Saturday, April 25, 2009

ပန်းကလေးတွေ အကြောင်း

စာတွေဖတ်နေတယ်။ assignment တွေလုပ်နေတယ်ဆိုပြီး သံယောဇဉ်မပြတ်နိုင်ဘဲ ကိုယ့်ဘလော့ကိုခိုးဝင် လိုက်မိခြင်းရဲ့ရလာဒ်ကတော့ စိတ်မကောင်းဖြစ်ရတာပါပဲ။ ကိုယ့်ဘလော့ကနေ သူများအိမ်ကိုဆက်သွား လည်မိတယ်လေ။ (ခြေရှည်တာပေါ့။) အဲဒီသူရဲ့ဘလော့က ဟာသတွေ၊ ရယ်စရာတွေရေးတတ်တော့ အသစ်တင်ထားတာတွေ့တာနဲ့ စိတ်လည်းအပန်းပြေအောင်ဆိုပြီး သွားဖတ်မိလိုက်ပါတယ်။ (ဆင်ခြေပေးတာပေါ့လေ။) သူရေးထားတဲ့အကြောင်းအရာအစုံကို ပြန်မပြောတော့ပါဘူး။ မှတ်လည်းမမှတ်မိဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူရေးထားတာက G-talk Custom message အဆင့်လောက်ကို ပိုစ့်လုပ်ပြီးရေးထားတဲ့ ဘလော့မျိုးတွေကိုသူမဖတ်ပါဘူးတဲ့။ ဘုရားပုံကို ဘလော့စောင့်လုပ်ထားတဲ့ ဘလော့မျိုးကိုလည်း သူမသွားဘူးတဲ့။ ကျွန်မနားမလည်ဖြစ်မိလို့ပါ။ ဘုရားပုံကိုဘလော့စောင့်လုပ်ထားတယ်ဆိုတဲ့အသုံးအနှုန်းကိုတည်းက စိတ်ကတိုလာပါတယ်။ ထားပါတော့။ ဘုရားပုံကိုတင်ထားတဲ့သူတိုင်းကတော့ သူပြောသလိုဟုတ်ချင်မှ ဟုတ်မှာပါ။ တချို့ကဗုဒ္ဓဘာသာ အကြောင်းရေးတဲ့ ဘလော့တွေလည်းရှိနေတာပဲ။

G-talk custom message အဆင့်လောက်ပဲရှိတယ်ဆိုတဲ့ ပို့စ်ဆိုတာဘယ်လိုပို့စ်မျိုးလဲ။ ကျွန်မတကယ်ကို နားမလည်လို့ပါ။ ပြီးတော့ ကိုယ်ရေးကိုယ်တာအကြောင်းရေးထားတဲ့ဘလော့တွေကို မဖတ်ဘူးတဲ့။ အဲဒီလူကို အရင်တုန်းကတော့ သူ့စာတွေဖတ်ပြီး ပျော်တတ်မယ့်သူ၊ သဘောကောင်းမယ့်သူလို့ထင်ပါတယ်။ မတွေ့ဘူးပေမယ့် ခင်လည်းခင်မိပါတယ်။ ဒါပေမယ့် ဘာလို့များသူများတွေကို အဲလိုစော်ကားရတာလည်းလို့တွေးမိပါတယ်။ သူကတော့ အဲလိုစိတ်မျိုးရှိချင်မှာရှိမှာပေမယ့် ကိုယ်ကအဆင့်တခုကိုတင်ထားလိုက်မိတဲ့သူတယောက်က အဲလိုမျိုးပြောလိုက်လို့လည်း ပိုစိတ်မကောင်းဖြစ်မိတာနေပါလိမ့်မယ်။


ကျွန်မဘလော့စရေးဖြစ်တဲ့ရည်ရွယ်ချက်လို့များ တစုံတယောက်ကမေးလာရင် ကျွန်မမှာဖြေလိုက်ဖို့အဖြေ မရှိပါ။ ဘာလို့လဲဆိုတော့ ကျွန်မစာရေးချင်တယ်။ ဒီမှာစာရေးလို့ရတယ်။ ဒါကြောင့်ကျွန်မရေးတယ်။ ကျွန်မဘယ်လို စာမျိုးကိုမှရေးမယ်။ မြန်မာစာပေလောကကိုဘယ်လိုတိုးတက်အောင် လုပ်မယ်လို့ပြောရလောက်တဲ့ အဆင့်မျိုး၊ အနေအထားမျိုးကျွန်မမှာတကယ်မရှိပါ။ ကျွန်မဒီဘလော့မရေးခင် Friendster မှာရေးတယ်။ အဲဒီမတိုင်ခင်က Ourstory.com မှာစာရင်းဝင်ထားပြီး မေးသမျှမေးခွန်းတွေကို အင်္ဂလိပ်လိုဖြေရေးပါတယ်။ ကျွန်မရဲ့စာရေးချင်စိတ်၊ စကားပြောချင်စိတ်ကို အဆာဖြေတာပေါ့။ ကျွန်မစကားများပါတယ်။ နောက်ငယ်ငယ်ကတည်းက စာတွေအများကြီးဖတ်တော့ နောက်ပိုင်းစာရေးချင်လာပါတယ်။ ကိုယ်ဖတ်ခဲ့တဲ့စာတွေဟာ အခုအချိန်အကို၊ အမတွေသူတို့ဖတ်ပြီးတာတွေကိုရေးထားတဲ့အခါ ကိုယ့်အဆင့်ကဘာမှမရှိဘူး။ ဆက်ပြီး အများကြီးလေ့လာရဦးမယ် ဆိုတာကိုသိလာတယ်။

ဒီဘလော့ကိုလုပ်တဲ့အခါလည်း ဘာရေးမယ်၊ ညာရေးမယ်ဆိုတာထက် ကိုယ်ရေးချင်တာ ရေးဖို့ကိုလုပ်တာပါ။ နောက်ပိုင်းကျတော့ ကိုယ့်ကဗျာလေးတွေ၊ စာအပိုင်းအစလေးတွေကို အကြံပေးကြ၊ ၀င်အားပေးကြလုပ်တဲ့ အကို၊ အမတွေ၊ မောင်လေး၊ ညီမလေးတွေ၊ သူငယ်ချင်းတွေ ရလာတဲ့အခါကျတော့ စိတ်ထဲမှာကိုယ့်ဘာသာရေးချင်တာ ရေးနေတယ်ဆိုတာထက် ကိုယ်ပြောချင်တာကို အဲဒီကိုယ့်သူငယ်ချင်းတွေကို ပြောပြသလိုမျိုးခံစားရပါတယ်။ ပိုလည်းရေးရတာအားရှိလာတာပေါ့။ ကိုယ်ပြောချင်တာတွေ၊ ကိုယ့်အကြောင်းတွေ၊ လတ်တလောခံစားချက်တွေကို ကိုယ့်ဆီကိုအလည်လာကြတဲ့ လူတွေကိုပြောပြရသလိုပဲ။ ဒိုင်ယာရီရေးတာက ကိုယ်ဖတ်ဖို့ပဲကိုယ်ရေးတာ။ ဒီဘလော့ထဲမှာ ရေးတဲ့အခါကျတော့ ဖတ်တဲ့သူတွေက မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုတယ် ဝေဖန်နိုင်တယ်လေ။ နှစ်ဦးနှစ်ဖက်စကားပြောနေသလိုပေါ့။ ကိုယ်ပြောချင်တာတွေကို စိတ်ရှည်ရှည်နားထောင် ပေးမယ့်သူတွေကို ရနေတာတော့ပျော်နေတာပေါ့။ ၀တ္ထုတိုလေးတွေ၊ ကဗျာလေးတွေရေးတော့လည်း ကိုယ်ရေးဖြစ်တာတွေကို ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ်ချစ်တဲ့သူတွေကို ပေးဖတ်ရသလိုမျိုးပေါ့။



ကျွန်မကပန်းပွင့်တွေကိုချစ်တတ်တဲ့သူဆိုတော့ ဘလော့တွေကို ပန်းပင်တွေနဲ့တင်စားချင်တယ်။ တချို့သူတွေက ပန်းပင်စိုက်တယ်။ ကိုယ်တိုင်ရေလောင်းတယ်။ ပေါင်းသင်တယ်။ ကိုယ့်ပန်းပင်ကအပွင့်လေးတွေကို မပြောမဆိုခူးသွားတာမျိုးမကြိုက်ဘူး။ ကိုယ့်ပန်းပွင့်တွေကို အမြတ်တနိုးလာကြည့်တာကိုကြိုက်တယ်။ သူများတွေကို လည်းဒီလိုလှအောင်စိုက်ချင်စိတ်ဝင်လာအောင် ဆွဲဆောင်နိုင်တယ်။

တချို့သူတွေကတော့ ပန်းပင်စိုက်တယ်။ ရေလောင်းတယ်။ ပေါင်းမသင်ဘူး။ ပန်းပွင့်ပဲပွင့်ပွင့်၊ မြက်ပင်ပဲသီးသီး ပန်းအိုးထဲရှိသမျှကို ရေလောင်းလိုက်တာပဲ။ အဲဒီတော့ ပန်းရိုင်းတွေလိုပေါ့။



တချို့လူတွေကတော့ ပန်းပင်စိုက်တယ်။ ရေမလောင်းပေါင်းမသင်ချင်ဘူး။ အပွင့်မပွင့်လာလဲ သေမသွားရင် ပြီးရော သဘောထားတယ်။ တချို့တွေကတော့ အိမ်နောက်ဘေးမှာ ပန်းအလှစိုက်တယ်။ သူများကို ကြည့်ခွင့်မပေးဘူး။ သူများလာကြည့်ရင်လည်း စိတ်တော့မဆိုးဘူး။ တချို့တွေက ပန်းတမျိုးတည်းကို စိုက်တယ်။ တချို့ကတော့ အရောင်စုံ၊ အမျိုးစုံစိုက်တယ်။ တချို့တွေကတော့ ကိုယ်တိုင်ပန်းပင်မစိုက်ဘူး။ သူများရဲ့လှပတဲ့ ဥယျာဉ်တွေထဲကို ပျားပိတုန်းတွေလိုပျံဝဲပြီး ပန်းဝတ်ရည်စုပ်တယ်။ ဒါပေမယ့် အဲဒီပျားပိတုန်းလေးတွေဟာလည်း ကျွန်မတို့ပန်းဥယျာဉ်တွေပိုသာယာဖို့ ၀တ်မှုန်ကူးပေးတဲ့သူတွေအဖြစ် ကျွန်မတို့လိုအပ်တယ်။



ကျွန်မပေးတဲ့ဥပမာကတော့ သိပ်ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် ဒါကကျွန်မရဲ့အမြင်။ ကျွန်မသဘောထားကတော့ ဘယ်လိုနည်းနဲ့ပန်းတွေပွင့်နေ၊ ပွင့်နေ အလှတွေစုံတဲ့၊ အရောင်တွေစုံတဲ့ ပန်းလေးတွေကိုချစ်တယ်။ အဲဒီပန်းတွေကိုပျိုးပေးတဲ့ ဥယျာဉ်မှုးတွေကိုလေးစားတယ်။ ကျွန်မရောက်သွားတဲ့ ပန်းခင်းထဲက ပန်းလေးတပွင့်စီရဲ့ရနံ့၊ အသွင်အပြင်တခုစီကိုကျွန်မဂရုတစိုက်မှတ်သားတယ်။ တချို့ပန်းပွင့်လေးတွေ အကြောင်းကိုကျွန်မသိပ်မကြာခင်မှာမေ့သွားတယ်။ တချို့ပန်းပွင့်လေးတွေအကြောင်းကို အချိန်တော်တော်ကြာတဲ့ အထိအမှတ်ရနေတယ်။ တချို့ပန်းပွင့်လေးတွေက ကျွန်မစိတ်ရဲ့အစာဖြစ်လာတယ်။ တချို့ပန်းပွင့်လေးတွေကတော့ ကျွန်မမသိတဲ့ပုံပြင်တွေကိုပြောတယ်။

တချို့ဥယျာဉ်ထဲကိုကျွန်မမကြာခဏသွားတယ်။ တချို့ဥယျာဉ်ထဲကို ကျွန်မလမ်းကြုံရင်းနဲ့ ရောက်သွားပြီး ဥယျာဉ်မှုးကိုနှုတ်ဆက်မယ်။ တချို့ဥယျာဉ်ကျတော့ အဆိပ်ပန်းလို့ကျွန်မတို့သတ်မှတ်တယ်။ တခါရောက်ပြီး နောက်တခါမသွားတော့ဘူး။ တချို့တွေက ကျွန်မဥယျာဉ်ထဲကိုပြန်လာလည်တယ်။ တချို့တွေကတော့ ပြန်လိုက်မလာဘူး။ တချို့တွေက ကျွန်မပန်းကလေးတွေအတွက်မြေသြဇာတွေပေးသွားကြတယ်။ တချို့တွေက ကျွန်မအတွက်နောက်ထပ်စိုက်ပျိုးဖို့အားအင်တွေပေးခဲ့တယ်။ ဒီလိုနဲ့ ကျွန်မမှာဥယျာဉ်မှုးမိတ်ဆွေတွေလည်း အများကြီး ရှိလာခဲ့တယ်။ ဘယ်လိုဖြစ်ပါစေ။ ကျွန်မကတော့ ဒီပန်းတွေဝေဆာတဲ့ ဥယျာဉ်တိုင်းကိုချစ်တယ်။ ကျွန်မသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ အဲဒီဥယျာဉ်တခုချင်းစီမှာပန်းကလေးတွေ ဝေဆာဖို့ကျွန်မ မျှော်လင့်တယ်။ အဲဒီပန်းကလေးတွေက ကျွန်မတို့ရဲ့စိတ်ကျန်းမာရေး၊ ပျော်ရွှင်မှု၊ သာယာမှုကို တဖက်တလမ်းက ကူညီနေတာလို့ကျွန်မယုံကြည်တယ်။ ဘလော့ပန်းကလေးတွေ ဒီထက်ပိုပြီး အရောင်အသွေးစုံ၊ ရနံ့တွေစုံလာပါစေ၊ ပန်းပျိုးသူတွေလည်း ပိုပြီးများပြားလာပါစေလို့ကျွန်မလှိုက်လှိုက်လှဲလှဲဆုတောင်းမိပါတယ်။


(အပေါ်ကကာတွန်းက Google ကရတာပါ။)


23 comments:

လင်းဒီပ said...

ဥယျဉ်မှူးငါ့ညီမရေ...အစ်ကို သဘောတူပါတယ်..ပန်းလေးတွေ ဆက်စိုက်ပါ..
တခြားဥယျာဉ်တွေဆီလည်း မွှေပါ ပတ်ပါ ရေလိုက်လောင်းပါ..စိတ်တိုပြီးတော့ တော့ ပြန်မလာနဲ့..:P

ကိုလူထွေး said...

ကိုယ်က စံတစ်ခုသတ်မှတ်ပေးထားပြီး သူကအဲဒီလိုရေးတော့ စိတ်မကောင်းဖြစ်ရတယ်ဆိုတာ မှန်ပါတယ်...

သူကလည်း သူဖတ်မိ မှတ်မိသလောက်ကိုပဲ ရေးတာဖြစ်မှာပေါ့။ သူ့ အသက်အရွယ် သူ့ အသိကလည်း ကိုယ်နဲ့ ကွာချင်ကွာမှာပေါ့...

သူသူကိုယ်ကိုယ် စိတ်ထဲရှိတာချရေးကြတာချင်း အတူတူ စိတ်မဆိုးရဘူးလေ...

လုပ်စရာရှိတဲ့ စာတွေသာ ဆက်လုပ်ပါ။ စာမေးပွဲပြီး တော့မှ ပြန်လာခဲ့...

(ကိုလူထွေး ဆရာဝင်လုပ်ပြန်သည်။)

သီဟသစ် said...

ဥယျဉ်မှူးမေ့သမီးရေ..

ကိုလင်းဒီပ ပြောသလိုပါပဲကွယ်..
ကိုယ့်စိတ်နဲ့ တိုက်ဆိုင်တဲ့ ဥယျဉ်လေးတွေကို သွားရောက်လည်ပတ်ပြီး စိတ်ချမ်းသာပါစေကွယ်.. သူစိုက်ထားတဲ့ပန်းကို မကြိုက်ရင် မခူးရုံပေါ့ကွယ်..

မေ့သမီးရဲ့ကိုယ်ပိုင် ဥယျဉ်လေးမှာ ပန်းလေးတွေ မျိုးစုံ လှပသာယာစွာ ဖူးပွင့်အောင် ရေလောင်းပေါင်းသင်ပေးနိုင်တဲ့သူ အမြဲဖြစ်ပါစေကွယ်..

ကလူသစ် said...

ဒါက ဒီလိုရှိတယ် ။ ဟိုဟာက ဟိုလိုရှိတယ်ကွဲ့။ ဒီတော့ ဒါတွေကို ဒီလိုပဲ သဘောထားလိုက်။ ဟိုဟာတွေကို ဟိုလိုသတ်မှတ်လိုက်။ သူ့လမ်း သူလျှောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်ကြတာပေါ့ကွယ်။

ကမာနီလာ said...

ဘလော့ဂါပန်းဥယဉ်ကြီးထဲမှာ အရောင်သွေးစုံတဲ့ ပန်းလေးတွေပွင့် နေကြတာ ၀မ်းသာပိတီဖြစ်စရာပါ၊ ငါ့ညီမ တွေးတာလေးက လှတယ်၊ ပန်းလေးတွေအားလုံးလှကြပါတယ်၊ လောကကြီးက ချစ်ခြင်းတရားနဲ့သာ ကြည့်တတ်မယ်ဆိုရင် အရာရာအားလုံးဟာ လှပနေတာပါဘဲ ညီမလေးရေ။ လောကကြီးကို ချစ်ခြင်းတရားနဲ့သာ ကြည့်ပါ ....။

Craton said...

ဥမပါ.. အဲ.. ဥပမာလေးတွေကောင်းသားပဲဂျ.. ရေးတတ်တယ်.. ဟုတ်လည်းဟုတ်နေတယ်..
ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. ဟီဟိ.. (ဒါနဲ့ ဟိုလူကိုသိချင်သား)

ဆောင်းယွန်းလ said...

ပို့စ်ကောင်းလေးတခုပါပဲ ညီမလေးရေ...

ဥယျာဉ်မှုးတယောက်အနေနဲ့ ကိုယ်စိုက်တဲ့ပန်းကို ရှင်သန်ပွင့်လန်းအောင် ရေလောင်းပေါင်းသင်ရမှာပေါ့
ညီမလေးရေ...ညီမလေးရဲ့ဥပမာလေးတွေ သိပ်ကောင်းပါတယ်...

ဝေမင်းအိမ် said...

ဒီဥပမာကိုသဘောကျတယ်ဗျာ။ပို့စ်ကောင်းလေးတခုပါ။

စိတ်စမ်းရေ said...

ပိုစ့်ကောင်းလေးပါပဲ... ဖတ်လို့ကောင်းလိုက်တာ.....

kaungkinpyar said...

ဥယျာဉ်မှုးညီမလေးရေ၊ ဥပမာ ပေးတာလဲ ကောင်းတယ် ၊ စာရေးတာလဲ ကောင်းတယ်၊ အမလဲ တူတူပါဘဲ ကိုယ်က ကိုယ့်ခံစားချက်လေးတွေ၊လွမ်းနေတာလေးတွေ စိတ်ထဲဖြစ်နေတာလေးတွေ ချရေးတာလေ၊ ဥယျာဉ်တိုင်းဟာ တမျိုးနဲ့ တမျိုးတော့ မတူဘူးပေါ့ ညီမရေ၊ ညီမ ဥယျာဉ်ထဲ ကို အမြဲရောက်ပါတယ်၊ အမြဲအားပေးနေပါ့မယ်၊

နေဒေးသစ် said...

ဘလော့တစ်ခုကို ပန်းဥယျာဉ်တစ်ခုနဲ့ ဥပမာပေးပြီး၊ ဘလော့ရေးတဲ့ သူတွေကို ပန်းဥယျာဉ်မှုးနဲ့ တင်စားသွားတာလေးက ချစ်ဖို့ ကောင်းတယ်။ ဘလော့ရေးတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တွေးမိတာကတော့ ကျွန်တော်တို့က professional စာရေးဆရာတွေမှ မဟုတ်ပဲဗျာ .. အမြဲတမ်းတော့လည်း သူများအားကျစရာ သဘောကျစရာ စိတ်အဆာပြေနိုင်စရာချည်း ရေးနိုင်ချင်မှလည်း ရေးနိုင်မှာပေါ့ ... လူတစ်ယောက်ကို ခံယူချက်တစ်မျိုးဆိုပေမယ့် ကိုယ့်ဘလော့က ကိုယ့်ရဲ့ စိတ်ထွက်ပေါက်တစ်ခု ဖြစ်သင့်တာလည်း အမှန်ပါပဲ .... သူများကို တင်ပြဖို့ချည်း စိတ်ကူးပြီး လုပ်နေရင် ဘလော့ရေးတာက စိတ်ထွက်ပေါက် တစ်ခု ဖြစ်မလာတော့ပဲ ကိုယ့်ကို pressure ပေးတဲ့ နေရာကြီး ဖြစ်သွားတော့မှာပေါ့ ... မေ့သမီး ပြောတာ သဘာဝကျပါတယ်။ ဥယျာဉ်တိုင်းကို ကျွန်တော်တို့ လည်ပတ်ဖြစ်ချင်မှ လည်ပတ်ဖြစ်မယ်။ ဒါပေမယ့် ဥယျာဉ်တိုင်း လှပနေစေချင်တာကတော့ အသေအချာပါပဲ ... နောက်ဆုံးပြောခဲ့ချင်တာကတော့ မေ့သမီးပြောခဲ့တဲ့ စကားအတိုင်းပါပဲ " ဘလော့ပန်းကလေးတွေ ဒီထက်ပိုပြီး အရောင်အသွေးစုံ၊ ရနံ့တွေစုံလာပါစေ၊ ပန်းပျိုးသူတွေလည်း ပိုပြီးများပြားလာပါစေလို့ကျွန်တော်လည်း လှိုက်လှိုက်လှဲလှဲဆုတောင်းမိပါတယ်။ " ကိုယ်နဲ့ ထပ်တူမကျ၊ စိတ်အခန့်မသင့်ဖြစ်စေတဲ့ ဘလော့တွေကိုတော့ မေ့ထားလိုက်ပါဗျာ ... ကိုယ်ရပ်တည်နေတဲ့ ဥယျာဉ်လေးမှာပဲ စဉ်ဆက်မပြတ် လှပနိုင်အောင် ကြိုးစားပြီး ကိုယ့်အပေါင်းအသင်း ဥယျာဉ်မှုးတွေနဲ့ ဝေဆာတဲ့ ပန်းသိုက်မြုံတစ်ခုကို တည်ဆောက်လိုက်ပါ .... မေ့သမီးရဲ့ စိတ်ခံစားချက်တွေ လွတ်လပ် အေးမြနေဖို့ပဲ လိုပါတယ်။

vanko said...

အင်း.. အပေါ်ကလူတွေ ပြောသွားတာ အတော်ပြည့်စုံနေပါပြီဗျာ။ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး။ ပွင့်သောပန်းတိုင်း မွှေးပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ အယူအဆမတူ အမြင်မတူတာတွေကိုတော့ လွတ်လပ်စွာ ငြိမ်းချမ်းစွာ ကွဲပြားနိုင်ခွင့်ရှိတယ်လို့ပဲ သဘောထားလိုက်ပါ။ လောကကြီးအတွက် အဆိပ်ပန်းမဖြစ်ဖို့က ပိုအရေးကြီးတယ် မဟုတ်လားဗျာ။ အဆိပ်ပန်းတွေကိုတော့ ဝေးဝေးရှောင်ပေါ့နော့။

grace said...

မေ့သမီး...
ဘလော့တွေကိုအပျင်းပြေလည်တတ်တာကတော့အကျင့်လိုဖြစ်နေပါပီ
ရောက်ပြီးရင်တိတ်တိတ်လေးပဲပြန်သွားတတ်တယ်။
မေ့သမီးကိုတော့ကြားဖူးတယ်ကျောင်းမှာတုန်းက။ ဘလော့ကိုတော့တခါမှမရောက်ဖူးပါ။ မှော်ဘီGTCကထင်တယ်နော်။

ဘလော့ရေးဖို့စဉ်းစားနေတဲ့တို့အတွက်အထောက်အကူဖြစ်စေတဲ့ပို့စ်လေးပါ
ကျေးဇူးပဲမေ့သမီးရေ....

T T Sweet said...

ဒါဆို ကိုယ်လဲ ဥယာဉ်မှူးတစ်ယောက်ပေါ့နော် ။ဥပမာလေးကို သဘောကျပါတယ်။ စိတ်ပြေလက်ပျောက် ရေးတာမှို့ အမြဲရေးတာတွေက ကောင်းမနေနိုင်ဘူးပေါ့နော်... ဒါပေမဲ့ ပရိတ်သတ်ကိုတော့ အဆိတ်အတောက်မဖြစ်စေဘူးလို့ထင်တာပဲလေနော် ...

ရေးတာလေးတွေ ကောင်းပါတယ်။ ဆက်ဖတ်လိုက်ဦးမယ် ...

T T Sweet said...

မေ့နေလို့ ... အစ်ဘလော့မှာ လင့်ထားတယ် ... ခွင့်ပြုပါနော်

Anonymous said...

တကယ်ကောင်းတဲ့ ပို့စ်ကလေးပါ

ဒူကဘာ said...

အာလုံးကောင်းပါ၏ ညံ့နေတာ ကချင်ကြီးပါ၊ စာမေးပွဲ ဖြေနိုင်ပါစေ၊ ဟိုလေ ..စာမေးပွဲခန်းထဲ ပေတံ မေ့မကျန်စေခဲ့ နဲ့နော် အဟေ...ဟေ...? ? ?

P.Ti said...

မေ့သမီးပေးတဲ့ ဥပမာက ကောင်းပါတယ်ကွယ်။ ပြန်လိုက်မလာဘူးလို့ထင်မှာစိုးလို့ ပြန်လိုက်လာပါတယ်နော်...

လာလည်ပြီး ကွန်မန့်တွေပေးလို့လည်း ကျေးဇူးတင်ပါတယ်။ စိုက်ထားတဲ့ ပန်းပင်လေးတွေကို ရှင်သန်အောင် ထိန်းသိမ်းဖို့ခက်တယ်နော်... အချိန်အကြာကြီး ဒီပန်းပင်လေးကို ပြုစုပျိုးထောင်နိုင်ပါစေ.. ရောင်စုံပန်းတွေလည်း ပွင့်ဖူးပါစေ

ဖိုးဂျယ် said...

အမရေ ဥပမာပေးလေး ကောင်းပါတယ်။

နေဒေးသစ် said...

စာတွေလည်း အားရင် ရေးပါဦး . လာလည်ပြီး အသစ်ရှာသွားပါသွားတယ် .. အဟောင်းတွေကိုလည်း ဖြေးဖြေးချင်း ပြန်ဖတ်ရဦးမယ် .. အဆင်ပြေပါစေ

မေငြိမ်း said...

အဲဒီ ဘလော့လိပ်စာလေး ပေးပါဦး.. ဗဟုသုတရအောင် သွားဖတ်ချင်လို့.. ဘလိုလုပ်ရပါ့ :D

Anonymous said...

ကလူသစ်ပြောတာ ပဲ ။ လာလာ.. တို့လမ်းတို့လျှောက်ကြတာပေါ့။
mm

မိုးခါး said...

ဥပမာလေး အရမ်းသဘောကျပါတယ် ..
အားလုံးပြောသွားသလိုပဲ .. ကိုယ့်ဥယျာဉ်လေးထဲမှာ ကိုယ်ပျော်တယ် .. ကိုယ်နှစ်သက်တဲ့ပန်းလေးတွေစိုက်မယ် .. ဝေဆာနေအောင်တော့ တတ်နိုင်သလောက်ကြိုးစားနေမှာပါပဲ .. ကိုယ်တတ်နိုင်သလောက်ပေါ့နော် ..း)