Thursday, April 22, 2010

ဖေဖေ့ ဆုံးမစာ

ဒီရက်ပိုင်းအသစ်တင်ဖို့ကလည်း လူကအရမ်းအလုပ်များနေတာ။ ဘလော့လည်ဖို့တောင် သိပ်အချိန်မပေးနိုင်။ သွားလည်ရင်လည်း မမန့်ဖြစ်။ ရေးထားတာတွေလည်း စိတ်တိုင်းမကျတော့ မတင်ဖြစ်သေးဘူး။ အဲတော့ အရင်တုန်းက တင်ဖို့စဉ်းစားရင်းမတင်ဖြစ်ခဲ့တဲ့ ဖေကြီးဆီကဆုံးမစာကို တင်လိုက်ပါတယ်။ ကိုယ်စင်္ကာပူမှာ ကျောင်းလာတက်ရတော့မယ်ဆိုတော့ ဖေကြီးက စာအုပ်လေးတအုပ်နဲ့ ပြောချင်တာတွေကိုရေးထားပြီး ကိုယ့်ကိုလေယာဉ်ကွင်းလိုက်ပို့တော့ပေးလိုက်တာပါ။ (အဲဒီတုန်းက ဖေကြီးကတခြားမြို့မှာ တာဝန်ကျနေ တာပါ။) အဖေတယောက်ရဲ့သမီးတယောက်အပေါ် မေတ္တာနဲ့ဆုံးမထားတဲ့စာကို ချစ်တဲ့သူတွေကို မျှဝေတဲ့သဘောပါ။ ရာဇ၀င်တွင်တဲ့စာမဟုတ်ပေမယ့် ကိုယ့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့စာလေးပါ။ ပြန်ဖတ်ဖြစ်တဲ့အခါတိုင်း အဖေ့အဆုံးအမနဲ့ မကိုက်ညီတဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေအတွက် ၀မ်းနည်းမျက်ရည်ကျခဲ့ရတာပါ။

သမီး

ဘ၀ကို မမေ့နဲ့

ရည်ရွယ်ချက်ကိုမမေ့နဲ့

ကျေးဇူးရှင်ကို မမေ့နဲ့

ရတနာသုံးပါး (ဘုရား၊ တရား၊ သံဃာ) ကိုမမေ့နဲ့၊

သမီးရဲ့ ပထမဆင့် ရည်မှန်းချက်အောင်မြင်သွားပြီ၊ စင်္ကာပူမှာ တက္ကသိုလ်တက်ခွင့်ရပြီ။ တက္ကသိုလ်မှာ စာတော်အောင်ကြိုးစားပါ။ သမီးရဲ့ကြိုးစားမှုဟာ အတ္တအကျိုးစီးပွားမဖြစ်စေဘဲ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ရဲ့ ကိုယ်စားပြုတဲ့ လူတယောက်အနေနဲ့ ပညာရေးမှာအောက်တန်းမကျရအောင် ကြိုးစားဖို့အရေးကြီးတယ်။

ကျန်းမာရေးကိုလည်းအမြဲဂရုစိုက်ပါ။ ဂရုစိုက်တယ်ဆိုတာက စားတဲ့နေရာ၊ အိပ်တဲ့နေရာ၊ သဘာဝရဲ့ ရာသီဥတု စတာတွေနဲ့ သင့်တင့်လျောက်ပတ်အောင်နေတတ်ဖို့ အမြဲတမ်းကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြုပြင်နေပါ။

စိတ်ပိုင်းဆိုင်ရာ မကျန်းမာခဲ့ရင်၊ စိတ်ထဲမှာ အလိုဆန္ဒမပြည့်ခဲ့ရင်၊ စိတ်ညစ်စရာတွေကြုံရရင် ချက်ချင်း၊ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တခုခုကို ရွတ်လိုက်ပါ။ အလွယ်ကူဆုံး သရဏဂုံသုံးပါးကို ရွတ်ဆိုပူဇော်ပါ။

အခက်အခဲတွေ့ရင် “အဋ္ဌာနမေတံ…” ကိုရွတ်ပါ၊ နေ့စဉ်အနည်းဆုံး တစ်ခေါက်ရွတ်ပါ။ နေ့စဉ် မေတ္တာသုတ်၊ ရတနသုတ်ကို ရွတ်ပါ။ အချိန်ရရင် မြန်မာလို ဦးဝိစိတ္တသာရာဘိဝံသ၏ အရပ် (၁၀) မျက်နှာ မေတ္တာပို့ပါ။ စိတ်ကြည်လင်လိမ့်မယ်။

“လုပ်တိုင်းမဖြစ်၊ စိတ်မညစ်နဲ့” မမြဲတဲ့ အနိစ္စသဘော၊ ဆင်းရဲပူပန်ရတဲ့ဒုက္ခသဘော ကိုယ်ဖြစ်ချင်တိုင်းမဖြစ်တဲ့ ကိုယ့်ဆန္ဒအတိုင်း မပြည့်တဲ့၊ အနတ္တသဘောတွေ၊ ပင်ကိုယ်ကရှိနေတာ သဘာဝအတိုင်းရှိနေတာ သိဖို့လိုပါတယ်။

မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကို ထိန်းသိန်းစောင့်ရှောက်ပါ။ Morality is poor man’s capital. သူများထိန်းလို့မရဘူး၊ ကိုယ့်ကိုယ့်ကို ထိန်းမှရတာ

“အနေအထိုင်ရှေးကျကျ

အသိပညာခေတ်မီကြ”

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုအရ ၀တ်စားဆင်ယင်မှုကို ထိန်းသိမ်းပါ၊ ဒေသအလိုက်ဝတ်စား ဆင်ယင်ရတာ ရှိပေမယ့် လုံလုံခြုံခြုံဝတ်ဆင်ပါ၊ မူးယစ်ဆေးကိုရှောင်ပါ။

အသိပညာ၊ အတတ်ပညာနဲ့ပတ်သက်ရင်ခေတ်နောက်မကျအောင် အစွမ်းကုန်ကြိုးစားပါ။

ရည်ရွယ်ချက်ကို ဘယ်တော့မှမမေ့နဲ့၊ စာကိုကြိုးစားပါ၊ စာတော်မှာ ကိုယ့်အတွက်နေရာရသလို၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက်လည်း ဂုဏ်တက်မှာ “ကမ္ဘာမှာမြန်မာဆို” တဲ့ဂုဏ်သတင်းကျန်နိုင်အောင် ကြိုးစားပါ။ အားလုံးနဲ့သင့်မြတ်အောင်ပေါင်းပါ၊ ဆက်ဆံပါ။

အိမ်ကိုသတိရတိုင်း မြတ်စွာဘုရားဂုဏ်တော်တခုကို ပွားများရွတ်ဆိုပါ။ စာဖတ်ပါ။ အပြင်တွေကိုသိတ်မထွက်နဲ့။

* ဒေါသကိုထိန်းပါ၊ ဒေါသဖြစ်ရင် စိတ်ဆိုးရင် ဂုဏ်တော်ပွားပါ။

* အသုံးနဲ့ အဖြုန်းကို နားလည်ပါ

သမီးရတဲ့ပိုက်ဆံကို လက်ထဲမှာလုံလောက်အောင် အမြဲတမ်းပိုပိုလိုလိုသိမ်းထားပါ။ နောက်ကြောင်းကိုတွေးပြီး စိုးရိမ်ပူပန်မနေနဲ့။ ကိုယ့်လက်ထဲမှာ ငွေအလုံအလောက်ရှိမှလိုအပ်ရင် လိုအပ်သလိုအသုံးချလို့ရမှာ။

တက္ကသိုလ်စည်းကမ်း အဆောင်စည်းကမ်း အစရှိတဲ့ လိုက်နာရန်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လေးလေးစားစားလိုက်နာပါ။ ဘယ်တော့မှမချိုးဖောက်နဲ့၊ စည်းကမ်းဆိုတာ လူ့ရဲ့တန်ဘိုးပဲ။ သူ့နိုင်ငံရဲ့ စည်းကမ်းတွေကို သိအောင်လုပ်ပြီး၊ လေ့လာပြီး လိုက်နာပါ။

အမျိုးသမီးအယောက် ၁၀၀မှာ ၉၀ လောက်က ကိုယ့်ကိုကိုယ်အားမကိုးချင်ကြဘူး။ ကိုယ့်မှာအစွမ်းအစမရှိသလိုနေကြတယ်။ အရည်အချင်းရှိတဲ့ (ကိုယ်ကသတ်မှတ်တဲ့) ယောက်ျားတယောက်နဲ့ အိမ်ထောင်ပြုလိုက်ရင် အဲဒီယောက်ျားရဲ့ ဦးဆောင်မှုအောက်မှာ၊ ကိုယ်ကနောက်လိုက်တယောက်အနေနဲ့ နေရတဲ့ (အပျင်းထူတဲ့) ဘ၀နဲ့ပဲကျေနပ်နေကြတာ၊ ပျင်းတာနဲ့၊ ရောင့်ရဲလွယ်တာကို မခွဲခြားတတ်ဘူး။ ပျင်းတာကို အလုပ်မလုပ်ချင်တာကို၊ မကြိုးစားချင်တာကိုပဲ ရောက်တဲ့ဘ၀လေးမှာ ကျေနပ်ပြီးရောင့်ရဲလွယ်တဲ့ တရားကိုလက်ကိုင်ထားတော့သလိုလို၊ မသိ မိုက်မဲမှုဆိုတဲ့ (အ၀ိဇ္ဇာ) အသိတရားက ဖုန်းကွယ်ဟန်ဆောင် နေတယ်။ အဲဒီအထဲမှာ ကိုယ်မပါစေနဲ့၊ ကမ္ဘာမှာယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ဦးဆောင်နိုင်တဲ့ တွေးခေါ်ဖန်တီးနိုင်တဲ့ ပညာရှင်၊ ခေါင်းဆောင်နေရာ ရောက်အောင်ရည်မှန်းချက်ထားပြီး အမြဲကြိုးစားပါ။

လူတယောက်ဟာ ကိုယ်ကချမ်းသာအောင် ကြိုးစားနိုင်ခဲ့ရင် မိမိဆွေမျိုး၊ မိမိအသိုင်းအ၀ိုင်းကိုထောက်ပံ့နိုင်မယ်၊ မိမိပတ်ဝန်းကျင်ကိုထောက်ပံ့နိုင်မယ်၊ မိမိရပ်ကွက်၊ မိမိနိုင်ငံ၊ မိမိတိုင်းပြည်၊ တဆင့်ပြီးတဆင့်ပံ့ပိုးကူညီနိုင်မယ်၊ ဒါကိုပဲ လှုတာ၊ သဒ္ဓါတရားလို့ခေါ်တာပေါ့၊ ကိုယ်က မကြိုးစားဘူး၊ ရရစားစားနဲ့ ကျေနပ်အပျင်းထူနေရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုမှအကျိုးမပြုနိုင်တော့ဘူး။

ဒါကြောင့်မြတ်စွာဘုရားက လောကတ္ထစရိယ၊ လောကအတွက်၊ ဉာတတ္ထစရိယ ဆွေမျိုးအကျိုးစီးပွားအတွက်၊ ဗုဒ္ဓတ္ထစရိယဘုရားဖြစ်ဖို့ ကျင့်ခဲ့တာ

မိမိကိုယ်ကို အားကိုးရဲသော မိမိကံကိုအားကိုးနိုင်သောလူဖြစ်ပါစေ…

ဖေကြီး

ဒါတွေက ဖေကြီးရေးပေးလိုက်တာ အကုန်ပါပဲ။ ဒီစာအုပ်လေး ထည့်ပြီးပြီးတော့ နောက်ပိုင်းလူကြုံရှိလို့ စာနဲ့ပစ္စည်းထည့်ပေးရင် ဖေကြီးကအထူးအထွေမမှာ တော့ပါဘူး။ သမီးအတွက်တသက်လုံးစာ ရေးပေးလိုက်ပြီးပြီတဲ့။

5 comments:

မေဓာဝီ said...

ကောင်းလိုက်တဲ့ ဆုံးမစကားလေးတွေ ညီမရယ်။
ညီမ ဖေဖေဆုံးမစကားတွေက ဟာကွက်ကို မရှိဘူး။ အိုင်ဒီယာလဲ ကောင်းတယ်နော်။ အဲဒီလို ထည့်ပေးဖို့ စိတ်ကူးရှိတာလေ။
ဒီဆုံးမစကားတွေ ဖတ်ပြီးတော့ အမလဲ အဖေ့ကို သတိရသွားတယ်။ အဖေကတော့ အဲဒီလို စာအုပ်မပေးလိုက်ဘူး။ ဒါပေမဲ့ အမေလာလည်တုန်းက ဆုံးမတဲ့ စာအရှည်ကြီး တစောင်ရေးပေးလိုက်တယ်။ ပြန်ပြန်ဖတ်ရင် အားရှိသလိုပဲမို့ သတိရတိုင်း ဖတ်ဖြစ်တယ်။ အဖေနဲ့ အွန်လိုင်းမှာ တပတ်တခါ စကားပြောဖြစ်ရင်တော့ ဆုံးမလိုက် တရားဟောလိုက်နဲ့ပေါ့။
အမလဲ ဒီလိုပါပဲ အဖေပြောတာတွေကို လိုက်နာတာရှိသလို မလိုက်နာတာလဲ ရှိတယ်။

ညီမလေး မအားတဲ့ကြားက အဖိုးတန်တဲ့ ဆုံးမစာလေး တင်ပေးတာ ကျေးဇူးတင်တယ်နော်။

လင်းဒီပ said...

ကောင်းလိုက်တာ လိုက်နာဖို့က ညည်းတာဝန် :)

kiki said...

မေ့သမီးရဲ့  ဖေကြီး ဆုံးမစာ က တကဲ့ကို တသက်စာ လက်စွဲထားဖို့ လုံလောက်တယ်...
အစ်မတော့ ဒီစာလေးဖတ်ရင်း မရှိတော့တဲ့ အဖေ့ကို သတိရ မိတယ် ....
သမီးလိမ္မာလေး ဖြစ်ပါစေ မေ့သမီး ရေ ..

ခင်တဲ့
မကိ

Kay said...

ဖေကြီး စာလေးက.. ကွက်တိ လေးပါပဲ..တကယ် တသက်စာပေါ့လေ..။
ဖေ့သမီး ပေါ့..း)

စီဂျီ-၅၆ said...

‌ကောင်းလိုက်တယ့် စာပါ ညီမ။
အ‌ဖေချစ်တယ့် သမီး‌ကောင်းတစ်‌ယောက်ဖြစ်ပါ‌စေလို့ 
အကို ဆု‌တောင်း‌ပေးလိုက်ပါတယ်။