Saturday, January 31, 2009

ကျွန်မရဲ့ အစ်ကို


ThwarNaingPyi - LLW+RBC
ဒီတလောမှာ နားထောင်ဖြစ်နေတဲ့ သီချင်းလေးတွေထဲက တစ်ပုဒ်ပါ။ နားထောင်မိတိုင်းလည်း အိမ်ကအစ်ကို့ကို သတိရလို့ အားလုံးနားထောင်ရအောင်တင်ပေးလိုက်တာပါ။ တစ်ခါမှတော့ အဲဒီလိုအစ်ကိုနဲ့ အချစ်အကြောင်း၊ ကိုယ်ကြိုက်နေတဲ့သူရဲ့အကြောင်းမဆွေးနွေးဘူးပါဘူး။ ဒါပေမယ့် အဲဒီသီချင်းလေးကြားတော့ အစ်ကို့ကိုသတိရနေ မိတယ်။ အစ်ကိုက ကျွန်မထက်၂နှစ်ကြီးပါတယ်။ အေးပြီး စကားနည်းပါတယ်။ ညီမနဲ့ အစ်ကိုကတကယ့်ဆန့်ကျင် ဘက်မို့ ပတ်ဝန်းကျင်က မှားမွေးတာလားလို့ စကြတယ်။ သူအားရင်ဂစ်တာတီးမယ်၊ သီချင်းဆိုမယ်။ အခုနောက်ပိုင်း တော့ ရုပ်ရှင်တွေကြည့်တယ်။ တခါတလေ ဂိမ်းသွားဆော့မယ်။ ဆယ်တန်ုးမအောင်ခင်အထိ ဘယ်သူငယ်ချင်းနဲ့မှ အပြင်သွားလိုက်ဦးမယ်ဆိုတာမျိုးလည်းမရှိဘူး။ ညီမလုပ်တဲ့သူကသာ စက်ဘီးတစ်စီးနဲ့ မြို့ပတ်နေတာ။ အလယ်တန်ုးကျောင်းသူဘ၀ကတည်းက သူငယ်ချင်းမွေးနေ့သွားဦးမယ် ၁၁နာရီလောက်ပြန်ရောက်မယ်ဆိုပြီး ညနေ ၃နာရီမှပြန်ရောက်တာတို့၊ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့မြက်တိုကို စက်ဘီးပြိုင်နင်းတာတို့၊ ရေကြည်ဦးဘုရား ကိုစက်ဘီးနဲ့သွားတာတို့ အစုံပဲ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာနာလိုက်တာ။) အဲဒီလိုကျွန်မက သူငယ်ချင်း အပေါင်းအသင်းများသလောက် အစ်ကိုကတော့ဆယ်တန်းအောင်ပြီးမှပဲ သူ့သူငယ်ချင်းတွေကအိမ်လာခေါ်၊ အပြင် သွားနဲ့ နည်းနည်းအပေါင်းအသင်းနဲ့သွားတတ်လာတတ်ဖြစ်လာပါတယ်။ အမေကလည်း ကိုကြီးကိုအပြင်ထွက်စေ ချင်တာကို။ ဆယ်တန်းအောင်တော့ ကိုကြီးက Chemistry majorရပါတယ်။ သူ့သူငယ်ချင်းက ပထ၀ီပဲရတော့ သူလည်းပထ၀ီပြောင်းပြီး အဝေးသင်တက်ပါတယ်။ အဲဒီအချိန်မှာ အမေ့ညီမအငယ်ဆုံးရှိတဲ့ ရန်ကုန်မှာအစ်ကိုက သွားနေပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှပြန်လာတာပေါ့။ အဲဒီလိုနဲ့ ပထမနှစ်မှာအစ်ကို ကောင်မလေးတစ်ယောက်ကို ကြိုက်ပါတယ်။ ကောင်မလေးတော့မဟုတ်ပါဘူး။ သူ့ထက်တောင် ၃နှစ်ကြီးပါတယ်။ အဲဒါကိုကျွန်မကလုံးဝ သဘောမတူနိုင်ဖြစ်ခဲ့တာပေါ့။ တိုတိုပြောရရင်အဲဒီအစ်မနဲ့သူရည်းစားမကျ၊ သူငယ်ချင်းမကလိုမျိုးဖြစ်ပြီး နောက်ဇာတ်လမ်းပြတ်သွားပါတယ်။ (ကျွန်မကြောင့် ပြတ်တာတော့မဟုတ်ပါဘူး)။ ဒါပေမယ့် ကျွန်မကတော်တော့် ကိုအဲဒီကိစ္စကိုမကျေမနပ်၊ ဆူဆူပူပူလုပ်ခဲ့တာပါ။ သူ့ကိုလည်းအရမ်းချစ်တော့ သူရည်းစားရသွားရင် ကျွန်မကို မချစ်တော့မှာစိုးလို့ပါ။ အခုကျတော့လည်းကိုယ်က အဝေးရောက်နေတဲ့အခါကျတော့ သူ့မှာခပ်အေးအေးရည်းစား လေး တစ်ယောက်ရှိရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ အခုမှပါ။ အရင်တုန်းကဆို အစ်ကို့သူငယ်ချင်းတွေက “ဇော်ဇော် အဲဒီကောင်မလေးလိုက်ပါလား။ အေးအေးဆေးဆေးလေးကွ”လို့ မြှောက်ပေးရင် အစ်ကိုက “မင်းတို့ကလဲ ကွာ၊ ငါ့ညီမအကြောင်းလည်းသိသားနဲ့”လို့ပြန်ပြောတတ်တာပါ။ အခုတော့ အစ်ကိုအနားမှာမရှိမှ သူ့ကိုဗိုလ်ကျခဲ့တာတွေတွေးမိရင် ရယ်လည်းရယ်ချင်၊ တခါတလေ အစ်ကို့ကိုလည်း သနားမိသေးတယ်။ အခုနေအစ်ကိုက သူကြိုက်တဲ့ကောင်မလေးအကြောင်းရင်ဖွင့်လာရင် ကောင်းကောင်းမွန်မွန်နားထောင်ပေးတော့ မယ်လို့ စိတ်ကူးမိပေမယ့် အစ်ကိုကအဝေးမှာလေ။

Wednesday, January 28, 2009

တယ်လီဖုန်း


တယ်လီဖုန်းတဲ့
နာမည်ကသုံးလုံးထဲ
သူအသုံးကျပုံက
ပြောမဆုံးအောင်။
နယ်ဝေးကမိဘ
သား၊ သမီးအသံကြားရ
အလွမ်းစကြွေတယ်။
အဝေးကခင်ပွန်း
လွမ်းလွန်းရင်ဆက်
ဇနီးရတက်ပြေဖွယ်။
ကိုယ့်အတွက်တော့
အဲဒီတယ်လီဖုန်း
အမေ့ဆီဆက်
အဖေ့ဆီဆက်
နောက်ပြီးတော့
နေ့စဉ်တိုင်းအတွက်
သတိရရင်ဆက်
သူနဲ့ကိုယ့်ကြား
ချည်နှောင်ကြိုးမျှင်
သံယောဇဉ်တံတား
သက်မဲ့မြားနတ်မောင်အလားလေ။

မေ့သမီး

Monday, January 26, 2009

ပျော်လို့ရေးတဲ့ကဗျာ

သတိရရဲ့လားလို့
ကိုယ်မေးတော့
“ရပါတယ်”လို့
ဖြေတဲ့လေသံ
အေးစက်နေသလား
ကိုယ်မတွေးဘူး
မင်းလိုလူက
ဒီလိုအဖြေပေးတာကိုပဲ
ကိုယ်ပျော်နေပြီ
စိတ်ထဲမှာ လေဟုန်စီး
ကမ္ဘာကြီးတောင်
မေ့သွားအောင်
ထိချက်သိပ်ပြင်းတယ်။ ။

မေ့သမီး

Friday, January 16, 2009

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ

ကျွန်မနေထိုင်ရှင်သန်ရတဲ့ ကမ္ဘာကြီးကို အမြဲတမ်းစိမ်းလန်းသာယာပြီး ငြိမ်းချမ်းစေချင်လိုက်တာ။ ပန်းကလေးတွေနဲ့၊ တောင်တန်းတွေနဲ့၊ ချစ်စရာကောင်းတဲ့ကလေးငယ်တွေနဲ့၊ ပြည်သူအပေါ်ကို စေတနာ၊ မေတ္တာထားမယ့် အစိုးရတွေနဲ့ပေါ့။ နိုင်ငံအချင်းချင်းလည်းတစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်းရောင်းဝယ်၊ စီးပွားရေးလုပ်ကြ။ အပြန်အလှန် လည်ပတ်သွားလာကြ။ ယဉ်ကျေးမှုတွေဖလှယ်ကြ။ အပြုသဘောဆောင်တဲ့ နည်းပညာတွေဖွံ့ဖြိုးအောင် ဆောင်ရွက် ကြ။ စိုက်ပျိုးရေးနိုင်ငံ၊ စက်မှုနိုင်ငံ၊ ကုန်သွယ်ရေးနိုင်ငံ ကိုယ်စီကိုယ်စီဖွံ့ဖြိုးစည်ပင်လို့။ အစာရေစာမထွက်တဲ့နိုင်ငံကို အစားအစာပေါများတဲ့နိုင်ငံက အစာရေစာတွေတင်ပို့ရောင်းချ၊ စက်မှုထွန်းကားတဲ့နိုင်ငံတွေက စက်မှုပစ္စည်းတွေကို တခြားနိုင်ငံတွေကိုပို့။ နယ်မြေလည်းမလုကြနဲ့တော့။ အကြမ်းဖက်တာတွေလည်း ရပ်ဆိုင်းလိုက်ကြတော့။ ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်ကြ။ ဘာသာရေးကိုအရောင်ဆိုးပြီး နှိပ်စက်တာတွေလည်း မလုပ်နဲ့တော့။ သဘာဝဘေးအန္တရာယ်တွေကိုလည်း အတူတူကာကွယ်ကြမယ်။ မွေးဖွားလာကြ၊ ရှင်သန်ချိန်တိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ရန်မမူကြပဲ ကိုယ့်ပတ်ဝန်းကျင်ကိုအကျိုးပြုကြ။ လေထုတွေ ရေထုတွေ ညစ်ငြမ်းမှုမဖြစ် အောင် သတိထားကြ။ သစ်တောတွေကိုထိန်းသိမ်းကြ။ ပင်လယ်ကမ်းခြေတွေကိုမပျက်စီးအောင် ဂရုစိုက်ကြ။ အိုဘယ်လောက်များငြိမ်းချမ်းလိုက်မလဲ။ အတွေးထဲမှာတောင် အေးချမ်းသွားတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို ဒီပုံတွေကိုကြည့်ရင်တွေ့ရမှာပါ။

(ဒါဖာဒေသက ဒုက္ခသည်ကလေးတစ်ယောက် အစားအစာခွဲတမ်းရဖို့အတွက်စောင့်နေတာ။)

(စီချွန်ငလျင်လှုပ်တုန်းက။)

(ကွန်ဂိုအရှေ့ဘက်မှာခရီးသည်တင်လေယာဉ်ပျက်ကျသွားတဲ့ပုံပါ။)

(ဒါကတော့ အားလုံးသိပြီးတဲ့အတိုင်း ဒေးဒရဲဘက်မှာ အကူအညီတွေလာဖို့စောင့်နေတဲ့ နာဂစ်ဒုက္ခသည်တွေလေ။)

(အာဖဂန်နှစ္စတန်မှာ တာလီဘန်တွေနဲ့ အမေရိကန်မရင်းတပ်တွေရဲ့ အနီးကပ်တိုက်ပွဲ)

(ကယ်လီဖိုးနီးယားမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အဖွဲ့ကိုလိုက်လံချေမှုန်းရင်းနဲ့ အနီးအနားကျောင်းကကလေးတွေကို အရေးပေါ်ဖယ်ရှားရတဲ့အခါ)

(အာဖဂန်ဒုက္ခသည်ကလေးတစ်ယောက် ဒုက္ခသည်စခန်းမှာ သဲမုန်တိုင်းကိုရှောင်ပုန်းနေတဲ့ပုံ။)


ပုံတွေကိုဒီကယူထားတာပါ။


မေ့သမီး


ခေါင်းစဉ်ပျောက်တဲ့ကဗျာ

သူတစ်လူ ငါတစ်မင်းနဲ့
သူနိမ့်ရင် ငါနင်းမယ်
သူယိမ်းတော့ ကိုယ်မခေါ်
ကိုယ်ပါတော့ သူမတိမ်း
လူစိမ်းဝင် ရန်သူဖက်တယ်
ပြည်ပျက်မယ့်ကြောင်း။

(ဟိုတစ်ရက်က စာတွေဖတ်ပြီး စိတ်ထဲမှာအဲဒီလိုဖြစ်လာတာနဲ့ ဒိုင်ယာရီထဲမှာကောက်ရေးလိုက်မိတဲ့ ကဗျာလေးပါ။ နာမည်တော့မပေးတတ်ဘူး။)
မေ့သမီး
(ကိုဆောင်းယွန်းလကနာမည်ပေးသွားပါတယ်။)

Sunday, January 11, 2009

ကဗျာတစ်ပုဒ်ရဲ့ရာဇ၀င်


စင်္ကာပူရောက်လာခါစက လူကလည်းလူငယ်ဖြစ်၊ သိပ်ပြီးလည်းတက်ကြွနေတဲ့အချိန်ပေါ့။ မြန်မာတွေဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မြန်မာအချင်းချင်းပြောကြတာတွေကိုလည်း ရန်ကုန်မှာတုန်းကကြားခဲ့ရတော့ ကိုယ့်အသိဥာဏ်လက်တောက်လောက်ကလေးနဲ့ ကိုယ်နေရတဲ့အသိုင်းအ၀ိုင်းလေးကို စည်းစည်းရုံးရုံး ဖြစ်အောင်လုပ်မယ်။ ကိုယ်ကိုယ်တိုင်လည်း လိမ်လိမ်မာမာနဲ့ ပြဿနာမရှိအောင်နေမယ်လို့တွေးခဲ့ဘူးတာပါ။ အဲဒီလိုလည်းအတတ်နိုင်ဆုံးကြိုးစားခဲ့ဘူးပါတယ်။ ဒါမှန်သောသစ္စာစကားပါ။ အောင်မြင်တာ၊ မအောင်မြင်တာက တော့နောက်ပိုင်းဖြစ်လာသမျှပေါ့လေ။ သူများကိုတော့ အပြစ်မတင်ချင်ပါဘူး။ ကိုယ်တိုင်ကလည်းခံစားမှုကို ရှေ့တန်းတင်တတ်တဲ့၊ သိပ်ပြီးခံစားလွယ်တဲ့သူဖြစ်နေတာလည်း တော်ရုံပြဿနာကိုခံနိုင်ရည်မရှိခဲ့ဘူး။ ဘာမဆိုကိုယ်ချစ်တဲ့၊ ခင်တဲ့သူဆိုရင်ကိုယ့်ဘက်မှာရှိစေချင်တာမျိုးကအစပေါ့။ ဒီနေရာမှာ ကျွန်မရဲ့ခံယူချက်ကို ပြောပြချင်ပါတယ်။ ကျွန်မကကိုယ်ချစ်တဲ့သူဆိုရင် သူမှန်နေရင်သူ့ကိုထောက်ခံမယ်။ သူမှားသွားရင်လည်း သူ့ရှေ့ကမားမားရပ်ပြီး ပြဿနာကိုဖြေရှင်းမယ်။ သူ့ကိုတော့ ပစ်မသွားဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့် ကျွန်မတွေ့ဖူးတဲ့လူတွေကတော့ ကိုယ်မှားသွားရင် နင်ဖြစ်နင်ခံ၊ နင်မလိမ်မာလို့ဆိုတာမျိုးတွေဖြစ်နေတယ်။ ကိုယ်နဲ့ပြဿနာတစ်ခုကိုအတူတွဲရင်ဆိုင်ရလောက်အောင် ကိုယ့်အပေါ်သံယောဇဉ်မရှိတာလည်းဖြစ်ကောင်း ဖြစ်မှာပေါ့။
ခုနကပြောလက်စအကြောင်းကိုဆက်ပြောရရင်အဲဒီလိုနဲ့ကျွန်မစင်္ကာပူရောက်ပြီးမကြာခင်မှာပဲ ရှိနေပြီးသား senior အစ်ကို၊ အစ်မတွေရော၊ အခုမှရောက်လာတဲ့ကျွန်မတို့ Program နှစ်ခုကမောင်နှမတွေအားလုံးနဲ့ပါသိသွားတယ် ဆိုပါတော့။ အဲဒီမူလရှိနေပြီးသားကျောင်းသား၊ ကျောင်းသူတွေထဲမှာပဲ Program ၂ခုရှိပါတယ်။ ကျွန်မနဲ့ Program တစ်ခုတည်းက senior တွေရယ်၊ တခြား Program တစ်ခုကကျောင်းသားတွေရယ်ပါ။ အဲဒီတခြား Program ကမောင်နှမတွေလို့သာပြောရတာပါ။ Management ပိုင်းသင်တာဖြစ်တဲ့အတွက် အတွေ့အကြုံဘယ်နှစ်နှစ်ရှိပြီးသား မှဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ဝင်ခွင့်ရတဲ့သူတွေပါ။ လူကြီးတွေပေါ့။ မြန်မာနိုင်ငံက ၂ယောက်ရှိတာမှာ အစ်ကိုတစ်ယောက်နဲ့ တခြားတစ်ယောက်ကကျွန်မနဲ့ဆို ကျွန်မအမေထက်တောင်ကြီးတဲ့ ကြီးဒေါ်အရွယ်ပါ။ ကြီးဒေါ်ပဲထားလိုက်ကြပါစို့။ အဲဒီကြီးဒေါ်တို့နှစ်ယောက်က စင်္ကာပူမှာ ၆လ၊ အမေရိကားမှာ ၆လနေရမှာဆိုတော့ ကျွန်မတို့ရောက်တဲ့အချိန်မှာ ကြီးဒေါ်တို့ရဲ့စင်္ကာပူ၆လတန်းပြီးလို့ အမေရိကားသွားရမယ့်အချိန်ပေါ့။ အဲဒါနဲ့ပဲ ကြီးဒေါ်ကိုနှုတ်ဆက်တဲ့အနေနဲ့ရော၊ ဒီကျောင်းမှာရှိတဲ့မြန်မာကျောင်းသားတွေ Gathering အနေနဲ့ပါ သူ့အိမ်မှာတစ်ခုခုလုပ်စားကြမယ်စီစဉ်ကြတယ်။ သူက မုန့်ဟင်းခါးချက်ကျွေးမယ်။ ကျန်တဲ့သူတွေကတော့ မုန့်တွေ၊ အအေးတွေယူလာကြမယ်ပေါ့။ တိုတို ပြောရရင်သူ့အိမ်ကိုရောက်ပြီး စကားတွေဘာတွေပြောကြရင်းနဲ့ကျွန်မ ပြောလိုက်တဲ့စကားတစ်ခွန်းကို ကြီးဒေါ်က စိတ်ကွက်သွားတယ်။ ကျွန်မဘာစကားမှရိုင်းရိုင်းစိုင်းစိုင်း မပြောလိုက်ဘူးနော်။ ဒါပေမယ့် သူကကျွန်မကို “သမီးစကားပြောတာသိပ်ရိုင်းတာပဲ။ အန်တီကအိမ်ဖော်မဟုတ်ဘူး။ အန်တီကဒါမျိုးအန်တီသားသမီးတွေတောင် လက်ခံတာမဟုတ်ဘူး။ ကိုယ်အငယ်ဆုံး ဆိုပြီး အားလုံးကိုဗိုလ်ကျလို့ ရမယ်လို့တော့သတ်မှတ်မထားနဲ့”တဲ့။ သူပြောတဲ့စကားအတိအကျပါ။ ကျွန်မဘာပြောလိုက်တယ်ဆိုတာကို အဲဒီဝိုင်းမှာကြားလိုက်သူက အစ်ကိုတစ်ယောက်ပါ။ သူကလည်းကျွန်မပြောတာ လွန်တဲ့စကားမဟုတ်မှန်းသိတယ်။ ၀ိုင်းထဲကကျန်တဲ့သူဘယ်သူမှ ကျွန်မပြောတာကိုမကြားလိုက်ဘူး။ သူထပြီး ရှုးရှုးရှားရှားလုပ်မှ အကုန်လုံးက အံ့သြကုန်ကြတာ။ ကျွန်မ မိကောင်းဖခင်သားသမီးပါ။ သူအဲဒီလိုမနေ့တစ်နေ့ကမှ တွေ့ကြတဲ့ သူစိမ်းတွေရှေ့မှာထပြောရလောက်အောင် ကျွန်မမိုက်ရိုင်းသော၊ လွန်ကျူးသော စကားတစ်ခွန်း မှပြောခဲ့တာအမှန်ပါ။ ဒါပေမယ့် ကျွန်မခံလိုက်ရတယ်။ ကျွန်မအဲဒီနေ့က ဘာမုန့်မှတောင်မစားလိုက်ဘဲ အစ်မတစ်ယောက်က သူ့မိဘတွေအိမ်မှာကျန်နေခဲ့လို့ စောစောပြန်မယ်ဆိုတော့ ကျွန်မလည်းပြန်မယ်ဆိုပြီး ထပြန်လာခဲ့တယ်။ ပြန်ခါနီးတောင် ကြီးဒေါ်အပါအ၀င်အားလုံးကို ကောင်းကောင်းမွန်မွန်နှုတ်ဆက်ခဲ့ပါတယ်။ ကျွန်မ ပြန်စဉ်းစားပါတယ်။ ကျွန်မကိုသူဘာမကျေနပ်ဘူးလဲ။ စဉ်းစားလို့မရပါဘူး။ ကျွန်မကသိပ်သွက်နေလို့များ သူ့မျက်စိထဲမှာကြည့်မရလို့ ပဲ ဒီလိုလုပ်လိုက်သလားပေါ့။ ကျွန်မမှားလို့ လူကြီးတစ်ယောက်က ကောင်းကောင်းမွန်မွန်ဆုံးမမယ်ဆိုရင် ကျွန်မဘက်ကကျေကျေနပ်နပ်လက်ခံဖို့အသင့်ပါ။ ဒါပေမယ့် အခုသူအဲဒီလိုလုပ်လိုက်တဲ့လုပ်ရပ်ဟာ ကျွန်မကတော့ ဘယ်တော့မှ၊ဘာအကြောင်းကြောင့်နဲ့မှသူ့ကို လေးစားကြည်ညိုဖွယ်ရာလူကြီးတစ်ယောက်လို့ မြင်လို့ရမှာမဟုတ် တော့ပါဘူး။ တခါတလေကျွန်မဆိုးတဲ့အခါ အစ်ကိုတွေကစကြပါတယ်။ ဟာ ဒီအဘွားကြီးကတော်တော်ရှေ့ရေးကို ကြိုမြင်တတ်တာပဲ။ အငယ်ဆုံးဆိုပြီး အားလုံးကိုဗိုလ်ကျမယ်ဆိုတာသိပ်မှန်တာပဲ ဆိုပြီးတော့စပါတယ်။ ကျွန်မဘာမှမ ပြောဘဲရယ်နေလေ့ရှိပေမယ့် ရင်ထဲမှာတော့အဲဒီအကြောင်းပြောတိုင်း စစ်ခနဲပေါ့။ သူ့အိမ်ကကျွန်မပြန်သွားတဲ့ညက ကျွန်မကဗျာတစ်ပုဒ်ရေးပါတယ်။ အဲဒါဒီနေ့မှစာအုပ်ထုတ်တော့တွေ့လို့ သမိုင်းကြောင်းလေးနဲ့အတူ တင်ပေးလိုက်တာပါ။ ဖတ်ကြည့်ပေးကြပါဦး။

ဧည့်သည်ကို အိမ်ရှင် မစော်ကားရ

အိမ်ရှင်ကို ဧည့်သည်ကစော်ကားသတဲ့
အဖန်ဖန်ကြားနေကျစကား
အခုခေတ်ပြောင်းသွားပြီ။

အိမ်ရှင်ကို ဧည့်သည်ကစော်ကားတော့
အိမ်ထဲကနှင်ထုတ်
မလာအောင်လုပ်လို့ရတယ်။

ဧည့်သည်ကိုအိမ်ရှင်ကစော်ကားတော့
ဘာပြန်လုပ်မလဲ….
(ငါ) ခပ်ကုပ်ကုပ်ပဲပြန်ခဲ့တယ်။ ။
(၈-၈-၂၀၀၈)

မေ့သမီး

ဥယျာဉ်မှုး


မျိုးစေ့ကိုချ
မြေဆီဝအောင်
ရေလောင်းမပြတ်
ပေါင်းတင်လတ်၍
နေပူမိုးရွာ
ပျိုးခဲ့ရှာသူ။ ။

ပွင့်ဦးချိန်ရောက်
ပန်းခူးနောက်သို့
ကောက်ကောက်ပါခဲ့
မျက်ရည်လည်ရွဲ
သူ့သဲကြွေပြီ။ ။

ပန်းပန်ဖို့ရာ
ခွင့်မသာလည်း
သူ့ပျိုးသည့်ပန်း
မညှိုး၊ လန်းစေ
တောင်းဆုချွေတတ်
မြတ်သောဥယျာဉ်မှုးပါတကား။ ။


မေ့သမီး

Friday, January 9, 2009

ကိုယ့်အကြောင်း


တခါတရံမှာ လူအများနဲ့ ၀ိုင်းဖွဲ့ပျော်ပါးလို့
တခါတရံမှာ တစ်ကိုယ်တည်းအတွေးကြားမှာမျောနေလို့
တခါတရံမှာ သီချင်းတွေဟစ်အော်လို့
တခါတရံမှာ ကဗျာသစ်တွေဖွဲ့ဆိုလို့
တခါတရံမှာ ဒရမ်မာကားတစ်ပုဒ်ကြည့်ရင်း မျက်ရည်ကျလို့
တခါတရံမှာ စာတွေဖတ်ရင်း ဇာတိမာန်တွေခက်ထန်လို့
တခါတရံမှာ အမေ့အိမ်ကိုလွမ်းရင်း ငေးရီိလို့
တခါတရံမှာ မရှိဘူးတဲ့ အဖော်ကိုတမ်းတလို့
တခါတရံမှာ လောကကြီးကိုစိတ်ကုန်လို့
တခါတရံမှာ စာသင်ခန်းထဲမှာအိပ်မောကျလို့
တခါတရံမှာ ကိုယ်ကမင်းသမီး စိတ်ကူးနဲ့ရုပ်ရှင်ရိုက်လို့
တခါတရံမှာ ကိုယ်ကဒါရိုက်တာ လေထဲမှာ ဇာတ်အိမ်ဖွဲ့လို့
တခါတရံမှာ ခုတင်ဘေးက ၀ူကျွန်းကိုစကားတွေပြောလို့
တခါတရံမှာ ကိုယ့်ဘေးကအရုပ်တွေနဲ့ပဲ ပျော်နေလို့
တခါတရံမှာ လူသားတွေကို မေတ္တာထားလို့
တခါတရံမှာ အမုန်းတွေက တောင်လို့ပုံလို့
တခါတရံမှာ အရာရာကိုဖျက်ဆီးပစ်ချင်တဲ့စိတ်ပေါက်လို့
တခါတရံမှာ ဘာမဆိုခွင့်လွှတ်ချင်တဲ့ ဥာဉ်လေးရောက်လို့
တခါတရံမှာ သူငယ်ချင်းတွေ သိပ်ချစ်လို့
တခါတရံမှာ ဘယ်သူ့ကိုမှ စကားမပြောချင်လို့
အဲဒီလို………
ကိုယ်က လူတမျိုးပေါ့
ဘယ်တော့ဖြစ်ဖြစ် အစွန်းရောက်တတ်လို့
ပတ်ဝန်းကျင်ကလည်း အပြစ်တင်
ကိုယ်ကလည်းညစ်ချင်ချင်နဲ့
ဘ၀နဲ့ သမိုင်းကအမြဲ
(ကမ္ဘာကြီးလို)
တစောင်းအတိုင်းလည်ဆဲလေ။ ။

မေ့သမီး

ထွက်ပေါက်ပိတ်ခြင်း

ဒုက္ခဟာ ရောက်လာမှဖြင့်အဖော်အပေါင်းနဲ့။
ကံဆိုးမိုးမှောင်ကျအောင်ကို ထွက်ပေါက်ပိတ်တယ်
အနာဂတ်ကိုလှမ်းခေါ်ကြည့်တော့ ဇောက်ထိုးမိုးမျှော်
လူမသိအောင် ကျိတ်မျိုချလိုက်ရတဲ့ သောကတွေကထုနဲ့ထည်နဲ့
ညညဆိုအခန်းတံခါးပိတ် အသံမထွက်ဘဲ ရှိုက်ငင်လို့
ခေါင်းအုံးပေါ်မှာက ပူနွေးနွေးအရည်တချို့။
ဒါတွေအမေမမြင်အောင် VZO ပေါ်မှာ ဟန်လုပ်ပြုံးပြရတဲ့အခါ
လူကလည်းရာမမျက်နှာဖုံးလို တစ်ပုံစံတည်း
မိုးသောက်ကနေ၀င် နေ့စဉ်ရက်ဆက်မှာ
ပျော်ရွှင်မှုကိုရှာရင်း တွင်းနက်သထက်နက်လာတယ်။
လမိုက်တဲ့အခါ အသူရာချောက်အောက်ရောက်နေသလို
ငါထွက်ပေါက်ရှာမရတဲ့ညတွေလည်းများများလာ။
အိပ်မောကျနေချိန်မှာ နတ်သမီးလေးတစ်ပါးနဲ့တွေ့တယ်။
ငါဝမ်းသာအားရ ပြုံးပြလိုက်တဲ့အခါ
စေတန်အသွင်ပြောင်းသွားပေါ့
တရေးနိုးတော့ ချွေးတွေရွှဲလို့
ကဲ အိပ်မက်တွေကတောင် မလှတဲ့ဘဝ
နေလို့ကောရဦးမလား
(လောကဓံတရားရေ)
ဘာတွေဘယ်လောက်ဖျက်ဖျက်
တစ်ရက်လောက်တော့ ငါ
ပက်ပက်စက်စက်ပြုံးပါရစေ။

မေ့သမီး
(ဖတ်ပြီးလို့ ဘာရေးထားမှန်းမသိဘူးလို့ ခံစားရရင်အားနာပါတယ်။ စိတ်ထဲမှာ ညစ်နေလို့ပါ။)

Tuesday, January 6, 2009

မလေးရှားကစာအုပ်ဆိုင်နဲ့ကျွန်မရဲ့အိပ်မက်

ကျောင်းမပိတ်ခင်ကတည်းက ခရီးတွေသွားမယ်ဆိုပြီး စီစဉ်ထားတာ ဒီဇင်ဘာ ၄ရက်နေ့မှာစာမေးပွဲပြီးတော့ ဗီယက်နမ်ကိုအလည်သွားတယ်။ ပြန်လာပြီးတစ်ပါတ်လောက်နေတော့ မလေးရှားကိုသွားတယ်။ ကွာလာလမ်ပူမှာပဲနေပြီးမြို့ကိုလျှောက် ပတ်ကြည့်ကြတယ်။ မပြန်ခင်တစ်ရက်ကျတော့ Twin Tower လို့နာမည်ကြီးတဲ့ ကွာလာလမ်ပူရဲ့ကမ္ဘာကျော် Petronas Towers ကိုသွားလည်တယ်။ ဟိုတယ်ကထွက်တဲ့အချိန်နောက်ကျတော့ Sky Bridge အတွက်မနက်ပိုင်းအသုတ်မမီတော့ဘူး။ ညနေအတွက် လက်မှတ်ပဲရတော့တယ်။ ညနေ ၅နာရီ ၁၅အရောက်ပြန်လာတဲ့။ အဲဒီအချိန်မှာမနက် ၁၁နာရီလောက်ပဲရှိသေးတယ်။ ဟိုတယ်ကိုလည်းပြန်မသွားချင်ဘူး။ အဲဒါနဲ့ပဲဘေးမှာရှိတဲ့ KLCC Shopping Center ထဲကိုဝင်ကြတယ်။ အချိန်ဖြုန်းရင်းနဲ့ တစ်ထပ်ပြီးတစ်ထပ်တက် ကြည့်ကြတာပေါ့။ နေ့လည်စာလည်းအဲဒီမှာပဲ စားကြတယ်။ ဈေးဝယ်ဖို့ကိုတော့ စိတ်ကူးထဲတောင်မထည့်ရဲဘူး။ မလေးရှားကပိုက်ဆံသိပ်မကုန်ဘူးလို့ သွားဖူးတဲ့ အသိမိတ်ဆွေတွေပြောတာနားယောင်ပြီး ပိုက်ဆံကိုအများကြီး ထည့်မလာမိဘူးလေ။ ဒါပေမယ့်ကိုယ်လာတဲ့ အချိန်ကျတော့ ဒီဇင်ဘာ၊ ခရစ္စမတ်ရက်ကလည်းနီးနေတော့ ဟိုတယ်တွေကအကုန် Full House။ ဈေးတွေကလည်းကြီး။ ရတဲ့ဟိုတယ်ကိုပဲအမြန်ယူရတော့တာ။ ပိုက်ဆံကိုလည်း ပေသီးခေါက်နေရပြီ။ KLCC မှာကြိုက်တာတွေကိုသွားရည်တမြားမြားနဲ့ပဲ စိတ်ဖြတ်ရတယ်။ ငါဝယ်လို့မဖြစ်ဘူး ဆိုပြီတော့။ အဲဒါနဲ့အပေါ်ဆုံးထပ်ကိုရောက်တော့ စာအုပ်ဆိုင်တွေ့တယ်။ အတူသွားတဲ့သူငယ်ချင်းကလည်း စာအုပ်ဆိုင်ဆိုရင်ဝင်မွှေနေကျ။
ဝင်ကြည့်ကြတာပေါ့။ ကိုယ်ကတော့ မ၀ယ်ဘူးလို့စိတ်ဖြတ်ပြီးသားဆိုတော့ လိုက်ကြည့်မနေဘဲ ၀င်ပေါက်နားမှာပဲ ထိုင်စရာရှာပြီးတွေ့တဲ့စာအုပ်ဆွဲဖတ်နေလိုက်တယ်။ နောက်ကိုယ့်ဘေးတွေရှေ့တွေ အကဲခတ်ကြည့်တော့ လားလား ကိုယ့်လိုပဲစာအုပ်ထိုင်ဖတ်နေတဲ့သူတွေအများကြီး။ တချို့ဆိုစာအုပ်လေးဘေးချပြီး အိပ်များတောင်နေသေး။ စာအုပ်ဆိုင်ရဲ့ပုံစံကိုပြောပြရရင် ၀င်လိုက်တာနဲ့ညာဖက်ခြမ်းက သစ်သားနဲ့ဆင့်လိုရိုက်ထားတယ်။ တောကမြေစိုက်အိမ်တွေမှာ တစ်ဝက် ကဆင့်၊ တစ်ဝက်ကမြေလိုပေါ့။ ဆင့်မရှိတဲ့ဘက်က စာအုပ်စင်တွေချည်းပဲ။ အဲဒီမှာဝယ်တဲ့သူတွေက၀င်ရွေးနေကြတယ်။ ဒီဘက်ဆင့်ပေါ်မှာတော့ စာအုပ်စင်တွေရှိတယ်။ ထိုင်ဖတ်တဲ့သူတွေက မှီစရာတစ်နေရာရှာပြီး ထိုင်ဖတ်နေကြယ်။ အဲဒီလိုတွေ့လိုက်တော့ တော်တော်အံ့သြသွားတယ်။ အဲဒါနဲ့ပဲ သြော် ဒီလိုဖတ်တာခွင့်ပြုထားတယ်ပေါ့ဆိုပြီး ကိုယ်လည်းအကျအနဖတ်မယ်ဆိုပြီး စာအုပ်သွားရွေး၊ ဖတ်နေလိုက်တာ နောက်ဆုံး ၅နာရီထိုးတော့သူငယ်ချင်းကသွားကြမယ်ဆိုတဲ့အချိန်အထိပေါ့။

အဲဒီစာအုပ်ဆိုင်မှာဘာကိုသွားသတိရသလဲဆိုတော့ ဖတ်ခဲ့ဖူးတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ ဘယ်ကလဲဆိုတာတော့ သတိမရတော့။ အတိအကျလည်းမမှတ်မိတော့။ လူတစ်ယောက်ကစာအုပ်တစ်အုပ်ကိုကြိုက်တယ်။ ချက်ချင်းဝယ်ဖို့ကလည်းပိုက်ဆံမရှိ။ သူကအဲဒီစာအုပ်ကိုအဲဒီဆိုင်မှာပဲ သွားသွားဖတ်နေတယ်။ နောက်သူအဲဒီစာအုပ်ကိုဝယ်ဖို့ငွေပြည့်သွားတဲ့ အခါကျတော့ ဆိုင်ကိုသွားတယ်။ ဆိုင်ရောက်တော့ သူဝယ်ချင်တဲ့စာအုပ်ကိုရောင်းပြီးဆိုတဲ့ဘက်ကိုပို့ထားတယ်တဲ့။ သူကစိတ်မကောင်းဖြစ်ပြီး ဆိုင်ရှင်ကိုသွားမေးတယ်။ ဆိုင်ရှင်ကဒီစာအုပ်ကိုသူလာလာဖတ်နေတာ မပြီးသေးလို့သူဖတ်ပြီးအောင်စောင့်နေတာ။ ဆိုင်ရှင်ရဲ့သဘောက စာအုပ်ကိုဆိုင်မှာပဲဖတ်ဖတ်၊ ၀ယ်ပြီးပဲဖတ်ဖတ် စာအုပ်တစ်အုပ်ဟာ အမှန်တကယ်စာဖတ်သူတွေအတွက်ပဲ ဆိုတဲ့သဘောမျိုးလေးပါ။ ကျွန်မအရမ်းသဘောကျခဲ့တာပါ။ အခုတော့ ဦးနှောက်တွေကလည်း မမှတ်မိတော့။ (အသက်ကလည်းကြီးပြီကိုး) :P
ကျွန်မအတွက်တော့ စာအုပ်ဆိုင်တစ်ဆိုင်နဲ့ စာကြည့်တိုက်တစ်တိုက်ပိုင်ဖို့ဆိုတာ ကျွန်မရဲ့မြောက်များလှစွာသော အိပ်မက်တွေထဲမှာတစ်ခုပေါ့။ ကမ္ဘာပေါ်ကစာအုပ်မျိုးစုံ၊ ဘာသာရပ်မျိုးစုံအတွက် စာအုပ်အမျိုးအစားစုံလင်တဲ့ စာကြည့်တိုက်တစ်တိုက်ကိုကျွန်မရဲ့မြို့လေးမှာတည်ထောင်ချင်ပါတယ်။ ဆင်းရဲ၊ ချမ်းသာလူတိုင်းမရွေး၊ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ကိုယ်မ၀ယ်နိုင်လို့မဖတ်ရဘူးဆိုတာမျိုးမဖြစ်စေချင်ပါဘူး။ ကျွန်မဆိုလည်း အခုချိန်အထိ ကိုယ်ကြိုက်တဲ့စာအုပ်တွေ့ရင် နောက်ကျောလှန်၊ တန်ဘိုးကြည့်၊ ပြန်ချထားဆိုတာကြီးကို ခါးသီးလှပြီ။ အဲဒီတော့ လူတိုင်းကိုယ်ဖတ်ချင်တဲ့စာအုပ်ကိုအခမဲ့ဖတ်ခွင့်ရတဲ့ စာကြည့်တိုက်တစ်ခု။ ကိုယ်တိုင်ဝယ်သိမ်းထားချင်တဲ့သူတွေ အတွက် လိုချင်တဲ့စာအုပ်မှန်သမျှရှိတဲ့၊ မရှိရင်လည်း မှာပေးတဲ့ဆားဗစ်ပေးနိုင်မယ့် စာအုပ်ဆိုင်ကောင်းကောင်းတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ ကျွန်မရဲ့အိပ်မက်တစ်ခုပေါ့။ ကျွန်မကိုရှေ့ဆက်ဖို့အားအင်တွေပေးတဲ့အိပ်မက်လေးတွေ အသက်ဝင်လာဖို့စောင့်စားရင်းနဲ့ ကျွန်မမြို့လေးမှာ ကျွန်မနာမည်နဲ့စာကြည့်တိုက်တစ်တိုက်ပေါ်လာဖို့ ဆုတောင်း ပေးကြပါဦးနော်။

မေ့သမီး