Saturday, February 20, 2010

အလွဲ

ဘာရယ်မဟုတ်ပါဘဲ အခုတလော စိတ်နဲနဲလေပြီး တောင်စဉ်းစား၊ မြောက်စဉ်းစားလုပ်ရင်းနဲ့ ကိုယ့်အမြဲအလွဲအလွဲအချော်ချော်လုပ်တတ်တာတွေကို သွားသတိရပါတယ်။ အဲဒီအလွဲတွေထဲကတခုအကြောင်းပြောပြဦးမယ်။ ကိုးတန်းအောင်ပြီး ဆယ်တန်းမတက်ခင်ထင်ပါတယ်။ ကျောင်းအပိတ်မှာ မြို့လေးတမြို့ကို အလည်သွားပါတယ်။ ကိုယ်တို့မြို့နားက မြို့လေးပါ။ မေမေကအဲဒီမြို့သူပါ။ တမြို့လုံးဆွေမျိုးချည်းပဲလို့မေမေကပြောတတ်ပါတယ်။ မေမေနဲ့အရင်ခဏခဏ သွားနေကြပါ။ မေမေနဲ့ သွားလည်တိုင်းဟိုအိမ်ကထမင်းစားဖိတ်၊ ဒီအိမ်ကထမင်းစားဖိတ်နဲ့ တည်းတဲ့ကြီးကြီးအိမ်မှာတနပ်၊ မေမေ့ညီမ အဒေါ်ငယ်အိမ်မှာတနပ်လောက်စားရဖို့ကိုမနည်းပြောယူရတာပါ။ ကိုယ်ကအရမ်းစိတ်ညစ်ပါတယ်။ ထမင်းလေး တနပ်အတွက် ဟိုအိမ်ကူးစား၊ ဒီအိမ်ကူးစားရတာကို စိတ်မရှည်ပါဘူး။ ဟင်းတွေကတော့ သူတို့မြို့လေးထုံးစံအတိုင်းကောင်းနိုင်သမျှကောင်းအောင်ချက်တာပေါ့။ ကြက်သား၊ ၀က်သား၊ ငါး အဲဒါမျိုးတွေပါပဲ။ ကိုယ်ကတော့ ကိုယ့်ကြီးကြီးအိမ်မှာပဲငါးပိနဲ့စားရစားရနေပြီး ကျန်ခဲ့မယ်လို့ အမေ့ကိုအမြဲပူဆာပါတယ်။ အမေက သမီးလေးကိုသူတို့ကမြင်ချင်တာလေ လိုက်ခဲ့ပါဆိုလို့လိုက်လိုက် သွားရပါတယ်။ အဲဒီတခေါက်သွားတာကတော့ ကိုယ်တို့အမ၂၀မ်းလောက်ကွဲတဲ့အိမ်မှာတည်းတာပါ။ သူကကိုယ်တို့အိမ်မှာအဝေးသင်လာလာတက်တာဆိုတော့ သူအပြန်မှာကိုယ့်ကိုအလည်ခေါ်လို့ လိုက်သွားတာပါ။ ကိုယ့်ကြီးကြီးတို့အိမ်မှာမအိပ်တဲ့ တခေါက်ပေါ့။ မမတို့အိမ်က ၂ထပ်တိုက်ကိုအောက်ထပ် ကကုန်စုံဆိုင်ဖွင့်ထားပါတယ်။ လှေတွေလည်းငှားပါတယ်။ ရောက်ပြီးအ၀တ်အစားတွေဘာတွေလဲပြီးတော့ ကိုယ်ကအောက်မှာ မမဈေးရောင်းလိုက်၊ လှေငှားတဲ့လူတွေကိုစာရင်းမှတ်လိုက်လုပ်နေတာကို ဘေးကထိုင်ကြည့်ပြီး စကားပြောနေပါတယ်။ အဲဒီအချိန်မှာပဲ အကိုကြီးတယောက်ဝင်လာလို့ မမကမိတ်ဆက်ပေးပါတယ်။ ဟဲ့ဒါတို့မြို့က ဒွေးမင်းသားတဲ့။ အန်ဘာလဲ ဒွေးနဲ့တူလို့လားဆိုတော့ မဟုတ်ဘူး သူ့အဖေနာမည်ကမောင်ဒွေးတဲ့ဆိုတော့ ကိုယ်လည်းရယ်နေမိပါတယ်။ အဲဒီအကိုကြီးကလည်း ကိုယ့်ကိုနှုတ်ဆက်ပြီး၊ မမနဲ့ခဏစကားပြောပြီး ပြန်သွားပါတယ်။ ညနေစောင်းလာတော့ ကိုယ်ပျင်းလာရော။ အဲဒါနဲ့အပေါ်ထပ်တက်ပြီးတီဗွီထိုင်ကြည့်နေပါတယ်။ ၇နာရီကျော်လောက်ကျတော့ မမက အောက်ထပ်ကနေ လှမ်းခေါ်ပါတယ်။ ဟဲ့ ဒီမှာမင်းမင်းရောက်နေတယ်တဲ့။ ငယ်လေးကိုမုန့်ကျွေးမလို့လာခေါ်တာ တဲ့။ မင်းမင်းဆိုတာ ကိုယ့်အကိုဝမ်းကွဲပါ။ အဲဒါနဲ့ကိုယ်လည်းဝမ်းသာအားရကစုန်ဆိုင်းပြီး အိမ်ပေါ်ကပြေးဆင်းသွားပါတယ်။ အိမ်ရှေ့က ပစ္စည်းထည့်ထားတဲ့ ရှိုးကေ့စ်တွေရှေ့မှာ အကိုကြီးကဆောင့်ကြောင့်ထိုင်ပြီး မမနဲ့စကားပြောနေပါတယ်။ မမကသူရှေ့မှာ စကောတချပ်နဲ့ ဘာတွေထိုင်ရွေးနေတာလည်း မသိပါဘူး။ အဲဒါနဲ့ လုပ်နေကျအတိုင်း နောက်ကနေသိုင်းဖက်ပြီး ကိုကြီး နေကောင်းလား၊ ထမင်းစားပြီးပြီလား ဘာညာဆို ချွဲပါတယ်။ ကိုကြီးကကိုယ့်ကိုမော့ကြည့်လို့ ကိုယ်ကငုံ့ကြည့်ပြီး ကိုကြီးမလား၊ ဟုတ်ပါတယ်လို့ပြောလိုက်သေးတယ်။ မမကရှေ့မှာပါးစပ်အဟောင်းသားနဲ့ ဘာမှလည်းဝင်မပြောဘူး။ ကိုယ်နောက်တခါထပ်ငုံ့ကြည့်တော့မှ အဲဒီအကိုကြီးက ကိုယ့်အကိုမဟုတ်ဘူး။ ညနေကလာသွားတဲ့ဒွေးမင်းသားဆိုတဲ့ အကိုကြီး။ အမွှေးတိုင်လာဝယ်တာလားမသိဘူး။ အမွှေးတိုင်ထုပ်လေးကိုင်လို့။ ခြံဝလှမ်းကြည့်တော့ကိုယ့်အကိုကစက်ဘီးပေါ်ခွပြီး ကိုယ့်ကိုစောင့်နေတယ်။ ရှက်လိုက်တာလေ။ မျက်နှာလည်းဘယ်ထားရမှန်းမသိဘူး။ ဘာမှလည်းမပြောရဲတော့ဘူး။ တချိုးတည်းကိုကြီးဆီလစ်ပြီး စက်ဘီးပေါ်တက်ပြီး မြန်မြန်နင်းတော့လို့ပြောရတယ်။ ကိုယ့်အကိုကမုန့်ဆိုင်ရောက်မှ ကိုယ့်ကိုခေါင်း ခေါက်တယ်။ နမော်နမဲ့နဲ့တဲ့။ အဲဒါငါ့သူငယ်ချင်းတဲ့။ နင့်ကိုပျံတံတံမိန်းကလေးထင်သွားရင် ဘယ်လိုလုပ်မလဲတဲ့။ လူဆိုတာစိတ်ညစ်လိုက်တာလေ။ ကိုကြီးနဲ့မုန့်စားပြီးပြန်လာတော့ အဲဒီလူကြီးအိမ်မှာ မရှိတော့ပါစေနဲ့လို့ဆုတောင်းပြီးပြန်လာတာ။ အိမ်ရောက်တော့ မမကကိုယ့်လဲမြင်ရော ရယ်တာပဲ။ ငါကအရမ်းအံ့သြနေတာ။ ငယ်လေးအရင်တုန်းကအဲလိုမဟုတ်ပါဘူး။ ဒီကောင်နဲ့ညနေကမှ ငါမိတ်ဆက်ပေးလိုက်တာ။ ချက်ချင်းကြီးဒီလိုဖြစ်သွားလားဆို အရမ်းအံ့သြနေတာတဲ့။ လူဆိုတာထူပူနေတာပဲ။ တော်သေးတယ်။ လူကြီးတွေမသိလိုက်လို့ပေါ့။ တညပဲအိပ်ပြီး နောက်တနေ့ညနေပြန်လာဖြစ်လို့ တော်သေးတယ်။ အဲဒါတောင်ပြန်လာခါနီးအထိ အဲဒီလူကြီးအသံကြားရင်အိမ်ပေါ်တက်ပြေးရတယ်။ ကိုယ်တက္ကသိုလ်ဒုတိယနှစ်လောက်မှာထင်တယ်။ အိမ်နားကအမတွေဘွဲ့ယူလို့ ကိုယ်ကသူတို့အလှပြင်ထားတာ သွားငမ်းတာ။ အဲဒီအကိုကြီးကသူတို့သူငယ်ချင်းဖြစ်နေတာ။ ဘွဲ့အတူတူယူဖို့လာစောင့်နေတာနဲ့တိုးရော။ ကိုယ့်မှာလူကြီးဖြစ်နေပြီ ဘာရှက်စရာလိုလဲဆို စိတ်ကိုအားတင်းပြီး နှုတ်ဆက်ခဲ့ရတယ်။ သူကတော့ကိုယ့်မြင်တိုင်း ပြုံးစိပြုံးစိနဲ့။

9 comments:

ကိုလူထွေး said...

ငယ်လေးက တယ်သွက်သကိုး...း)

(အနောက်ကနေဆိုတော့ လူကိုမှမမြင်ရတာ.. ကိုယ့်အကိုလို့ ထင်သွားနိုင်တာပဲလေနော်...)

းဝ)

ကလူသစ် said...

ဟိုလူတော့ နဝေတိမ်တောင်ပဲဖြစ်သွားမလား။ ညည အိပ်မပျော်ပဲဖြစ်သွားမလားမသိဘူး :)

လင်းဒီပ said...

အစ်ကိုလည်း အမေတို့မြို့ကို ငယ်ငယ်က လိုက်သွားရင် အဲဒီအတိုင်းပဲ . ဟိုအိမ်က ထမင်းခေါ်ကျွေး ဒီအိမ်က ခေါ်ကျွေးနဲ့ အရမ်းပျော်ဖို့ကောင်းတယ် ။

အစ်ကိုကတော့ ဘယ်အစ်မကြီးကိုမှ မှားမဖက်ဖူးဘူး ဟားဟား ။

အခု ညည်းနဲ့ အဲဒိအစ်ကိုကြီးထပ်တွေ့ရင် သူထပ်ပြီး ပြုံးစိစိ လုပ်နေဦးမှာ မြင်ယောင်မိတယ် :P

kiki said...

မေ့သမီးက“ ဒွေး” ဆို ဂလောက်တောင် ကြိုက်ရတယ်လား ..
ခုရော .. .. ဒီလို အလွဲကောင်းလေးတွေ ဖြစ်နေသေးလား လို့ ..း))
နေကောင်းရဲ့ လား ညီိမလေး ရေ .. ကျန်းမာရေး ဂရုစိုက် နော် ..

စီဂျီ ၅၆ said...

မှားတယ့်အခါလည်း မှား‌ပေမ‌ပေါ့။ ရှက်ပါနဲ့ ။

pandora said...

မေ့သမီးရဲ့ အလွဲလေးတွေ ဖတ်သွားတယ်။

မေ့သမီးကို ပန်ဒိုရာ ဘလော့ဂ်မှာ လင့်ခ်ထားပါတယ်။

Moe Myint Tane said...

ဖတ်ပြီးတော့ ပြုံးသွားပါတယ် ညီမရေ။ ဒီလိုပါဘဲ တစ်ခါတစ်လေတော့လဲ လွဲတတ်ပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဆောင်းယွန်းလ said...

အင်းလေ..လွဲတဲ့အခါလည်း လွဲပေမပေါ့
တခါလေးလွဲတာနဲ့ တွေ့လိုက်တိုင်း ပြုံးစိစိအကြည့်ခံနေရတော့တာပဲနော်...တကယ်က ညီမလေးအပြစ်မဟုတ်ဘူး နောက်ကျောခိုင်းပြီးထိုင်နေတဲ့ အကိုကြီးရဲ့အပြစ်ပဲ

မေ့သမီး said...

ကိုလူထွင်း၊ ကလူသစ်၊ ကိုလင်း သူများကမှားသွားတာပါဆိုနေမှ။ ကိုလင်းကလဲ အဲလိုလူမှားချင်ပြီလား။
မမကိရေ သမီးဒွေးမကြိုက်ပါဘူး။ တိုက်ဆိုင်သွားတာပါ။ :D ပန်ဒိုရာ၊ အကိုမိုးမြိင့်တိမ်လည်း ကျေးဇူးပါ။
တိုအကိုကြီးပြောတာမှန်တယ်နော်။ ကျောခိုင်းထိုင်နေတဲ့သူရဲ့အပြစ်။ :D
အကိုရေကျေးဇူးပါ။