Sunday, March 7, 2010

ကျောင်းအားကစားပွဲ

ဒီနေ့ညနေကိုယ်တို့နေတဲ့ခြံဝင်းထဲမှာ အားကစားပွဲရှိပါတယ်။ ဘောလီဘော၊ ကြက်တောင်၊ ခရစ်ကက်၊ ဘတ်စကတ်ဘော၊ တော်တော်များများပါပါတယ်။ ကျောင်းသားတွေအဖွဲ့တဖွဲ့ကို ၆ယောက်ဖွဲ့ရပါတယ်။ တဖွဲ့မှာ အနည်းဆုံးမိန်းကလေးတယောက်ပါရမယ်။ ပြီးတော့ပြိုင်ပွဲတိုင်းကို အဖွဲ့တိုင်းက၀င်ပြိုင်ရမှာပါ။ တပွဲချင်းစီမှာရတဲ့အမှတ်တွေကိုပေါင်းပြီး အမှတ်အများဆုံးရတဲ့အဖွဲ့ကိုဆုပေးမှာပါ။ ကိုယ်ဝင်ပြိုင်ချင်စိတ်ရော၊ ဘေးကအားပေးချင်စိတ်ရော ကုန်ခမ်းနေလို့ သွားဖြစ်ဖို့ကမသေချာပါ။ ခြံဝင်းထဲမှာတင်ဆိုတော့ အသံတွေကြားနေရမှာတော့အသေအချာ။ အရင်ကလို တက်တက်ကြွကြွမရှိလှတော့ သွားရမှာကို ပျင်းနေမိပါတယ်။


အားကစားပွဲလုပ်မယ်ဆိုတော့ ကိုယ်တို့ပုသိမ်တက္ကသိုလ်က ရာသီအလိုက်လုပ်ခဲ့တဲ့အားကစားပွဲတွေကို ပြန်လွမ်းနေမိပါတယ်။ မိုးတွင်း ဇွန်လကနေ အောက်တိုဘာစာမေးပွဲမဖြေခင်အထိမှာ ဘောလုံးပွဲ၊ Chess ၊ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်ပွဲရှိပါတယ်။ ဒီဇင်ဘာကျောင်းဖွင့်ချိန်ကနေ မတ်လစာမေးပွဲဖြေတဲ့အချိန်ထိက ပိုက်ကျော်ခြင်းနဲ့ ဘောလီဘောပွဲရှိပါတယ်။ ကိုယ်အကြိုက်ဆုံးနဲ့ လူအစည်ကားဆုံးပွဲတွေက ကြက်တောင်ပွဲနဲ့ ဘောလီဘောပွဲပါ။ ကိုယ်တို့အင်္ဂလိပ်စာမေဂျာမှာက များသောအားဖြင့် ယောက်ျားလေးသန်သန်မာမာဆိုတာ နည်းပါတယ်။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားတယ်ပေါ့။ အဲဒီတော့ ဘောလုံးပွဲဆိုလည်း ကိုယ်တို့မေဂျာကပွဲအစ ၂ပွဲလောက်ကန်ပြီးရင်ထွက်ရပြီ။ Chess ကျတော့လည်း သိပ်နာမည်ကြီးတဲ့သူမရှိ။ ကိုယ်ဆိုတခါတုန်းက တီချယ်ကြီးက လူမရှိဘူး။ နင်အားကစားကော်မတီခေါင်းဆောင်ဖြစ်ပြီး ဘာမှလည်းမလုပ်ဘူး။ Chess သွားထိုး တီရှပ်ပေးမယ်ဆိုလို့ Chess သွားထိုးပါတယ်။ ပထမဆုံးနေ့မှာကိုယ်နဲ့ပြိုင်ထိုးရမယ့် တယောက်ကသင်္ချာမေဂျာကပါ။ ကိုယ်ထိုးမယ်ဆိုတော့ ၉၉အတန်းက ကိုကြီးရွှေဂဲကိုမေးပါတယ်။ အဲဒီအမလက်ရည် ဘယ်လိုရှိလဲပေါ့။ သူက အေးဆေးပါတဲ့။ ဘာမှမတတ်ပါဘူးဆိုပဲ။ အဲဒီတော့ကိုယ်လည်း အားတက်သွားပါတယ်။ ပွဲစခရာလည်း မှုတ်ရော၊ သူတကွက်ရွှေ့ပါတယ်။ ကိုယ်လည်းတကွက်ရွှေ့လိုက်တယ်။ ၂ကွက်ရွှေ့ပြီးတော့ ကိုယ့်ဘုရင်ကြီးကို သူက ချက်ထားရော။ ကိုယ်လည်း ထွက်စရာအပေါက်မတွေ့တော့ဘူး။ အရှုံးပေးလိုက်ရတယ်။ ဘေးက တချို့ဝိုင်းတွေက စတောင်မစရသေးဘူး။ အဲဒီအမက ကိုယ့်ကိုကြည့်ပြီးရယ်ပါတယ်။ မနူးမနပ်ကလေးပေါ့လေ။ နောက်မှကိုယ်ပြန်သိရတာက အဲဒီအမကပွဲတိုင်းပြိုင်နေကျ၊ ဆုတွေဘာတွေလည်းရတယ်တဲ့။ ကိုယ်နဲ့ဆို ဘယ်လိုမှလက်ရည်ချင်းမတူတာ။ အဲဒါကိုပြောလိုက်ရင် စိတ်ဓါတ်ကျမှာစိုးလို့ ကိုရွှေဂဲက ညာပြောတာကိုယ့်ကို။ ဒါပေမယ့် အဲလိုညာပြောလိုက်လို့ ကိုယ်ကပြိုင်ဘက်ကို လျှော့တွက်လိုက်မိတယ်ဆိုတာ တော့ သူမသိလိုက်ဘူး။ ဟိ ကိုယ်ကလည်းညံ့ပါတယ်။


ကြက်တောင်ပွဲဆိုရင်တော့ ကိုယ်ပြိုင်မယ်ဆိုပြီးရင် တခါမှကွင်းထဲတောင်မ၀င်ပါဘူး။ ကြက်တောင်မှန်မှာ ကြောက်လို့ပါ။ ဒါပေမယ့် ကိုယ့်မေဂျာအကိုတွေပြိုင်တာကိုတော့ လည်ချောင်းနာအောင် အားပေးပါတယ်။ ကိုယ်ကြက်တောင်ပွဲကြိုက်ပြီး အားပေးတဲ့ရလာဒ်က အခုအချိန်အထိ ကိုယ်ကအရမ်းချစ်၊ ကိုယ့်ကိုလည်း အရမ်းချစ်ပြီး ကိုယ့်အပေါ်အရမ်းကောင်းတဲ့ အကိုတယောက်ရခဲ့တာပါ။ အဲဒီအကိုက ၉၉အတန်းကပါ။ ကိုယ်တို့ ပထမနှစ်ကတည်းက ကိုယ်တို့မေဂျာကကြက်တောင်မှာတော့ ဖိုင်နယ်အမြဲတက်တယ်ဆိုလို့ သွားသွားအားပေးတာပါ။ အဲဒီအကိုက ကိုယ်တို့အငယ်တန်းတွေကြားထဲမှာတော့ မင်းသားပေါ့။ ကြက်တောင်မင်းသားလေ။ သဘောကောင်းတဲ့ကိုကြီးကို အကုန်လုံးကခင်ကြတာပါ။ ကိုယ့်ကိုမှ အဲဒီအကိုကလည်း ကံဆိုးပြီး အရေးပေးမိလို့အခုအထိ ကိုယ့်ဒုက္ခတွေဝေမျှယူနေရတုန်းပါ။ စင်္ကာပူရောက်ကတည်းက အခုအထိကိုယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို ကူညီရတာပါ။ အဲဒီ ကိုယ်တို့ကျောင်းရောက်တဲ့နှစ်မှာပဲ Physics ကမာစတာကျောင်းသားတယောက် ဂျပန်ကနေပညာတော်သင်သွားရာက ပြန်ရောက်လာပါတယ်။ သူကကိုယ့်ရဲ့ ဂျပန်ဘာသာ ဆရာ (sensei) ပါ။ သူကလည်းကြက်တောင်ရိုက်တာနာမည်ကြီးပါ။ သူတခြားမေဂျာနဲ့ ရိုက်တဲ့ပွဲဆို ကိုယ်က သူ့ကိုအားပေးပါတယ်။ အဲဒီမှာသူ့ကိုကြိုက်နေတာလို့ နာမည်ကြီးတဲ့သူတို့ဂျူနီယာတန်းက အမတယောက်ကလည်း သူ့ကိုလာလာအားပေးပါတယ်။ အအေးဘူးတွေဘာတွေလည်း လာလာပေးပါတယ်။ အဲဒါဆိုကိုယ်က ဘာလိုလိုညာလိုလိုနဲ့ Sensei (ဆရာ) အနားသွားပြီး မောလိုက်တာဘာညာဆိုရင် အဲဒီအအေးဘူးတွေ သောက်ရပါတယ်။ အဲဒီအမကတော့ ကိုယ့်ကိုတော်တော်အမြင်ကပ်မှာပါ။ ကိုယ်ကလည်း ကိုယ့်ဆရာကိုလိုက်ကြိုက်လို့ဆို ကြည့်မရပါဘူး။ Sensei ကိုအဲဒီမိန်းမကြီးနဲ့ သဘောမတူဘူးတို့ ဘာတို့ ရာဇသံပေးနေကျ။ ဒါပေမယ့် တခြားအချိန်သာ Sensei ကိုချစ်ပြီး ကပ်စေးနည်းတာ။ ကြက်တောင်ပွဲမှာ ဖိုင်နယ်တက်ပြီဆို Sensei က ကိုယ့်မေဂျာက ကိုယ့်ချစ်တဲ့အကိုကို နိုင်အောင်ရိုက်လို့ အမြင်ကတ်ပါတယ်။ အဲဒါဆိုကွင်းဘေးကနေ အသက်ကြီးပြီး ကလေးတွေကိုအနိုင်ကျင့်တယ်တို့ ဘာတို့အော်ပါတယ်။ ခုနက Sensei ကိုကြိုက်တဲ့အမကြီးနဲ့ သူတို့Physics က တဘက်က၊ ကိုယ်တို့အုပ်စုကတဘက်က အပြန်အလှန်စကားလုံးတွေနဲ့ အပြန်အလှန်ထုကြတာပါ။ ဥပမာ ကိုယ်တို့က ကလေးကိုအနိုင်ကျင့်တယ်တို့ အဘိုးကြီးတို့အော်ရင် သူတို့ဘက်က လူကြီးကိုတောင်မနိုင်ဘူးလား၊ အသက်ငယ်ပြီးအားမရှိဘူးတို့ ဘာတို့ပေါ့။ ပြိုင်ပွဲမှာရှုံးရင်ကိုကြီးခမျာ မနားရသေးပါဘူး။ ဘေးနားကနေကြက်တောင်အိတ်တွေကိုင်ပေးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ ကိုယ့်ကိုအမြဲချော့ရပါတယ်။ အဲဒီလိုအားကစားစိတ်ဓါတ်က။ နိုင်ရင်ပြုံးပြုံး ရှုံးရင်မုန်းဆိုတာ။ ပြီးရင်တော့ ကိုယ့် Sensei ကို ကလေးကိုအနိုင်ကျင့်ပြီး နိုင်ထားတာ။ မုန့်လိုက်ကျွေးဆိုပြီး ပြဿနာရှာပါတယ်။

မြန်မာစာနဲ့ကြက်တောင်ရိုက်ရင်တော့ အမြဲရယ်ရပါတယ်။ မြန်မာစာက ယောက်ျားလေးအရှားပါးဆုံး မို့လို့လားတော့မသိဘူး။ အားကစားပွဲတိုင်းမှာ ၀င်ပြိုင်တဲ့သူတွေက ဒီလူတွေချည်းပဲ။ မာစတာကျောင်းသားတွေပါ။ ခင်ဖို့လည်းကောင်း၊ သဘောလည်းကောင်းကြပါတယ်။ ဒါပေမယ့် သိတယ်မလား။ ပြိုင်ပွဲဆိုရင်တော့ ကွင်းထဲရောက်ပြီဆိုတာနဲ့ အပြင်ကနေအော်တာပဲ။ အဲဒီမြန်မာစာအားပေးတဲ့အထဲမှာ ပိန်ပိန်သေးသေးအမတယောက်ပါပါတယ်။ အဲဒီအမက အသံစူးစူးလေးနဲ့ပါ။ အဲဒါကို ကိုယ်တို့ဘက်ကယောက်ျားလေးတွေက မနှဲလေးလို့နာမည်ပြောင်ပေးထားပါတယ်။ အဲဒီအမက ကွင်းထဲကလူတွေကိုအားပေးရင် ကိုယ်တို့ဘက်ကယောက်ျားလေးတွေက ကွင်းထဲကလူတွေကို ပြောရမယ့်အစား သူ့ကိုမနှဲလေးငြိမ်ငြိမ်နေလေလို့ လှမ်းအော်ပါတယ်။ အဲဒါဆို အဲဒီအမကရယ်နေရော။

ကြက်တောင်ပွဲမှာအမှတ်တရတခုကတော့ တခါတုန်းက Botany ကတယောက်နဲ့ ကိုကြီး နဲ့ Single ရိုက်ကြရော။ အဲဒီတယောက်က ခပ်၀၀ပါ။ ဒါပေမယ့် ကြက်တောင်တော့တော်ပါတယ်။ ထုံးစံအတိုင်းပေါ့ ကိုယ်တို့ကအဲဒီတယောက်ကိုယ်တို့ဘက်ရောက်လာရင် အသားကုန်ပြောပါတယ်။ ပြိတ္တာကြီးတို့ဘာတို့အော် ပါတယ်။ သူ့မျက်နှာဆိုတာ မှုန်ကုပ်နေတာပဲ။ တခါအနားရောက်လာတော့ ကိုယ်က ပြိတ္တာကြီး ဖြေးဖြေးခုန်၊ ဗိုက်ထဲကကလေးထွက်ကျဦးမယ်ဆိုတော့ ကိုယ့်နောက်က Physics Queen ကထွက်ကျရင် နင်ကောက်မွေးစားထားပေါ့တဲ့။ ပြုံးစိစိနဲ့ပြောတာပါ။ သူကကိုယ့်သူငယ်ချင်းပါ။ ကိုယ်ကသူဘာလို့ အဲလိုပြောမှန်းမသိဘူး။ နောက်သူပြန်သွားမှ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းပြောပါတယ်။ အဲဒီ ကြက်တောင်ရိုက်နေတဲ့တယောက်က သူ့အကိုအရင်းပါတဲ့။ ကိုယ့်မှာနောက်တခါသူ့ကိုတွေ့မှ တောင်းပန်ရပါတယ်။ ကျောင်းသားအချင်းချင်းဆိုတော့ အားကစားပွဲကကိစ္စကိုစိတ်လည်း မဆိုးကြပါဘူး။

ဘောလီဘောပွဲကတော့ အကြမ်းဆုံးလို့ပြောလို့ရပါတယ်။ ကိုယ့်တို့ဘက်ကအကိုတွေက ကျောင်းသားပီပီသသကစားပါတယ်။ ကိုယ့်မေဂျာမို့လို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလီဘောမှာ နာမည်ကြီးတာကကိုယ်တို့မေဂျာနဲ့ ပထ၀ီမေဂျာပါ။ ကိုယ့်တို့ ဒုတိယနှစ်လောက်မှာ ကျောင်းကိုရောက်လာတာက တိုင်းလက်ရွေးစင်၂ယောက်ပါ။ ဆယ်တန်းအောင်ပြီးပထ၀ီမေဂျာနဲ့ ရောက်လာပါတယ်။ သူတို့ကကိုယ့်ထက်တောင် ၂နှစ် ၃နှစ်အသက်ကြီးတာပါ။ တယောက်ဆို အရန်မြန်မာလက်ရွေးစင်ပါ။ အရပ်ခြောက်ပေရှိပါတယ်။ ကိုယ် ၈တန်းနှစ်ကျောင်းပိတ်တုန်းက ကိုယ့်အဖေသူငယ်ချင်းအားကစားဆရာက ကိုယ်ပျင်းနေလို့ဆို သူ့ရဲ့ဘောလီဘော camp ထဲသွင်းထားဖူးတော့ အဲဒီလူတွေကကိုယ်နဲ့အကုန်ခင်ပါတယ်။ ကိုယ့်ကိုဆို ၀က်ကလေးဆိုပြီး စနေကြ။ ဒါပေမယ့် သူတို့ကအပြင်မှာဘောလီဘောပုတ်တဲ့အပြင်၊ ကိုယ့်တို့အခေါ် စီးပွားရေး တွေပါလိုက်ပုတ်နေကြပါ။ စီးပွားရေးဆိုတာက ပိုက်ဆံကြေးပုတ်တာပါ။ တဖွဲ့မှာ ၃ယောက်၊ တခါတလေ ၂ယောက်ပဲပါပါတယ်။ ကြေးလည်းကြီးပါတယ်။ အဲဒီအပြင်မှာပုတ်တဲ့အကျင့်တွေက ကျောင်းထဲအထိပါလာပြီးတော့ ကျောင်းသားအချင်းချင်းကစားတာပဲဆိုတဲ့ စိတ်ကိုမထားတာပါ။ ရရင်ရသလို ညစ်ပါတယ်။ အမှန်ဆို သူတို့မှန်မှန်ကန်ကန်ဆော့လည်း သူတို့လက်ရည်နဲ့ဆို နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့မေဂျာကလည်း အကိုတွေကအရမ်းကိုဇွဲကောင်းကြတာပါ။ တော်တော်တောင့်ခံနိုင်ကြတော့ သူတို့က မြန်မြန်ပွဲပြီးအောင်ညစ်တာပါ။ အဲဒီဘောလီဘောပွဲကနေ ကိုယ်လည်းအဲဒီ ပထ၀ီက၂ယောက်ကို စကားအရှင်းမပြောတဲ့အဖြစ်ကို ရောက်သွားတာပါ။ ကိုယ့်အကိုတွေကို အနိုင်ကျင်လို့ဆို ကြည့်မရလို့လေ။ ပြီးတော့ ကွင်းအပြင်ကနေ အဲဒီမြန်မာလက်ရွေးစင်ကို အရံဘားနားကလက်ရွေးစင်လားတို့။ (ပုံမှန်က ဘားမားလက်ရွေးစင်လို့ ခေါ်တာပါ။) ဆယ်တန်းကနှစ်ချီဖြေတော့ ကလေးတွေကို အနိုင်ကျင့်လို့ရတာပေါ့ တို့။ အဆင့်အတန်းရှိရှိကစားတို့ အမျိုးစုံအော်တာပါ။ အဲဒီ၂ယောက်လည်း ကိုယ့်ကိုအမြင်ကတ်ရော။ ကိုယ့်တို့အားကစားဆရာနဲ့ပြိုင်တိုင်ပါတယ်။ ဆရာကမဆူဘူးလေ။ ရယ်နေတယ်။ နောက်ဆို တယောက်နဲ့ တယောက်တွေ့ရင် ဟင်းတို့၊ ဟွန်းတို့ ထွီတို့ ထွမ်တို့တွေဖြစ်ကုန်ပါတယ်။ ကိုယ်တို့အတန်းကကောင်မလေး တယောက်ကို အဲဒီမြန်မာ့လက်ရွေးစင်ကလာပတ်တော့ ကိုယ်တို့အားလုံးက ပြန်ကြိုက်ရဲကြိုက်ကြည့်။ နင့်ကို တီချယ်ကြီးကိုပြောပြီး မေဂျာပြောင်းပစ်မယ်တို့။ သံပုံးတီးပြီးနှင်ပစ်မယ်တို့ မျိုးစုံခြိမ်းခြောက်တာ။ အဲဒီတယောက်လည်း ပြန်ကိုမကြိုက်ရဲရှာပါဘူး။ (စိတ်ထဲမှာတော့ ဘယ်လိုရှိမလဲမသိဘူးလေ။)


အခုအချိန်ပြန်တွေးတော့ ဒါတွေအားလုံးက လွမ်းစရာတွေချည်းပါပဲ။ ဖြူစင်တဲ့၊ လွတ်လပ်တဲ့ လူငယ်ဘ၀လေးကိုတကယ်ပြန်လွမ်းမိပါတယ်။ ပြီးတော့ အခုအချိန်တော့ ဘယ်လိုနေမလဲ မသိဘူး။ ကိုယ်တက်ခဲ့တဲ့အချိန်ထိတော့ ကိုယ်တို့ကျောင်းကဆရာ၊ ဆရာမတွေက တပည့်တွေအပေါ်စေတနာ ထားကြပါတယ်။ တချို့လက်တဆုပ်လောက်က ပညာပြတာတို့၊ ရစ်တာတို့ရှိပေမယ့် အများစုက ကောင်းကြပါတယ်။ ကိုယ်ဆိုရန်ကုန်ကသူငယ်ချင်းနဲ့ဆုံရင် အမြဲဂုဏ်ယူရတာပါ။ သူတို့ဆီမှာ ဒီလိုပုံမှန်အားကစားပွဲတို့၊ ကျောင်းသားစင်တင်ပွဲတို့ဆိုတာမရှိဘူးလေ။ (အဲဒီစင်တင်ပွဲအကြောင်းကို နောက်မှသပ်သပ်ထပ်ရေးပါဦးမယ်။) အခုတော့ ဆရာမတွေ၊ အားကစားပွဲတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလွမ်းရင်းနဲ့ပဲ…… ။

5 comments:

လင်းဒီပ said...

ကျောင်းတုန်းက လူငယ်ဘဝ လွတ်လပ်ပျော်ရွှင်မှုတွေက နောက်တခါ ထိကိုင်ဆင်ယင်ခွင့် မရတော့တဲ့ ရတနာတွေလိုပါပဲ ။
လွမ်းကြည့်လိုက်တိုင်း တမ်းတမ်းဆွတ်ဆွတ်...။

ကိုလူထွေး said...

ကိုလင်းက ကျောင်းရှေ့က ဝက်သားတုတ်ထိုးသည်ကြီးကို လွမ်းနေတာထင်ပါ့...

းဝ)

(ကျောင်းတော်ကြီးက stage show ပွဲတွေအကြောင်း ဆက်ပါအုံး။)

လင်းဒီပ said...

ဟာ ပြဿနာ....ဟိုလူကြီး သိသွားပြီ...။
အဲဒီအဒေါ်ကြီးက ကျွန်တော့်ကို အကြွေးရောင်းတယ်ဗျ..:P

kiki said...

ကျောင်းသားဘဝတွေဟာ
ဘယ်တော့မှ မေ့မရတဲ့ ပျော်စရာအကောင်းဆုံး အချိန်လေးတွေပဲနော် ....

Anonymous said...

ကျောင်းသားဘ၀အမှတ်တရ လေးတွေရေးတားတာ လာဖတ်သွားတယ် လူမလေး၊ ကိုယ့်ဘ၀ရဲ့ အမှတ်တရ တွေကို မှတ်တမ်းတင်ထားတာ ကောင်းတယ်၊

ကမာနီလာ