Monday, August 31, 2009

အိမ်ကလေး

အခုတလော အိပ်မက်တွေထဲမှာ ဟိုးနှစ်ပေါင်းများစွာကအိမ်ကလေးတလုံးကို ပြန်မက်နေမိတယ်။ နိုးလာတိုင်းမှာတော့ မျက်ရည်တွေဝိုင်းလို့။ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ ညီမလေးရယ်၊ အဘရယ်၊ သစ်သားအိမ်လေးရယ် နွေးထွေးလုံခြုံတဲ့ပါတ်ဝန်းကျင်လေးတခုရယ်။ အခုတော့ဒါတွေကအဝေးမှာ။ နောက်တချိန်မှာ ဒီလိုဘ၀လေးကိုပြန်တည်ဆောက်ကြတဲ့အခါ အိမ်ကလေးနဲ့အဘကတော့ ပါလာမှာမဟုတ်တော့။ အိမ်ကလေးကို ဆုံးရှုံးရတာ၊ အဘကိုဆုံးရှုံးလိုက်ရတာ အခုအချိန်အထိသွေးမတိတ်သေးတဲ့ ဒဏ်ရာတွေပေါ့။ ဘယ်တော့မှလည်း ပျောက်ပျက်သွားမယ်မထင်တော့။

အိမ်အသစ်တွေပြောင်းသွားတယ်။ ပါတ်ဝန်းကျင်တွေပြောင်းသွားတယ်။ မိသားစုနဲ့ဝေးခဲ့တယ်။ ဒါပေမယ့်အခုအချိန် အထိ အိပ်မက်မက်ရင် ဟိုးတုန်းကအိမ်လေးမှာကိုယ်ရှိနေတုန်းပဲ။ ဟိုးတုန်းကပျော်ခဲ့ဖူးတဲ့ကလေးမလေးတယောက် အဲဒီအိမ်လေးမှာရှိနေတုန်းပဲ။ ကိုယ်ပြန်သွားတဲ့အခါအိမ်လေးကအရင်ပုံစံမဟုတ်တော့။ အဖေကိုယ်တိုင် တည်ဆောက်ခဲ့တဲ့အိမ်လေးက အကောင်အထည်မရှိတော့။ အဲဒီအိမ်လေးက ကိုယ့်ရင်ထဲမှာပဲ ကျန်နေခဲ့တာ။ ခြံထဲမှာကိုယ်နှစ်သက်ခဲ့တဲ့ နာနတ်ပင်တွေ၊ ကီလိုမာလကာပင်တွေ၊ စံပယ်ပင်တွေ၊ သင်္ဘောပင်တွေ ဘာမှမရှိတော့။ လူအသစ်တွေပြောင်းတော့ ခြံဝင်းလေးလည်းပြောင်းပြီပေါ့။ မပြောင်းလဲနိုင်တာက ကိုယ်ပဲလေ။ ဆယ်စုနှစ်တခုနီးပါးစွန်းလာပေမယ့် အိမ်လိပ်စာတောင်းတဲ့သူတွေကို အလွတ်ရနေတဲ့လိပ်စာတခုကို အယောင်ယောင်အမှားမှားပြောထွက်မိနေဆဲ။ လိပ်စာအသစ်ပေးလိုက်ဖို့ ဘာလို့တွန့်ဆုတ်နေရတာပါလဲ။ ကိုယ့်အတွက်တော့ လိပ်စာအသစ်ပေးလိုက်ရင် ကိုယ့်ရင်ထဲကအိမ်လေးကို ကိုယ်သစ္စာဖောက်သလိုဖြစ်သွားမှာ ကြောက်မိလို့ပါ။ အိမ်လေးကိုကိုယ်လွမ်းနေတုန်းပဲဆိုတာ သိစေချင်လို့ပါ။

အဲဒီအိမ်ကလေးမှာ သီတင်းကျွတ်ဆို အကိုနဲ့မီးပန်းနဲ့ဖောက်ရာက နောက်ပြန်ချော်ကျဘူးတယ်။ စိတ်တိုတတ်တဲ့ အဘကိုခဏခဏနောက်ပြီး ထွက်ပြေးဖူးတယ်။ စနေ၊ တနင်္ဂနွေမှာ ခရီးထွက်သွားရာကကားပျက်လို့နောက်ကျတဲ့ မေမေနဲ့ဖေဖေကိုမနက် ၄နာရီ လောက်မအိပ်နိုင်ဘဲ ငုတ်တုတ်မျှော်ခဲ့ရဘူးတယ်။ တော်တော်နားဝင်မချိုတဲ့စက်သံနဲ့ ဖေဖေ့ဘီ၆၀၀ကားလေးပြင်တဲ့ အချိန်ဆို အိမ်လေးထဲမှာ ဆူညံနေခဲ့ဖူးတယ်။ အလံတ၀က်ချလိုက်၊ အကုန်ထူလိုက်နဲ့ အရေးပါတဲ့နေ့တွေကို ဖြတ်သန်းခဲ့ဘူးတယ်။ မွေးထားတဲ့ကြက်တူရွေးလေးနဲ့ ကြောင်လေးဆုံးသွားလို့ ၀မ်းနည်းခဲ့ဘူးတယ်။ အမှတ်တမဲ့အရာများစွာကို အမှတ်မထင်ဘဲ ကျော်ဖြတ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အချိန်ကာလ တခုအကြာမှာတော့ ဒါတွေအားလုံးဟာရင်ထဲမှာသံမှိုစွဲသလိုထင်နှက်နေမယ်လို့ မသိခဲ့ဘူးလေ။ ပြန်မရနိုင်တဲ့ဟာကို တမ်းတမိလို့ ကိုယ်လူမိုက်ဆိုရင်လည်း ထားလိုက်ပါတော့။ အခုအချိန်မှာ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ အဘရယ်၊ အိမ်ကလေးရယ်နဲ့ တရက်လောက် ပြန်ဆုံခွင့်ရရင် ကိုယ်ဒီလောကထဲကစောထွက်သွားရရင်တောင် ၀မ်းနည်းမှာမဟုတ်တော့။ အခုတော့ ဘာပဲပြောပြောမျက်ရည်ဝဲအောင်ပဲလွမ်းတယ်။

13 comments:

သီဟသစ် said...

မေ့သမီးလေးရေ
ဖတ်ရတာ တစ်မျိုးခံစားရတယ်ကွယ်
လွမ်းတာလေးတွေ ပြေပျောက် ပြီး ဆန္ဒလေးတွေပြည့်ဝပါစေကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

ချစ်ကိုကို said...

လူမလေးရေ.
မေ့သမီးလေးရေ.

ကိုကို လာတယ်။ လူမလေးလိုချင်တဲ့ အိမ်မျိုး ကိုကိုတနေ့ဖန်တီးပေးမှာပေါ့ကွာ..။

မေဇင် said...

လွမ်းတယ်... အိမ်ကို ။

လင်းဒီပ said...

ညီမလေးရေ...နေကောင်းတယ်မဟုတ်လား...
ရေးထားတဲ့ပိုစ့်က အလွမ်းတွေ Volume များနေတယ်... အားလုံးအဆင်ပြေသွားမှာပါ..
အချိန်တစ်ခုကိုတော့ ဖြတ်သန်းရမှာပေါ့..။

ကိုလူထွေး said...

ငယ်စဉ်က ကလေးတို့ဘဝဟာ
ပျော်ပါးဖို့အရမ်းးးး လွယ်ပါတယ်...

ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ယဲ...
စားချိန်မှာ ဝင်စားမယ်
အိပ်ချိန်မှာ ဝင်အိပ်မယ်...

အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ်
အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရောက်ချင်သေးတယ်...

ဒါဟာလဲ "ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ" ပါပဲ...

kiki said...

ဘဝဆိုတာ ဒီလိုပါဘဲ ညီမလေးရယ် .
ဘယ်အရာမှ မမြဲပါဘူးလေ ။

လက်ရှိ ပစ္စုပန် အချိန်လေးကိုဘဲ ပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းကြတာပေါ့ နော် ။

ကျန်းမာရေး လည်း အရေးကြီးတယ် ။။
နေကောင်းအောင် နေအုံး ..

ပြည့်စုံ said...

မေ့သမီးရေ...

မျှော်လင့်ချက်တွေ ပြည့်စုံပါစေဗျာ...

ထပ်တူခံစားရပါတယ်...

ကျနော်ဆို မဆုံဖြစ်တာ ၅ နှစ်ပြည့်တော့မယ်...

ရုပ်မမြင် အသံမကြားရတာက ၄ နှစ်ကျော်တယ်လေ...

အမေရယ် အိမ်အိုလေးရယ်ကိုတော့ ဘယ်မေ့လို့ရမလည်းကွယ်....

Anonymous said...

ကျုပ်မှာ မပြန်ရတာ ၁၁-နှစ်ရှိပီဗျ။ ဟီးးးး

မေသမီးလုပ်တာနဲ့ သတိရသွားပီ။

မာလကာသီး ဝင်းဝင်းလေးကို။

TNS said...

ညီမရေ..
လူတိုင်းရင်ထဲမှာ..
အလွမ်းမျိုးစုံရှိကြတယ်..
တချို့ အလွမ်းတွေက ကိုယ်ပိုင်အလွမ်း
တချို့ အလွမ်းတွေက မျှဝေလို့ ရတဲ့ အလွမ်းပေါ့..
ညီမလွမ်းနေတဲ့ နေရာလေးက
မောင်နှမစိတ်နဲ့ မျှဝေခံစားလို့ ရတယ်..
သူငယ်ချင်းစိတ်နဲ့ မျှဝေခံစားလို့ ရတယ်...
ညီမရဲ့ အိမ်ကလေးကိုဖတ်ရင်း လွမ်းစရာအိမ်တွေအများကြီးဖြစ်လာတယ်..။
ညီမလို အိမ်ကလေးကို လွမ်းသူတိုင်း
စိတ်ခံစားမှုတူညီခံစားရပါတယ်..။
လွမ်းတဲ့ အိမ်ကလေးကို
ပြန်တွေ့ ပါစေ..။
ပြန်ဆုံပါစေ..။

ဆောင်းယွန်းလ said...

မျှော်လင့်ချက်တွေပြည့်ဝနိုင်ပါစေလို့ဆုတောင်းပေးနေပါ့မယ်ညီမလေးရေ..
ညီမလေးရဲ့အိမ်ကလေးကိုသတိရတဲ့စိတ်တွေက
အကို့ရင်ထဲထိကူးစက်ခံသွားရစေပါတယ်

ဟန်လင်းထွန်း said...

အိမ်ကိုလွမ်းသွားတယ်

ဒူကဘာ said...

အိမ်မပြန်တာ အသက် ထက်ဝက်ရှိပြီမို့ ဖေ့သားလေ ... လွမ်းတောင် မလွမ်း တတ်တော့ဖူးကွယ်...မေ့ သမီးရယ်။

စီဂျီ ၅၆ said...

ညီမ

Heart ထိ‌အောင်‌ရေးလည်း
‌ရေးနိုင်ပါ့ဗျာ။

အကို
စီဂျီ ၅၆