Saturday, April 24, 2010

ဆင်ခြင်ဉာဏ်

မေ့သမီးက သူများအကြောင်းလည်း တတ်နိုင်သမျှမရေးချင်ပါဘူး။ ကိုယ်တိုင်လည်းအမှားမကင်းတဲ့သာမာန်လူဆိုတော့ သူများကိုအပြစ်မတင်ခင် ငါသာ သူ့နေရာမှာဆိုရင်ရော ဆိုတာမျိုး စဉ်းစားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်ကလူငယ်ဆိုတော့ စဥ်းစားတာနောက် လုပ်ချင်တာကအရင်ဆိုတာမျိုးလည်း ဖြစ်ဖြစ်သွားပါတယ်။ အခုတလော သူငယ်ချင်းတွေနဲ့စကားပြောဖြစ်ရင်း၊ စာတွေဖတ်ရင်းကနေ သားသမီးတွေကြောင့် သိက္ခာကျရ၊ မိဘတွေမြှောက်စားလွန်းလို့ ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့ သားသမီးတွေအကြောင်းကိုကြည့်ပြီး ဒီဇင်ဘာတုန်းက ကိုယ်သွားခဲ့တဲ့သီရိလင်္ကာက ကိုယ်အရမ်းလေးစားရတဲ့ပါမောက္ခတို့ မိသားစုအကြောင်းကို ဖောက်သည်ချချင် လာမိပါတယ်။ အဓိကပြောချင်တာက ကိုယ့်ဆရာနဲ့ သူ့သားအကြောင်းပါ။

ကိုယ့်ပါမောက္ခက သီရိလင်္ကာမှာ အခုအစိုးရမတိုင်ခင် အစိုးရလက်ထက်က ICT regulatory ကပါ။နည်းပညာဝန်ကြီးလောက်ရာထူးမျိုးပါ။ ဒါပေမယ့် သမ္မတတယောက်ပြောင်းရင် အစိုးရတခုပြောင်းတဲ့အချိန်မှာ သူကအဲဒီရာထူးရထားတာပါ။ သူတာဝန်ထမ်းဆောင်နေချိန်မှာ အမေရိကမှာကျောင်းတက်နေတဲ့သူ့သားက ဘွဲ့ရလို့နိုင်ငံကိုပြန်လာချင်ပါသတဲ့။ အမေရိကမှာဆက်မနေချင်ဘဲ ကိုယ့်နိုင်ငံပဲကိုယ်ပြန်နေချင်တဲ့ သားလုပ်သူကို ဆရာကခေါ်မထားချင်ပါဘူးတဲ့။ အဲဒီအချိန်မှာ သီရိလင်္ကာမှာလည်း အဲဒီလိုကြီးကြီးပိုင်းအရာရှိ ကြီးတွေမှာ သားသမီးတွေကမလိမ္မာလို့ ဒုက္ခရောက်တာအများကြီးရှိခဲ့ပါတယ်။ မိဘကရာထူးကြီးတယ်ဆိုပြီး သားသမီးတွေက လုပ်ချင်ရာလုပ်ကြတာတွေကို မိဘတွေကမရှင်းနိုင်တော့တဲ့အခါ အလုပ်ပြုတ်ကြ သိက္ခာကျကြနဲ့ပေါ့။ အဲဒီတော့ ကိုယ့်ဆရာကလည်း သူ့သားပြန်လာပြီး ဒီလိုနေမှာကိုစိုးရိမ်တယ်လေ။ အဲဒီတော့ ပြန်မလာရတချက်လွှတ်အမိန့်ထုတ်ထားပါတယ်။ တကယ်တော့ ဆရာကသာ စိတ်ပူတာပါ။ သူ့သားကတကယ့်လူတော်ပါ။ ဒါပေမယ့် ဆရာကပြန်မလာရဘူးဆိုတော့ သားကသူလည်း ဘာမမလုပ်ပဲနဲ့ပြန်မလာရဘူးဆိုတော့ မကျေနပ်ဘူးပေါ့။ အဲဒီကနေ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ၊ စစ်အေးတိုက်ပွဲတွေ သားအဖနှစ်ယောက်ကြားဖြစ်နေတာပေါ့။ နောက်ပိုင်း အဲဒီအစိုးရပြုတ်သွားပြီး အစိုးရသစ်တက်လာတဲ့အချိန်ကျတော့ ဆရာကအဲဒီရာထူးမဟုတ်တော့ပါဘူး။ အဲဒီတော့မှ ဆရာက သူ့သားကိုနိုင်ငံကိုပြန်လာခွင့်ပြုပါတယ်။ ကန့်သတ်ချက်တွေနဲ့ပြန်ခွင့်ပြုတာပါ။ ထမင်းကျွေးထားမယ်၊ အိမ်မှာ နေခွင့်ပေးထားမယ်၊ သုံးဖို့ပိုက်ဆံတပြားမှထုတ်မပေးနိုင်ဘူး၊ ကားသုံးခွင့်မပြုဘူးတဲ့။ ဒီအချိန်မှာ ကြားဖြတ်ပြီး ဆရာတို့ရဲ့အခြေအနေကိုပြောပြပါ့မယ်။ ဆရာတို့လင်မယားနှစ်ယောက်စလုံးက သီရိလင်္ကာမှာ ပထမဘွဲ့ကိုယူပြီး ပါရဂူဘွဲ့ကို အမေရိကားမှာ နှစ်ယောက်စလုံးယူခဲ့တာပါ။ အစိုးရဆီမှာ ရာထူးမယူခင်က ဆရာက သီရိလင်္ကာတက္ကသိုလ်ကပါမောက္ခပါ။ မိသားစုအသိုင်းအ၀ိုင်းကလည်း အဲဒီကအခြေအနေနဲ့ဆိုရင် ဆွေကြီးမျိုးကြီးတွေပါပဲ။ သမီး၂ယောက်ကလည်း အမေရိကမှာပဲနေပြီးကျောင်းတက်ကြပါတယ်။ သူတို့ ၂ယောက်ကတော့ အကိုလိုမဟုတ်ပါဘူး။ သီရိလင်္ကာမှာ မိဘရှိလို့သာပြန်လာတာပါတဲ့။ အမေရိကမှာပဲ ပျော်ပါတယ်တဲ့။ ငွေရေးကြေးရေးအရရော၊ ပညာရေးအရရော ပြည့်စုံတဲ့မိသားစုပါ။ ဆရာ့အတွက် သူ့သားကို တသက်လုံးကျွေးထားရရင်တောင် သူမွဲမသွားနိုင်ပါဘူး။ အဲဒါတောင်မှအမေရိကက ဘွဲ့ယူပြီးပြန်လာတဲ့ သူ့သားကိုပိုက်ဆံမပေးနိုင်ဘူး၊ ကားပေးမသုံးဘူးတဲ့။ သားလုပ်တဲ့သူကလည်း အိုကေဆိုပြန်ချလာပါတယ်။ နောက်ပိုင်းကိစ္စတွေကတော့ ဆက်မပြောတော့ပါဘူး။ ကိုယ်သီရိလင်္ကာမှာ နေခဲ့တဲ့တလမှာ ကိုယ်နေနေတဲ့ ဟိုတယ်မှာအခက်အခဲတခုကြောင့် အိမ်ပြောင်းဖို့အဆင်မပြေခင်မှာ ဆရာ့အိမ်မှာ ၂ရက်နေခဲ့ရပါတယ်။ ကိုယ်အရမ်းလေးစား၊ သဘောကျတဲ့မိသားစုပါ။ ဆရာ့သားဆိုလည်း တော်တော်ထက်မြက်တဲ့လူ တယောက်အဖြစ်အသိအမှတ်ပြုခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမိသားစုမှာကိုယ်အကြိုက်ဆုံးအချက်ကတော့ မာန်မတက်တာပါပဲ။

နောက်ပြီးတော့ တောင်အာရှက ICT Scholar တွေနယ်ပယ်မှာ ဆရာရဲ့အတွေးအခေါ်၊ ပြတ်သားတဲ့ အသုံးအနှုန်းတွေက တော်တော်ရေပန်းစားပါတယ်။ ကိုယ်တို့တက်ခဲ့တဲ့ ကွန်ဖရင့်မှာ အိန္ဒိယကလာတက်တဲ့ ပါမောက္ခကဆို “ရိုဟန်မို့လို့ စကားပြောလိုက်ရင် ကိုယ်တို့ပြောမထွက်တာ၊ မပြောရဲတာတွေချည်းပဲ သူပြောပြီးပြီဆိုမှ ကျန်တဲ့သူတွေကလိုက်ပြောရဲတယ်” တဲ့။ ဟုတ်လည်းဟုတ်ပါတယ်။ ထားပါတော့လေ။ ကိုယ်ဒီစာကိုရေးတာ ကိုယ့်ပါမောက္ခဘယ်လောက်တော်ကြောင်း ကြွားဖို့ရေးတာ မဟုတ်ပါဘူး။ သူ့ရဲ့စဉ်းစားဥာဏ်၊ သားသမီးကိုချစ်ပေမယ့် နာမည်နဲ့သိက္ခာကို သားသမီးကြောင့် အပျက်အစီး မခံတဲ့သဘောထား၊ သားသမီးတွေကိုလည်း လူကောင်းလူမွန်တွေဖြစ်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်ဆုံးမတတ်တာတွေကိုကြည့်ပြီး ကိုယ်အရမ်းလေးစားခဲ့တာပါ။ သူတို့နဲ့တချို့တချို့သောမိဘတွေရဲ့သားသမီးတွေကိုယှဉ်ကြည့်ပြီး………..။

ပညာကြောင့်များ စဉ်းစားဥာဏ်ကွာသွားတာလားလို့ တွေးမိပါတယ်။

11 comments:

ဒူကဘာ said...

ငြီးတို့ဆီမှာတာ အဲလို ဖြစ်နေကြတာ ကျုပ်တို့ ရွှေပြည်ကြီးမှာတော့ အဖေ သမ္မတဆို သားလဲ သမ္မတပဲ စာတတ်ဖို့တောင် မလိုပေါင် အဓိက က နေရာယူ တတ်ဖို့ပဲလေ၊ မြေးလောက်ဆိုလဲ အတော်တော့ တာသွား သေးတယ်။

မဗေဒါ said...

ညီမရေ

ရောက်လာပါတယ်ရှင့်..

ပထမအကြိမ်ပါ.. အတုယူစရာမို့ ကောင်းပါတယ်ရှင်...။

နောင်လာပါဦးမည်..။

မဗေဒါ

ကလူသစ် said...

ပညာကြောင့် ကွာတာတော့ အမှန်ပဲ။ ကိုဒူကဘာပြောတာအတွက် ပညာကတော့ ဘာပညာလဲမသိဘူး။

လင်းဒီပ said...

ပညာတတ်တွေက ပညာတတ်ဆန်ဆန် သားသမီးကို လမ်းမှန် ကမ်းမှန်ရောက်အောင် လေ့ကျင့် သွန်သင်ယူတာပါ ။
ပညာမဲ့တွေကတော့ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်ပေါ့ ။

ကိုလူထွေး said...

ပညာတတ်တွေထဲမှာပဲ စဉ်းစားဥာဏ်ကင်းမဲ့သူတွေ အများကြီးရှိပါသေးတယ် ဟေမာ

တကယ်တော့ လူတော်နဲ့ လူကောင်းဟာ အမြဲထပ်တူမကျနိုင်ပါဘူး

ဘယ်သူ့ဆီကဖြစ်ဖြစ် ကောင်းတာလေးတွေ ရွေးယူတတ်မယ်ဆို အကောင်းဆုံးပေါ့...

(ဆရာကြီးလေသံဖြင့်)

းဝ)

Anonymous said...

ပညာတတ်တွေထဲမှာပဲ စဉ်းစားဥာဏ်ကင်းမဲ့သူတွေ အများကြီးရှိပါသေးတယ်

တကယ်တော့ လူတော်နဲ့ လူကောင်းဟာ အမြဲထပ်တူမကျနိုင်ပါဘူး

ဘယ်သူ့ဆီကဖြစ်ဖြစ် ကောင်းတာလေးတွေ ရွေးယူတတ်မယ်ဆို အကောင်းဆုံးပေါ့...

right,ko lu htwe.

Anonymous said...

ဆရာက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။
သူဝန်ကြီး ဖြစ်ချိန် သူ့သား တခြား အစိုးရ အရာရှိ သားသမီးလို ဆိုးသွမ်းမှာ စိုးသည်။ ထို့ကြောင့် သူ့သားအား ပြန်မလာစေ။

ယူအက်စ်ပြန် သူ့သားသည် မာစတာ ရပြီးသူ သို့ မဟုတ်လည်း ဘွဲ့ရ အရွယ်ရောက် သူ ဖြစ်မည်။

ထိုသူအား တခြား အရာရှိ သားသမီးများလိုပင် ဆိုးသွမ်းမှာ စိုးသည်။ ဆရာကြီးသည် သူ့သားအား ငါတို့ သားဖြစ်သောလည်း ယူအက်စ်ပြန် ပညာတတ် ဖြစ်သောလည်း စဉ်းစားညဏ်မရှိလောက် သို့ မဟုတ် ရှိချင်မှ ရှိမည် စဉ်းစားပုံရသည်။

ထိုအရာကို စာရေးသူသည် ဆရာကြီး၏ ပညာကြောင့် စဉ်းစားညဏ် ကွာသွားပုံရသည်ဟု တွေးမိနေသည် ဟု သဘော ပေါက်သွားပါသည်။

မေ့သမီး said...

အားလုံးကိုကျေးဇူးပါ။ အဖြစ်အပျက်တခုတည်းပေမယ့်လည်း မြင်ပုံခြင်းတွေကတော့ လူတယောက်နဲ့တယောက်ကွာမှာပါ။ ဒါပေမယ့် မေ့သမီးဆီကိုလာနေကျ အကို၊အမတွေကတော့ မေ့သမီး ဘာဆိုလိုလည်း သဘောပေါက်ကြပါတယ်။ သဘောမတူတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပေါ့။ မေ့သမီးကစိတ်ကောက်တတ်ပေမယ့် ဝေဖန်ရင်တော့ လက်ခံပါတယ်။ စိတ်မဆိုးပါဘူးလို့။ :D

ကိုလူထွေး said...

သြ... စိတ်ကောက်တတ်သေးတယ်လား...း)

ပြောချင်တာက ပညာမတတ် အတန်းတွေ မအောင်လည်း စဉ်းစားတတ်တဲ့သူက စဉ်းစားဆင်ခြင်တတ်တာပဲလို့ ပြောချင်တာပါ။

းဝ)

မေ့သမီး said...

အဲဒါတော့ လက်ခံပါတယ်။

ဘူးသီး said...

ပွင့်ပွင့်လင်းလင်းပြောဆိုတော့လဲ ပြောရဦးမပေါ့

"အတွေးအမြင်တွေအပြုသဘောဆောင်ဖို့"

ဒီလောက်ပါပဲ