Monday, April 26, 2010

မှတ်မိနေတဲ့ ဟောပြောပွဲ

ဟိုတနေ့က စာရွက်တွေရှင်းရင်း တက္ကသိုလ်ဒုတိယနှစ်တုန်းက တက္ကသိုလ်ချင်းပူးပေါင်းဖလှယ်မှုအစီအစဉ် စာပေဟောပြောပွဲမှာ ဆရာကြီး၊ ဆရာမကြီးတွေဟောပြောတာကို မှတ်သားထားခဲ့ဖူးတဲ့ စာရွက်လေးကိုပြန်တွေ့ပါတယ်။ ၁၅ရက် ၈လ၊ ၂၀၀၃ခုနှစ်ပေါ့။ ဒေါက်တာခင်အေး (ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်စာပေဆိုတဲ့အကြောင်းကို ဟောပြောခဲ့တာပါ။ မှတ်ထားတာတွေကတော့ အများကြီးပါ။ အတိုတွေမှတ်ထားတော့ အဓိပါယ်စဉ်းစားလို့မရတော့တာပါတယ်။ စဉ်းစားလို့ရတာပါတယ်။ “ကျားသေရင်သားရေ ချန်ရမယ်၊ လူသေရင်နာမည်ကျန်ရမယ်”ဆိုတာတွေလည်း ပါတယ်။ စာထဲမှာပါတဲ့လူတွေ အကြောင်းလည်းပါတယ်။
ဆရာကစာပေကို ၄မျိုးခွဲပြသွားတာပါ။ နံပါတ် ၁က နှလုံးသားတံခါးခေါက်တဲ့စာတဲ့။ ၀တ္ထုလိုမျိုးစာပေါ့။ လူအကြောင်းစိတ်ဝင်စား အောင်ရေးထားတာမျိုး။ နံပါတ် ၂က ကဗျာလိုစာမျိုးပါ။ ခံစားမှုနဲ့ပတ်ဝန်းကျင်အသိအမြင်ကိုပေးတဲ့စာမျိုးပေါ့။ နံပါတ် ၃ကအတ္ထုပတ္တိပါ။ နံပါတ် ၄က အက်ဆေး၊ ရသစာတမ်းငယ်ပါ။ ၁၆၊ ၁၇ ရာစုမှာစထွန်းကားတယ်လို့ဆိုပါတယ်။ ဆရာပြောခဲ့တာအများကြီးပါ။ အခုပြန်ဖတ်တော့ ဆရာ့ကိုပြန်ပြီးငြင်းချင်တာတွေတောင်တွေ့လာပါတယ်။ ကိုယ်လက်မခံနိုင်တာမျိုးပေါ့။ ဒါပေမယ့် ဆရာရွတ်ပြခဲ့တဲ့စာအပိုင်းအစလေးတွေကိုအခုထိကြိုက်နေပါသေးတယ်။
“သူများလင် သူများသား ကျားကိုက်လို့သေသေ
ပျိုတို့မောင်ရွှေရောင်ချစ် မင်းဖြစ်ဖို့အရေးကြီးတယ်”
ဘာရယ်တော့မဟုတ်ဘူး။ အဓိပ္ပါယ်ကိုဖတ်တိုင်းသဘောကျမိတာပါ။ နောက်တခုက
“အမေပေးတဲ့လင်
ပုခုံးမှာရွှေရည်လူးစေတော့
ကြိုက်ဖူးရှင်
တို့များကြိုက်တဲ့လင်
အ၀တ်ပင်လည်တွင်စုတ်စေတော့
ရွှေရုပ်လိုထင်” တဲ့။
ဖတ်မိတိုင်းပြုံးမိတာပါ။ ဟုတ်လားလို့အမတွေကိုမေးကြည့်ရဦးမယ်။
အဲဒီတုန်းက ဒေါ်လေးမော် (ဒဂုန်တက္ကသိုလ်) ကလည်း ဘာသာစကားအကြောင်းသိကောင်းစရာ ဟောပြောပါတယ်။ ပုဂံခေတ်မှာကတည်းက ဘာသာစကားကတော်တော်အခြေခိုင်နေပြီဖြစ်ကြောင်း၊ ဗန်းစကားတွေဟာ မူလရင်းမြစ်ကနေ ဆင့်ပွားသုံးရင်းပေါ်ပေါက်လာကြောင်းဟောပြောပါတယ်။ တချို့စကားတွေက မွေးဖွားလာတယ်။ ပြီးတော့ ရှင်သန်တိုးပွားလာပါတယ်။ တချို့ဘာသာစကားတွေကတော့ မွေးဖွားလာတယ်။ ပေါ်ပေါက်လာတယ်။ နောက်ပိုင်း သေဆုံးသွားတယ် (တိမ်ကောသွားတယ်)လို့ဆိုပါတယ်။ ဥပမာဆိုရင် ပျူဘာသာစကား။
နောက်ကျွန်မတို့ ပုသိမ်တက္ကသိုလ်က မြန်မာစာပါမောက္ခဒေါ်ခင်သန်းဦး (ဒေါ်မိုးမြေ)က ဒဿနမှသည် ၀တ္ထုဆီသို့၊ ၀တ္ထုမှသည် ရသဆီသို့ ဆိုတဲ့ခေါင်းစဉ်နဲ့ပြောသွားပါတယ်။ ဒဿနဆိုတာ လောကရဲ့အတွေးအမြင်ဖြစ်ပါတယ်။ လူတွေက လောကကိုဘယ်လိုတွေးမြင်သလဲဆိုတာမျိုးပေါ့။ မိမိကိုယ်ကိုစိတ်ဝင်စားတဲ့အခါ အတွေးအမြင်တွေပေါ်ထွက်လာပါတယ်တဲ့။ အဲဒီအတွေးအမြင်တွေထဲက ကောင်းတာတွေကို ပုံဝတ္ထုနဲ့သာဓကပြုပါတယ်။ အဲဒီကမှ လူ့နှလုံးသားထိခိုက်လှုပ်ရှားလာအောင် ရသက အားဖြည့်ပါတယ်။ အဲဒါကြောင့် စာဖတ်သူထက် စာရေးသူက စိတ်ကူးစိတ်သန်းကောင်းဖို့၊ အတွေးအမြင်ရှိဖို့ လိုအပ်ကြောင်း၊ စာရေးသူသည် ပရိသတ်နဲ့လည်း တသားတည်းဖြစ်ဖို့လိုကြောင်း၊ ပရိသတ်စိတ်လှုပ်ရှားအောင် ကိုယ့်အရေးအသားနဲ့ဆွဲဆောင်နိုင်ဖို့လိုကြောင်း စတာတွေဟောပြောသွားပါတယ်။
(ပြန်လည်မျှဝေပေးတာပါ။ )

7 comments:

မေငြိမ်း said...

မေ့သမီးရေ..

ပျိုတို့မောင် ရွှေယောင်ရစ် ...လို့ ထင်တာပဲ။ ယောင်ထုံးလေးကို ပြောတာလေ..။
ခုထိ မှတ်မိနေသေးတာ.. ချီးကျူးတယ်ဗျ..။
အစ်မကတော့ အသက်ပဲ ကြီးလာလို့လား အဲဒီ Field နဲ့ ဝေးနေရလို့လား မသိ..။ စာတွေ မေ့မေ့ကုန်လို့ စိတ်ဆင်းရဲနေတယ်..။ :(

လင်းဒီပ said...

ပြုံးချင်စရာကဗျာလေးတွေ ချစ်စဖွယ်..။

မေ့သမီး said...

အမမေငြိမ်း ဟုတ်ရင်ဟုတ်မှာပဲ။ ညီမက ဆရာပြောတာကို စာအုပ်မှာမှတ်လိုက်တာ ဆိုတော့ ညီမအမှတ်မှားတာ ဖြစ်နိုင်ပါတယ်။
ကိုလင်း ညီမလည်း အဲဒီကဗျာလေးတွေချစ်လို့ မှတ်ထားတာလေ။ :P

ကိုလူထွေး said...

ဒါတင်ပဲလား မေ့သမီး...

အဆက်ရှိရင် မျှပါအုံး...

းဝ)

မေ့သမီး said...

မျှစရာဘာအဆက်မှမရှိတော့ဘူး။ လာနောက်နေတာလား။းဝ)

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

ဘူးသီး said...

ကျေးဇူး