Friday, January 9, 2009

ထွက်ပေါက်ပိတ်ခြင်း

ဒုက္ခဟာ ရောက်လာမှဖြင့်အဖော်အပေါင်းနဲ့။
ကံဆိုးမိုးမှောင်ကျအောင်ကို ထွက်ပေါက်ပိတ်တယ်
အနာဂတ်ကိုလှမ်းခေါ်ကြည့်တော့ ဇောက်ထိုးမိုးမျှော်
လူမသိအောင် ကျိတ်မျိုချလိုက်ရတဲ့ သောကတွေကထုနဲ့ထည်နဲ့
ညညဆိုအခန်းတံခါးပိတ် အသံမထွက်ဘဲ ရှိုက်ငင်လို့
ခေါင်းအုံးပေါ်မှာက ပူနွေးနွေးအရည်တချို့။
ဒါတွေအမေမမြင်အောင် VZO ပေါ်မှာ ဟန်လုပ်ပြုံးပြရတဲ့အခါ
လူကလည်းရာမမျက်နှာဖုံးလို တစ်ပုံစံတည်း
မိုးသောက်ကနေ၀င် နေ့စဉ်ရက်ဆက်မှာ
ပျော်ရွှင်မှုကိုရှာရင်း တွင်းနက်သထက်နက်လာတယ်။
လမိုက်တဲ့အခါ အသူရာချောက်အောက်ရောက်နေသလို
ငါထွက်ပေါက်ရှာမရတဲ့ညတွေလည်းများများလာ။
အိပ်မောကျနေချိန်မှာ နတ်သမီးလေးတစ်ပါးနဲ့တွေ့တယ်။
ငါဝမ်းသာအားရ ပြုံးပြလိုက်တဲ့အခါ
စေတန်အသွင်ပြောင်းသွားပေါ့
တရေးနိုးတော့ ချွေးတွေရွှဲလို့
ကဲ အိပ်မက်တွေကတောင် မလှတဲ့ဘဝ
နေလို့ကောရဦးမလား
(လောကဓံတရားရေ)
ဘာတွေဘယ်လောက်ဖျက်ဖျက်
တစ်ရက်လောက်တော့ ငါ
ပက်ပက်စက်စက်ပြုံးပါရစေ။

မေ့သမီး
(ဖတ်ပြီးလို့ ဘာရေးထားမှန်းမသိဘူးလို့ ခံစားရရင်အားနာပါတယ်။ စိတ်ထဲမှာ ညစ်နေလို့ပါ။)

2 comments:

ဆောင်းယွန်းလ said...

ထွက်ပေါက်ပိတ်နေတဲ့ညီမလေးရေ.ပျော်ရွှင်နိုင်အောင်ကြိုးစားပါ.
ခါးသီးတဲ့ခံစားမှုတွေကိုအတုလို့သတ်မှတ်နိုင်အောင်ကြိုးစားပါ...
မျက်ရည်တွေကိုသိမ်းဖျက်ပစ်လိုက်နိုင်ပါစေ
အိပ်မက်တွေကိုအချိုဆုံးဖြစ်အောင်မက်ပစ်လိုက်နိုင်ပါစေ..
စကားမစပ်.မြို့လေးမှာအကို့မိသားစုရှိတုန်းဘဲ.ညီအငယ်ဆုံးဆိုရင်ညီမလေး
နဲ့အသက်သိပ်ကွာမှာမဟုတ်ဘူး..သူ့နာမည်ကအောင်မော်ထွန်းတဲ့..
သူတို့ကတော့ခုချိန်ထိမြို့လေးမှာနေတုန်းဘဲ...
ခင်မင်လျက်ပါညီမလေးရေ...

Anonymous said...

မေ့သမီး၏ ထွက်ပေါက်ပိတ်ခြင်းက

ပိတ်ပါးပါးနဲ့
ထုပ်သလိုကို
ရေးထားတာက
ထွင်းဖေါက်မြင်ရပါတယ်။

ခုမှ ဖတ်မိလို့လဲ ဖြစ်နိုင်ပါတယ်လေ။

လောကဓံကို ခံနိုင်ဖို့ တစ်နည်းပဲရှိပါတယ်...
လွယ်ကူစွာ ပြည့်စုံပါစေ...

law