Thursday, August 6, 2009

လတ်တလော မေ့သမီး



(၁) တွေးနေမိတာက
- အချစ်နဲ့သံယောဇဉ် ဘယ်လိုကွာခြားပါလိမ့်။ (၁၅၀၀) သံယောဇဉ်သိပ်ကြီးပြီး ချစ်သွားကြတာများလား။ အချစ်ကြီးပြီးမှ သံယောဇဉ်ကြီးတာပါလား။ (ဘယ်ဟာအရင်ကြီးလာတာလဲလို့။)
- စောစောသေရမယ်ဆိုရင် လူသားတွေအကျိုးအတွက်လုပ်သင့်သလား။ (မာသာထရီဆာတို့ဘာတို့လို။) ဒါမှမဟုတ်မိဘကိုပဲ အရင်စိတ်ချမ်းသာအောင်လုပ်ပေးခဲ့သင့်လား။

(၂) ဆင်ခြင်မိတာက
- ကိုယ်ကသာအရေးကြီးတယ်ထင်နေတာ နောက်ဆုံးကျတော့ ဘာမှလည်းမဟုတ်ဘူးလို့။

(၃) ကျန်းမာရေး
- တကိုယ်လုံးယောင်နေတာလေ။ (အဲလောက်ယောင်နေရက်သားနဲ့ လမ်းသလားတာ မလေးရှားကဂျန်တင်းတောင် ရောက်သွားတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး ၂ရက်အဲဒီရောက်ခဲ့တဲ့သူတွေ ခြေထောက်ဖောဖော၊ မျက်နှာဖောဖောနဲ့ ကောင်မလေးတယောက်တွေ့ခဲ့တယ်ဆိုရင် သေချာပါတယ်။)

(၄) ဖတ်ဖြစ်တဲ့စာအုပ်တွေက
- ဆရာဦးသုခ၀တ္ထုတွေ၊ လွတ်လပ်ရေးမရခင်ကအကြောင်းရေးထားတာတွေ၊ ရွှေအမြုတေမဂ္ဂဇင်းထဲက ၀တ္ထုတွေ၊ BBC Active ကထုတ်တဲ့ Get By in Chinese (တရုတ်စာသင်မလို့ပါ)။
- မဖတ်ချင်ဖတ်ချင်ဖတ်ရတာတော့ ဒီနှစ်တင်ရမယ့် စာတမ်းတခုအတွက် World Bank ကထုတ်တဲ့ဆောင်းပါးတွေပါ။ Knowledge Economy in Myanmar ဆိုတဲ့ခေါင်းစဉ်ပါ။ ဘာမှမရှိတဲ့ဟာကိုသုတေသနလုပ်ရမှာဖြစ်နေတော့ နည်းနည်းတော့မလွယ်ဘူး။ စိတ်ပိန်ပိန်နဲ့ဖတ်နေရပါတယ်။

(၅) ရောက်ဖြစ်နေတာ
- ပုံမှန်ရောက်ဖြစ်တာက စိတ်ကိုကြည်နူးစေ၊ တခါတလေလွမ်းမောစေ၊ တခါတလေအတွေးတွေဝေစေတဲ့ ဘလော့ကမ္ဘာပေါ့။
- စိတ်ကူးနဲ့ကတော့ အမေ့အိမ်ကိုနေ့တိုင်းပြန်နေမိတယ်။
- နှလုံးသားနဲ့သွားဖြစ်တာတော့ မြန်မာပြည်ကမြို့တော်အသစ်တခုပေါ့။ (ချစ်တဲ့သူတယောက်ရှိနေလို့ပါ။)

(၆) ရေးဖြစ်နေတာ
- အလွဲအလွမ်းတွေပါ။ အချစ်ဆိုတာကိုနားမလည်ဘဲ အလွမ်းအကြောင်းကိုရေးတဲ့အခါ ဆယ်တန်းမအောင်ဘဲ နောက်ဆုံးနှစ်လက်ချာသွားတက်နေသလိုပါပဲ။ လွမ်းသာလွမ်းရတာ ဥာဏ်မမီဘူး။

(၇) နားထောင်ဖြစ်နေတာ
- ဟိုတလောက တောက်လျှောက်ဖွင့်ဖြစ်နေတာတော့ အန်တီဒေါ်မြင့်မြင့်ခင်ရဲ့ နားပန်းဆံပါ။ သီချင်းဖွင့်လိုက်၊ ကိုယ်ပါလိုက်အော်လိုက်နဲ့ မြန်မာသီချင်းကောင်းတပုဒ်ကို ကိုယ့်အသံနဲ့ကိုယ်ဖျက်ဆီးတာပါ။ နောက်သီချင်းကတော့ “ဒီထက်မက” ဆိုတဲ့ဆောင်းဦးလှိုင်သီချင်း။ နောက် Akon ရက်ပ်ဆိုထားတဲ့ Mr. Lonely။

(၈) ရွတ်နေမိတာက
- ဘောဇဉ်သုတ်။ (အားကိုးရာရှာမိတာပါ)

(၉) ဖြစ်ချင်နေတာက
- အားလုံးကိုကူညီနိုင်တဲ့ ကျန်းမာပျော်ရွှင်တဲ့သူတယောက်။

(၁၀) စားနေရတာ
- ဆားလျှော့၊ အချိုပေါ့၊ အဆီပါလေရုံ၊ ကိုလက်စထရောရှောင်။ အချဉ်နဲ့အဖန် ၂မျိုးသာကင်းလွတ်ရာ။ (ထမင်းစားရတိုင်း ကိုယ့်ကိုကိုယ်ငရဲကျနေသလိုထင်နေတာကတော့ ထိန်းလို့မရဘူး။)

(၁၁) သနားနေမိတာ
- ကိုယ့်နိုင်ငံမှာဈေးရောင်းစားနေတဲ့၊ ဈေးတွေမှာတောင်းရမ်းစားရတဲ့ သက်ကြီးရွယ်အိုတွေကိုကျော်ပြီး စင်္ကာပူက ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတဲ့ အဘိုးကြီး အဘွားကြီးတွေကို။

(၁၂) လွမ်းနေမိတာက
- ကိုယ့်လက်ထဲက ပိုက်ဆံ ၁၀၀ကို မုန့်ဟင်းခါးဝယ်စားလိုက်ရင် ကိုယ်တယောက်တည်းစားရမှာစိုးလို့ ၅ခုပါတဲ့ပူတင်း တထုတ်ဝယ်ပြီး ကျန်တဲ့သူငယ်ချင်းတွေနဲ့ဝေစားခဲ့တဲ့ ဒုတိယနှစ်ကျောင်းသူဘ၀။ (အခုများတော့ အိတ်ထဲကပိုက်ဆံ ကုန်မှာ၊ ထမင်းငတ်မှာကို သေမလောက်ကြောက်တာ။ )
- ပြန်သွားရင်တောင်မှ ဒီပုံအတိုင်းဆို စားရပါ့မလားမသေချာတဲ့ ၀က်သားတုတ်ထိုး။ ပြီးတော့ကော်ရည်။

(၁၃) မေ့ထားတာက
- နာဂစ်ပြီးကတည်းက အဆက်အသွယ်မရသေးတဲ့ ဒေးဒရဲကသူငယ်ချင်း။ အသက်ရှင်ဆဲပဲလို့ ယုံကြည်ထားချင်လို့။

(၁၄) ခါးသက်မိနေတာက
- မနက်၊ ညသောက်နေရတဲ့ ဆေးတွေ။ (အဲဒီထက်ခါးတာ ရှာလို့မရတော့လို့။)

(၁၅) တမ်းတနေမိတာက
- ဒီဇင်ဘာဆောင်းအေးအေးနဲ့ နယူးရီးယားညတွေမှာ ကိုကြီးနဲ့ဆိုင်ကယ်စီးပြီး လျှောက်လည်ရတဲ့အရသာ။ (တခါတလေ အကိုတွေနဲ့ကောင်မလေးတွေအိမ်ရှေ့ဂစ်တာကိုင်ပြီး ရောက်ခဲ့ဖူးသေးတာပေါ့။)

(၁၆) ကြိတ်ပြီးချီးကျူးနေမိတာက
- ကိုယ့်စိတ်ကိုသိလွန်းပြီး ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်လွန်းတဲ့ လူတယောက်။

(၁၇) ကြိတ်ပြီးအထင်သေးနေမိတာက
- မြန်မာ့အကျင့်တွေဖျောက်ပါလို့ပြောတတ်တဲ့သူတွေ။

(၁၈) ဆန္ဒမရှိတဲ့နေရာ
- ဒီကျွန်းပိစိလေး။ (ကျောင်းပြီးရင် ဒီမှာမနေဘူး။)

(၁၉) ဆန္ဒရှိတဲ့ကိစ္စ
(ကိုလင်းနဲ့တူတယ်။)
- မန္တလေး၊ ရှမ်းပြည်ကစပြီး မြန်မာတနိုင်ငံလုံး သွားချင်တယ်။ မစားရသေးတဲ့ တိုင်းရင်းသားအစားအစာတွေ၊ မတွေ့ဘူးသေးတာတွေတွေ့ဖူးချင်တယ်။ ပြီးတော့ မကြုံဖူးတဲ့ဘ၀တွေကိုလည်း တွေ့ချင်တယ်။

(၂၀) မုန်းတီးနေမိတာက
- Fried Noodle ဆိုပြီးမှာလိုက်ရင် ရောက်လာတဲ့ Mee Goreng။

(၂၁) ချစ်နေတာက
- ကြင်နာမှုလေးတွေ။ (ဟီး ရှက်လိုက်တာ။)

(၂၂) စိတ်ပျက်နေမိတာက
- မြန်မာပြည်ကကွန်နက်ရှင်နဲ့ ဖုန်း။

(၂၃) စွဲလန်းနေမိတာက
- ခံစားမှုလေးတခု။ သိပ်သိမ်မွေ့နက်နဲပါတယ်။ တခါပဲ နက်နက်ရှိုင်းရှိုင်းခံစားဖူးလိုက်တယ်။ ဘာဆိုတာတောင် ဒီနေ့အထိမသိလိုက်ဘူး။ အဲဒီနေ့ကတော့မျက်ရည်တွေကိုရေနဲ့ရောချိုးလိုက်ရတယ်။

(၂၄) လိုအပ်နေတာက
- လုပ်ချင်တာတွေလုပ်ရဖို့ ပြီးပြည့်စုံတဲ့ကျန်းမာရေး။

(၂၅) တောင်းနေမိတဲ့ဆု
- အို၊ နာ၊ သေကင်းဝေးချင်တယ်။

(၂၆) ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာ
- လွမ်းလိုက်တာ။

(၂၇) ပြောချင်နေတဲ့ စကားတခွန်း
- ခွင့်လွှတ်ပါလို့။ (ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးသော လူတိုင်းကို။)

(၂၈) ပါးချင်တဲ့အမှာစကား
- နောက်တပါတ်ဆို ကျောင်းပြန်ဖွင့်ပြီ။ ကျန်းမာရေးလည်းဂရုစိုက်၊ ကျောင်းစာတွေလည်းများလာလို့ ဘလော့သိပ် မလည်ဖြစ်ရင်ကြိုခွင့်လွှတ်ပေးပါလို့။

(၂၉) ၀န်ခံချင်တာက
- ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေများပေမယ့် တကယ်တမ်းကျတော့ အပျင်းကြီးတဲ့စိတ်အလိုလိုက် တတ်တဲ့ ကောင်မလေးပါ။

(မလေးရှားကပြန်လာလာချင်း ကိုလင်းက g-talk ကနေတဂ်ထားတယ်တဲ့။ ပြေးကြည့်ရတယ်။ ပြီးတော့ မမသီရိကလည်း တဂ်ထားတယ်တဲ့။ ၂ယောက်လုံး ခေါင်းစဉ်တမျိုးတည်း။ ပေါင်းရေးလိုက်တယ်နော်။ ချစ်လို့တဂ်တယ်ပဲမှတ်ပါတယ်။ ဒီပို့စ်က မေ့သမီးရဲ့ပို့စ်ပေါင်း ၇၅ခုမြောက် အမှတ်တရလည်းဖြစ်တော့ တဂ်ထားတဲ့ ကိုလင်းရော၊ မမသီရိရော ကျေးဇူးတင်ပါတယ်လို့။)

13 comments:

ATN said...

ခုတလောကို လတ်တလော လာဖတ်သွားတယ်...
ကျန်းမာပါစေ
အစစ အရာရာ အဆင်ပြေပါစေ ငါ့ညီမ...

ဆောင်းယွန်းလ said...

အို၊နာ၊သေကင်းဝေးချင်တယ်....

ဆုတောင်းတွေပြည့်ဝနိုင်ပါစေညီမလေးရေ
ကျန်းမာရေးလည်းဂရူစိုက်ပေါ့

Anonymous said...

ဖြစ်ချင်နေတာလေး ဖြစ်ခွင့်ရပါစေ...

mie nge

မမသီရိ said...

ချစ်တဲ့ မေ့သမီးလေး
ကျေးဇူတင်တယ် အလုပ်တွေများတဲ့ ကြားထဲက နေကောင်းခါစ ဖြစ်ရက်နဲ့..

ဝန်ခံချင်တာက
- ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေများပေမယ့် တကယ်တမ်းကျတော့ အပျင်းကြီးတဲ့စိတ်အလိုလိုက် တတ်တဲ့ ကောင်မလေးပါ။

အမှန်တော့ မမ လဲ ဒီအတိုင်းပဲ..း)..

နဒီမိုးညို said...

ကျန်းမာအောင်နေနော်..
ပြီးတော့.ပျော်ပျော်နေ..သိလား.
အဲဒါ..ရောဂါတစ်ဝက်သက်သာတယ်..

မေဇင် said...

ကျန်းမာ ပျှော်ရွှင်ပါစေ...မေ့သမီးရေ....၊ ကျန်းမာရေး နဲ့ ပါတ်သတ်လာရင် ကိုယ်ချင်းစာတယ် တကယ်ပါ... ၊ မေ့သမီးရဲ့ ခုတလောလေးတွေ ဖတ်သွားပါတယ်...။

လင်းဒီပ said...

အားပါး ပိုစ့်က ၇၅ ခုတောင် ရှိပြီကိုး...ရေးသားပဲ...မရေးသလို ရေးသလိုနဲ့...မထင်ရဘူး...။

ကောင်းပါပြီ....ချက်ချင်းရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမရေ...

ကျန်းမာပျော်ရွှင်စွာနဲ့ သွားချင်တဲ့နေရာတွေသွား စားချင်တဲ့အရာတွေစား တွေ့ချင်တဲ့သူတွေကို တွေ့နိုင်ပါစေ...

တလွဲအလွမ်းတွေလည်း ကင်းဝေးပါစေ...။

ကလူသစ် said...

အဆင်ပြေရဲ့လားဗျာ

သီဟသစ် said...

မေ့သမီးလေးရေ
ခုတလောကို လာဖတ်သွားပြီ
ကျန်းမာရွှင်လန်းပါစေ


ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ။

kyalkalay said...

ဆုတောင်းပေးပါသည်

အသက်ပေးပီးချစ်တဲ့ချစ်သူ အမြန်ဆုံးရပါစေ

သိန်းဝင်း said...

၁၅၀၀.ဆိုတာအမှန်တော့ကိလေသာ(၁၀)ပါးကနေ
အပြား(၁၅၀၀)အထိဆင့်ပွါးသွားတာပါ၊အဲဒီအထဲမှာ
စိတ်အားသာတာအရင်ကြီးရတာလားလို့...စောစောသေရမယ်ဆိုရင်တော့သေဖို့အဆင်သင့်
့ဖြစ်နေအောင်၊သေတတ်အောင်အရင်ကျင့်
ထားပေးပါ၊အသေမဦးခင်ကပညာဦးထားအောင်ပေါ့...

Anonymous said...

ခါးတဲ့ဆေး သောက်တဲ့အခါ...
လျှာမထိ အာမထိသောက်...
ဒို့ကတော့...
တစ်နေ့ ၆၃-လုံး...
ဂလုဆို ပြီးသွားရော။ :D