Tuesday, April 7, 2009

မှတ်မိနေသော အဖြစ်တခု

ကျွန်မတို့အိမ်နားမှာ တာဝတိံသာဘုရားရှိပါတယ်။ ပုသိမ်မှာတော့ ပွဲတော်အစ တာဝတိံသာက ဆိုတဲ့ဆိုရိုးနဲ့အတူ လူသိများတဲ့ ဘုရားပါ။ ဒါပေမယ့် ရွှေမုဌောဘုရား၊ ရေကြည်ဦးဘုရားတို့လိုတော့ ခရီးသွားဧည့်သည်တွေတိုင်း လာရောက်ဖူးမျှော်လေ့ရှိတဲ့ ဘုရားမဟုတ်ပါဘူး။ သီတင်းကျွတ်ပွဲတော်မှသာ တာဝတိံသာနတ်ပြည်ကနေ မြတ်စွာဘုရားက မယ်တော်မိနတ်သားကိုတရားဟောပြီး လူ့ပြည်ပြန်ကြွတဲ့အခါ မယ်တော်မိနတ်သားက ငိုယိုတောင်းပန်ခန်းပါတဲ့ ဇာတ်ထုတ်ကိုခင်းပြီး ပွဲတော်ကျင်းပလေ့ရှိတာပါ။ သာမာန်အချိန်မျိုးမှာတော့ လူစည်ကားလေ့မရှိပါ။ သီတင်းကျွတ်ပွဲတော်ကို ပုံမှန် ၃ရက်ကျင်းပလေ့ရှိပြီး တချို့နှစ်တွေမှာတော့ ၅ရက်ကျင်းပါတယ်။ ပွဲတော်ရက်မှာ ဇာတ်တဖွဲ့ကိုငှားပြီး ဘုရားရန်ပုံငွေအတွက် ရုံသွင်းကပြစေပါတယ်။ ကျွန်မတို့အိမ်က ဘုရားဝင်းနဲ့တော်တော်နီးတာ ကြောင့်ရော၊ ပွဲတော်ကစပီကာလှည့်ရာဘက်ဖြစ်တာကြောင့်ရော၊ ဇာတ်ပွဲကျင်းပတဲ့၃ရက်စလုံးမှာ ပွဲထဲကအသံတွေကို အိမ်ကနေအတိုင်းသားကြားရတတ်ပါတယ်။ လူကြီးတွေကတော့ အိပ်မရလို့ညည်းကြပါတယ်။ ကျွန်မတို့ကတော့ စပီကာကဘာတွေအော်အော် အိပ်လို့ရပါတယ်။ တခါတလေ မနက်ပိုင်းနှပါးသွားထကြည့်ဖို့တောင်မနိုးလို့ မနက်ကျမှအိမ်ကလူကြီးတွေကို ပြဿနာလုပ်တတ်ပါသေးတယ်။ ကျွန်မက ညလယ်ပိုင်းပြတဲ့စတိတ်ရှိုးတို့၊ ပြဇာတ်တို့ကို မကြိုက်လှပေမယ့် လူရွှင်တော်တွေနဲ့နှစ်ပါးသွားကိုတော့ အရမ်းနှစ်သက်ပါတယ်။ အိမ်မှာမောင်နှမ၀မ်းကွဲတွေရောက်နေတဲ့ အချိန်ဆိုရင်တော့ အမတွေကိုအဖော်ခေါ်လို့ရပေမယ့် တခြားအချိန်တွေမှာတော့ ကိုကြီးကိုပဲချော့မော့ပြီး လိုက်ပို့ခိုင်းရပါတယ်။ အအိပ်မက်တဲ့ကိုကြီးက ပွဲမကြည့်ချင်လို့ပါ။ ကျွန်မအဲလိုပွဲမက်ကောင်းလို့ အပြင်ဘက်က ဇာတ်လမ်းအပိုင်းလေးတစ်ခုနဲ့ကြုံခဲ့ဘူးပါတယ်။

ကျွန်မငါးတန်းနှစ်လောက်ဖြစ်မယ်ထင်တယ်။ ပွဲသွားကြည့်ဖို့ဆို ၀ီရိယကောင်းကောင်းနဲ့ မနက်သုံးနာရီလောက်နိုးလာပါတယ်။ အစကတော့ အပေါ်တက်ပြီးကိုကြီးကိုအရင်နှိုးမလို့ပဲ။ နောက်တော့ လမ်းမပေါ်ကအသံနည်းနည်း ကြားတာနဲ့ အိမ်ရှေ့တံခါးပေါက်ကနေချောင်းကြည့်လိုက်ပါတယ်။ ကျွန်မတို့ အိမ်ခေါင်းရင်းသုံးအိမ်ကျော်ပြီးရင် လမ်းလေးခွဆုံတဲ့နေရာပါ။ အဲဒီလမ်းခွမှာ အဒေါ်ကြီးတစ်ယောက်နဲ့ ဦလေးတစ်ယောက်က ငုတ်တုတ်ထိုင်နေကြပါတယ်။ လမ်းလယ်ခေါင်ကြီးမှာပါ။ ကျွန်မတို့အိမ်ခြေရင်းဘက်ကနေ လေးငါးအိမ်လောက်အကွာအဝေးမှာတော့ ဦးလေးကြီးတယောက်က မတ်တတ်ရပ်ပြီးဆဲဆိုနေပါတယ်။ သူကအော်ကြီးဟစ်ကျယ်နဲ့ထိုင်နေတဲ့ အဒေါ်ကြီးနဲ့ဦးကြီးကို သစ္စာမရှိတဲ့မိန်းမ၊ သစ္စာမရှိတဲ့ကောင်အဲလိုမျိုးတွေ ပြောပြီး မင်းကိုငါသတ်မယ်လို့လဲပြောပါသေးတယ်။ ဟိုဘက်ကဦးကြီးက အကို အကိုထင်သလိုမဟုတ်ဘူး ဆိုပြီး အေးအေးဆေးဆေးရှင်းမလို့လုပ်ပါတယ်။ သူတို့အပြောအဆိုတွေအရဆိုရင် ဦးလေးကြီးနှစ်ယောက်က ညီအကိုဖြစ်ပြီး တယောက်တည်းဖြစ်နေတဲ့ဦးလေးကြီးနဲ့ ဒီဘက်ကထိုင်နေတဲ့အဒေါ်ကြီးက လင်မယားဖြစ်ပုံရပါတယ်။ ဘယ်ကဘယ်လို လင်မယားနှစ်ခြမ်းကွဲသွားလဲမသိဘူး။ ဒီဘက်ကဦးလေးကြီးကတော့ စိတ်တွေတိုပြီး ဟိုတယောက်ပြောတာကိုလည်း လက်မခံဘူး။ အော်လိုက် ဟစ်လိုက်နဲ့ပါ။ ဒါပေမယ့် အဒေါ်ကြီးက ဘာဖြစ်လဲ။ နင်ငါ့ကိုဘာလုပ်ချင်လဲဆိုပြီး ဟိုဦးကြီးဘက်ကို တိုးသွားဖို့လုပ်ပါတယ်။ အဲ အဒေါ်ကြီးကရှေ့တလှမ်း၊နှစ်လှမ်းပဲ တိုးရသေးတယ်။ ဟိုဘက်က ဦးလေးကြီးက နောက်ကို လေး၊ ငါးလှမ်းဆုတ်ပြီးသွားပြီ။ အဒေါ်ကြီးရှေ့တိုးလာမယ်ပြင်တာနဲ့ နောက်ကိုလှည့်ပြေး တာပဲ။ အဒေါ်ကြီးကတကယ်လည်းမလိုက်ပါဘူး။ အဲဒီဦးလေးကြီးက ရှေ့ပြန်တိုးလာလိုက်၊ အဒေါ်ကြီးရှေ့တိုးလာရင် နောက်ပြန်ဆုတ်ပြီးပြေးသွားလိုက်၊ အဒေါ်ကြီးငြိမ်သွားရင် ရှေ့တိုးလာပြီးဟိုဦးလေးကြီးကို သတ်မယ်၊ ဖြတ်မယ်တွေ ပြောလိုက်၊ အဒေါ်ကြီးကထပြောရင် နောက်ပြန်ဆုတ်သွားလိုက်နဲ့ အိမ်ရှေ့မှာသံသရာလည်နေပါတယ်။

ကျွန်မစဉ်းစားကြည့်ပါတယ်။ သူ့မိန်းမနဲ့ သူ့ညီကိုအထင်လွဲတယ်ဆိုရင်လည်း နှစ်ယောက်စလုံးကို ပြောရမှာပေါ့နော်။ ဘာလို့ ညီကိုပဲသတ်မယ်လို့ ကျိန်းနေရတာလဲ။ သူ့မိန်းမကျတော့ မသတ်ဘူးလား။ မသတ်ရဲတာလား။ မသတ်ရက်တာလားတော့ မသိပါဘူး။ အဲဒီတုန်းက မမီတမီဥာဏ်ကလေးနဲ့ စဉ်းစားပြီး အဲဒီဦးလေးကြီးကို သနားမိပါတယ်။ အခုအချိန်ပြန်တွေးမိတော့ သူ့မိန်းမကိုလည်း သူအရမ်းချစ်၊ မဟုတ်တာလုပ်တာလည်းအမှန်ဆိုရင် ဒေါသထွက်၊ ပြီးတော့ ညီအရင်းနဲ့ဆိုတော့ ပိုနာကျည်း၊ သြော် သူအရမ်း ပူလောင်နေမှာပဲလို့တွေးမိပါတယ်။ အဲလိုနဲ့အိမ်ရှေ့ကဇာတ်လမ်းကို စိတ်ဝင်စားပြီး ဘာဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်နေလိုက်တာ နောက်ဆုံးပွဲတောင်မကြည့်ဖြစ်လိုက်ပါဘူး။ မနက်လင်းခါနီးတော့ အဒေါ်ကြီးနဲ့ဦးလေးကြီးက လမ်းခွကနေ ထိုင်ရာကထပြီး ကျွန်မတို့အိမ်နဲ့ဆန့်ကျင်ဘက်ကို လျှောက်သွားကြပါတယ်။ ဟိုဦးလေးကြီးကလည်း နောက်မလှမ်းမကမ်းကနေ ဆက်လိုက်သွားပါတယ်။ ကျွန်မလည်းဟိုတွေးဒီတွေးနဲ့ပဲ အိပ်ရာထဲပြန်ရောက်သွားပါ တော့တယ်။


လောကဇာတ်ခုံ

လောက လောက
သဘောမလှသလောက်
အပြောကကျယ်
အသက်တရာမနေ
အမှုတရာပွေကြ
ငိုတခါ ရယ်တလှည့်ရယ်
တလီခါး တလှည့်ချိုတယ်
ဘ၀ဇာတ်ခုံလယ်မှာ
လာသူလာ သွားသူသွား
ဆင်းသူဆင်း တက်သူတက်
ဘယ်သူကဘယ်လိုကျင်း
ကိုယ့်အလှည့်ကျ ဘယ်လိုခင်းရ
ငိုချင်းတော့ မချလိုပါ။

11 comments:

နေဒေးသစ် said...

ဟီးဟီး ပွဲကောင်းလေးကို နောက်ကနေလိုက်ကြည့်ရမှာ :D ဟုတ်တော့လည်း ဟုတ်တယ် .. ယောကျာင်္းဆိုတာက အဲလိုပဲ မိန်းမကို ကြောက်တာရယ်တော့ မဟုတ်ဘူး ... ဒါပေမယ့် ဘာလို့မှန်းတော့ မသိဘူး ကြောက်တော့ ကြောက်တယ်။ သူတို့တွေမှာ လက်နက် တစ်မျိုးရှိပုံရတယ် ဗျ ... ဘာလက်နက်မှန်းတော့ မသိ :D

vanko said...

မေသမီး စပ်စုလေးလဲ ပွဲမကြည့်လိုက်ရဘူးပေါ့။ ဟိုတွေးဒီတွေးနဲ့ ပြန်အိပ်ပျော်သွားတာပဲ ကောင်းပါတယ်။

အပေါ်ကပြောသလိုပဲ ဟိုဦးလေးကြီးက မိန်းမကြောက်ရလို့ဖြစ်မှာပါ။ နောက်ကို ကလေးနဲ့မဆိုင်တာတွေ သိပ်မစပ်စုနဲ့နော်။ :P

ကိုလူထွေး said...

တလီခါး တလှည့်ချိုတယ် ဆိုတဲ့ စကားစုလေးက ထိထိမိမိရှိလှတယ်။

စာရေးတာကို အပိုဒ်လေးဘာလေး ခွဲမှပေါ့ မေ့သမီးရယ်။ ကျောင်းမှာလို စာစီစာကုံးရေတာ မဟုတ်ဘူးဆိုတာတော့သိပါတယ်။

ဖတ်ရတဲ့သူ မျက်စိရှင်းတာပေါ့...

(ကိုလူထွေး ဆရာဝင်လုပ်သည်)

မမသီရိ said...

အရေးလေးလဲ ကောင်း..
ကဗျာလေးလဲ ကောင်း
အဲဒါ သင်ခန်းစာယူ..
သူ့မိန်းမ ကိုတော့ တကယ်ချစ်လို့ နေမှာပေါ့ကွဲ့..း)

ဆောင်းယွန်းလ said...

ငါ့ညီမလေးငယ်ငယ်ရွယ်ရွယ်နဲ့ကို တရားတွေကျနေပါပေါ့လား......

ကဗျာလေးကောင်းတယ် ညီမလေးရေ..
အားပေးနေတယ်..စကားမစပ် တာဝတိံသာဘုရားက ဘယ်နားမှာလဲ ...အကိုမမှတ်မိဘူးဖြစ်နေလို့

Maydarwii said...

လာဖတ်သွားပါတယ် ညီမရေ ...
တခါတလေတော့ ... လောကဇာတ်ခုံပေါ်က ဇာတ်လမ်းတွေဟာ တမင် ဖန်တီးထားတဲ့ ဇာတ်ပွဲတွေထက် စိတ်ဝင်စားစရာ ကောင်းတာအမှန်ပဲ။
ညီမရေးထားတာလေး မျက်စိထဲ မြင်မိတယ်။
အဲဒီ ဦးလေးကြီး သနားပါတယ်နော်။

ကလူသစ် said...

စာပိုဒ်လေးခွဲရေးပါလားကွယ်။ ဖတ်ရတာအဆင်မပြေလို့ပါ

မေ့သမီး said...

ဟိ ညဘက်အိပ်ချင်မူးတူးနဲ့တင်လိုက်တာမို့ပါ။ အပိုဒ်ခွဲပြီး စာကြောင်းတွေကိုချဲလိုက်ပါတယ်။ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။

လင်းဒီပ said...

အော် နှစ်ပါးသွားကို ဇာတ်ရုံမှာကြည့်ရုံနှင့် အားမရ လမ်းပေါ်က သုံးပါးသွားလည်း ထိုင်ကြည့်သေးသကိုး...။
တယ်မလွယ်တဲ့ မေ့သမီးပါလား..။

သီဟသစ် said...

မေ့သမီးရေ
၂ ပါးသွားရော သုံးပါးသွားရော ဖတ်သွားတယ်
good luck.

မေငြိမ်း said...

တကယ်တမ်းကျ..
သူတို့ ဘာဖြစ်လဲ.. ဘလိုအဆုံးသတ်သလဲ မသိဘူးနော်..
တခါတလေ.. တကယ့်အဖြစ်တွေက စိတ်ကူးယဉ်ဇာတ်ထက် ဆန်းတတ်တယ်..