Saturday, May 16, 2009

ကျောင်း အမှတ်တရ

စိတ္တဇအလွမ်း

ဟိုအဝေးက
တို့ကျောင်းလေးရဲ့ ခေါင်းလောင်းသံ
ရင်ကိုလာမှန်တော့
နံရံကိုကြည့်မိ
ငါ့အသိတွေကေ၀၀ါး
မင်းကိုမေ့မသွားပါဘူး
လွယ်အိတ်လေးရယ်….

ဒီလိုနဲ့
ငါ့စိတ်တွေက ရွေ့လျား
ကျောင်းကိုသွားနေ
မိုးရေတွေ ရွှဲတဲ့ဆရာမ
နဂိုလိုပဲ
ငါ့ကိုပြုံးပြနေပါလား….

စေတနာ
မေတ္တာ
ကရုဏာ
မုဒိတာပန်းတွေဝေနေတဲ့
ကျောင်းမြေနန်းမှာ
ဥပေက္ခာပန်းတွေ
ဘယ်တော့ဝေနိုင်မလဲ….

ရေစင်နားမှာ
ခြေခွင်သွားတော့ သတိရ
ဟိုနှစ်ကသူငယ်ချင်းတွေ
ရင်းနှီးစွာပြုံးလို့
ရေခပ်နေတုန်းပဲလေ….

အလယ်လှေကားက
တို့တတွေတက်သွား
ကြားလိုက်ရတဲ့စကားသံ
သမင်လည်ပြန်ကြည့်မိ
ချိုသာထိမိတဲ့ စကား
“သားတို့ စာကြိုးစားကြနော်”တဲ့
ဆရာမကြီးကပြော။

ဒါပေမယ့်
ဘောကန်လို့ဆူခံထိ
ကြိမ်ချက်မိလည်း မျက်နှာပိုးမသေ
တို့တတွေရဲ့ကျောင်းသားဘဝ
နှောင်းသွားလေလေ သတိရ
ဟောင်းမသွားမှာက ထာဝရ
အမှတ်တရပေါ့ကွယ်….

စာအုပ်မပါလို့
ဆရာမက၀ယ်ပေး
တပည့်လေးက ကျေးဇူးတင်
အရင်ကပုံရိပ်တွေ
ရင်ထဲဝင်မွှေနှောက်
ပဲစေ့နဲ့ပေါက် ဟာသဖောက်လို့
အိမ်ပြန်ချိန်မှာလည်း
ကြေးစည်ခေါက်သတဲ့။

ခွေးသားဆိုတဲ့
ဆရာမရဲ့တေးသံ
ကြားယောင်မိပြန်တော့
သတိရသေးတယ်
ဘယ်သူအများဆုံး
အဆဲခံရဦးမလဲ
ပြိုင်ပွဲဖွင့်တာလေ။

ကျောင်းနောက်ကျလို့ဆရာမဆူ
အတန်းပြင်မှာငူငူလေး
မြင်သူတကာငေးတော့ ရှက်စဖွယ်
သြော် ခက်တယ်…ခက်တယ်…
ဒါတွေဘယ်လိုမေ့ရမလဲ

အိမ်ပြန်တော့လည်း ထီးမပါ
မိုးရွာထဲမှာ တို့တွေပြေး
ခုတော့လေ….
ရင်ထဲက မိုးစက်တေးနဲ့
ခပ်ဖြည်းဖြည်းပဲအိမ်ပြန်ပြီ။

ကျောင်းပျော်ကြီး

အိမ်ပြန်ရောက်ပြီး ငယ်ငယ်တုန်းကရေးခဲ့တဲ့ကဗျာတွေ၊ စာတွေကိုပြန်ရှာဖြစ်ပါတယ်။ အမှတ်တရသိမ်းထားတဲ့ ကဗျာတွေ၊ သူငယ်ချင်းတွေကလက်ဆောင်ပေးထားတဲ့ ကဗျာတွေစာတွေလည်း ပြန်ဖတ်ရတော့ စိတ်ထဲမှာတောင် ပြန်ငယ်သွားသလိုပဲ။ (အခုတော့ တော်တော်ကြီးနေပြီကိုးလို့ မပြောပါနဲ့။ အသက်၁၀၀မနေရပေမယ့် အမှု၁၀၀ပွေနေရတော့ ကိုယ့်ကိုကိုယ်အသက် ၅၀လောက်အတွေ့အကြုံတွေရှိနေပြီလို့ ထင်နေတတ်လို့ပါ။) :P
အပေါ်က ကဗျာလေးက ၉၈မှာဆယ်တန်းအောင်သွားတဲ့ အထက်တန်ကျောင်းကစီနီယာအကိုတယောက်ရေးခဲ့တဲ့ ကဗျာလေးပါ။ မျက်နှာချိုချိုနဲ့သဘောကောင်းတဲ့အကိုကအခုတော့ ပင်လယ်ပျော်ကြီးပေါ့။ အဲဒီတုန်းက ဆယ်တန်း အောင်တဲ့ကျောင်းသားတွေရဲ့ဆရာကန်တော့ပွဲအမှတ်တရကဗျာတွေကိုဖတ်ပြီး နောင်တချိန်ကိုယ်ကျောင်းကြီးကို ခွဲရမယ့်အချိန်ကိုကြိုတွေးပြီးဝမ်းနည်းခဲ့မိဘူးတယ်။ အခုတော့ ကျောင်းကြီးနဲ့ဝေးခဲ့တာ ၈နှစ်နီးပါးရှိခဲ့ပြီလေ။ ကိုယ့်အလှည့်ရောက်လာတော့လည်း ဒီလိုရေးခဲ့ပါသေးတယ်။

အမိကျောင်းတော်သို့

အမျိုးသားကုန်းမြင့်ကိုတက်
ကွန်ကရစ်လမ်းကို ဆက်လှမ်း
မြေနီလမ်းကလေးက ဖြောင့်တန်းလို့
အစိမ်းရောင်သန်းတဲ့ ကံ့ကော်ပင်တန်း
လှမ်းမြင်ရတဲ့ခဏ
အမြင်အာရုံတွေေ၀၀ါး
အသိစိတ်တွေကြားက
ကျောင်းသားဘ၀ကို သတိရနေ
တမ်းတမိတဲ့ တချိန်ကဘဝ
ရင်ထဲက အလွမ်းဝေဒနာ
ဘယ်သူဖြေလို့ ပြေနိုင်မလဲလေ။

ပင်မဆောင်ကိုဝင်
စာသင်ခန်းတွေလှမ်းမြင်
ဥယျာဉ်မှုးတွေက စေတနာအပြည့်
အကြင်နာစကားဆိုလို့
အသိပညာဖြန့်ဝေပေးနေ
လမင်းရဲ့အလင်းရောင်လို
သုံးပေမဲ့ကုန်မသွား
အေးမြလွန်းတယ်လေ။
မိနှင့်ဖလိုစောင့်ရှောက်
မိုးနှင့်မြေလိုကာကွယ်လို့
ငါတို့ရဲ့နောင်ရေးအတွက်ပူပန်
မလွန်ဆန်နိုင်တဲ့ မေတ္တာတွေ
ဆရာမရေ……..

အရင်တခါက
ဆရာမ………ဆို
မျက်နှာညိုခဲ့
ခုနေခါများ
တချိန်ကလို
ပြောပါဦးလား
တပည့်အမှားတွေကိုထောက်လို့
ဆရာ့စကားအမုန်းမထားဘဲ
နှလုံးသားနဲ့ခံယူမယ်။……။

အဲဒီကဗျာကိုဖတ်ရတော့ ဆရာမကြီးကပြောတယ်တဲ့။ ကျောင်းပြီးသွားမှ မေ့သမီးကလာချွဲနေတယ်ပေါ့။ (ဟုတ်လည်းဟုတ်နေတာကိုး) အခုအချိန်ပြန်တွေးကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက ဆယ်တန်းအောင်ခဲ့ပြီး ကျောင်းကိုခွဲခဲ့တာကိုကျေးဇူးတင်ရမယ်။ အခုအချိန်လောက်မှ အဲဒီလိုအလယ်တန်း၊ အထက်တန်းဖြစ်နေရင် ကျောင်းကိုအခုစွဲလန်းသလိုမျိုး ခံစားမိမှာမဟုတ်ဘူး ထင်ပါတယ်။ အခုကျောင်းတက်နေကြတဲ့ ကလေးတွေရဲ့မိဘတွေအပြောအရဆိုရင်တော့ ကျောင်းဝင်းထဲကအဆင့်ပြိုင်ပွဲတွေ (ပညာပြိုင်တာမဟုတ်ပါ)၊ အ၀တ်အစားပြိုင်ကြတာ၊ ဆရာဆရာမတွေရဲ့ မျက်နှာလိုက်ပုံတွေ။ အခြေအနေတွေကအရမ်းကိုကွာခြားနေခဲ့ပါပြီ။ ကိုယ်ကိုသင်ခဲ့တဲ့၊ ကိုယ်ကအရမ်းချစ်ခဲ့တဲ့ ဆရာမတွေရော၊ ဒီခေတ် ဒီစနစ်ကြားမှာပြောင်းလဲနေပြီလား သိချင်လိုက်တာ။ အခုအချိန်အထိကိုယ်ကတော့ ဆရာ၊ ဆရာမလို့ပြောလိုက်တာနဲ့ ကိုယ်တွေ့ခဲ့ဖူးတဲ့ စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်နဲ့ ဆရာ၊ ဆရာမတွေကိုပဲ ပြေးမြင်မိတုန်းပါ။
စကားမစပ် ကိုယ်တို့ကျောင်းဆယ်တန်း A ရဲ့အစဉ်အလာတခုကိုပြောချင်ပါသေးတယ်။ အပေါ်ဆုံးက အကိုရဲ့ကဗျာမှာပါပါတယ်။ “ပဲစေ့နဲ့ပေါက် ဟာသဖောက်လို့ အိမ်ပြန်ချိန်မှာလည်း ကြေးစည်ခေါက်သတဲ့”ဆိုတာ လေ။ ဆယ်တန်းနောက်ဆုံးနေ့မှာ ပဲကြီးလှော်တွေဝယ်လာ၊ အတန်းထဲမှာလိုက်ဝေပေးပြီး စားကြ၊ ကြေးစည်တလုံးသယ်လာပြီး နောက်ဆုံးအချိန်မှာကြေးစည်ထုတာပါ။ ဘယ်နှစ်ကစလိုက်တဲ့အစဉ်အလာလည်းတော့ မသိပါ။ အဲလိုလုပ်မှဂုဏ်ထူးပိုထွက်ပါသတဲ့။ နှစ်တိုင်းလုပ်ပါတယ်။ ကိုယ်တို့နောက်အတန်းတွေကိုတော့ မသိတော့ပါ။ ကိုယ်တို့နှစ်ကျတော့ နောက်ဆုံးနေ့မှာ ဘယ်ဆရာမမှသေချာစာမသင်တော့၊ အတန်းထဲဝင်လာ၊ ကိုယ်တို့နဲ့စကား တွေပြော၊ ဆုံးမစကားတွေပြော၊ ဆုတွေပေးပြီးပြန်ထွက်သွားတာပါပဲ။ နောက်ဆုံးအချိန်ကျတော့ Eco အချိန်ပါ။ အဲဒီဆရာမက အပျိုကြီး။ အသားဖြူဖြူ ပိန်ပိန်လှပ်လှပ်လေး။ အခုတော့အိမ်ထောင်ကျသွားပြီလို့ ကြားပါတယ်။ အသေအချာမသိတော့ပါ။ အတန်းထဲမှာပဲကြီးလှော်အခွံတွေပွ၊ ဖြစ်ချင်တိုင်းဖြစ်နေတာကို စည်းကမ်းကြီးတဲ့ဆရာမ ကလည်းဝင်လာရော အဆက်မပြတ်ကိုဆူတော့တာပါ။ အဲလိုလုပ်တာကိုလည်း ဆရာမကအယုံအကြည်မရှိဘူးလေ။ ကျောင်းသားတွေကိုမေးရင်လည်း ယုံလွန်းလို့လုပ်တယ်ဆိုတာထက် ပျော်လို့လုပ်တာကပိုမှာပါ။ အဲဒီနေ့က နောက်ဆုံးနေ့ဖြစ်ပြီး စောစောမပြန်ရဘဲ ဆရာမသာကူကျိုတိုက်နေတာနဲ့ပဲ ၃နာရီ ၄၅မှာကျောင်းမဆင်းရဘဲ ၄နာရီကျော်သွားပါတယ်။ အခုပြန်တွေးရင်အားလုံးဟာအမှတ်တရ၊ လွမ်းစရာတွေပေါ့။ (လွမ်းတတ်ပါတယ်လို့ ပြောထားတယ်နော်။) သူငယ်ချင်းတယောက်ကတော့ ရင်ထဲကအမှတ်တရဆိုပြီး ရေးခဲ့ပါတယ်။ (အောက်မှာဖတ်ကြည့်ပါ။) ကိုယ့်အတွက်လည်း ကျောင်းသားဘ၀ကအမှတ်တရ၊ ကျောင်းကြီးကအမှတ်တရ၊ ဖြူစင်တဲ့ဆယ်ကျော်သက်ဘ၀ကအမှတ်တရ၊ ရိုးသားသန့်စင်တဲ့ သူငယ်ချင်းအချစ်တွေကအမှတ်တရ၊ အခုတော့အားလုံးကို အမှတ်ရရင်းနဲ့သာ………။

8 comments:

လင်းဒီပ said...

ကျောင်းသားဘဝတွေကတော့ လွမ်းစရာတွေ ချည့်ပါပဲလေ...။
ပြန်ငယ်လို့မှ မရတော့တာ...။

မိုးမြင့်တိမ် said...

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ...စိန်ပန်းတွေလည်း ပွင့်နေပြီကွာ..အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ... အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀...

ဆောင်းဦးလှိုင်သီချင်းလေးဆိုရင်း ကျောင်းသားဘ၀ကို လွမ်းသွားပါတယ် ညီမရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဖိုးဂျယ် said...

အိမ်ပြန်ရောက်နေပီပေါ့ အမရေ
ကျောင်းသား ဘ၀လေးကတော့ မမေ့စရာအကောင်းဆုံး
အတိတ် ပန်းချီကားလေးပါ။

ပျော်ရွှင်ပါစေဗျာ

ကိုလူထွေး said...

ကျောင်းပျော်ကြီးရဲ့ ကဗျာက မေ့သမီးပြောသလိုပဲ ကျောင်းတော်ကြီးကို သတိရစေပါတယ်။ မေ့သမီးရဲ့ ကဗျာလေးလဲ ကောင်းတယ်။ ဆရာမကြီးကိုတောင် မျက်ရည်ဝဲစေခဲ့တယ် မဟုတ်လား...

၅၆ စီဂျီ said...

“ပဲစေ့နဲ့ပေါက် ဟာသဖောက်လို့ အိမ်ပြန်ချိန်မှာလည်း ကြေးစည်ခေါက်သတဲ့”
ချစ်စရာကောင်းတယ့် ဓ‌လေ့‌လေးပါဘဲ။ လွမ်းမိပါတယ်ဗျာ။
အကိုတို့ တုန်းက အထက(၃)မှာ ဒါမျိုးမရှိခဲ့ဘူး။
တစ်ရွာတစ်‌ကျောင်း၊ တစ်‌ကျောင်းတစ်ဂါထာဆိုတာမျိုးထင်ပါရဲ့။
အကို့ ညီမ ကဗျာ‌တွေများများ ‌ရေးနိုင်ပါ‌စေ။
ဘဝကို ခံစား ပုံ‌ဖော်နိုင်ပါ‌စေလို့ ။ ။

အကို
၅၆ စီဂျီ

နေဒေးသစ် said...

မေ့သမီးရေ အိမ်ပြောင်း လင့်ပျောက်နေတာနဲ့ ခုမှ ပြန်ရောက်လာခဲ့တယ် ... မဖတ်ရသေးတဲ့ ပို့စ်တွေ ၆ ခုတောင် တက်သွားပြီ .. ဖြေးဖြေးချင်း အချိန်ယူပြန်လိုက်ဖတ်ပါဦးမယ် .. ကဗျာလေးကို ဖတ်ရင်း ကျောင်းသားဘဝကို သတိရသွားပြီဗျာ ....

ဆူးသစ် said...

ညီမ
ရင်ထဲကအမှတ်တရကဗျာက အစ်ကို့ကဗျာပါ။
၁၉၉၄ခုနှစ်-မတ်လထုတ် ရွှေသမင်မဂ္ဂဇင်းမှာ သားလတ်ဆိုတဲ့ကလောင်အမည်နဲ့ ပုံနှိပ်ဖော်ပြပြီးသားပါ။ ဒါ့အပြင်အစ်ကို စက်မှုတက္ကသိုလ်ကျောင်းသားဘ၀က ထုတ်တဲ့ကဗျာစာအုပ်မှာလဲ ပါဝင်ပြီးသားပါ။ ဒီကဗျာကို အစ်ကို့ရဲ့ Blog ဖြစ်တဲ့ www.whitesmallstreet.blogspot.com မှာလဲ ၂၀၀၈ခုနှစ်ကတည်းက ဖော်ပြထားပါတယ်။ ဒီကဗျာရဲ့မူရင်းမှာ နောက်ဆုံးစာကြောင်းက ( သြော် ...ကျွန်တော်တို့ရဲ့ ရင်ထဲမှာပေါ့ စက်မှုတက္ကသိုလ်)ပါ။ အခုညီမက အစ်ကို့ကဗျာကို နောက်ဆုံးစာကြောင်းလေးပဲ ပြင်ဆင်ပြီးဖော်ပြထားတာပါ။ ညီမအနေနဲ့ကဗျာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲဖော်ပြခွင့်မရှိပါဘူး။ ကဗျာတစ်ပုဒ်လုံးယူသုံးပြီး နောက်ဆုံးစာကြောင်းလေးပဲ ပြင်ဆင်ဖော်ပြထားတာမျိုးလဲ မလုပ်သင့်ပါဘူး။ ဒါကြောင့် ဒီကဗျာကိုညီမ blog မှ ဖျက်ပေးစေလိုပါသည်။

ဆူးသစ် said...

ညီမ ရဲ့သူငယ်ချင်းရေးတာဆိုလဲ သူ့ကို အစ်ကိုကဗျာဖြစ်ကြောင်း ပြောပြီး သူ့အနေနဲ့ အစ်ကို့ကဗျာတစ်ပုဒ်လုံးကိုယူပြီး အောက်ဆုံးစာကြောင်းကို ပြင်သုံးထားတယ်ဆို တာကို ညီမရဲ့ Blog ကတစ်ဆင့် ပြန်လည်ဖော်ပြပေးစေလိုပါတယ်