Monday, June 8, 2009

ကျောင်းဖွင့်ချိန်နဲ့ ကျွန်မ

မေလထဲမှာမြန်မာပြည်ကိုပြန်ရောက်ပြီးကတည်းက ကျောင်းသားမိဘတွေကဂျွန်လကျောင်းဖွင့်ချိန်အတွက်ပြင်ဆင် နေတာတွေကိုတွေ့မြင်နေရပါတယ်။ အခုတော့ မနက်ဘက်ဆိုအိမ်ရှေ့ကကျောင်းသွားကြတဲ့ ကလေးတွေကိုတဖွဲဖွဲမြင်နေပါပြီ။ အမေ့ကျောင်းကိုအကြိုအပို့တာဝန်ယူထားတဲ့အတွက်လည်း မနက်ဘက်ဆို ကျောင်းတက်တဲ့ကလေးတွေ၊ ကျောင်းလိုက်ပို့တဲ့အမေတွေကိုမြင်နေရပါတယ်။ အနီးကပ်ဆုံးကတော့ အိမ်ကအဒေါ်အငယ်ဆုံးရဲ့သား တတိယတန်းတက်တဲ့ကောင်ပါ။ မနက်ဆိုရေချိုးပေး၊ သနပ်ခါးလိမ်းပေး၊ အကျီ င်္၊ ဘောင်းဘီဝတ်ပေး၊ မိုးရွာရင်မိုးကာပါဝတ်ပေး။ ညနေကျရင်ကျူရှင်လိုက်ပို့၊ သွားကြိုဆိုတာတွေကိုမြင်နေရတော့ ကိုယ့်ဘာသာကိုယ်တောင် ငါတို့တုန်းကရော မိဘတွေဒီလိုအလုပ်ရှုပ်ခဲ့လားလို့ ပြန်စဉ်းစားမိပါတယ်။

ကိုယ့်တုန်းက အမေကကျောင်းဆရာမ၊ အဖေကဘဏ်မှာ။ မူကြိုတက်တုန်းကလွဲလို့ အိမ်က လိုက်အကြိုအပို့မလုပ်တော့။ ကိုယ့်ထက် ၂တန်းကြီးတဲ့အကိုနဲ့အတူသွား၊ အတူပြန်။ အဲဒီအကိုကလည်း ဘယ်လောက်လည်သလဲဆို တနှစ်တတန်းသာအောင်သွားတယ်။ သားအခန်းကအတန်းပိုင်ဆရာမနာမည် ဘယ်သူလဲဆိုရင် မသိဘူးလေတဲ့။ သားဘေးမှာထိုင်တဲ့သူငယ်ချင်းကရောဆို ပိုဆိုး။ အဲလောက်လည်တာ။ ကျောင်းဆင်းပြီဆို သူ့ကိုကိုယ်ကကျောင်းဆောင်အောက်ကစောင့်ရတယ်။ သူ့သူငယ်ချင်းတွေက ကိုယ့်ကိုတွေ့တာနဲ့ ဒီမှာနင့်အကိုကိုငါတို့လည်ပင်းညှစ်လိုက်မယ် လက်သီးနဲ့ထိုးလိုက်မယ်ဆို ကိုယ့်ကိုစတော့တာ။ ကိုယ်ကလည်းလွယ်အိတ်နဲ့လိုက်ရိုက်၊ အဲဒီတော့မှပြေးရော။ စောဆာလက်ဆေးဆိုတဲ့ကရင်အကိုကြီးကအဆိုးဆုံး။ သူ့ကိုဆိုကိုယ်ကလည်းပြန်ပြောတာ။ သမီးတို့က စောစော ဆာရင်လက်ဆေးစားလိုက်တာပဲဆိုပြီး။ ညနေကျောင်းပြန်ကြပြီ ဆိုရင် တခါတလေပြန်တဲ့လမ်းပေါ်က ပရိဘောဂတိုက်မှာ ရွေဘော်စတွေဝင်ကောက်လိုက် သေးတာ။ မီးမွှေးဖို့။ အဲဒါဆိုရင်ကိုယ်ကရွေဘော်စထုပ်ကိုင်မယ်ပေါ့။ အဲဒါကပေါ့တာကိုး။ ပြီးတော့ အကိုကိုလွယ်အိပ်သယ်ခိုင်းတာ။ အဲဒီပရိဘောဂတိုက်မရောက်ခင်မှာ တိုင်တရာကုန်းဆိုတာရှိတယ်။ ကုန်းအမြင့်ကြီးပဲ။ အဲဒီကုန်းနားရောက်ရင် ကိုကြီး ငါ့အိတ်ကလေးခဏကိုင်ပေးနော်ဆိုပြီး ဘောင်းဘီပဲခေါက်သလိုလို ဟိုဟာဒီဟာလုပ်သလိုလိုနဲ့ ပြီးတော့ ပြေးတက်သွားရော။ ကိုကြီးက လွယ်အိတ်၂လုံးနဲ့ထမင်းချိုင့်တွေကိုင်ပြီး အဲဒီလိုခပ်အေးအေး အကိုရဲ့ညီမဖြစ်လို့ပဲ လူလည်ကျတတ်၊ ဗိုလ်ကျတတ်ဖြစ်လာတာလားတော့မသိပါဘူး။

ထားလိုက်ပါတော့။ ပြောချင်တာတွေလမ်းလွဲကုန်ပြီ။ ကိုယ်ငယ်ငယ်ကတည်းက အိမ်ပြန်ရောက်တာနဲ့ကျောင်းက ပေးလိုက်တဲ့စာကိုလွယ်အိတ်ချပြီးကျက်တာပဲ။ ဘယ်သူမှလည်းတုတ်မိုးနေစရာမလိုပါဘူး။ တုတ်မိုးပြီးစာကျက်ခိုင်းရ၊ စာမေးရတာတော့အိမ်ကအကို။ ဒါပေမယ့်သူတောင်မှ ကျူရှင်ကို ၈တန်းမှလားစတက်ဘူးတာ။ အခုကလေးတွေများ တော့ သူငယ်တန်းကတည်းကကျူရှင်နဲ့။ တချို့တွေများဂိုဒ်တောင်ရှိသတဲ့။ အိမ်ကကောင်ကလည်း စာကျက်ခိုင်းရင် မျက်နှာကဘယ်တော့မှကြည်ကြည်သာသာမရှိဘူး။ အိမ်ကအမေတလှည့်၊ အဖေတလှည့်စာကိုဖတ်ပြရတယ်။ သူက လိုက်နားထောင်ရုံပဲ။ အဲလိုလုပ်မှသာဆယ်တန်းအောင်မယ်ဆို အိမ်ကမိဘတွေလည်း ဘာစီးပွားရေးမှလုပ်မနေနဲ့ တော့ပဲ။ ဘယ်လိုကလေးတွေနဲ့မိဘတွေလည်းမသိပါဘူး။ ကျောင်းဖွင့်ခါစတရက် နှစ်ရက်မှာနေ့ခင်းမုန့်စားဆင်းချိန်ကို အမေက ထမင်းသွားကျွေးသေးတယ်။ အဲဒါတောင်မှ ကျောင်းက ၃ရက်အထိပဲလက်ခံလို့။ ၁နှစ်ပတ်လုံး မိဘ၀င်တာလက်ခံရင် ၁နှစ်လုံးများလိုက်ပို့နေမလားပဲ။

အခုကိုယ်ကပြန်ရောက်နေတော့ ဒရိုင်ဘာကြီးလုံးလုံးဖြစ်ပြီး အမေ့ကျောင်းနဲ့ အဲဒီကောင်ကျောင်းကိုမနက်ဘက်ဆို ဆိုင်ကယ်တက်စီ ဆွဲနေရတယ်။ မနက်ကလည်း ကျောင်းသွားရင်းနဲ့စိတ်ပေါက်ပေါက်နဲ့မေးမိတယ်။ မင်းကိုယ့်ဘာသာဘောင်းဘီမ၀တ်တတ်ဘူးလားလို့။ ၀တ်တတ်တယ်ပြောတာပဲ။ အိမ်ကပဲ အကဲပိုပြီး အကုန်လိုက်လုပ်ပေးနေကြလားမသိပါဘူး။ ကိုယ့်တုန်းကဆို အိမ်ကဆုပေးပွဲတောင်မလိုက်ဘူး။ အခုကလေးနဲ့အဒေါ်ကအဲဒီတုန်းကအပျိုဆိုတော့ ဆုပေးပွဲကိုပြင်ဆင်ပြီးလိုက်ပို့ပေးလို့ပေါ့။
မနက်ကျောင်းလိုက်ပို့ရင်လည်း တူမကြီးကလေးမိုးကာတွေ၊ ထီးတွေ၊ ဦးထုပ်တွေပြန်ယူခဲ့နော်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပျောက်မှာစိုးလို့တဲ့။ ဟင်အဲလိုပဲ ပျောက်တတ်လားဆိုတော့ ပျောက်တယ်တဲ့။ မနှစ်ကလည်း ပျောက်တယ်တဲ့ ပြန်မရဘူးတဲ့။ အဲဒီကျောင်းမှာပဲ ကိုယ်ရော၊ ကိုကြီးရောတက်လာတာပါ။ တခါမှာပစ္စည်းမပျောက် ပါဘူး။ ကြီးကြီးမားမားမပြောနဲ့။ ခဲတံတို့၊ ပေတံတို့ဆိုတာ အိမ်ကမေ့လာရင်တောင်သူများဆီကငှားစရာမလိုဘူး။ စားပွဲပေါ်မှာပိုင်ရှင်မဲ့ပစ္စည်းတွေဆိုတာပုံလို့။ မိုးကာတို့ထီးတို့ဆိုတာ ကျောင်းခန်းအနောက်ဘက်မှာဒီတိုင်း လှန်းထားတာ။ ဘယ်တော့မှမပျောက်ဘူး။ ပြီးတော့အဲဒီကျောင်းကစံပြကျောင်း။ စည်းကမ်းကကြီးသလားမမေးနဲ့။ အခုတော့ဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူး။ ဆရာမတွေကလည်းပြောင်း၊ မိဘတွေကလည်း ကိုယ့်တုန်းကဘယ်လို တက်ခဲ့၊ နေခဲ့လဲတောင် ခေါင်းထဲမရှိတော့ဘူး။ ကလေးတွေကိုကိုယ့်တာဝန်ကိုယ်မယူတတ်အောင်၊ ကိုယ့်ပစ္စည်းကိုယ်မထိန်းသိမ်းတတ်အောင်၊ တာဝန်မဲ့၊ စည်းကမ်းမဲ့တွေဖြစ်လာအောင်ပျိုးထောင်နေသလိုပဲ။

အဲဒီကြားထဲအိမ်ကအဒေါ်ကကလေးကို ခဲတံဘောပင်တွေထည့်ပေးရင်းဆူနေတာ သူများငှားရင်ခဲတံပေးသုံးဖို့၊ ခဲတံဘောပင်ကိုပေးမသုံးဖို့တို့။ ပျောက်ရင်ရိုက်မယ်ဆိုတာပါသေးတယ်။ အိမ်ကကောင်ကလည်း အမေကို ကြောက်တာတုန်လို့။ အဒေါ်ကိုမေးကြည့်တော့မနှစ်ကတဲ့ သူများကခဲတံမပါတော့ငှားတာ ခဲတံဘောပင်ငှားပြီး သူကခဲတံအတုံးနဲ့ရေးလို့တဲ့။ ကျောင်းမှာဆော့ရင်လည်း သူများကိုသူကချည်းကုန်းပိုးတယ်တဲ့။ အဲဒါကို သူ့အမေက သူများနှပ်ချတာခံရလားဆိုပြီး အိမ်မှာသမထားတာဆိုပဲ။ တချို့မိဘတွေကတမင် ကပ်ပြီးကလေးတွေကို ဘာပစ္စည်းမှထည့်မပေးလိုက်ဘူးဆိုပဲ။ လူလည်ကျတယ်ပေါ့။ ဒုက္ခပါပဲနော်။ ဘာပဲဖြစ်ဖြစ်ကိုယ်ကတော့ ကလေးဆိုရင် ဖြူဖြူစင်စင်လေးတွေဖြစ်စေချင်တယ်။ လူကြီးတွေလောကမှာရှိတဲ့ လူလည်ကျတာတို့၊ နှပ်ချတာတို့၊ နားလှည့်ပါးရိုက်တာတို့၊ ကလိန်ကကျစ်ကျတာတို့ဆိုတာတွေကို နားမလည်စေချင်သေးဘူး။ နောင်တချိန်သူတို့ လူကြီးဖြစ်လာမှာသာဒါတွေကို သင်ယူကြပါစေလား။ ဘာလို့ကလေးတွေရဲ့ဖြူစင်တဲ့အတွေးတွေထဲမှာ ဒီကောင်ကတော့ လူလည်၊ ဒီကောင်ကတော့ဘာဆိုတာမျိုးတွေထည့်ပေးနေမလဲ။ အားလုံးကိုဖြူဖြူစင်စင် ကြီးပြင်းကြပါစေလား။ ပြီးတော့ ကိုယ့်ဘာသာတာဝန်ယူတတ်တဲ့ကလေးတွေဖြစ်အောင်၊ ကိုယ်အားကိုယ်ကိုးတတ်တဲ့ ကလေးတွေဖြစ်အောင်လုပ်ပေးထားကြရင် နောင်တချိန်မှာနိုင်ငံအတွက်သားကောင်းသမီးကောင်းလေးတွေလို့ ကြီးကြီးကျယ်ကျယ်မပြောရင်တောင် ကိုယ့်တာဝန်ကိုယ်သိတဲ့လူအဖိုးတန်လေးတွေ ဖြစ်လာမှာပါပဲ။ အခုတော့……။

8 comments:

နွေးနေခြည် said...

ဟုတ်တယ်နော်
ဒီအရွယ်လေးတွေကို အရောင်မဆိုးသင့်ဘူး

မေ့သား said...

ငယ်ငယ်က အတော် လိမ္မာခဲ့တာပဲ။ ခုရော? ခင်စရာကောင်းလို့ နောက်လိုက်မိတယ်။ မေ့သမီး ဒီ့ထက် အကြိုအပို့ လုပ်နိုင်ပါစေ။

စီဂျီ ၅၆ said...

အကို့ ညီမ

‌ခေတ်ချင်း မတူ‌တော့ဘူး‌လေ။
ဘာဘဲေ‌ပြာေ‌ပြာ ညီမ‌ရေးထားတာဖတ်ရ‌တော့
ကိုယ်လည်း ငယ်ငယ်တုန်းက ဆိုးခဲ့သလား
ပြန်‌တွေးမိပြီး၊ ရယ်မိပါတယ်။


အကို
စီဂျီ ၅၆

နေဒေးသစ် said...

ဟုတ်ပါတယ် ကလေးဆိုတာ အရမ်း ဖြူစင်ပါတယ် ... ကလေးတွေရဲ့ စိတ်ဆန္ဒနဲ့ အတွေးအခေါ်တွေကို တည့်မတ်ပေးတာ မျိုးလောက်က လွဲရင် သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အရောင်မဆိုးသင့်ပါဘူး ...

လင်းဒီပ said...

အင်း အစ်ကို ကို အနိုင်ကျင့်တဲ့ အကြောင်းကတော့ ပိုစ့်တိုင်းပါတယ်..ငယ်ငယ်က အတော်ဆိုးပုံရတယ်...

ခုခေတ်ကလေးတွေ ဖြတ်သန်းကတဲ့ခေတ်..ဖြူဖြူစင်စင်လေးပဲ ကြီးပြင်းလာစေချင်ပါတယ်လေ...။

ကိုလူထွေး said...

တတိယတန်းတက်တဲ့ ကောင် ပါ။

ပြင်ရေးပေးပါ...

တတိယတန်းတက်တဲ့ ကောင်လေး ပါ ... လို့

းဝ)

mirror said...

မေ့သမီးရေ..ရေခံမြေခံတူကြလို့ ထင်ပါ့..။ရေးထားတဲ့အကြောင်းအရာတွေ
ဥပမာ..ကလေးတွေကို မိဘတွေထားတဲ့သဘောထားတွေ..
အဲ့ဒိသဘောထားအပြောင်းအလဲတွေ အားလုံးနီးပါး တူနေတာမြင်ရတော့...
ကိုယ့်ငယ်ဘ၀တောင် ပြန်သတိရတော့တယ်..။

ဆောင်းယွန်းလ said...

ငယ်ဘဝကကျောင်းဖွင့်ချိန်ကိုတောင်လွမ်းသွားမိတယ်ညီမလေးရေ