Monday, May 11, 2009

အလွမ်းတွေနဲ့စာ

ရှေ့ကိုခြေတဘက်လှမ်းရွေ့လျှက် နောက်ကိုခြေတဘက်ဆုတ်နေသူကို တွေ့ဘူးကြပါသလား။
နောက်ကိုငေးလျှက် အရှေ့ကိုလှမ်းနေသူကိုရော မြင်ဘူးကြပါသလား။
တကယ်တော့ကျွန်မသည် ထိုသို့သောလူစား ဖြစ်ပါသည်။ အရှေ့ကိုမြန်မြန်မလှမ်းနိုင်တာကိုသာ အပြစ်တင်လျှက် သယ်ဆောင်သွားသော ၀န်ထုပ်များကို လျှော့မချချင်သူသာဖြစ်ပါသည်။ အသစ်အသစ်တွေတိုးလာတိုင်းမှာ အဟောင်းများကိုမြတ်နိုးတွယ်တာနေတတ်သူလည်းဖြစ်ပါသေးသည်။ အလွမ်းတွေကိုရင်မှာပွေ့လိုက် ငိုညည်းရသည် ကိုပျော်မွေ့နေတတ်သူလည်းဖြစ်ပါသည်။

အရင်က ကျွန်မအမေ့ကိုလွမ်းသည်။ အဖေ့ကိုလွမ်းသည်။ အကိုကြီးကိုလွမ်းသည်။ ကျွန်မရဲ့မြို့ကလေးကိုလွမ်းသည်။ စာမဖတ်နိုင်အောင်လွမ်းခဲ့ပါသည်။ ကျွန်မဘေးပါတ်ဝန်းကျင်က အလှတရားများ၊ ကြင်နာမှုများကို ဥပေ က္ခာပြုလျှက် အလွမ်းပင်လယ်ကျောမှာမျောနေခဲ့ဘူးသည်။

ဟော အခုလည်း ကျွန်မလွမ်းနေပြန်ပါပြီ။ မြို့ကလေးရဲ့အလှတရားမှာ မပျော်ဝင်နိုင်အောင် လွမ်းနေမိပြန်သည်။ အမေ့ရင်ခွင်ကနေ ငေးလျှက်တွေးလျှက်လွမ်းမိနေသည်။ တွေးမိတိုင်းလည်းမျက်ရည်ဝဲရပြန်ပြီ။ တကယ်တော့ ကျွန်မမာကျောတတ်ချင်ပါသည်။ နှလုံးသားကိုထူပေဒဏ်ပေ ခံတတ်စေချင်သည်။ ထိခိုက်လွယ်မှုတွေပျောက်ဆုံး စေချင်သည်။ ဒါပေမယ့် လွယ်လွယ်မေ့ပစ်မရနိုင်သော ကြင်နာမှု၊ ကျွန်မရရှိခဲ့သော အဖြူထည်မေတ္တာ၊ ချိုမြိန်သော စောင့်ရှောက်မှု၊ ရိုးသားသောစနောက်ရယ်မောသံတွေ၊ နောင်တကြိမ်တူညီသောပုံသဏ္ဍာန်မျိုး ပြန်မရနိုင်ပြီဟူသောအသိ။ ထိုအရာတွေအားလုံးက ကျွန်မနှလုံးသား သဲသောင်ပြင်ကို လှိုင်းတွေသဖွယ် ရိုက်ခတ်နေကြပါသည်။ သဲသောင်ပြင်သည် ကျောက်ဆောင်မဟုတ်ပါ။ လှိုင်းတချက်တိုက်တိုင်းမှာ သဲဖွေးဖွေးတွေလှိုင်းနောက်ကိုလိုက်သလို ကျွန်မ၏မျက်ရည်တွေသည် ကျွန်မအတွေးများ၏နောက်သို့ လိုက်နေကြသည်။ ကျွန်မမငိုချင်ပါ။ ငိုစရာတွေကိုထားခဲ့ချင်ပါသည်။ ဒါပေမယ့် လောကမှာမေ့ပစ်ရအခက်ဆုံးသည် အမုန်းတရားမဟုတ်။ ကြင်နာမှုနှင့် မေတ္တာတရားမဟုတ်ပါလား။ ကျွန်မထိုအရာ တွေကိုမမေ့ပစ်နိုင်ပါ။ ထို့ကြောင့် ကျွန်မဆက်လွမ်းနေပါသည်။ ပြီးတော့ ကျွန်မဆက်လွမ်းနေပါမည်။ ကျွန်မလွမ်းနေကြောင်းကိုလည်း ကျွန်မလွမ်းနေသူများကို သိစေချင်ပါသည်။ ထို့ကြောင့် ဤစာကိုကျွန်မရေးဖြစ်ပါသည်။

10 comments:

Anonymous said...

ခံစားချက်တွေထပ်တူကျပါတယ်...
နောက်တစ်ဖန်ပြန်ရနိုင်မှာမဟုတ်တော့တာတွေကို လွမ်းဆွတ်မက်မောနေမိတာကိုက ကိုယ့်အပြစ်ပဲထင်ပါတယ်.. ဖြေသိမ့်ဆင်ခြင်ပြီး ဘေးက အလှတရားနဲ့ ကိုယ့်ကိုဂရုစိုက်သူတွေအပေါ် မပျက်ကွက်ပါစေနဲ့..

Phu Mon said...

ထပ်တူထပ်မျှခံစားလွမ်းနေသော ဘ၀တူတစ်ဦးဖြစ်ပါသည်..။ ခံစားချက်မဲ့အောင်ကြိုးစားရင်း ပိုပို၍ခံစားတတ်လာသော သူတစ်ယောက်ဖြစ်နေပါသည်...

စိတ်စမ်းရေ said...

အမ် ပျော်နေတာထင်တာ...။လွမ်းနေပြန်ပြီးလား..။
ဘာကိုလွမ်းနေပြန်ပြီလဲ....

Anonymous said...

တစ်ချိန်ချိန်ကျရင်တော့ အရာအားလုံး အသားကျ အဆင်ပြေသွားမှာပါလေ ... အကောင်းဆုံးတွေပဲ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ..

ကိုလူထွေး said...

ရေမြေအပြောင်းအလွဲကြောင့်ပါ...
အချိန်တော့နဲနဲလိုတာပေါ့..
ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်...

ဆောင်းယွန်းလ said...

ဘဝမှာ လွမ်းစရာတွေက ခပ်များများမဟုတ်လားညီမလေးရေ..
အဲဒီတော့ လွမ်းသာလွမ်း

မိုးမြင့်အောင် said...

အလွမ်းတွေများလို့ မသယ်နိုင်ရင် နဲနဲလောက်မျှပေးလို့ရပါတယ် ဝိုင်းထမ်းတာပေါ့

Anonymous said...

မိဘ ရင်ခွင်ထဲ ခဏ ပြန်ရောက်တုန်း ပျော်အောင် နေလိုက်ပါဦး။ စိတ်ညစ်စရာရဲ့ နောက်မှာ ပျော်စရာ လိုက်လာပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကို ရင့်ကျက်စေဖို့ ဖြစ်လာတာလို့ သတ်မှတ်လိုက်ပါ။ စိတ်ဓါတ် ဖြူစင်သူလေးရဲ့ အလွမ်းကို ၅၉ကနေတောင် လှမ်းပြီး ခံစားလို့ ရပါရဲ့။

ကမာနီလာ said...

ငါ့ ညီမ အိမ်ပြန်ရောက်နေပြီး အမေ့ကို ကပ်ချွဲပြီး လွမ်းနေပြန်ပြီလား၊ အမေ့အိမ်ရောက်တုန်း စိတ်ချမ်းသာအောင်သာနေပါ ငါ့ညီမရေ၊ ပြန်ရောက်ရင် ပြောအုံးနော်၊

စီဂျီ ၅၆ said...

အကိုရဲ့ညီမ‌လေး၊

မိခင်ရဲ့ရင်ခွင်မှာ ‌မှေးခိုရင်း၊
‌ပျော်ရွင်နိုင်ပါ‌စေလို့ ။
အလွမ်း‌တွေကို ‌ဖြေ‌လျော့နိုင်ပါ‌စေလို့ ။ ။

အကို
စီဂျီ ၅၆