Sunday, April 12, 2009

သင်္ကြန်အမှတ်တရများ


နှစ်စဉ်နှစ်တိုင်း ရင်ခုန်ခဲ့ရတဲ့အချိန်ကိုရောက်လာပြန်ပါပြီ။ ငယ်ငယ်ကတည်းက ဖေဖော်ဝါရီလမှာ စာမေးပွဲဖြေပြီးတာနဲ့ စာမေးပွဲနောက်ဆုံးနေ့မှာ သူငယ်ချင်းတွေနဲ့ အချင်းချင်းရေတွေပက်ကြပါတယ်။ ကျောင်းပိတ်သွားတာနဲ့ သင်္ကြန်ကိုမျှော်ပါပြီ။ စားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်ဆိုသလိုပါပဲ။ သင်္ကြန်ကကိုယ့်ကိုတော်တော်ဖမ်းစားနိုင်တာပါ။ သင်္ကြန်မရောက်ခင်တည်းက အိမ်ကမိဘတွေကို လည်း ရေဖလားဝယ်ပေးဖို့ပူဆာတော့တယ်။ တော်တော်ငယ်ငယ်တုန်းကတော့ ရေပြွတ်နဲ့ပက်ပါတယ်။ ဒါပေမယ့် ရေပြွတ်နဲ့ပက်တာက တမနက်တောင်မခံပါဘူး။ အားမရလို့ခွက်တွေနဲ့ပဲပြောင်းပက်ပါတယ်။

၎တန်းအောင်ပြီးတော့ ကိုကြီးနဲ့အကိုဝမ်းကွဲတွေကိုပေါင်းပြီး ရှင်ပြုကြပါတယ်။ ကိုယ်ကလည်းသီလရှင်ဝတ်ပါတယ်။ အစတုန်းကတော့ ၁၀ရက်လောက်ဝတ်မယ်ပေါ့။ သင်္ကြန်လူမထွက်ဘူးပေါ့လေ။ ၄ရက်အထိသီလရှင်ဝတ်ပြီးတော့ အကြိုနေ့မတိုင်ခင်တရက်ကို ရောက်လာပါတယ်။ သင်္ကြန်သီချင်းတွေလည်း ဟိုက၊ ဒီကနေအသံကြားနေရပါပြီ။ တချို့အိမ်တွေရှေ့မှာ အုန်းလက်မဏ္ဍပ်တွေတောင်ထိုးနေကြပါပြီ။ အဲဒါနဲ့နေ့ခင်းဘက်အိမ်ကိုပြန်ပါတယ်။ ဘုန်းကြီးကျောင်းက အိမ်နောက်ဘေးမှာတင်လေ။ အိမ်မှာကအမေကလည်း ကျောင်းကိုကိစ္စရှိလို့သွားနေ၊ အဖေကလည်းရုံးမှာဆိုတော့ ဟိုဘက်အိမ်ကအဘွားတို့အိမ်မှာ တနေ့လုံးသွားနေပြီး အမေတို့ပြန်အလာ ကိုစောင့်ပါတယ်။ အမေထမီအစိမ်းရောင်လေးကို လဲဝတ်ထားပြီး အဲဒီအိမ်ကအန်တီက စက်ချုပ်တာဆိုတော့ ဖျင်စတွေနဲ့ အရုပ်လုပ်ဆော့လိုက်၊ အကျီ င်္အပ်တဲ့သူတွေကြည့်တဲ့ မှန်အကြီးကြီးရှေ့သွားပြီး သင်္ကြန်သီချင်းဆိုလိုက် ကလိုက်လုပ်နေပါတယ်။ ကတုံးကြီးနဲ့သီလရှင်အကျီ င်္ဝတ်ပြီး ထမီအစိမ်းရောင်နဲ့ မှန်ရှေ့မှာကနေတာဆိုတော့ စဉ်းစားသာကြည့်ပါတော့။ အဲဒါတညနေလုံး။ အဘွားက နင်ကသီလရှင်မဟုတ်တော့ဘူး။ သီလပျံတဲ့။ အမေပြန်လာတော့ လူထွက်မယ်လို့ပြောလိုက်တာပေါ့။ နောက်နေ့ကျတော့ ကတုံးလေးနဲ့သီလရှင်လူထွက် ရေပုံးတလုံးနဲ့ကဲပါတော့တယ်။

နောက်မှတ်မိနေသေးတာတခုက ၈တန်းစာမေးပွဲဖြေပြီးတဲ့နှစ်က ကိုယ်ကအဲဒီတုန်းက အဲလက်စ်ကေ လို့ခေတ်စားတဲ့ ဆံပင်အလယ်ခွဲအတိုလေးနဲ့ပါ။ အိမ်ရှေ့မှာ ရေအိုးတွေချ၊ ရေပုံးတွေချပြီး ရေပက်တဲ့အချိန်ဆို အိမ်ရှေ့ကနေစက်ဘီးစီးပြီးနေ့တိုင်းဖြတ်သွားတတ်တဲ့ အကိုကြီးတစ်ယောက်ရှိပါတယ်။ သူကအဲလက်စ်လို့ ဖြတ်သွားတိုင်းကိုယ့်ကိုစပါတယ်။ နောက်ညပိုင်းဆို မဏ္ဍပ်တွေမသွားတဲ့ရက်တွေမှာ ဈေးနားက၀င်းလွင် စာအုပ်ဆိုင်မှာ စာအုပ်သွားငှားရင်အဲဒီဆိုင်ဘေးက ကျားရေခဲချောင်းအိမ်က အမကြီးတယောက်က ကိုယ့်ကို အဲလက်စ်နဲ့တူလို့၊ ချစ်ဖို့ကောင်းလို့ဆိုပြီး ရေခဲချောင်း ၃၊၄ချောင်းအိတ်နဲ့ထည့်ထည့်ပေးပါတယ်။ အဲဒီအမကြီးက တော်တော်ချောပါတယ်။ ခေတ်လည်းဆန်တဲ့ပုံပါ။ တခါတလေ နေ့ခင်းဘက်သူငယ်ချင်းတွေနဲ့ သင်္ကြန်ရေပက်ခံ ထွက်လို့ သူ့အိမ်ရှေ့ကဖြတ်တဲ့အခါ သူရေပက်နေတဲ့အချိန်ဆို အဲဒီနားမှာအကိုကြီးတွေ ယောင်လည်ယောင်လည် လုပ်နေတတ်တာတွေ့ဖူးတယ်။ ကိုယ်က ရေခဲချောင်းတွေရလာလို့ အိမ်ကိုပြန်ပြောပြတော့ ဖေကြီးက အဲဒါသမီးကို ရုပ်ဆိုးတယ်လို့ပြောတာတဲ့။ အဲလက်စ်ကရုပ်ဆိုးတယ် တဲ့။ အဲလက်စ်ရုပ်ဆိုးလား ရုပ်ချောလားမကြည့်တတ်ပါဘူး။ ဒါပေမယ့် အဲလက်စ်ကိုကြိုက်တော့သူနဲ့တူတယ်ပြောလည်း မနာပါဘူး။ ရေခဲချောင်းလည်း အလကားစားရတာကိုး။ နောက်ပိုင်းအဲဒီအမကြီးကို မတွေ့ရတော့ပါဘူး။

အဲဒီနှစ်သင်္ကြန်မှာပါပဲထင်တယ်။ မြို့ထဲဘက်ကပြန်လာတဲ့ အကိုကြီးတယောက် အိမ်ရှေ့မှာဆိုင်ကယ် ပျက်သွား ပါတယ်။ နောက်ခဏကြာတော့ သူ့သူငယ်ချင်းတယောက်က စက်ဘီးနဲ့ဖြတ်အသွားတွေ့တော့ရပ်ပြီး သူ့ကိုကူညီပြီး နှစ်ယောက်သားဆိုင်ကယ်ပြင်ကြပါတယ်။ ကိုယ်ကရေပက်နေရင်းနဲ့ မီးခြစ်ယူမလားလို့ လှမ်းစပါတယ်။ (တော်တော်ကဲတာနော်။ အမှန်အတိုင်းဝန်ခံရရင် ငယ်ငယ်ကတည်းက အစအရမ်းသန်ပါတယ်။ ) အဲဒါအဲဒီအကိုကရယ်နေပါတယ်။ ခဏကြာတော့ အိမ်ကသံတွေ၊ ပလာယာတွေလာတောင်းပြီး ပြင်လိုက်တာရသွား ပါတယ်။ မီးခြစ်မလိုတော့ဘူးပေါ့။ တခါတလေအဲဒီအကိုက အိမ်ရှေ့ကဖြတ်သွားရင်မီးခြစ်ဆိုပြီးစပါတယ်။ (ငယ်ငယ်ကတော့ ရထားတဲ့နာမည်တွေလည်း တော်တော်များပါတယ်။ သူများကိုလည်း ထိပ်ဆုံးကနာမည်ဖျက် ပါတယ်။) :)

ဆယ်တန်းအောင်ပြီးတဲ့နှစ်ကစပြီးတော့ အိမ်ရှေ့မှာရေမပက်တော့ပါဘူး။ လိမ္မာသွားပြီလို့မထင်လိုက်ပါနဲ့။ တံတားကြီးတန်းလမ်းမှာရှိတဲ့သူငယ်ချင်းယောက်ျားလေးတစ်ယောက်ရဲ့အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပါတယ်။ အဲဒီလမ်းက လမ်းမဆိုတော့ လူလည်းပိုစည်တယ်လေ။ အဲဒီမှာသူငယ်ချင်းတွေစုပြီးရေပက်ကြ၊ ဆိုင်ကယ်တွေနဲ့ရေပက်ခံထွက် ကြပေါ့။ နောင်နှစ်တွေကစပြီး အဲဒီအိမ်ဟာ ကိုယ်တို့သူငယ်ချင်းတွေရဲ့စုရပ်ဖြစ်လာပါတယ်။ မကွေးမှာ၊ ရန်ကုန်မှာ ကျောင်းသွားတက်တဲ့သူတွေအကုန်လုံးကလည်း သင်္ကြန်ပြန်လာပြီဆို အဲဒီမဏ္ဍပ်ကိုရောက်လာပါတယ်။ အဝေးမှာအလုပ်လုပ် နေတဲ့သူတွေကလည်း ဒီအချိန်ဆိုမြို့ကိုပြန်လာကြပြီလေ။ သင်္ကြန်ဟာ ကိုယ့်အတွက်တော့ ကိုယ်ချစ်တဲ့သူငယ်ချင်းတွေအားလုံးနဲ့ဆုံစည်းရာ အချိန်ဖြစ်လာပါတယ်။ သင်္ကြန်ရောက်တော့မယ်ဆိုရင် ပွဲတော်မို့လို့ပျော်တာရယ်၊ သူငယ်ချင်းတွေကို အစုံအလင်တွေ့ရတော့မယ်ဆိုတာရယ်က တွေးတိုင်းကိုယ့်ကိုကြည်နူးစေခဲ့တာပါ။ ကိုယ်ဂုဏ်ထူးတန်းပြီးလို့ ရန်ကုန်မှာ အလုပ်ဝင်နေတော့လည်း ကိုယ်ပြန်လာတိုင်းသူငယ်ချင်းတွေက ရေပက်ခံထွက်ဖို့ကားကအစစီစဉ်ပြီးသား။ ကားထဲမှာ ပါတဲ့မိန်းကလေးအကုန်လုံးကသူ့လူနဲ့သူ။ ကိုယ်ကတော့သူငယ်ချင်းတွေက အတင်းခေါ်လို့ ပါလာတာဆိုတော့ မီးသတ်ပိုက်တွေ၊ ခွက်စောင်းခုတ်တဲ့မဏ္ဍပ်မျိုးတွေဆိုရင် သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းကာပေးတတ်ကြပါတယ်။ ဒီကြားထဲမှာ ကိုယ်ကသူတို့ကားနဲ့လိုက်ပြီး သူတို့နဲ့ကြမလိုက်ဘူးဆိုပြီး အုပ်စုကွဲရန်တွေ့ကြတာမျိုးကိုလည်း ပြေလည်အောင်နှစ်သိမ့်ရပါသေးတယ်။ အခုချိန်ဆို ဒီကောင်တွေတော့ ထုံးစံအတိုင်း သင်္ကြန်အတွက်ပြင်ဆင်နေလောက်ပြီ။ ကိုယ်ကတော့ အဝေးမှာ။ သူငယ်ချင်းတွေကို လွမ်းလိုက်တာလေ။ ဒီနှစ်ကတော့ အခန်းထဲမှာကွန်ပျူတာရှေ့ထိုင်ပြီး Assignment တွေလုပ်ရင်းပဲနှစ်သစ်ကိုကြိုဆိုပါတော့မယ်။ အားလုံးလည်း နှစ်သစ်မှာပျော်ရွှင်ကြပါစေ။

(မေ့သွားလို့ ထပ်တင်လိုက်တာ။ ကိုဖိုးစိန်က အလှုလုပ်တဲ့အကြောင်းရေးလို့လေ။) လွန်ခဲ့တဲ့ ၂နှစ်ကစပြီး သင်္ကြန်ပြီးသွားတဲ့ နှစ်ဆန်းတရက်နေ့မှာ ကုသိုလ်ကောင်းမှုနဲ့စမယ်လို့စိတ်ကူးပြီး မြို့မှာရှိတဲ့ မိဘမဲ့ကလေးကျောင်းကို ငွေလှုခဲ့ပါတယ်။ ပထမနှစ်ကတော့ သူငယ်ချင်းအနည်းငယ်ကိုစည်းရုံးပြီး နည်းနည်းပဲလှုနိုင်ခဲ့ပေမယ့် နောင်နှစ်ကိုယ်ပြန်လာတဲ့အချိန်မှာ သူငယ်ချင်းတွေကအကုန်ပိုက်ဆံတွေကောက် လူစုပြီးနေလို့ ကိုယ်စည်းရုံးစရာမလိုပဲ အလှုလေးဖြစ်မြောက်သွားပါတယ်။ ဒီနှစ်လည်း သင်္ကြန်ပြီးရင် အလှုလုပ်ဖို့ ဖုန်းဆက်ပြောရပါဦးမယ်။

(ပုံကကိုသစ်နက်ဆူးဆီက မလာတာ။)

7 comments:

စိတ်စမ်းရေ said...

အဲလက်စ်နဲ့တူတဲ့ ကတုံးကလေးနဲ့ သီလပျံမလေးရေ... သီချင်းဆိုတာတော်မယ်လို့
မျော်လင့်ပါတယ်...။ ဒီတခါမိပြီ။တခါတည်း ရေ
လောင်းသွားတယ်...။

kay said...

အဲလက်စ်ကေ နဲ့ ရေပက်နေတဲ့ ကောင်မလေး တယောက်ကို မြင်သွားတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ မေ့သမီးရေ

ကိုလူထွေး said...

ဘုန်းကြီးကျောင်းက အိမ်နားမှာဆိုတော့ ဘုရားတရားနဲ့ နီးတယ်လို့ ပြောလို့ ရတာပေါ့...
အစ်ကိုတို့ လည်း ဒီလိုပါပဲ.. သင်္ကြန်ဆိုတာ ဘယ်နေမှန်း မသိရတဲ့ ဘဝမျိုးပါ...
နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

khin oo may said...

ပျော်ဂွင်ပါစေ။

ကိုလူထွေး said...

မ KOM က ပျောင်ဂွင်ပါစေတဲ့... သူလဲ ပျော်ဂွင်တယ် ထင်ပါ့...

ပျော်ရွှင်ပါစေ...

Anonymous said...

သူများပျော်ခဲ့တာတွေ နားထောင်ရင်းနဲ့ပဲ ... ဒီသင်္ကြန်လည်း ကျော်ရဦးမှာပဲ .... မေ့သမီးရေ ပျော်တာလည်း ပျော်ပေါ့ ... သီလတွေတော့ မပျံစေနဲ့နော် :D

ဆောင်းယွန်းလ said...

ညီမလေးရဲ့ဘသင်္ကြန်အမှတ်တရလေးတွေကိုဖတ်ပြီး ပုသိမ်မှာကျန်ခဲ့တဲ့ မိဘညီအကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေကို သတိရသွားမိတယ်

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေညီမလေးရေ