Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Wednesday, March 10, 2010

ကျောင်းစင်တင်ပွဲ

ကိုလူထွင်းကအားပေးလို့ ဆက်ရေးလိုက်ဦးမယ်။ (အမှန်တော့ကိုယ့်ဘာသာ ကိုယ်ရေးချင်နေတာပါ။) J

ကိုယ်တို့ပုသိမ်တက္ကသိုလ်မှာ နှစ်စဉ်စင်တင်ပွဲလို့အလွယ်ခေါ်တဲ့ပွဲကို နှစ်တိုင်းဖေဖော်ဝါရီလမှာ ကျင်းပပါတယ်။ (ကိုယ်ကျောင်းထွက်ပြီး နောက်တနှစ်မှာပွဲမဖြစ်ဘူးလို့ပြောပါတယ်။ အခုတော့ မသိပါ။) နေ့ခင်းဘက်မှာကျောင်းရှေ့ကကွင်းပြင်မှာ ဆိုင်ခန်းလေးတွေခင်းထားပြီး မေဂျာအလိုက်မုန့်တွေရောင်းပါတယ်။ အဓိကကတော့ ဌာနတခုချင်းစီအတွက် ရန်ပုံငွေပါ။ ကျောင်းသား ကော်မတီတွေနဲ့ဆရာတွေက ဦးဆောင်ရပါတယ်။ လက်မှတ်တွေကိုတော့ ကြိုပြီး ကျောင်းသားတယောက်ဘယ်နှစောင်နှုန်းနဲ့ ၀ယ်ရပါတယ်။ အဝေးသင်လာတက်ပြီး အဲဒီရက်ကျောင်းမှာမရှိနိုင်တဲ့ကျောင်းသားတွေအတွက် ဒီလက်မှတ်တွေဝယ်ရတာ အပိုကုန်တာ၊ စိတ်ညစ်စရာဖြစ်ရင်ဖြစ်မှာပါ။ တချို့နေ့ကျောင်းသားတွေအတွက်လည်း အပြင်မှာနည်းနည်းဝယ်စားလိုက်ရတဲ့ဟာကို လက်မှတ်နဲ့မ၀ယ်မဖြစ်ဝယ်ရတော့ စိတ်တိုချင်တိုကြမှာပါ။ ကိုယ်တို့ကတော့ မေဂျာကလက်မှတ် ၃၊ ၄စောင်ဝယ်၊ ပြီးရင် ၂စောင်လောက်ချန်ထားပြီး တခြားမေဂျာကသူငယ်ချင်းတွေဆီက လက်မှတ်နဲ့လဲ။ ပွဲနေ့၂ရက်မှာ ဆိုင်ခန်းတိုင်းကို လည်ပတ်ပြီး မုန့်စားတာပါ။ တက္ကသိုလ်ကလုပ်တဲ့ ရန်ပုံငွေဈေးပွဲတော်ဆိုတော့လည်း အရေအတွက်နည်းရင်တောင် အရသာတော့ကောင်းပါတယ်။ ကိုယ်ကတော့ တဆိုင်ပြီးတဆိုင်မုန့်လျှောက်စား၊ သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်၊ ဟိုမေဂျာမှာဗရုတ်ကျ ဒီမေဂျာမှာဗရုတ်ကျလုပ်ရတာ ပျော်တာပဲ။

ညဘက်ရောက်ပြီဆိုရင်တော့ မေဂျာအလိုက်ဖျော်ဖြေတင်ဆက်မှုတွေရှိပါတယ်။ မေဂျာတွေအများကြီး၊ စင်ပေါ်တက်ချင်တဲ့သူကလည်းများတော့ မေဂျာအလိုက်ဆန်ခါတင်အရင်ရွေးရပါတယ်။ သီချင်းဆိုဖို့ဆို မြန်မာသံဘယ်နှစ်ယောက်၊ ခေတ်ပေါ်ဘယ်နှစ်ယောက်ပေါ့။ ပြဇာတ်တို့၊ အော်ပရာတို့က မိနစ် ၄၀ထက် ကျော်လို့မရပါဘူး။ ပွဲက ၂ရက်လုပ်ပေမယ့် ညဘက် ၈နာရီလောက်ပွဲစပြီး ၂ချက်တီးလောက်ဆို သိမ်းရပါပြီ။ ပရိသတ်က ကျောင်းသားတွေပဲဆိုတော့ ဇာတ်လမ်းတွေကလည်း ကျောင်းနဲ့သက်ဆိုင်တာတွေ၊ ကျောင်းသားတွေသိတဲ့ ပျက်လုံးတွေပဲများတာပါ။ မကခင်အစောကြီးကတည်းက ကိုယ့်မေဂျာကကမယ့် ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ပါမောက္ခကတဆင့် ပါချုပ်ဆီတင်ရပါတယ်။ ဟာသတွေဘာတွေဆို အရမ်းလွန်သွားမှာစိုးလို့ပါ။ ဒါပေမယ့်သိတယ့်အတိုင်းပါပဲ။ ကျောင်းသားတွေဆိုတော့ တင်တဲ့ဇာတ်ညွှန်းတုန်းကတော့ချောလို့။ တကယ်လည်းကရော ဇာတ်ညွှန်းထဲမပါတာတွေပြောတာပဲ။ အထူးသဖြင့်ကိုယ်တို့ကျောင်းကဘူမိဗေဒမှာနာမည်ကြီးတဲ့ တပည့်တွေနဲ့ဝိုင်းဖွဲ့တတ်တဲ့ ဆရာငယ်ငယ်လေး အကြောင်း၊ ဘူမိကပဲ စာမေးပွဲခန်းစောင့်ရင် ခိုးချတာကိုအသားကုန်နှိပ်ကွပ်တတ်တဲ့ ဆရာတယောက်အကြောင်း၊ ကိုယ်တို့အင်္ဂလိပ်စာက နာမည်ကြီး ဆရာခပ်နွဲ့နွဲ့အကြောင်း၊ အတန်းမတက်ပဲ မလေးရှားတောထဲရောက်သွားတတ်တဲ့အတွဲတွေအကြောင်း အကုန်စုံလို့ပဲ။ စင်ပေါ်မှာပြောနေပြီဆိုတော့လည်း ဆရာတွေလည်းဘာမှမတတ်နိုင်ပါဘူး။ ချစ်ဖို့အကောင်းဆုံးကတော့ ဘူမိပါမောက္ခပါ။ သူ့တပည့်တွေဇာတ်ညွှန်းကိုသူကတာဝန်ယူပါတယ်။ ပြီးရင် တပည့်တွေက စင်ပေါ်မှာပြောချင်တာတွေပြောပါတယ်။ တီချယ်ကြီးကပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့။ အဲမော်ကွန်းထိန်းဆူရင် သူပဲအဆူခံပါတယ်။ တပည့်တွေကိုတော့ ဘာမှမပြောတာပါ။

ကိုယ်ဒုတိယနှစ်ရောက်တော့ ကိုယ်တို့အတန်းနဲ့ ရှေ့ကစီနီယာအတန်းနဲ့ပေါင်းပြီး ဘာကကြရင်ကောင်းမလဲ ခေါင်းစားကြပါတယ်။ ဖေဖော်ဝါရီလဆိုတော့ စာမေးပွဲဖြေဖို့တလလောက်ပဲလိုတော့တာဆိုတော့ တချို့စာကြမ်းပိုးသူငယ်ချင်းတွေက၀င်မပါချင်ဘူး။ တိုက်ရပြုရနဲ့အလုပ်ရှုပ်တာကို။ တချို့ မိန်းကလေးတွေကျတော့လည်းကရမှာရှက်ပါတယ်။ ကိုယ်တို့မေဂျာက အချောအလှပေါလို့နာမည်ကြီးပါတယ်။ ဒါပေမယ့် စင်ပေါ်ကျဘယ်သူမှမတက်ချင်ကြဘူးလေ။ ကိုယ်တို့လို ဗရုသုတ်ခလုပ်ဖို့လောက်စိတ်ကူးနေတဲ့သူတွေပဲ တာဝန်ကျရော။ အဲဒါနဲ့ ကိုယ်တို့စီနီယာတန်းရယ် ကိုယ်တို့အဖွဲ့ရယ်ပေါင်းပြီး အဲဒီတုန်းကခေတ်စားနေတယ် ငါ့သမီးစာကျက်နေတယ် သီချင်းကို တေးသရုပ်ဖော်လုပ်ဖို့တိုင်ပင်ကြပါတယ်။ စင်တင်ပွဲဆိုရင် ယောက်ျားလေးတွေက မိန်းမလိုဝတ်ပြီး ကတာနှစ်တိုင်းပါနေတော့ ငါတို့ပြောင်းပြန်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယောက်ျားလေးနေရာကနေခိုင်းပါတယ်။ စီနီယာတန်းကနည်းနည်းခပ်နွဲ့နွဲ့ အကိုတယောက်ကိုမိန်းကလေးလုပ်ခိုင်းပါတယ်။ သူ့နာမည်က ဒါဒါတဲ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဖေလုပ်တဲ့သူရယ်၊ ကိုယ်နဲ့ယောက်ျားလေးသူငယ်ချင်းလုပ်ပေးတဲ့သူတွေ ရယ်ပါ။

ကမယ့်နေ့လည်းရောက်ရော ကိုယ်တို့မတိုင်ခင် Chemistry မေဂျာကအဖွဲ့ သီတာဒေ၀ီကြင်ရာရွေးတဲ့အခန်း ကိုဟာသလုပ်ကပါတယ်။ အဲဒီမှာအတိုင်းတိုင်းအပြည်ပြည်ကမင်းသားတွေလာတယ်ပေါ့။ လေးတင်တာမအောင်မြင်တဲ့ပုံကို ဟာသသရုပ်ဖော်ထားတာပါ။ တရုတ်ပြည်ကမင်းသားက လေးတင်လို့လည်း မရရော သူ့ရဲ့ဝက်သားခုတ်တဲ့ဓါးမကြီးကိုမြှောက်ပြီး သီတာဒေ၀ီမရလည်း ဒီတိုင်းတော့မပြန်ဘူး။ ဒီပုသိမ်တက္ကသိုလ်ပွဲမှာ ယောက်ျားတွေကမိန်းမလုပ်ကြတယ်။ အဲဒီတော့ သူတို့ရဲ့အပိုဖြစ်နေတဲ့ဟာတွေကို ဖြတ်ယူသွားမယ်တဲ့။ အဲဒါနဲ့ ကိုယ်တို့အဖွဲ့ကတင်းရော။ အဲဒါနဲ့ ကိုယ်တို့အလှည့်ကျရင် အဲဒီကောင်ကိုဘယ်လိုပြန်ဖဲ့မလဲတိုင်ပင်ကြတယ်။ အဲဒါနဲ့ကိုယ်တို့အလှည့်မှာ တေးသရုပ်ဖော်မလုပ်ခင် ကိုယ်နဲ့ကိုယ့်ရည်းစား ဒါဒါနဲ့က ချစ်သူသဘာဝ ကျူတာပေါ့။ အဲဒီအထဲမှာပေါက်ကရတွေထည့်ပြောတာလေ။ ဒါဒါက ကိုယ့်ကိုဘူမိကအဖွဲ့တွေ ဖဲရှုံးရင် ကင်မလင်းကျွန်းအပေါင်ဆိုင်ကိုသွားတာ သူတို့နဲ့မပေါင်းရဘူးတို့၊ ကျောင်းကင်တင်းအလယ်ဆိုင်က ဆက်ဆံရေးညံ့လို့မစားဘူးတို့။ အမှန်တွေပြောတာပေါ့။ အဲဒါပြောရင်းနဲ့ ဒါဒါက ကိုနော် သတိလည်းထားနေဦး။ ခုနက Chemistry ကတရုတ်ကြီးက ၀က်အူချောင်းစားချင်လို့ဆိုပြီး ကျောင်းထဲကယောက်ျားလေးတွေကို အတင်းလိုက်ဖြတ်နေတယ်။ ကိုပါပါသွားဦးမယ်တဲ့။ အဲဒါကို အောက်ကတရုတ်ကြီးက ကိုယ်တို့က လက်သီးဆုပ်ပြတယ်လေ။ နောက်ကျတော့ ညဘက်ကောင်မလေးအိမ်ရှေ့ဂစ်တာသွားတီးတယ်ပေါ့။ အဲဒီမှာ အဓိကဇာတ်ဆောင်အဖေက ဂစ်တာတီးတဲ့ကောင်တွေကို တင်းပြီး ဖုန်းဆက်လိုက်ရမလားတွေဘာတွေထပြောလိုက်၊ ထိုင်ခုံမှာထိုင်ချလိုက်လုပ်ပြီး သရုပ်ဆောင်နေတော့ အောက်ကလူတွေဆိုတာ ရယ်နေတာတအုန်းအုန်း။ နောက်ကိုယ်တို့အောက်ဆင်းလာတော့မှ စီနီယာတွေကပြောတာ အဖေလုပ်တဲ့သူငယ်ချင်းက ထိုင်ချလိုက်ရင် ပုဆိုးကတိုတော့ အောက်စလွတ်လွတ်သွားတာတဲ့။ ကိုယ်တို့ကစင်ပေါ်ကဆိုတော့ ဘာမှမသိဘူးလေ။ အကိုတွေက တော်သေးတာပေါ့။ ဘောင်းဘီတိုပါလို့ဆိုရယ်နေကြတာ။ ဟိုတယောက်လည်း ရှက်ပေမယ့် မတတ်နိုင်တော့ဘူး။ သူများတွေက ကိုယ်တို့အဖွဲ့ရယ်ရအောင် တမင်သက်သက်လုပ်တယ်ထင်တာ တကယ်တော့ မဟုတ်ပါဘူး။

မေဂျာအားလုံးထဲမှာ မြန်မာစာကတော့ အမြဲတမ်းအတည်ကြီးတွေလုပ်တတ်တယ်။ ဘယ်တော့မှဟာသမဟုတ်ဘူး။ ပြဇာတ်ကို အမှန်တကယ်သရုပ်ဆောင်တာ။ အဲဒီတုန်းက ကျန်စစ်မင်းတို့ဘာတို့အပြင်မှာ ရုပ်ရှင်တွေဘာတွေခေတ်မစားသေးဘူး။ သူတို့မြန်မာစာ ကျန်စစ်သားပြဇာတ်ခင်းပြီး ဘယ်လက်က အ၀တ်အစားပေးပြီး ညာလက်က အစားအစာပေးမယ်ဆိုလားလုပ်နေတာ။ အဲဒီကျန်စစ်သားကတဲ့အကိုကြီးက ချောတော့ချောပါတယ်။ အရမ်းတည်တယ်။ ကိုယ်တို့ကသူ့ကိုပွဲပြီးကတည်းကတွေ့ရင် နာမည်မခေါ်ဘူး။ ကျန်စစ်သားပဲ။ သူတို့မြန်မာစာကထုံးစံအတိုင်းဘာလုပ်လုပ် မာစတာသမားတွေပဲလုပ်တာဆိုတော့ အဲဒီစင်တင်ပွဲကလည်း မာစတာကျောင်းသားတွေပဲဦးစီးတာ။ မင်းသမီးဆိုလည်း သူတို့မြန်မာစာ မာစတာတန်းက အချောအလှအမကြီးတွေကို မင်းသမီးဝတ်စုံအစစ်တွေဝတ်ပေးပြီး သရုပ်ဆောင်ခိုင်းတာ။ ကိုယ်တို့ကတော့ မရယ်ရရင်ပျင်းတယ်လေ။ မြန်မာစာအဖွဲ့ကတဲ့ မိနစ် ၄၀၊ ၁နာရီက ကိုယ်တို့မုန့်ထွက်စား၊ လမ်းလျှောက်တဲ့အချိန်။ ကိုယ်တို့နောက်ဆုံးနှစ်မှာ ကိုယ်တို့အဖွဲ့ကဘာမှမလုပ်ပဲငြိမ်ငြိမ်လေးပဲနေဖြစ်တယ်။ သူများတွေကတာဆိုတာတွေကြည့်ပေါ့။ အဲဒီနှစ် ဒုတိယနေ့မှာBotany ကကောင်မလေးသီချင်းဆိုနေတုန်း စင်ရှေ့မှာရုတ်ရုတ်ရုတ်ရုတ်ထဖြစ်တော့ ကိုယ်တို့လည်း ရန်ဖြစ်ပြီလားလို့။ နောက်မှလူတွေက လှည့်ပြေးကြတာ မီးရောင်မြင်လို့။ မီးကလည်း ကျောင်းအပြင်ကမြန်မာစာပါမောက္ခ ၂ယောက်ထဲက တယောက်ရဲ့အိမ်ကိုလောင်တာပါ။ အဲဒီတအိမ်တည်းလောင်ပြီး ငြိမ်းသွားပါတယ်။ ကိုယ့်မှာတော့ အဆောင်က သူငယ်ချင်းတွေအားလုံးက အဆောင်ကိုပြန်ပြေးကြတာ လူတွေကြားထဲ ညပ်နေမှာကြောက်လို့ ဘေးကပ်ကျန်ခဲ့ရင်းက စင်ရှေ့မှာတယောက်တည်း ကျန်ခဲ့ပါတယ်။ နောက်မှာ သင်္ချာက မျက်မှန်းတန်းမိနေတဲ့ ကောင်လေးတယောက်လာခေါ်လို့ သူနဲ့မီးလောင်တဲ့နေရာသွားကြည့်ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့ပဲအိမ်လိုက်ပို့ပေးကြပါတယ်။

အဲဒီမီးပြဿနာဘယ်လိုငြိမ်းသွားတယ်ဆိုတာ မသိလိုက်ပေမယ့် ကိုယ်တို့အားလုံးကတော့ ရှို့မီးဖြစ်မှာပဲလို့ ကောက်ချက်ချကြပါတယ်။ အမြင်ကပ်ကပ်နဲ့ပါ။ သူတို့ဘာသာ သူတို့မြန်မာစာမေဂျာမို့လို့ မျိုးချစ်စိတ်အကြောင်းတို့၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း ကတာပြောစရာမရှိပေမယ့် အဲဒီနေ့က သူတို့ကတဲ့ပြဇာတ်က အိန္ဒယအနွယ်ဝင်တွေကို ဆန့်ကျင်ရေးဇာတ်ပါ။ အဲဒီတုန်းကဘယ်ဆရာတော်ထုတ်တဲ့ စာအုပ်ထဲမှာလည်းမသိဘူးပါပါတယ်။ လက်ဘက်ရည်ရောင်းတဲ့ဆိုင်ချင်းအတူတူ မြန်မာဆိုင်မှာမ၀ယ်ဘဲ အပိုရတဲ့ကုလားဆိုင်မှာဝယ်တာ နောက်ဆုံးသမီးပါပေးလိုက်ရတဲ့ဇာတ်ပါ။ အကုန်လည်းမမှတ်မိတော့ပါဘူး။ မြန်မာတွေကကိုယ့်လူမျိုးကိုယ်ချစ်ရမယ်။ မဟုတ်ရင် လူမျိုးပျောက်ကုန်မယ်ဘာညာပေါ့။ ကိုယ်ဘယ်သူ့ကိုမှ မစော်ကားချင်ပါဘူး။ ကိုယ့်လူမျိုးကိုယ်ချစ်လို့ပြောချင်ရင် တရုတ်ပါထည့်ပြောလေ။ (တကယ်လို့ တရုတ်ဆန့်ကျင်ရေးပြဇာတ်သာကရင် တမြို့လုံးတောင်ဝိုင်းဆဲဦးမယ်။ ပုသိမ်က သုံးပုံတပုံလောက်က တရုတ်စပ်တွေပါ။) အခုတော့သက်သက် ကုလားမကောင်းကြောင်းပြောတာ။ ကုလားမကောင်းကြောင်းပြော ရအောင် ဒါဝံသာနုအစည်းအရုံးမဟုတ်ဘူး။ တက္ကသိုလ်လေ။ အရွယ်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း တက်လို့ရတဲ့ကျောင်းလေ။ တရုတ်၊ ကုလားခွဲခြားရေးနယ်မြေ မဟုတ်ဘူး။ သူတို့ကအဲဒီဇာတ်ကတော့ ကျောင်းကကုလားလူမျိုးကျောင်းသားတွေက ဘယ်လိုခံစားရမလဲ။ ကိုယ်တို့အဖွဲ့လည်း အဲဒီမြန်မာစာပါမောက္ခအိမ်မီးလောင်တော့ မသနားပဲ ကိုယ်တို့ပါဝိုင်းမေတ္တာပို့ပေး လိုက်တယ်။ အဲဒီအဆက်ကတော့ နောင်နှစ်စင်တင်ပွဲမရှိတော့တာပဲ။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းတက်နေတုန်းမှာ ကိုယ်တို့ရဲ့ကျောင်းတက်ရက်ကလေးတွေကို အမှတ်တရဖြစ်စေခဲ့တဲ့ အားကစားပွဲတွေ၊ စင်တင်ပွဲတွေရှိတာကို သဘောကျတယ်။ ပျော်စရာဖြစ်သလို၊ ကျောင်းသားတွေစည်းစည်း လုံးလုံးအလုပ်လုပ်ကြတာကို ပြတဲ့သက်သေလည်းဖြစ်တယ်။ အခုတော့ တနေ့တနေ့ ကျောင်းသွား၊ သင်တဲ့စာကိုဘာမှမတွေးဘဲကျက်၊ အချိန်တန်တော့ဘွဲ့ရ။ နောက်တချိန်ကျရင် ဒီကလေးတွေ ကျောင်းကိုတောင်လွမ်းတတ်ပါ့မလားပဲ။

Sunday, March 7, 2010

ကျောင်းအားကစားပွဲ

ဒီနေ့ညနေကိုယ်တို့နေတဲ့ခြံဝင်းထဲမှာ အားကစားပွဲရှိပါတယ်။ ဘောလီဘော၊ ကြက်တောင်၊ ခရစ်ကက်၊ ဘတ်စကတ်ဘော၊ တော်တော်များများပါပါတယ်။ ကျောင်းသားတွေအဖွဲ့တဖွဲ့ကို ၆ယောက်ဖွဲ့ရပါတယ်။ တဖွဲ့မှာ အနည်းဆုံးမိန်းကလေးတယောက်ပါရမယ်။ ပြီးတော့ပြိုင်ပွဲတိုင်းကို အဖွဲ့တိုင်းက၀င်ပြိုင်ရမှာပါ။ တပွဲချင်းစီမှာရတဲ့အမှတ်တွေကိုပေါင်းပြီး အမှတ်အများဆုံးရတဲ့အဖွဲ့ကိုဆုပေးမှာပါ။ ကိုယ်ဝင်ပြိုင်ချင်စိတ်ရော၊ ဘေးကအားပေးချင်စိတ်ရော ကုန်ခမ်းနေလို့ သွားဖြစ်ဖို့ကမသေချာပါ။ ခြံဝင်းထဲမှာတင်ဆိုတော့ အသံတွေကြားနေရမှာတော့အသေအချာ။ အရင်ကလို တက်တက်ကြွကြွမရှိလှတော့ သွားရမှာကို ပျင်းနေမိပါတယ်။


အားကစားပွဲလုပ်မယ်ဆိုတော့ ကိုယ်တို့ပုသိမ်တက္ကသိုလ်က ရာသီအလိုက်လုပ်ခဲ့တဲ့အားကစားပွဲတွေကို ပြန်လွမ်းနေမိပါတယ်။ မိုးတွင်း ဇွန်လကနေ အောက်တိုဘာစာမေးပွဲမဖြေခင်အထိမှာ ဘောလုံးပွဲ၊ Chess ၊ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်ပွဲရှိပါတယ်။ ဒီဇင်ဘာကျောင်းဖွင့်ချိန်ကနေ မတ်လစာမေးပွဲဖြေတဲ့အချိန်ထိက ပိုက်ကျော်ခြင်းနဲ့ ဘောလီဘောပွဲရှိပါတယ်။ ကိုယ်အကြိုက်ဆုံးနဲ့ လူအစည်ကားဆုံးပွဲတွေက ကြက်တောင်ပွဲနဲ့ ဘောလီဘောပွဲပါ။ ကိုယ်တို့အင်္ဂလိပ်စာမေဂျာမှာက များသောအားဖြင့် ယောက်ျားလေးသန်သန်မာမာဆိုတာ နည်းပါတယ်။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားတယ်ပေါ့။ အဲဒီတော့ ဘောလုံးပွဲဆိုလည်း ကိုယ်တို့မေဂျာကပွဲအစ ၂ပွဲလောက်ကန်ပြီးရင်ထွက်ရပြီ။ Chess ကျတော့လည်း သိပ်နာမည်ကြီးတဲ့သူမရှိ။ ကိုယ်ဆိုတခါတုန်းက တီချယ်ကြီးက လူမရှိဘူး။ နင်အားကစားကော်မတီခေါင်းဆောင်ဖြစ်ပြီး ဘာမှလည်းမလုပ်ဘူး။ Chess သွားထိုး တီရှပ်ပေးမယ်ဆိုလို့ Chess သွားထိုးပါတယ်။ ပထမဆုံးနေ့မှာကိုယ်နဲ့ပြိုင်ထိုးရမယ့် တယောက်ကသင်္ချာမေဂျာကပါ။ ကိုယ်ထိုးမယ်ဆိုတော့ ၉၉အတန်းက ကိုကြီးရွှေဂဲကိုမေးပါတယ်။ အဲဒီအမလက်ရည် ဘယ်လိုရှိလဲပေါ့။ သူက အေးဆေးပါတဲ့။ ဘာမှမတတ်ပါဘူးဆိုပဲ။ အဲဒီတော့ကိုယ်လည်း အားတက်သွားပါတယ်။ ပွဲစခရာလည်း မှုတ်ရော၊ သူတကွက်ရွှေ့ပါတယ်။ ကိုယ်လည်းတကွက်ရွှေ့လိုက်တယ်။ ၂ကွက်ရွှေ့ပြီးတော့ ကိုယ့်ဘုရင်ကြီးကို သူက ချက်ထားရော။ ကိုယ်လည်း ထွက်စရာအပေါက်မတွေ့တော့ဘူး။ အရှုံးပေးလိုက်ရတယ်။ ဘေးက တချို့ဝိုင်းတွေက စတောင်မစရသေးဘူး။ အဲဒီအမက ကိုယ့်ကိုကြည့်ပြီးရယ်ပါတယ်။ မနူးမနပ်ကလေးပေါ့လေ။ နောက်မှကိုယ်ပြန်သိရတာက အဲဒီအမကပွဲတိုင်းပြိုင်နေကျ၊ ဆုတွေဘာတွေလည်းရတယ်တဲ့။ ကိုယ်နဲ့ဆို ဘယ်လိုမှလက်ရည်ချင်းမတူတာ။ အဲဒါကိုပြောလိုက်ရင် စိတ်ဓါတ်ကျမှာစိုးလို့ ကိုရွှေဂဲက ညာပြောတာကိုယ့်ကို။ ဒါပေမယ့် အဲလိုညာပြောလိုက်လို့ ကိုယ်ကပြိုင်ဘက်ကို လျှော့တွက်လိုက်မိတယ်ဆိုတာ တော့ သူမသိလိုက်ဘူး။ ဟိ ကိုယ်ကလည်းညံ့ပါတယ်။


ကြက်တောင်ပွဲဆိုရင်တော့ ကိုယ်ပြိုင်မယ်ဆိုပြီးရင် တခါမှကွင်းထဲတောင်မ၀င်ပါဘူး။ ကြက်တောင်မှန်မှာ ကြောက်လို့ပါ။ ဒါပေမယ့် ကိုယ့်မေဂျာအကိုတွေပြိုင်တာကိုတော့ လည်ချောင်းနာအောင် အားပေးပါတယ်။ ကိုယ်ကြက်တောင်ပွဲကြိုက်ပြီး အားပေးတဲ့ရလာဒ်က အခုအချိန်အထိ ကိုယ်ကအရမ်းချစ်၊ ကိုယ့်ကိုလည်း အရမ်းချစ်ပြီး ကိုယ့်အပေါ်အရမ်းကောင်းတဲ့ အကိုတယောက်ရခဲ့တာပါ။ အဲဒီအကိုက ၉၉အတန်းကပါ။ ကိုယ်တို့ ပထမနှစ်ကတည်းက ကိုယ်တို့မေဂျာကကြက်တောင်မှာတော့ ဖိုင်နယ်အမြဲတက်တယ်ဆိုလို့ သွားသွားအားပေးတာပါ။ အဲဒီအကိုက ကိုယ်တို့အငယ်တန်းတွေကြားထဲမှာတော့ မင်းသားပေါ့။ ကြက်တောင်မင်းသားလေ။ သဘောကောင်းတဲ့ကိုကြီးကို အကုန်လုံးကခင်ကြတာပါ။ ကိုယ့်ကိုမှ အဲဒီအကိုကလည်း ကံဆိုးပြီး အရေးပေးမိလို့အခုအထိ ကိုယ့်ဒုက္ခတွေဝေမျှယူနေရတုန်းပါ။ စင်္ကာပူရောက်ကတည်းက အခုအထိကိုယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို ကူညီရတာပါ။ အဲဒီ ကိုယ်တို့ကျောင်းရောက်တဲ့နှစ်မှာပဲ Physics ကမာစတာကျောင်းသားတယောက် ဂျပန်ကနေပညာတော်သင်သွားရာက ပြန်ရောက်လာပါတယ်။ သူကကိုယ့်ရဲ့ ဂျပန်ဘာသာ ဆရာ (sensei) ပါ။ သူကလည်းကြက်တောင်ရိုက်တာနာမည်ကြီးပါ။ သူတခြားမေဂျာနဲ့ ရိုက်တဲ့ပွဲဆို ကိုယ်က သူ့ကိုအားပေးပါတယ်။ အဲဒီမှာသူ့ကိုကြိုက်နေတာလို့ နာမည်ကြီးတဲ့သူတို့ဂျူနီယာတန်းက အမတယောက်ကလည်း သူ့ကိုလာလာအားပေးပါတယ်။ အအေးဘူးတွေဘာတွေလည်း လာလာပေးပါတယ်။ အဲဒါဆိုကိုယ်က ဘာလိုလိုညာလိုလိုနဲ့ Sensei (ဆရာ) အနားသွားပြီး မောလိုက်တာဘာညာဆိုရင် အဲဒီအအေးဘူးတွေ သောက်ရပါတယ်။ အဲဒီအမကတော့ ကိုယ့်ကိုတော်တော်အမြင်ကပ်မှာပါ။ ကိုယ်ကလည်း ကိုယ့်ဆရာကိုလိုက်ကြိုက်လို့ဆို ကြည့်မရပါဘူး။ Sensei ကိုအဲဒီမိန်းမကြီးနဲ့ သဘောမတူဘူးတို့ ဘာတို့ ရာဇသံပေးနေကျ။ ဒါပေမယ့် တခြားအချိန်သာ Sensei ကိုချစ်ပြီး ကပ်စေးနည်းတာ။ ကြက်တောင်ပွဲမှာ ဖိုင်နယ်တက်ပြီဆို Sensei က ကိုယ့်မေဂျာက ကိုယ့်ချစ်တဲ့အကိုကို နိုင်အောင်ရိုက်လို့ အမြင်ကတ်ပါတယ်။ အဲဒါဆိုကွင်းဘေးကနေ အသက်ကြီးပြီး ကလေးတွေကိုအနိုင်ကျင့်တယ်တို့ ဘာတို့အော်ပါတယ်။ ခုနက Sensei ကိုကြိုက်တဲ့အမကြီးနဲ့ သူတို့Physics က တဘက်က၊ ကိုယ်တို့အုပ်စုကတဘက်က အပြန်အလှန်စကားလုံးတွေနဲ့ အပြန်အလှန်ထုကြတာပါ။ ဥပမာ ကိုယ်တို့က ကလေးကိုအနိုင်ကျင့်တယ်တို့ အဘိုးကြီးတို့အော်ရင် သူတို့ဘက်က လူကြီးကိုတောင်မနိုင်ဘူးလား၊ အသက်ငယ်ပြီးအားမရှိဘူးတို့ ဘာတို့ပေါ့။ ပြိုင်ပွဲမှာရှုံးရင်ကိုကြီးခမျာ မနားရသေးပါဘူး။ ဘေးနားကနေကြက်တောင်အိတ်တွေကိုင်ပေးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ ကိုယ့်ကိုအမြဲချော့ရပါတယ်။ အဲဒီလိုအားကစားစိတ်ဓါတ်က။ နိုင်ရင်ပြုံးပြုံး ရှုံးရင်မုန်းဆိုတာ။ ပြီးရင်တော့ ကိုယ့် Sensei ကို ကလေးကိုအနိုင်ကျင့်ပြီး နိုင်ထားတာ။ မုန့်လိုက်ကျွေးဆိုပြီး ပြဿနာရှာပါတယ်။

မြန်မာစာနဲ့ကြက်တောင်ရိုက်ရင်တော့ အမြဲရယ်ရပါတယ်။ မြန်မာစာက ယောက်ျားလေးအရှားပါးဆုံး မို့လို့လားတော့မသိဘူး။ အားကစားပွဲတိုင်းမှာ ၀င်ပြိုင်တဲ့သူတွေက ဒီလူတွေချည်းပဲ။ မာစတာကျောင်းသားတွေပါ။ ခင်ဖို့လည်းကောင်း၊ သဘောလည်းကောင်းကြပါတယ်။ ဒါပေမယ့် သိတယ်မလား။ ပြိုင်ပွဲဆိုရင်တော့ ကွင်းထဲရောက်ပြီဆိုတာနဲ့ အပြင်ကနေအော်တာပဲ။ အဲဒီမြန်မာစာအားပေးတဲ့အထဲမှာ ပိန်ပိန်သေးသေးအမတယောက်ပါပါတယ်။ အဲဒီအမက အသံစူးစူးလေးနဲ့ပါ။ အဲဒါကို ကိုယ်တို့ဘက်ကယောက်ျားလေးတွေက မနှဲလေးလို့နာမည်ပြောင်ပေးထားပါတယ်။ အဲဒီအမက ကွင်းထဲကလူတွေကိုအားပေးရင် ကိုယ်တို့ဘက်ကယောက်ျားလေးတွေက ကွင်းထဲကလူတွေကို ပြောရမယ့်အစား သူ့ကိုမနှဲလေးငြိမ်ငြိမ်နေလေလို့ လှမ်းအော်ပါတယ်။ အဲဒါဆို အဲဒီအမကရယ်နေရော။

ကြက်တောင်ပွဲမှာအမှတ်တရတခုကတော့ တခါတုန်းက Botany ကတယောက်နဲ့ ကိုကြီး နဲ့ Single ရိုက်ကြရော။ အဲဒီတယောက်က ခပ်၀၀ပါ။ ဒါပေမယ့် ကြက်တောင်တော့တော်ပါတယ်။ ထုံးစံအတိုင်းပေါ့ ကိုယ်တို့ကအဲဒီတယောက်ကိုယ်တို့ဘက်ရောက်လာရင် အသားကုန်ပြောပါတယ်။ ပြိတ္တာကြီးတို့ဘာတို့အော် ပါတယ်။ သူ့မျက်နှာဆိုတာ မှုန်ကုပ်နေတာပဲ။ တခါအနားရောက်လာတော့ ကိုယ်က ပြိတ္တာကြီး ဖြေးဖြေးခုန်၊ ဗိုက်ထဲကကလေးထွက်ကျဦးမယ်ဆိုတော့ ကိုယ့်နောက်က Physics Queen ကထွက်ကျရင် နင်ကောက်မွေးစားထားပေါ့တဲ့။ ပြုံးစိစိနဲ့ပြောတာပါ။ သူကကိုယ့်သူငယ်ချင်းပါ။ ကိုယ်ကသူဘာလို့ အဲလိုပြောမှန်းမသိဘူး။ နောက်သူပြန်သွားမှ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းပြောပါတယ်။ အဲဒီ ကြက်တောင်ရိုက်နေတဲ့တယောက်က သူ့အကိုအရင်းပါတဲ့။ ကိုယ့်မှာနောက်တခါသူ့ကိုတွေ့မှ တောင်းပန်ရပါတယ်။ ကျောင်းသားအချင်းချင်းဆိုတော့ အားကစားပွဲကကိစ္စကိုစိတ်လည်း မဆိုးကြပါဘူး။

ဘောလီဘောပွဲကတော့ အကြမ်းဆုံးလို့ပြောလို့ရပါတယ်။ ကိုယ့်တို့ဘက်ကအကိုတွေက ကျောင်းသားပီပီသသကစားပါတယ်။ ကိုယ့်မေဂျာမို့လို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလီဘောမှာ နာမည်ကြီးတာကကိုယ်တို့မေဂျာနဲ့ ပထ၀ီမေဂျာပါ။ ကိုယ့်တို့ ဒုတိယနှစ်လောက်မှာ ကျောင်းကိုရောက်လာတာက တိုင်းလက်ရွေးစင်၂ယောက်ပါ။ ဆယ်တန်းအောင်ပြီးပထ၀ီမေဂျာနဲ့ ရောက်လာပါတယ်။ သူတို့ကကိုယ့်ထက်တောင် ၂နှစ် ၃နှစ်အသက်ကြီးတာပါ။ တယောက်ဆို အရန်မြန်မာလက်ရွေးစင်ပါ။ အရပ်ခြောက်ပေရှိပါတယ်။ ကိုယ် ၈တန်းနှစ်ကျောင်းပိတ်တုန်းက ကိုယ့်အဖေသူငယ်ချင်းအားကစားဆရာက ကိုယ်ပျင်းနေလို့ဆို သူ့ရဲ့ဘောလီဘော camp ထဲသွင်းထားဖူးတော့ အဲဒီလူတွေကကိုယ်နဲ့အကုန်ခင်ပါတယ်။ ကိုယ့်ကိုဆို ၀က်ကလေးဆိုပြီး စနေကြ။ ဒါပေမယ့် သူတို့ကအပြင်မှာဘောလီဘောပုတ်တဲ့အပြင်၊ ကိုယ့်တို့အခေါ် စီးပွားရေး တွေပါလိုက်ပုတ်နေကြပါ။ စီးပွားရေးဆိုတာက ပိုက်ဆံကြေးပုတ်တာပါ။ တဖွဲ့မှာ ၃ယောက်၊ တခါတလေ ၂ယောက်ပဲပါပါတယ်။ ကြေးလည်းကြီးပါတယ်။ အဲဒီအပြင်မှာပုတ်တဲ့အကျင့်တွေက ကျောင်းထဲအထိပါလာပြီးတော့ ကျောင်းသားအချင်းချင်းကစားတာပဲဆိုတဲ့ စိတ်ကိုမထားတာပါ။ ရရင်ရသလို ညစ်ပါတယ်။ အမှန်ဆို သူတို့မှန်မှန်ကန်ကန်ဆော့လည်း သူတို့လက်ရည်နဲ့ဆို နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့မေဂျာကလည်း အကိုတွေကအရမ်းကိုဇွဲကောင်းကြတာပါ။ တော်တော်တောင့်ခံနိုင်ကြတော့ သူတို့က မြန်မြန်ပွဲပြီးအောင်ညစ်တာပါ။ အဲဒီဘောလီဘောပွဲကနေ ကိုယ်လည်းအဲဒီ ပထ၀ီက၂ယောက်ကို စကားအရှင်းမပြောတဲ့အဖြစ်ကို ရောက်သွားတာပါ။ ကိုယ့်အကိုတွေကို အနိုင်ကျင်လို့ဆို ကြည့်မရလို့လေ။ ပြီးတော့ ကွင်းအပြင်ကနေ အဲဒီမြန်မာလက်ရွေးစင်ကို အရံဘားနားကလက်ရွေးစင်လားတို့။ (ပုံမှန်က ဘားမားလက်ရွေးစင်လို့ ခေါ်တာပါ။) ဆယ်တန်းကနှစ်ချီဖြေတော့ ကလေးတွေကို အနိုင်ကျင့်လို့ရတာပေါ့ တို့။ အဆင့်အတန်းရှိရှိကစားတို့ အမျိုးစုံအော်တာပါ။ အဲဒီ၂ယောက်လည်း ကိုယ့်ကိုအမြင်ကတ်ရော။ ကိုယ့်တို့အားကစားဆရာနဲ့ပြိုင်တိုင်ပါတယ်။ ဆရာကမဆူဘူးလေ။ ရယ်နေတယ်။ နောက်ဆို တယောက်နဲ့ တယောက်တွေ့ရင် ဟင်းတို့၊ ဟွန်းတို့ ထွီတို့ ထွမ်တို့တွေဖြစ်ကုန်ပါတယ်။ ကိုယ်တို့အတန်းကကောင်မလေး တယောက်ကို အဲဒီမြန်မာ့လက်ရွေးစင်ကလာပတ်တော့ ကိုယ်တို့အားလုံးက ပြန်ကြိုက်ရဲကြိုက်ကြည့်။ နင့်ကို တီချယ်ကြီးကိုပြောပြီး မေဂျာပြောင်းပစ်မယ်တို့။ သံပုံးတီးပြီးနှင်ပစ်မယ်တို့ မျိုးစုံခြိမ်းခြောက်တာ။ အဲဒီတယောက်လည်း ပြန်ကိုမကြိုက်ရဲရှာပါဘူး။ (စိတ်ထဲမှာတော့ ဘယ်လိုရှိမလဲမသိဘူးလေ။)


အခုအချိန်ပြန်တွေးတော့ ဒါတွေအားလုံးက လွမ်းစရာတွေချည်းပါပဲ။ ဖြူစင်တဲ့၊ လွတ်လပ်တဲ့ လူငယ်ဘ၀လေးကိုတကယ်ပြန်လွမ်းမိပါတယ်။ ပြီးတော့ အခုအချိန်တော့ ဘယ်လိုနေမလဲ မသိဘူး။ ကိုယ်တက်ခဲ့တဲ့အချိန်ထိတော့ ကိုယ်တို့ကျောင်းကဆရာ၊ ဆရာမတွေက တပည့်တွေအပေါ်စေတနာ ထားကြပါတယ်။ တချို့လက်တဆုပ်လောက်က ပညာပြတာတို့၊ ရစ်တာတို့ရှိပေမယ့် အများစုက ကောင်းကြပါတယ်။ ကိုယ်ဆိုရန်ကုန်ကသူငယ်ချင်းနဲ့ဆုံရင် အမြဲဂုဏ်ယူရတာပါ။ သူတို့ဆီမှာ ဒီလိုပုံမှန်အားကစားပွဲတို့၊ ကျောင်းသားစင်တင်ပွဲတို့ဆိုတာမရှိဘူးလေ။ (အဲဒီစင်တင်ပွဲအကြောင်းကို နောက်မှသပ်သပ်ထပ်ရေးပါဦးမယ်။) အခုတော့ ဆရာမတွေ၊ အားကစားပွဲတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလွမ်းရင်းနဲ့ပဲ…… ။

Saturday, August 8, 2009

ဖိုင်တွဲလေးတခုအကြောင်း


နောက်တပါတ်ကျောင်းတက်ရတော့မယ်။ Shopping week ဆိုပေမယ့်တချို့ဘာသာရပ်တွေကတော့ စသင်တော့မှာဆိုတော့ ဖတ်ရမယ့်စာရွက်တွေကိုကျောင်းမှာပရင့်သွားထုတ်ဖြစ်တယ်။ အိမ်ကပရင့်တာက စာတရွက်ထုတ်ရတာ အရမ်းကြာတာလေ။ ပြန်ရောက်လာပြီးဖိုင်တွေတွဲ၊ စာရွက်တွေစီလုပ်နေရင်းက ထုံးစံအတိုင်း နမော်နမဲ့နဲ့ စာရွက်ကိုပြောင်းပြန် punch နဲ့ဖောက်ချလိုက်မိတယ်။ အဲဒီအချိန်မှာပဲ ခေါင်းထဲကိုရောက်လာတာက ရန်ကုန်မှာဂျပန်အဖွဲ့အစည်းတခုမှာ အလုပ်ဝင်ခါစအချိန်တုန်းအကြောင်းလေးတခုပါ။

ဂုဏ်ထူးတန်းနောက်ဆုံးနှစ်တက်နေတဲ့ကျွန်မ First Semester စာမေးပွဲပြီးပြီး ၂ရက်လောက်မှာ ရန်ကုန်ကအမက ဖုန်းဆက်လာပါတယ်။ “သားသားနင်အလုပ်လုပ်ချင်တယ်ပြောထားလို့ အခုအဲဒီပရောဂျက်က အတွင်းရေးမှုးတယောက်လိုနေတယ်။ နက်ဖြန်အင်တာဗျူး။ နင် CV ယူပြီးနက်ဖြန်အင်တာဗျူးတခါတည်းတန်းဝင် လို့ရတယ်တဲ့။ အဲဒီကမန်နေဂျာကိုငါပြောထားတယ်” တဲ့။ လခကသိပ်မက်လောက်စရာမကောင်းပေမယ့် ကျွန်မဘွဲ့လွန်ဆက်တက်ဖို့၊နိုင်ငံခြားထွက်ဖို့ဆိုတာ ရန်ကုန်မှာနေရမှဖြစ်မှာလေ။ အဲဒါနဲ့အိမ်ကိုသမီးသွားချင်တယ် ပြောပြီးနောက်နေ့မနက်အစောကြီးကားနဲ့ပုသိမ်ကထွက်ခဲ့တယ်။ နေ့လည် ၂နာရီလောက်အင်တာဗျူးဝင်ရတယ်။ တိုတိုပြောရရင် ကံကောင်းထောက်မစွာပဲ အဲဒီအလုပ်ကိုရခဲ့ပါတယ်။ အင်တာဗျူးဝင်ကတည်းက ကျွန်မရဲ့များပြားလှစွာသောအရည်အချင်းတွေကို ကျွန်မကိုအင်တာဗျူးတဲ့ဂျပန်အမျိုးသမီး၂ယောက်က သိသွားပါတယ်။ ကျောင်းပြီးဖို့ semester တခုလိုပြီး၊ ကွန်ပျူတာမတောက်တခေါက်၊ အင်္ဂလိပ်စကားတခုသာ နည်းနည်းလည်လည်ပတ်ပတ်ရှိရုံ၊ ပုသိမ်မှာတုန်းကလူငယ်သင်တန်းတွေ၊ မျိုးဆက်ပွားကျန်းမာရေးသင်တန်းတွေ တက်ဖူးတာကလွဲပြီး ရုံးအလုပ်ကိုနကန်းတလုံးမှမသိတဲ့အကြောင်းပေါ့။ အင်တာဗျူးပြီးနောက်တနေ့မှာပဲ ကျွန်မနဲ့အမြဲအလုပ်တွဲလုပ်ရမယ့် Project Coordinator ကဂျပန်ပြန်သွားပါတယ်။ အဲဒီနေ့ကသောကြာနေ့ပါ။ ကျွန်မရုံးစတက်ရတော့တနင်္လာနေ့ပါ။ အင်တာဗျူးတုန်းကပါတဲ့နောက်ထပ်ဂျပန်မတယောက်က နယ်ရုံးမှာထိုင်ရမယ့် Community Health Expert ပါ။ သူနဲ့ကျွန်မပဲရန်ကုန်မှာကျန်ခဲ့ပါတယ်။ ပရောဂျက်ကအသစ်စက်စက်၊ အတွင်းရေးမှုးအသစ်စက်စက်ကလည်း လုံးဝအတွေ့အကြုံမရှိ၊ ကျွန်မဂျပန်မစပြီးဒုက္ခရောက်တဲ့ရက်တွေပါပဲ။ နောက်တနေ့မှာပဲ ကျွန်မတို့မူရင်းရုံးရှိတဲ့နေရာကနေ ကျွန်မတို့ပရောဂျက်ရုံးခန်းအသေးလေးကိုပြောင်းရပါတယ်။ ကျန်းမာရေးရုံးတရုံးမှာကျွန်မတို့အတွက် အခန်းလေးတခန်းပေးတာပါ။ ကျွန်မတို့ရုံးချူပ်မှာတော့ မူရင်းအသားကျပြီး သားပရောဂျက်တွေပဲကျန်ခဲ့တာပါ။ ကျွန်မမှမေးစရာမြန်းစရာ မြန်မာကမရှိ၊ ဂျပန်မကမသိရင်ကျွန်မလာမေး တော်တော်အူလည်လည်နိုင်ခဲ့တာပေါ့။

၂ရက်လောက်နေပြီး အဲဒီရုံးခန်းအသစ်မှာအသားကျလာတော့ကျွန်မနဲ့ကျွန်မဂျပန်မရုံးခန်းအတွက်လိုအပ်တာတွေ ၀ယ်ဖို့ဈေးဝယ်ထွက်ကြပါတယ်။ ဖိုင်တွေ၊ စာရေးကိရိယာတွေ၊ ရုံးခန်းသန့်ရှင်းရေးပစ္စည်းတွေအပါအ၀င်ပေါ့။ ပြန်ရောက်တော့ကျွန်မကိုပထမဆုံးအကြိမ်ကျွန်မဂျပန်မကဖိုင်တခုတွဲခိုင်းပါတယ်။ ကျွန်မကို စာရွက်တွေပေးခဲ့ပြီး သူကဟိုဘက်ရုံးခန်းထဲက ကျန်းမာရေးဌာနကလူကြီးတယောက်နဲ့ ခဏသွားတွေ့ပါတယ်။ စာရွက်က စာမျက်နှာ ၂၀၀လောက်ရှိပါတယ်။ ဂျပန်လိုတွေချည်းရေးထားတော့ဘယ်လောက်အရေးကြီးတဲ့ ဖိုင်လည်းကျွန်မမသိပါ။ (နောက်ပိုင်းပုံမှန်ဖြစ်လာတဲ့အခါကျတော့ ရုံးစာရွက်စာတမ်းတွေအားလုံးကို ကျွန်မကအင်္ဂလိပ်လိုပြန်၊ သူတို့ကဂျပန်လိုပြန်ပြီး ရုံးချုပ်ကိုတင်တာပါ)။ အဲဒါနဲ့ကျွန်မ Punch အသေးလေးကိုင်ပြီးစာရွက်တွေဖောက်ပါတော့ တယ်။ စာရွက်ကထူပြီး Punch ကလည်းအသေးပဲရှိတော့အကုန်တခါတည်းသွင်းမရပါဘူး။ ပထမဆုံးဖောက်ဖူးတဲ့ဖိုင် ဆိုတော့လည်း ဘာလုပ်ရမယ်မသိပါဘူး။ စာရွက်ကိုလေးပုံလောက်ပုံပြီး ဒီတိုင်းပဲဖောက်ဖောက်ချလိုက်တာပဲ။ ဖိုင်တွဲတော့မှအပေါက်တွေမညီမှန်းကျွန်မသိပါတော့တယ်။ ဘယ်လောက်တုံးတဲ့ကျွန်မလဲလို့။ တော်တော်လည်း စိတ်ညစ်သွားပါတယ်။ ဒါပေမယ့်ဟန်ကိုယ့်ဖို့မလား။ ကျွန်မဂျပန်မပြန်ဝင်လာတော့ ဖိုင်ကိုခပ်တည်တည်နဲ့ထိုးပေး လိုက်ပါတယ်။ သူကဖိုင်ကိုဖွင့်ကြည့်ပါတယ်။ အပေါ်ဆုံးစာရွက်တွေကအဆင်ပြေတယ်လေ။ အောက်လည်းလှန်ကြည့်ပြီးရော သူခွက်ထိုးခွက်လန်ရယ်ပါရော။ ပြီးတော့ ကျွန်မကိုစာရွက်တရွက်ယူခိုင်းတယ်။ အလယ်ကခေါက်တယ်။ ပြီးတော့မှစာရွက်အလွတ်တွေယူပြီး အဲဒီခုနကခေါက်ထားတဲ့စာရွက်ကိုဖြန့် အလယ်ခေါက်ချိုးရာနဲ့ Punch မှာရှိတဲ့အလယ်ကမြှားနေရာလေးနဲ့တိုက်ပြီးဖောက်ပြတယ်။ ပြောရင်း၊ လုပ်ပြရင်းနဲ့ ပြုံးပြုံး ပြုံးပြုံးပဲ ကျွန်မကိုတိပ်အသေးလေးတွေ ခုနကကျွန်မဖောက်ထားတဲ့အပေါက်တွေကိုပိတ်မိရုံဖြတ်ခိုင်းပါတယ်။ ပြီးတော့ခုနကကျွန်မဖောက်ထားတဲ့အပေါက်တွေအားလုံးကို ၂ယောက်အတူတူပြန်ပိတ်။ ပြီးတော့မှပြန်ဖောက်ပြီး ဖိုင်ပြန်တွဲရပါတယ်။ ကျွန်မဒီကိုကျောင်းတက်ဖို့ထွက်မလာခင်၃နှစ်နီးပါးရုံးမှာလုပ်လာတဲ့အထိ အဲဒီဖိုင်လေးရုံးမှာ ရှိနေပါတယ်။ အဲဒီဂျပန်မ နယ်ကပြန်ရောက်လို့အဲဒီဖိုင်ကိုဖွင့်မိတိုင်းအမြဲကျွန်မကိုစပါတယ်။

တကယ်တမ်းပြောရရင် ကျွန်မအဲဒီမှာအလုပ်လုပ်ခဲ့တဲ့ ၃နှစ်မှာလူတွေအကြောင်းအများကြီးသိခဲ့ပါတယ်။ ကျွန်မလေ့လာ ခဲ့ရတာတွေလည်းအများကြီးပါပဲ။ လုပ်ခဲ့တဲ့အမှားတွေ၊ အလွဲတွေဆိုတာလည်း မရေနိုင်ပါဘူး။ ဒါပေမယ့်ကျွန်မ အမှားလုပ်မိတိုင်းမှာကျွန်မအရင်ဆုံးရတာက ဆူပူအပြစ်တင်တဲ့စကားမဟုတ်ပါဘူး။ အပြုံးတပွင့်နဲ့ အားပေးစကား၊ ပြီးရင်အသစ်ပြန်လုပ်ခိုင်းတာပါပဲ။ ကျွန်မဘက်ကလည်း မှားပြီးသားအမှားကိုထပ်ခါထပ်ခါမမှား အောင်ထိန်းပါတယ်။ ပြီးတော့မှားသွားတိုင်းလည်းတောင်းပန်ဖို့ကျွန်မ၀န်မလေးခဲ့ပါဘူး။ ဒါပေမယ့် ဘ၀မှာသူများအမှားကိုလက်ညှိုးထိုးပြီးကိုယ့်ဘက်ကလက်လေးချောင်းကိုဖွက်ထားတတ်တဲ့ လူတွေနဲ့ကျွန်မအလုပ်မလုပ်ခဲ့ရပါဘူး။ ကျွန်မကိုအားပေးတဲ့၊ အတွေ့အကြုံနည်းသေးတာကို နားလည်ပေးတဲ့ ဂျပန်လူကြီးတွေနဲ့အလုပ်လုပ်ခဲ့ရပါတယ်။ ဒီဖိုင်တွဲတဲ့အတွေ့အကြုံလေးကတော့ ကျွန်မအသက်ရှိနေသရွေ့ ကျွန်မသတိရနေမှာပါပဲ။ လူတိုင်းအမှားမကင်းတဲ့အတွက် သူများမှားတာနဲ့ လက်ညှိုးထိုးအပြစ်တင်မစောဖို့ကို ဒီဖိုင်လေးနဲ့ ကျွန်မဂျပန်မကသင်ခန်းစာပေးခဲ့တာပါ။

(ပုံက Google က။)

Saturday, May 16, 2009

ကျောင်း အမှတ်တရ

စိတ္တဇအလွမ်း

ဟိုအဝေးက
တို့ကျောင်းလေးရဲ့ ခေါင်းလောင်းသံ
ရင်ကိုလာမှန်တော့
နံရံကိုကြည့်မိ
ငါ့အသိတွေကေ၀၀ါး
မင်းကိုမေ့မသွားပါဘူး
လွယ်အိတ်လေးရယ်….

ဒီလိုနဲ့
ငါ့စိတ်တွေက ရွေ့လျား
ကျောင်းကိုသွားနေ
မိုးရေတွေ ရွှဲတဲ့ဆရာမ
နဂိုလိုပဲ
ငါ့ကိုပြုံးပြနေပါလား….

စေတနာ
မေတ္တာ
ကရုဏာ
မုဒိတာပန်းတွေဝေနေတဲ့
ကျောင်းမြေနန်းမှာ
ဥပေက္ခာပန်းတွေ
ဘယ်တော့ဝေနိုင်မလဲ….

ရေစင်နားမှာ
ခြေခွင်သွားတော့ သတိရ
ဟိုနှစ်ကသူငယ်ချင်းတွေ
ရင်းနှီးစွာပြုံးလို့
ရေခပ်နေတုန်းပဲလေ….

အလယ်လှေကားက
တို့တတွေတက်သွား
ကြားလိုက်ရတဲ့စကားသံ
သမင်လည်ပြန်ကြည့်မိ
ချိုသာထိမိတဲ့ စကား
“သားတို့ စာကြိုးစားကြနော်”တဲ့
ဆရာမကြီးကပြော။

ဒါပေမယ့်
ဘောကန်လို့ဆူခံထိ
ကြိမ်ချက်မိလည်း မျက်နှာပိုးမသေ
တို့တတွေရဲ့ကျောင်းသားဘဝ
နှောင်းသွားလေလေ သတိရ
ဟောင်းမသွားမှာက ထာဝရ
အမှတ်တရပေါ့ကွယ်….

စာအုပ်မပါလို့
ဆရာမက၀ယ်ပေး
တပည့်လေးက ကျေးဇူးတင်
အရင်ကပုံရိပ်တွေ
ရင်ထဲဝင်မွှေနှောက်
ပဲစေ့နဲ့ပေါက် ဟာသဖောက်လို့
အိမ်ပြန်ချိန်မှာလည်း
ကြေးစည်ခေါက်သတဲ့။

ခွေးသားဆိုတဲ့
ဆရာမရဲ့တေးသံ
ကြားယောင်မိပြန်တော့
သတိရသေးတယ်
ဘယ်သူအများဆုံး
အဆဲခံရဦးမလဲ
ပြိုင်ပွဲဖွင့်တာလေ။

ကျောင်းနောက်ကျလို့ဆရာမဆူ
အတန်းပြင်မှာငူငူလေး
မြင်သူတကာငေးတော့ ရှက်စဖွယ်
သြော် ခက်တယ်…ခက်တယ်…
ဒါတွေဘယ်လိုမေ့ရမလဲ

အိမ်ပြန်တော့လည်း ထီးမပါ
မိုးရွာထဲမှာ တို့တွေပြေး
ခုတော့လေ….
ရင်ထဲက မိုးစက်တေးနဲ့
ခပ်ဖြည်းဖြည်းပဲအိမ်ပြန်ပြီ။

ကျောင်းပျော်ကြီး

အိမ်ပြန်ရောက်ပြီး ငယ်ငယ်တုန်းကရေးခဲ့တဲ့ကဗျာတွေ၊ စာတွေကိုပြန်ရှာဖြစ်ပါတယ်။ အမှတ်တရသိမ်းထားတဲ့ ကဗျာတွေ၊ သူငယ်ချင်းတွေကလက်ဆောင်ပေးထားတဲ့ ကဗျာတွေစာတွေလည်း ပြန်ဖတ်ရတော့ စိတ်ထဲမှာတောင် ပြန်ငယ်သွားသလိုပဲ။ (အခုတော့ တော်တော်ကြီးနေပြီကိုးလို့ မပြောပါနဲ့။ အသက်၁၀၀မနေရပေမယ့် အမှု၁၀၀ပွေနေရတော့ ကိုယ့်ကိုကိုယ်အသက် ၅၀လောက်အတွေ့အကြုံတွေရှိနေပြီလို့ ထင်နေတတ်လို့ပါ။) :P
အပေါ်က ကဗျာလေးက ၉၈မှာဆယ်တန်းအောင်သွားတဲ့ အထက်တန်ကျောင်းကစီနီယာအကိုတယောက်ရေးခဲ့တဲ့ ကဗျာလေးပါ။ မျက်နှာချိုချိုနဲ့သဘောကောင်းတဲ့အကိုကအခုတော့ ပင်လယ်ပျော်ကြီးပေါ့။ အဲဒီတုန်းက ဆယ်တန်း အောင်တဲ့ကျောင်းသားတွေရဲ့ဆရာကန်တော့ပွဲအမှတ်တရကဗျာတွေကိုဖတ်ပြီး နောင်တချိန်ကိုယ်ကျောင်းကြီးကို ခွဲရမယ့်အချိန်ကိုကြိုတွေးပြီးဝမ်းနည်းခဲ့မိဘူးတယ်။ အခုတော့ ကျောင်းကြီးနဲ့ဝေးခဲ့တာ ၈နှစ်နီးပါးရှိခဲ့ပြီလေ။ ကိုယ့်အလှည့်ရောက်လာတော့လည်း ဒီလိုရေးခဲ့ပါသေးတယ်။

အမိကျောင်းတော်သို့

အမျိုးသားကုန်းမြင့်ကိုတက်
ကွန်ကရစ်လမ်းကို ဆက်လှမ်း
မြေနီလမ်းကလေးက ဖြောင့်တန်းလို့
အစိမ်းရောင်သန်းတဲ့ ကံ့ကော်ပင်တန်း
လှမ်းမြင်ရတဲ့ခဏ
အမြင်အာရုံတွေေ၀၀ါး
အသိစိတ်တွေကြားက
ကျောင်းသားဘ၀ကို သတိရနေ
တမ်းတမိတဲ့ တချိန်ကဘဝ
ရင်ထဲက အလွမ်းဝေဒနာ
ဘယ်သူဖြေလို့ ပြေနိုင်မလဲလေ။

ပင်မဆောင်ကိုဝင်
စာသင်ခန်းတွေလှမ်းမြင်
ဥယျာဉ်မှုးတွေက စေတနာအပြည့်
အကြင်နာစကားဆိုလို့
အသိပညာဖြန့်ဝေပေးနေ
လမင်းရဲ့အလင်းရောင်လို
သုံးပေမဲ့ကုန်မသွား
အေးမြလွန်းတယ်လေ။
မိနှင့်ဖလိုစောင့်ရှောက်
မိုးနှင့်မြေလိုကာကွယ်လို့
ငါတို့ရဲ့နောင်ရေးအတွက်ပူပန်
မလွန်ဆန်နိုင်တဲ့ မေတ္တာတွေ
ဆရာမရေ……..

အရင်တခါက
ဆရာမ………ဆို
မျက်နှာညိုခဲ့
ခုနေခါများ
တချိန်ကလို
ပြောပါဦးလား
တပည့်အမှားတွေကိုထောက်လို့
ဆရာ့စကားအမုန်းမထားဘဲ
နှလုံးသားနဲ့ခံယူမယ်။……။

အဲဒီကဗျာကိုဖတ်ရတော့ ဆရာမကြီးကပြောတယ်တဲ့။ ကျောင်းပြီးသွားမှ မေ့သမီးကလာချွဲနေတယ်ပေါ့။ (ဟုတ်လည်းဟုတ်နေတာကိုး) အခုအချိန်ပြန်တွေးကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက ဆယ်တန်းအောင်ခဲ့ပြီး ကျောင်းကိုခွဲခဲ့တာကိုကျေးဇူးတင်ရမယ်။ အခုအချိန်လောက်မှ အဲဒီလိုအလယ်တန်း၊ အထက်တန်းဖြစ်နေရင် ကျောင်းကိုအခုစွဲလန်းသလိုမျိုး ခံစားမိမှာမဟုတ်ဘူး ထင်ပါတယ်။ အခုကျောင်းတက်နေကြတဲ့ ကလေးတွေရဲ့မိဘတွေအပြောအရဆိုရင်တော့ ကျောင်းဝင်းထဲကအဆင့်ပြိုင်ပွဲတွေ (ပညာပြိုင်တာမဟုတ်ပါ)၊ အ၀တ်အစားပြိုင်ကြတာ၊ ဆရာဆရာမတွေရဲ့ မျက်နှာလိုက်ပုံတွေ။ အခြေအနေတွေကအရမ်းကိုကွာခြားနေခဲ့ပါပြီ။ ကိုယ်ကိုသင်ခဲ့တဲ့၊ ကိုယ်ကအရမ်းချစ်ခဲ့တဲ့ ဆရာမတွေရော၊ ဒီခေတ် ဒီစနစ်ကြားမှာပြောင်းလဲနေပြီလား သိချင်လိုက်တာ။ အခုအချိန်အထိကိုယ်ကတော့ ဆရာ၊ ဆရာမလို့ပြောလိုက်တာနဲ့ ကိုယ်တွေ့ခဲ့ဖူးတဲ့ စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်နဲ့ ဆရာ၊ ဆရာမတွေကိုပဲ ပြေးမြင်မိတုန်းပါ။
စကားမစပ် ကိုယ်တို့ကျောင်းဆယ်တန်း A ရဲ့အစဉ်အလာတခုကိုပြောချင်ပါသေးတယ်။ အပေါ်ဆုံးက အကိုရဲ့ကဗျာမှာပါပါတယ်။ “ပဲစေ့နဲ့ပေါက် ဟာသဖောက်လို့ အိမ်ပြန်ချိန်မှာလည်း ကြေးစည်ခေါက်သတဲ့”ဆိုတာ လေ။ ဆယ်တန်းနောက်ဆုံးနေ့မှာ ပဲကြီးလှော်တွေဝယ်လာ၊ အတန်းထဲမှာလိုက်ဝေပေးပြီး စားကြ၊ ကြေးစည်တလုံးသယ်လာပြီး နောက်ဆုံးအချိန်မှာကြေးစည်ထုတာပါ။ ဘယ်နှစ်ကစလိုက်တဲ့အစဉ်အလာလည်းတော့ မသိပါ။ အဲလိုလုပ်မှဂုဏ်ထူးပိုထွက်ပါသတဲ့။ နှစ်တိုင်းလုပ်ပါတယ်။ ကိုယ်တို့နောက်အတန်းတွေကိုတော့ မသိတော့ပါ။ ကိုယ်တို့နှစ်ကျတော့ နောက်ဆုံးနေ့မှာ ဘယ်ဆရာမမှသေချာစာမသင်တော့၊ အတန်းထဲဝင်လာ၊ ကိုယ်တို့နဲ့စကား တွေပြော၊ ဆုံးမစကားတွေပြော၊ ဆုတွေပေးပြီးပြန်ထွက်သွားတာပါပဲ။ နောက်ဆုံးအချိန်ကျတော့ Eco အချိန်ပါ။ အဲဒီဆရာမက အပျိုကြီး။ အသားဖြူဖြူ ပိန်ပိန်လှပ်လှပ်လေး။ အခုတော့အိမ်ထောင်ကျသွားပြီလို့ ကြားပါတယ်။ အသေအချာမသိတော့ပါ။ အတန်းထဲမှာပဲကြီးလှော်အခွံတွေပွ၊ ဖြစ်ချင်တိုင်းဖြစ်နေတာကို စည်းကမ်းကြီးတဲ့ဆရာမ ကလည်းဝင်လာရော အဆက်မပြတ်ကိုဆူတော့တာပါ။ အဲလိုလုပ်တာကိုလည်း ဆရာမကအယုံအကြည်မရှိဘူးလေ။ ကျောင်းသားတွေကိုမေးရင်လည်း ယုံလွန်းလို့လုပ်တယ်ဆိုတာထက် ပျော်လို့လုပ်တာကပိုမှာပါ။ အဲဒီနေ့က နောက်ဆုံးနေ့ဖြစ်ပြီး စောစောမပြန်ရဘဲ ဆရာမသာကူကျိုတိုက်နေတာနဲ့ပဲ ၃နာရီ ၄၅မှာကျောင်းမဆင်းရဘဲ ၄နာရီကျော်သွားပါတယ်။ အခုပြန်တွေးရင်အားလုံးဟာအမှတ်တရ၊ လွမ်းစရာတွေပေါ့။ (လွမ်းတတ်ပါတယ်လို့ ပြောထားတယ်နော်။) သူငယ်ချင်းတယောက်ကတော့ ရင်ထဲကအမှတ်တရဆိုပြီး ရေးခဲ့ပါတယ်။ (အောက်မှာဖတ်ကြည့်ပါ။) ကိုယ့်အတွက်လည်း ကျောင်းသားဘ၀ကအမှတ်တရ၊ ကျောင်းကြီးကအမှတ်တရ၊ ဖြူစင်တဲ့ဆယ်ကျော်သက်ဘ၀ကအမှတ်တရ၊ ရိုးသားသန့်စင်တဲ့ သူငယ်ချင်းအချစ်တွေကအမှတ်တရ၊ အခုတော့အားလုံးကို အမှတ်ရရင်းနဲ့သာ………။

Sunday, April 19, 2009

အမှတ်တရ ဒါလတ် (၂)


နှုတ်ဆက်ခဲ့ပါတယ် ဒါလတ်ဆိုတဲ့မြို့ကလေးရေ။ အေးစက်စက်ကြိုဆိုခဲ့ပေမယ့် လှပတဲ့မင်းရဲ့အသွင်အပြင်၊ အထပ်ထပ်ထုပ်ထားတဲ့ အနွေးထည်တွေကြားကို ရောက်အောင်တိုးဝင်တတ်တဲ့ အေးစိမ့်စိမ့်လေပြည်၊ မြင်လေရာမှာ လှပတဲ့ပန်းတွေရဲ့ရနံ့နဲ့အတူ မင်းကိုသတိရနေဦးမှာပါ။ မင်းရင်ခွင်မှာ ငါပျော်ခဲ့တယ်။ ငိုခဲ့တယ်။ တွေ့ဆုံချိန် ၃ညမှာ သုံးလတာလောက်ခံစားမှုတွေရှိခဲ့တယ်။ လူတွေရဲ့သဘော၊ ငါကိုယ်တိုင်ရဲ့မနောကို အားလုံးလေ့လာတွေ့ရှိခဲ့တာ ပေါ့။ မင်းကြောင့်ငါ့နှလုံးသားပိုမာကျောလာခဲ့တယ်ဆိုလည်း မမှားပါဘူး။ မင်းရင်ခွင်မှာ လူးလာခေါက်တုံ့ငါပျော်ပါး ခဲ့တယ်။ ပြန်ရမယ့်ညမှာတော့ ငါတယောက်တည်း ကန်နံဘေးက သစ်ပင်ရိပ်အောက်မှာ ငိုခဲ့တယ်။ ညဘက်သန်းခေါင်ရောက်တော့မယ့်အချိန်မှ လှည်းကလေးနဲ့ရောင်းတဲ့ အီတလီအစားအစာပေါင်မုန့်ဝက်သားညှပ် ကို မြိန်ရည်ယှက်ရည်စားခဲ့တယ်။


ပြန်ရောက်လာခဲ့ပြီးချိန်မှာတောင်မှ မင်းကငါ့အိပ်မက်တွေထဲကို ခဏခဏရောက်လာတယ်။ တခါတလေ ငါက ကန်နံဘေးမှာ ရှိုက်ကြီးတငင်ငင်ငိုလို့။ တခါတလေ ပန်းတွေကြားမှာ လိပ်ပြာတွေနဲ့အပြိုင် မြူးတူးပျော်ပါးလို့။ တခါတလေ အေးစက်စက်လေပြည်ကြားမှာ ဆိုင်ကယ်လီဗာကို အရှိန်ပြင်းပြင်းဆွဲမိလို့။ ညသန်းခေါင်မှာ စေ့ထားတဲ့ဟိုတယ်အ၀င်တံခါးကို ယောင်ယောင်ဖွင့်မိတယ်။ ဟိုတယ်ရှေ့က ခရစ္စမတ်ပင်ကြီး အခုလောက်ဆို သိမ်းပြီးလောက်ရောပေါ့။ နွေ၊ မိုး၊ ဆောင်းသုံးရာသီမှာ လူတွေကတော့ တသုတ်ပြီး တသုတ်ရောက်လာကြဦးမယ်။ တချို့ကဟိုချီမင်းက၊ တချို့ကညကျမ်းကတဆင့်ပေါ့။ သူတို့မင်းအလှမှာမိန်းမောကြ ဦးမယ်။ မင်းရင်ခွင်ထဲက ပန်းကလေးတွေရှေ့မှာ ကင်မရာမီးတွေတဖျတ်ဖျတ်လက်ကြဦးမယ်။ ထင်းရှုးရိပ်မှာ သူတို့တွေတရေးအိပ်ကြဦးမယ်။ ညဦးပိုင်းမှာစည်ကားတတ်တဲ့ ဈေးတန်းလေးမှာလည်း လူတွေစည်မြဲစည်ဦးမယ်။ နောက်တော့သူတို့ပြန်သွားကြ ဦးမှာပဲ။ မင်းအလှကို တဖွဖွပြောကြရင်း။ မင်းဆီကို နောက်တခေါက်ပြန်လာဦးမယ် လို့ မျှော်လင့်ရင်းပေါ့။ ငါလဲဒီလိုပဲ ပြန်လာခဲ့တယ်။ ဘယ်အချိန် မင်းအရိပ်အောက်တခေါက်ရောက်လာဦးမယ် ငါမသိဘူး။ အနာဂါတ်ဆိုတာ ငါမပိုင်ဆိုင်တဲ့တခဏပါ။ ဒါပေမယ့် ငါ့နှလုံးသားထဲက မင်းပုံရိပ်ကတော့ ထာဝရလေ။



(ပထမ အမှတ်တရဒါလတ်ဆိုတဲ့ကဗျာလေးကို ၂၀၀၈ ဒီဇင်ဘာ ဗီယက်နမ်ခရီးစဉ်ကပြန်ရောက်ရောက်ချင်း ရေးခဲ့ဖူးပါတယ်။ ဒီမှာဖတ်လို့ရပါတယ်။ လာလည်ကြတဲ့အကို၊ အမတွေကျေးဇူးပါ။ အခုတော့ စာမေးပွဲက တပါတ်ပဲလိုတော့တာမို့ ဘလော့မလည်နိုင်သေးလို့ပါ။)