Monday, July 20, 2009

ဝါတွင်းချိန်ကဗျာ

ငှက်ကလေးက စိုးစီစိုးစီ

ဝင်းပေါက်မှာမြည်

ချိန်တန်ပြီ ညီမထွေးရဲ့

ဟင်းချက်စို့လေး။


ဦးပေါင်းကိုဆွမ်းတော်တင်

သုံးချောင်းထောက်ပြင်

သံလွင်လွင်ကြေးစည်တီးလို့

ထွန်းတဲ့ဆီမီး။


အမျှတဲ့သုံးကြိမ်ဝေ

သွန်းတဲ့ညောင်ရေ

မာပါစေကမ္ဘာသား

အောက်ထက်နံလျား။


ရွာဦးကကြေးစည်သံ

ကျောင်းဝေဠုဝန်။

ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်၊

ဆွမ်းအုပ်ပြင်ပ။


ကိုရင်ကြီးပျိုတို့မောင်

မေးလိုက်ပါကြ။

မာပါရဲ့အထွေးရယ်

ပြောလိုက်ပါကွယ်။

ရွာလယ်မှာ ကိုရင်ပန်းလို့

ညှိုးလျရိနွမ်း။


ကပ္ပိယ အဘိုးအို

ဆိုးလှတယ်ဆို။

တို့ကိုရင် ထိပ်ပြောင်သားကို

ခေါက်လိမ့်မယ်လား။


ဟင်းလေးကိုကျိုချက်လို့

မနက်ကထည့်လိုက်တယ်

ကိုရင့်ဖို့ကွယ်။

ရွာလယ်မှာသူငယ်လဲတယ်

ဆွမ်းတော်ခွက်ကွဲ။


ချာရစ်ကလေး မပျောက်ခင်

ထွက်ခဲ့စေချင်။

လိင်ပြန်ယင် ဆံရှည်ထားပါနဲ့

လိင်ပြန်ရင် ကိုရင်ဝတ်ဖို့

ပလေကပ်အနံကျယ်

ဈေးကြိုက၀ယ်။

အနံကျယ် ခါးပုံနွဲ့တယ်

ဆုတ်လိုက်ပါ…တဲ့။


ဆွမ်းတော်ခံ ကိုရင်ကြွတော့

မယ်စလို့မေးလိုက်တယ်။

ရှင်လိင်ပြန် ဘယ်တော့ရက်

ထွက်ခဲ့ပါမယ်။

မျက်နှာငယ်ငယ်

ဘယ့်နှယ်မှ မမိန့်

သည်တ၀ါ အနိုင်ခဲလို

နွှဲရရှာလိမ့်။


ကိုရင်ကြီးလာမယ်ဆို

ဝင်းပေါက်ကကြို

အို…အလို…ကိုရင်ထွက်ကယ်

ငါးငါးပိချက်။


မင်းသုဝဏ်

၁၉၃၆ မေ ၂၁


(ဟိုတရက်က မဂ္ဂဇင်းတအုပ်ထဲမှာဖတ်လိုက်ရတာပါ။ ဇာတ်လမ်းလေးတပုဒ်လိုဖတ်လို့ကောင်းပြီး အရမ်းကြိုက်လို့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးရင်လည်း ပြန်ဖတ်သွားပေါ့နော်။)

12 comments:

လင်းဒီပ said...

ကောင်းလေစွ...ကောင်းလေစွ..။

ကိုလူထွေး said...

ကိုရင်လူထွက် ငါးပိချက်ဆိုတာ ဒီကစတာကိုးးးး

းဝ)

ဆရာကြီး မင်းသုဝဏ်ရဲ့စာဆို "ဘကြီးအောင်ညာတယ်" ဆိုတဲ့ ဝတ္ထုတိုကို ဖတ်ဖူးသမျှစာတွေအားလုံးထဲမှာ အကြိုက်ဆုံးပဲ...

ဆောင်းယွန်းလ said...

ဆရာကြီးရဲ့ကဗျာကိုတလေးတစားဖတ်သွားတယ်ညီမ
လေးရေ

မေဇင် said...

ဟယ်....ကောင်းလိုက်တာ... မေ့သမီး ရေးတတ်လိုက်တာနဲ့ စဖတ်တုန်းက ထင်နေတာ..ဟိဟိ အောက်ဆုံးမှာမှ ဆရာမင်းသုဝဏ်...ရေးတာကိုးးးးး
မေ့သမီး ပြန်မျှဝေပေးတာကျေးဇူးပါ...ကဗျာလေး ကအသက်ဝင်လိုက်တာနော်..။

မီးမီးချစ် said...

ဒီလို ကဗျာ မျိုးလေး ကို ကြိုက်တယ်..း))
ပုံပြင်တွေ လဲ ကောင်းတယ် နော်..

မေဓာဝီ said...

ညီမလေးရေ ... ၀ါတွင်းချိန်ကဗျာလေးကို အမလဲ သိပ်ကြိုက်တယ်။ ဖတ်ဖူးပေမဲ့ ထပ်လာဖတ်သွားပါတယ်။
အဲ ... တခုပဲ ... ညီမလေး စာရိုက်တာ ကျန်သွားလားမသိဘူး။ ပဉ္စမမြောက် စာပိုဒ်မှာ

ကိုရင်ကြီး ပျိုတို့မောင်
ညှိုးနွဲ့ယောင်ယောင်
ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ။

အဲဒီလို ဖြစ်မယ်ထင်တယ်။ နောက်တခုက

ချာရစ်ကလေး မပျောက်ခင်
ထွက်ခဲ့စေချင်
လိင်ပြန်ရင် ဆံရှည်ထားပါနဲ့
သန်းတွေကယား။

စာလေးတွေ နည်းနည်းကျခဲ့တာ မြင်လို့ပါ။
အမဘလော့မှာလဲ ဒီကဗျာလေးကို တခါတုန်းက တင်ခဲ့ဖူးတယ်။

အဲဒီလင့်ခ်မှာပါ။
http://maydar-wii.blogspot.com/2007/08/blog-post_06.html

Craton said...

ဖတ်လို့အတော်ကောင်းတယ်... ဆရာကြီးမင်းသုဝဏ် ကဗျာပဲ.. ဒီလောက်တော့ရှိမပေါ့.. မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်သွားပါတယ်.. ဟာသလေးတွေလည်းပါသေး...း)

မေ့သမီး said...

မမေဒါဝီရေ အမပြောတာ ဟုတ်နေမလားတော့ မသိဘူး။ ညီမက ၂၀၀၉ ဖေဖော်ဝါရီလထုတ်မဟေသီမဂ္ဂဇင်းထဲက တင်ပေးလိုက်တာအမ။ အဲဒါ ကဒေါက်တာထီလာစစ်သူ ပြန်ရေးပေးထားတာ။ အဲဒီထဲမှာတော့မပါဘူး။ အမှန်တော့ ညီမလည်းတခါဖတ်ဖူးတယ်။ အဲဒီတုန်းကတော့ မှတ်မထားလိုက်မိတော့ အကုန်မမှတ်မိဘူး။ အခုကစာအုပ်ထဲက ပြန်တင်ပေးလိုက်တာ။

Harry said...

မမေဓါဝီ ပြောတာ မှန်ပါတယ် ...
ဆရာကြီး မင်းသုဝဏ်ရဲ့ အင်းယားကန်သို့ အိုကုတို့ ကဗျာ စာအုပ်ရဲ့ စာမျက်နှာ ၁၀၂ မှာ ပါပါတယ်။
ဒီကဗျာလေးကို ကျနော်လဲ အလွန်ကြိုက်ပါတယ်။

အခုနောက်ပိုင်း ပြန်ရိုက်တော့ ကျန်သွားတာ ဖြစ်ပါလိမ့်မယ်။

အခုခေတ် ထုတ်နေတဲ့ မဂ္ဂဇင်းအယ်ဒီတာတွေ အဲဒါကို သတိထားဖို့ ကောင်းပါတယ်။ စာတွေ ကျန်ကုန်တော့ နောက်ပိုင်း မှတ်သားထားချင်တဲ့သူတွေက အဲဒီအတိုင်းမှတ်ထားလိုက် ရင် အပြည့်အစုံ မရတော့ဘူးပေါ့နော် ...

ဒူကဘာ said...

ရောက်တာနဲ့ ငှက်ကလေးတွေ စိုးစီ စိုးစီ။ ငါ့... ကျတော့ ငါး...ရန်ရှာတယ်၊ နင်ရော ငှက်...ရန်ရှာတာပဲ။

ကမာနီလာ said...

လူမလေးက ကဗျာတွေတော်တော်ကြိုက်တာဘဲနော်၊ ဆရာမင်းသုဝဏ်ကဗျာတွေကို အခုလိုမျှဝေပေးတာကောင်းတယ်၊ ကျေးဇူးတင်တယ် ညီမလေးရေ။

ကမာနီလာ said...

လူမလေးက ကဗျာတွေတော်တော်ကြိုက်တာဘဲနော်၊ ဆရာမင်းသုဝဏ်ကဗျာတွေကို အခုလိုမျှဝေပေးတာကောင်းတယ်၊ ကျေးဇူးတင်တယ် ညီမလေးရေ။