Friday, July 17, 2009

အလွမ်းတွေ



ထမင်းစားပြီး ဗိုက်ထဲကတင်းသလို၊ နင့်သလိုဖြစ်လာတာကြောင့် ခြံဝင်းထဲမှာလမ်းတပါတ်လျှောက်မိပါတယ်။ အချိုမစားရ၊ အငန်မစားရ၊ ဆီသိပ်မစားရ မစားရကန့်သတ်ချက်တွေအများကြီးကြားမှာ ထမင်းစားမြိန်မလားလို့ ငရုတ်ကောင်းမှုန့်နည်းနည်းနဲ့သခွားသီးသုပ်စားလိုက်မိတယ်။ စားပြီးပြီးချင်းမှာပဲ ဗိုက်ကနင့်တင့်တင့်လိုဖြစ်လာလို့ လမ်းထွက်လျှောက်လိုက်တာပါ။ ဒါပေမယ့် ရင်ထဲမှာလှစ်ဟာဟာဖြစ်လာတဲ့ခံစားမှုတခုပဲ ထပ်တိုးလာပါတယ်။ ဗိုက်ကတော့ ကောင်းမသွားပါဘူး။

ဘန်ဂလိုသာသာနှစ်ထပ်အိမ်၂လုံးတွဲလေးတွေကို နံ့သာရောင်သုတ်ထားပြီး အုပ်ကြွပ်နီနီမိုးထားတဲ့အိမ်ကလေးတွေ ကအရင်လိုလှနေတုန်းပဲ။ ဘေးဘက်တွေမှာတန်းစီစိုက်ထားတဲ့ အုန်းပင်လိုလို၊ ကွမ်းသီးပင်လိုလိုအပင်လေးတွေ ကလည်း စိမ်းလန်းပြီးလေအလာမှာယိမ်းနွဲ့နေပုံကလည်းချစ်စရာကောင်းလွန်းပါတယ်။ အားလုံးဟာအရင်ကအတိုင်းပဲလိုထင်ရပါတယ်။ အိမ်ကလေးတွေမှာ တွေ့နေကြလူတွေမတွေ့ရတာကလွဲရင်၊ အခန်းတော်တော်များများမှာ မီးရောင်မမြင်ရတာကလွဲရင်ပေါ့။ ဘာရယ်မဟုတ်ဘဲ အိမ်နံပါတ် ၅၆ကိုလှည့်ကြည့်မိသေးတယ်။ အ၀တ်ထွက်လှမ်းတတ်တဲ့ အကို့ကိုများတွေ့ရမလားလို့ပေါ့။ ကိုယ့်ဘေးကပ်ရက်က နံပါတ်၅၉မှာလည်း အပေါ်ထပ်မှာမီးလင်းနေတာတွေ့တယ်။ ဒါပေမယ့်အောက်ထပ်ကတော့ မှောင်မည်းနေပါတယ်။ အိမ်ခေါင်းရင်းဘက်မှန်တံခါးကို အခုချိန်သွားခေါက်ရင်လည်း ဘယ်သူမှပြတင်းတံခါးကိုထဖွင့်ပေးမှာ မဟုတ်ဘူးနော်။ အရင်ရက်တွေကတယောက်နဲ့တယောက် ခဏခဏဆုံဖြစ်၊ နှုတ်ဆက်ဖြစ်တဲ့လမ်းကလေးမှာ ဘယ်သူ့ကိုမှမတွေ့ရပါလား။ တွေ့ရတဲ့တယောက် နှစ်ယောက်ကလည်း ကိုယ်မသိတဲ့ မျက်နှာစိမ်းတွေချည်းပဲ ဖြစ်နေတယ်။ အော်ကျောင်းသားသစ်လေးတွေရောက်လာပြန်ပြီပေါ့လေ။ ကိုယ်တယောက်တည်းပျင်းနေပုံရတာတော့ ဟုတ်ပုံမရပါဘူး။ အရင်ရက်တွေကညနက်တဲ့တိုင်အောင် ပြေးလွှားဆော့ကစားနေတတ်တဲ့ ကလေးတွေလည်း မရှိတော့ပြီ။ ခြံဝင်းကလေးကတော့သူတို့ဘယ်ရောက်သွား တာပါလိမ့်လို့တွေးနေမလား။ သူတို့မိဘတွေ ပြန်သွားတော့သူတို့လည်းလိုက်သွားရတာပေါ့လေ။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ပညာတွေနဲ့ ကိုယ့်နိုင်ငံကိုကိုယ်စီပြန်လည်အကျိုးပြုကြရဦးမယ်လေ။ တယောက်တည်းကျန်ရစ်ခဲ့တဲ့ အန္ဒိယသားလေးလည်းပျင်းနေပုံပဲ။ သူ့အဖေကသူ့ကိုဟိုဟိုဒီဒီ အဖော်လုပ်ပေးနေရပုံပဲ။ ကိုယ်တို့အုပ်စုကသူ့ကိုငဂျစ်လို့ခေါ်ပါတယ်။ ခဏခဏဂျစ်တိုက်၊ အော်ငိုတတ်လို့ပါ။ အခုတော့ ငဂျစ်လေးလည်းသူငယ်ချင်းတွေကို သတိရနေတော့မှာပဲ။ အခုချိန်မှာတော့ ငဂျစ်ကလေးနဲ့၊ ကိုယ်နဲ့၊ တိတ်ဆိတ်နေတဲ့ ခြံဝင်းလေးကဘ၀တူတွေပဲနော်။ အိတ်ထဲမှာမမေ့မလျော့ယူလာတဲ့ ဖုန်းကလေးကို ထုတ်ကြည့်မိတယ်။ ဟိုတုန်းကလိုထမင်းစားကြတော့မလား၊ အဒမ်သွားမလား၊ ၆နာရီထိုးရင် ကြက်တောင်ရိုက်ကြစို့၊ စောစောအိပ်ညီမဆိုတဲ့ message မျိုးတွေလည်း ရမှာမဟုတ်တော့။ ဒီဖုန်းကလေးလည်း ဆွံ့အသွားပြီထင်ပါရဲ့။




ဘတ်စကတ်ဘောကွင်းကိုလှမ်းကြည့်မိတော့ ကိုယ်မမြင်ဘူးတဲ့ ခပ်ပိန်ပိန်ကောင်လေးတယောက် ဘတ်စကတ်ဘောပုတ်ကစားနေတယ်။ ကိုယ်ဖြတ်လျှောက်လာတော့ ကိုယ့်ကိုလှမ်းကြည့်တယ်။ ဘောလုံးလေးသိမ်းပြီး လှည့်ကြည့်လှည့်ကြည့်နဲ့ပြန်သွားတဲ့ကောင်လေးကို ကိုယ်မသိပါလား။ အချိန်မစေ့သေးတာကြောင့်မီးတွေလင်းထိန်နေတဲ့ဘတ်စဘောကွင်းထဲမှာ အရင်လိုဘောလုံးတလုံးကို အလုအယက် အော်ဟစ်ပုတ်ကစားနေတာမျိုးတွေမတွေ့ရတော့ဘူး။ ဘေးကပ်ရက်ကတင်းနစ်ကွင်းထဲမှာ ဘယ်သူမှမရှိပါလား။ ဟိုဘက်ကကြက်တောင်ကွင်းကလေးရော။ လွန်ခဲ့တဲ့ ၃၊ ၄လလောက်က ကောင်မလေးတယောက် သူ့အကို၎ယောက်နဲ့ ကြက်တောင်လာလာရိုက်နေကျ၊ အခုဘယ်ရောက်သွားပြီလဲလို့ တွေးနေမလား။ ကြက်တောင်မှန်ရင်တောင်ထိုင်ငိုတတ်၊ အကိုတွေကိုစိတ်ကောက်တတ်တဲ့ ကောင်မလေးလည်း သူ့ကိုထားသွားပြီလားလို့ တွေးနေမလားမသိဘူး။ ကြက်တောင်ကွင်းလေးရယ် ကိုယ်ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်မင်းဆီလာလို့မရသေးဘူး။ ကြက်တောင်လည်းရိုက်ခွင့်မရှိသေးဘူး။ ရိုက်ခွင့်ရလာတော့ရော ဘယ်သူနဲ့လာဆော့ရမှာလဲ။ ကိုယ့်ကိုချစ်တဲ့၊ ကိုယ်ကချစ်တဲ့အကိုတွေမှမရှိတော့တာ။ ကိုယ်ကြက်တောင်ရိုက်လို့ ရလာတဲ့အခါကျတော့လည်း အရင်လိုပျော်နိုင်ပါဦးမလား။ အရင်လိုဆိုတဲ့စကားတခွန်းက သုံးခွန်းတည်းပေမယ့် အဲဒီအရင်လိုပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပြီပဲလေ။ ကိုယ်ကတော့ ရောက်လာဦးမယ့်၊ ကျန်ရှိနေသေးတဲ့ စာသင်နှစ် တနှစ်ကိုအလွမ်းတွေတပွေ့တပိုက်နဲ့ ဖြတ်ကျော်ရဦးမှာပေါ့လေ။

12 comments:

ကမာနီလာ said...

ငါ့ညီမလေး ဆေးရုံကဆင်းလာပြီး အားငယ်နေတယ်ထင်ပါ့၊ စိတ်ကို ၀မ်းနည်းစရာတွေ သိပ်မတွေးနဲ့လေ၊ စိတ်အပြောင်းအလဲလေး ဖြစ်အောင် တခုခုလုပ်ပေါ့၊ ညီမလေး အမြန်ဆုံး ကျမ်းမာပျော်ရွှင်လာပါစေ။

မီးမီးချစ် said...

အဲ့ဒါ ဘယ်နိုင်ငံ လဲ ဟင်...
စိတ်လဲ ညစ်မနေပါနဲ့ .. ပျော်အောင်နေနော်..း))

လင်းဒီပ said...

အလွမ်းတွေ အလွမ်းတွေ
သံယောဇဉ် ထားတတ်သူတွေမှာတော့ အရာရာဟာ အလွမ်းတွေ ချည့်ပါလေ...။
ကိုယ်ပြောချင်တာလေးတွေ စကားပြောသလို အေးအေးဆေးဆေးပြောပြသွားတာ မေ့သမီးရဲ့ ရိုးသားတဲ့ရေးဟန်ပါ ။
နေကောင်းပါစေ...
ပျော်ရွှင်ပါစေ...

ZawZaw said...

hi.. can u write how did u try to get this scholarship together with website links? thanks..

ZawZaw said...

hi.. can u write how did u try to get this scholarship together with website links? thanks..

ဆောင်းယွန်းလ said...

အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်ညီမလေး

မေ့သမီး said...

Scholarship အကြောင်းကို အချိန်ရရချင်း ရေးပေးပါ့မယ်နော်။ အကိုတွေ၊ အမတွေအားလုံး ကျေးဇူးပါ။

မေဇင် said...

မေ့သမီးရေးတာတော်တော်လေးကို ခံစားသွားရတယ်...နောင့် လဲ အဲ့လို လွမ်းဖူးတယ်.... အရမ်းခံရခတ်တာပါပဲ...အရမ်းလွမ်းနေပြီး တွေ့ခွင့်မရှိလို့ ထင်ထားတဲ့လူကို အဲ့ဒီလိုလွမ်းနေတဲ့ အချိန်မှာ မြင်လိုက်ရရင်ဖြင့်နော်.... အရမ်း အရမ်းကို ပျော်စရာကောင်းမှာပဲ....။း) ဒါပေမယ့် လွမ်းတာလေးတွေကို ဘလော့လည်တာလေးနဲ့ ဖြေသိမ့်လိုက်လေ....နော်..။


ခင်တဲ့
မေဇင်

ဇော် said...

ကျနော်လဲ ဘာမပြောညာမပြောနဲ့ ၀င်လွမ်းသွားမိတယ်။ အင်းးးးး။ =)

မမသီရိ said...

မေ့သမီးလေး..
မမ ကို ကျတော့ မလွမ်းနဲ့လေ လာပြောပြီး
သူ က လွမ်းနေတယ်..း)

ကဲ တူတူ မလွမ်းကြကြေး ကွာ ..နော်

စိတ်စမ်းရေ said...

ဘာဖြစ်လို့လဲ အကိုတွေပြန်သွားကြလို့လား...။
နေကောင်းအောင်နေပါ......။

မေ့သား said...

ဟုတ်တယ်။ လွမ်းတယ်။ ထပ်တူထပ်မျှပဲ။