်မှာ အပေါ်ယံဟန်ဆောင်စကားတွေ၊ မာနတွေ၊ ဒေါသတွေ၊ အကျိုးလိုလားတဲ့ဆက်ဆံမှုတွေ အားလုံးကိုမလိုချင်တော့ဘူး။ တတ်နိုင်သမျှအဲဒါတွေနဲ့ ဝေးဝေးမှာနေချင်တယ်။ ကိုယ့်အတွက်အရေးပါတယ်ဆိုတဲ့ အရာအားလုံးကိုတောင် လွှတ်ချရတော့မယ့်အချိန်ရောက်လာတဲ့အခါ ကိုယ်ကဘယ်လောက်ဆက်ဆုပ်ကိုင်ထားချင် ပေမယ့် ဆုပ်ကိုင်ထားခွင့်ရမှာမှမဟုတ်တာ။
10 comments:
လင်းဒီပ said...
သေရင်ဘာမှ မပါဘူး ဆိုပေမယ့် ကိုယ်တို့ အားလုံးနေဖို့ပဲ လုပ်နေကြတာပဲလေ..။သေခြင်းက ငါ့ညီမမှ မဟုတ်ပါဘူး လူတိုင်းနဲ့ နီးနီးလေးပါ ။နေဖို့အတွက် အသည်းအသန် ရုန်းကန်လှုပ်ရှား နေတဲ့ကြားလေးထဲက သေဖို့အတွက် ဖြတ်ကနဲလေး ဖြတ်ကနဲလေး သတိသံဝေဂလေး ဝင်မိတယ် ဆိုရင်ကို တော်ပါသေးတယ် ။
မေငြိမ်း said...
ဟေးးး
ဘာတွေ ရေးနေ....
သေရင် ပါပါတယ်ကွယ်..
ဒါန သီလ ဘာဝနာလေ...
ကလူသစ် said...
မသေခင်တာ တွေးပူရတာပါ။ သေရင် ဘာမှမသိဘူး။ မပူနဲ့။
kiki said...
ဆရာမ ဒေါ်မေငြိမ်း ပြောသလိုပါပဲ မေ့သမီးရေ ..
ဒါန သီလ ဘာဝနာ က လွဲရင် ဘဝတပါးကို ဘာမှ သယ်ဆောင်သွားလို့ မရပါဘူး။
ဖိနပ်နဲ့ ရေဘူးမပါ နွေခါမှသိ
ဒါနနဲ့ သီလ မပါ သေခါမှသိ .. ဆိုတာပေါ့ ။
ဒီတော့ အချိန်ရှိခိုက် လုံ့ လစိုက်ကြစို့ လား ။
Moe Myint Tane said...
တမလွန်ကို ဘယ်အရာတွေ သယ်လို့ရသလဲ။ သယ်လို့ရတဲ့အရာတွေကို ရနိုင်သလောက်များများသယ်သွားလိုက်ပါ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Moh Moh said...
Thamee,
Time to time, I have the same feeling like yours because of my medical background. As a christian, I rely on Jesus for my next life and I believe each & everything happens with a reason (which I might not understand yet). I am reading "Tuesdays with Morrie" by Mitch Alborn again to remind myself what is real important. Pl do what is important to you (eg. religious practice, social work, etc) and what you really want to accomplish. Don't forget that your love ones around the world are just a mouse click away to cheer you up. Be happy!
Love,
(Aunty) Moh Moh
မေ့သမီး said...
ကိုလင်းရေ အဲဒီသံဝေဂလေးတချက်ရလိုက်၊ ပစ္စုပ္ပန်အတွက်လောဘတွေ တက်လိုက်ဖြစ်နေလို့လေ။
အမမေငြိမ်းပြောတာ ဟုတ်ပါတယ်။ သေရင် ဒါန၊ သီလ၊ ဘာဝနာပါတယ်ဆိုတာ။ ဒါပေမယ့် သေခါနီးအယူမမှန်ရင် ဘ၀ကူးမကောင်းဘူးဆိုတော့ အဲဒါကိုတွေးကြောက်နေတာ။ မသေတတ်သေးဘူး အမရယ်။
ကလူသစ်ကတော့ ဘယ်ပူပါ့မလဲလေ။ သူ့မှာ ချစ်စရာတွေနဲ့ကိုး။ :)
ဟိ မကိပြောတာမှန်ပေမယ့်လည်း အဲဒီလိုလုံ့လစိုက်ဖို့ကိုအချိန်သေချာ မပေးဖြစ်သေးဘူးဖြစ်နေတယ်။
အကိုရေ တမလွန်ကို သယ်လို့ရတာအားလုံး သယ်သွားမှာပါ။ သယ်လို့ရနိုင်သလောက်လည်း ကြိုးစားမယ်လို့ စဉ်းစားထားပေမယ့်လည်း...။
အန်တီမို့ရေ ကျေးဇူးအရမ်းတင်ပါတယ်။ အခုတော့ ဘ၀တူတွေဖြစ်နေပြီထင်တယ်။ အန်တီနေကောင်း ပါစေနော်။ သမီးကိုဆရာဝန်က အခြေအနေဆိုးလာတယ်ပြောပေမယ့်လည်း သမီးတတ်နိုင်သလောက်ပျော်အောင်နေနေပါတယ်။
Anonymous said...
ညီမ..ကြားရတာ.စိတ်မကောင်းလိုက်တာ..
ပစ္စုပန်လောဘနောက်လိုက်နေပေမဲ့ ညီမနိုင်သလောက်လေး ဘာဝနာပွါးပေါ့..ဒါနသီလဘာဝနာပဲကိုယ့်နောက်ပါမှာ။
လူဆိုတာကတော့သေမျိုးကြီးပါပဲ..။ အသေတတ်ဖို့ပဲလိုတာပါ။ ညီမရေ..။ ဘာပဲဖြစ်ဖြစ် ဆရာဝန်လမ်းညွှန်မှုလေးနဲ့ နေထိုင်စားသောက်ပါညီမ။ စိတ်ညစ်တဲ့အခါ ၇ီစကားလေးတွေကြည့်ပေါ့။ တတ်နိုင်သလောက် ဆေးဝါးအလှူလှူပေါ့နော်..
ဒူကဘာ said...
ကွန်မန့်တောင် ခေတ်မီစွာ ကော်ပီ ပွားလိုက်ဦးမယ်၊ ငါ...လဲ ကလူသစ် ပြောသလိုပဲ။
မေ့သမီး said...
ဟွန်း ကိုဒူကြီး ပျင်း ပျင်းတယ်ပေါ့။ ဘာခေတ်မီစွာ ကော်ပီပွားတာလဲ။