Sunday, March 21, 2010

မိတ်ဆွေသစ်

ကိုယ့်ကိုဂရုစိုက်တဲ့သူတယောက်ရှိတယ်ဆိုတဲ့ အသိကလူတိုင်းကို နွေးထွေးစေလိမ့်မယ်ထင်ပါတယ်။ ကိုယ်လည်း အခုအဲဒီလိုခံစားရပါတယ်။ ကိုယ့်ကိုကျောင်းမှာ Sweet Girl ၊ Sweet Smile ဆိုပြီး ချီးကျူးကြပါတယ်။ (ကြွားတာမဟုတ်ပါ) ကိုယ်တို့ကျောင်းက PhD အတန်းမှာ Michael ဆိုတဲ့ အာဖရိကန် တယောက်ရှိပါတယ်။ တခြား PhD တွေက Teaching Assistant လုပ်ရတော့ ကိုယ်တို့နဲ့ခင်ပါတယ်။ သူတို့ဆီသွားပြီး စာမေးရတဲ့အတွက် တွေ့ရတာတွေရှိပါတယ်။ ဒါပေမယ့် အဲဒီအတန်းပြီးသွားရင်တော့ လမ်းတွေ့ရင်ပြုံးပြရုံ၊ စကားတခွန်းနှစ်ခွန်းပြောရုံအပြင်မပိုပါဘူး။ အဲဒီ Michael ကျတော့ကိုယ်တို့ အတန်းကို တခါမှစာမသင်ရဘူးပါဘူး။ ဒါပေမယ့် ကိုယ်တို့နဲ့တွေ့တိုင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၊ ကိုယ်တို့ရဲ့စာတွေအကြောင်း၊ ကိုယ်ထွက်မယ့်ခရီးစဉ်တွေအကြောင်းကအစ အားလပ်ရက်ဘာလုပ်မှာလဲ ဆိုတာမျိုးကအစ ဂရုတစိုက်မေးပြီး နားထောင်တတ်ပါတယ်။ ကိုယ့်ကိုလည်း နင့်အပြုံးကိုမြင်ရတာ ငါ့စိတ်ထဲမှာ အရမ်းနွေးထွေးတာပဲ တဲ့။ ငါတခါတလေစိတ်ပင်ပန်းနေတဲ့အချိန်တောင် နင့်ကိုတွေ့လို့ နင်အဲဒီလိုပြုံးလိုက်ရင် ငါအမောပြေသလိုပဲတဲ့။ သူကိုယ်တိုင်ကလည်း တကယ်တော့ လူတိုင်းကိုပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတတ်သူပါ။ အဲဒီတော့ ကိုယ်ကလည်း သူ့ကိုတွေ့တိုင်း ဘာအရိပ်မှမပါတဲ့ အပြုံးသန့်သန့်နဲ့ပြုံးဖြစ်ခဲ့တယ်ထင်ပါတယ်။ ပြီးခဲ့တဲ့တပါတ်နှစ်ပါတ်လောက်ကတော့ ကိုယ်ကျောင်းမှာသိပ်မရှိခဲ့ပါဘူး။ စာတွေများနေတာကြောင့် အတန်းပြီးတာနဲ့အိမ်ပြန်ပြေးပါတယ်။ တချို့အတန်းတွေဆို တက်တောင်မတက်ဖြစ်ပါဘူး။ ကျောင်းမှာလုပ်တဲ့ ဆွေးနွေးပွဲတွေဆို မရောက်တာကြာလှပေါ့။ ကင်တင်းလည်းကိုယ်က သိပ်မသွားတော့ လူတွေကိုယ့်ကို ကင်တင်းမှာမြင်ရခဲပါတယ်။ အဲဒါနဲ့ တရက် Michael ကအီးမေးပို့လာပါတယ်။ ဟေမာ နင့်ကိုငါကျောင်းမှာ မတွေ့ဘူး။ ဒီတပါတ်လုံးလုံး နင့်အပြုံးကို မမြင်ရဘူး။ နင်အဆင်ပြေရဲ့လား တဲ့။


ကိုယ်နဲ့အမြဲတွဲနေတဲ့သူငယ်ချင်းတွေတောင် အခုအချိန်မှာ အရမ်းအလုပ်ရှုပ်နေကြတော့ ကိုယ့်ကို တပါတ်မမြင်လည်း အီးမေးပို့မမေးကြပါဘူး။ အခုလိုကိုယ့်ကိုဂရုစိုက်တဲ့သူတယောက်ရှိတယ်ဆိုတာ ကိုယ့်ကိုစိတ်ချမ်းသာစေပါတယ်။ ပြီးတော့ သူကကိုယ့်အပေါ်ရိုးသားတယ်ဆိုတာလည်း ကိုယ်သိနေတော့ သူ့ဆီကဒီလိုအပြောကို ပိုတန်ဖိုးထားမိပါတယ်။ ပြီးတော့သူနဲ့ကိုယ်ဟာ မေးပို့နေကျလူတွေမဟုတ်တော့ ကိုယ့်မေးကိုရဖို့အတွက် သူကျောင်း system ထဲမှာဝင်ရှာရမှာပါ။ ကိုယ့်ကိုမေးပို့အတွက် သူအဲဒီလို ဒုက္ခခံ တယ်ဆိုတော့ ကိုယ်သူ့ကိုကျေးဇူးအရမ်းတင်မိပါတယ်။

အဲဒါနဲ့ကိုယ်လည်း ကိုယ့်အတန်းတခုအတွက် ကိုယ်ပြင်ဆင်နေတာအဆင်မပြေလို့ ကိုယ် stress ရနေကြောင်း၊ ကျောင်းကိုသိပ်မလာဖြစ်ကြောင်းတွေပြောလိုက်တော့ သူကချက်ချင်းမေးပြန်ပို့ပါတယ်။ ကိုယ် Stress ရနေတယ်ဆိုလို့သူလည်းမပျော်နိုင်ပါတဲ့။ သူလုပ်ပေးနိုင်တာကို သူ့ကိုပြောဖို့၊ နောက်ဆုံးနှစ်ဝက်ဖြစ်တာကြောင့် လက်မလျှော့လိုက်ဖို့၊ အားတင်းထားဖို့တွေပေါ့။ ပြီးတော့ ကိုယ်အခုယူထားတဲ့ တချို့ဘာသာရပ်တွေဆို သူ့အတွက်တောင်သိပ်ခက်ခဲနေတာကို ကိုယ်ကယူထားတော့ ကိုယ့်ကိုအထင်ကြီးတဲ့အကြောင်း၊ ကိုယ်ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်ဆိုတာ သေချာပါတယ်တဲ့။ ဘာပဲပြောပြောလေ ကိုယ့်အတွက်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်ပြောချင်တာကို ပြောလိုက်ရလို့ စိတ်ကျေနပ်သွားသလို ကိုယ့်ကိုဒီလိုအချိန်မှာဂရုတစိုက်မေးပို့လာတဲ့သူ့ကို တော်တော်ကျေးဇူးတင်သွား တာပါ။ သူအရင်တုန်းက ကိုယ့်ကိုတွေ့ရင် ၀မ်းသာတဲ့အကြောင်းပြောခဲ့တုန်းက ကိုယ်ကပဋိသဒ္ဓါရ စကားပြောခဲ့တယ်လို့ထင်ခဲ့တာပါ။ တချို့တချို့လူတွေလို ရင်ထဲကမပါဘဲ ပါးစပ်ကနေ စိတ်ပူတဲ့အကြောင်းပြောတတ်တဲ့သူတွေစာရင်းထဲ သူ့ကိုထည့်ခဲ့မိတာပါ။ အခုလို တကူးတကအီးမေးပို့၊ သူကူညီနိုင်တာဆိုကူညီမယ့်အကြောင်းပြောလာမှပဲ သူအမှန်တကယ်ကိုယ့်ကိုစေတနာထား၊ ခင်မင်မှန်း ကိုယ်သိလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ခင်မင်စရာ မိတ်ဆွေစစ်တယောက်တိုးလာတဲ့အတွက်ကိုယ်အခု အရမ်းဝမ်းသာနေပါတယ်။

6 comments:

ကိုလူထွေး said...

မိုက်ကယ်ကြီးက လွမ်းနေပါသတဲ့...


းဝ)

လင်းဒီပ said...

မိတ်ဆွေသစ်တစ်ယောက်တိုးတဲ့ အထိမ်းအမှတ် မေ့သမီးက ဘလောဂ်ဂါအားလုံးကို ပန်နီဆူးလားမှာ မုန့်လိုက်ကျွေးချင်လို့တဲ့ ။
(သူရေးဖို့ ကျန်ခဲ့လို့ ထပ်ဖြည့်တာ ။ :P)

မေ့သမီး said...

ဟ ဟ ကိုလင်း နောက်ကျသွားပါပြီ။ အခုပဲ ပင်နီဆူလားက မုန့်စားပြီးပြန်လာတာပါ။ :D
ကိုလူထွင်းကြီးနော် လာမစနဲ့။ သူတို့နှစ်ပတ်လည်ဆိုတော့ ပျော်နေတယ်ဟုတ်။ ဘာကျွေးမှာလဲ။

ဒူကဘာ said...

မေ့သမီး တို့များ ၁လ၊၂လ လောက် မအားလို့ လာမကြည့်ပဲ လွှတ်ထားပေးတာနဲ့ အိုဘားမားညီတွေ ဘုန်းတော်ဘွဲ့တွေ တမ်းချင်းတွေ လုပ်ချ လိုက်ပြန်ပြီ၊ ငါ ပုသိမ်က နင့်ဂျီးတော်နဲ့ တိုင်လိုက်ရ မလား?၊ အောင်မယ် သူက ခြံကျော်ပြီး ဂဲ ပစ်ချင်သေးတယ်၊ လဘက်ရည်ကို အပိုရတဲ့ ကုလားဆိုင်မှာ ဝယ်ချင်နေတာ မသိတာကျလို့၊ သတိထား....ဟွန့် .... နာမယ်။

Vista said...

ဟိဟိ အဆူခံရပီ
မိတ်ဆွေကောင်းရတာ ဝမ်းသာပါတယ် ရှားပါးပစ္စည်းပါပဲ

မေဓာဝီ said...

ညီမလေးရေ ... stress တွေ များနေလား။ အမရောပဲ တခါတခါ အဲလိုဖြစ်တယ်။ ကိုယ်စိတ်ဖိစီးမှုနဲ့ ကြုံတဲ့အခါ မိတ်ဆွေတယောက်ရဲ့ ကြင်နာတဲ့ စကားလေးတခုပဲဖြစ်ဖြစ် အားဆေးတခွက်လိုပဲနော်။ အဆင်ပြေပါစေ ညီမရေ ...။