Saturday, June 6, 2009

မြွေတကောင်အကြောင်း

ဒီနေ့တော့စရို့ဂ်ျသည် အိပ်ရာမှအစောကြီးနိုးနေလေသည်။ သူနိုးလာလို့နာရီကိုကြည့်မိတော့ မနက် ၆နာရီပင်မထိုးသေး။ သူတို့ကိုလာရောက်ကြိုဆိုမယ့်ဘတ်စ်ကားက ၈နာရီမှာရောက်လာမှာဆိုတော့ သူ ၇နာရီလောက်ထပြီးပြင်ဆင်ရင်မီ လောက်သည်ဟုတွက်မိသည်။ ဒါနဲ့ပဲသူလည်းအိပ်ရာထဲမှာပဲဆက်ပြီး နှပ်နေလိုက်သည်။ ဒါပေမယ့်ဟိုတွေး ဒီတွေးနဲ့ ပြန်အိပ်လို့မရတော့။ အတွေးတွေကချည်မျှင်တွေလိုတသီတတန်း ပေါ်လာနေကြသည်။ အတွေးတွေကနီပေါမှာကျန်ခဲ့တဲ့ အဖေနဲ့အမေဆီရောက်လိုက်၊ မနေ့ကလေဆိပ်မှာသူ့ကိုလက်တပြပြ ကျန်ခဲ့ရှာတဲ့သူ့ငယ်ရည်းစား လက်ရှာဆီရောက်လိုက်၊ အမေရိကကသူ့အကိုဆီရောက်လိုက်နဲ့။ အမေရိကက အကိုဖြစ်သူဆီသူ ၆လလောက်သွားနေပြီးပြန်ရောက်အလာမှာ သူ့သူငယ်ချင်းအကူအညီနဲ့ ဒီစင်္ကာပူမှာရှိတဲ့ Public Policy ကျောင်းကိုလှမ်းပြီးလျှောက်ဖြစ်ခဲ့ပုံ၊ ကျောင်းကနီပေါမှာလာပြီး စာမေးပွဲစစ်၊ အင်တာဗျူးလုပ်နဲ့သူအရွေးချယ်ခံရပုံတို့ကိုလည်းပြန်မြင်ယောင်လာမိသည်။

သူအမေရိကမသွားခင်ကတော့ သူသည်နီပေါကသာမာန်ဘွဲ့ကလေးတခုရပြီး အမေရိကမှာအကိုနဲ့သွားနေတဲ့အချိန်အထိသူဟာ ဘာမှမဟုတ်တဲ့ လူရာမ၀င်လှတဲ့ ငချွတ်ကလေးတကောင်သာဖြစ်သည်။ သူ့အကိုနဲ့အတူနေပြီး ဓါတ်ဆီဆိုင်မှာအလုပ်လုပ်ခဲ့သည်။ စားသောက်ဆိုင်မှာစားပွဲထိုးလုပ်ခဲ့သေးသည်။ နောက်နီပေါမှာကျန်နေခဲ့တဲ့မိဘနှစ်ပါးကိုလွမ်းတာကြောင့်ရော၊ သူ့ရည်းစားလက်ရှာကလည်းပြန်လာပါဟုခေါ်တာကြောင့်ရော သူနီပေါကိုပြန်လာဖြစ်ခဲ့သည်။ သူပြန်လာတဲ့အခါ ကျောင်းပြီးပြီး ကြုံရာအလုပ်လုပ်နေကြတဲ့သူငယ်ချင်းတွေကြားမှာ သူသည်အမေရိကပြန်၊ ဒါ့အပြင် ဟိုမှာနေ့စဉ်ကြည့်နေရတဲ့ နိုင်ငံတကာသတင်းတွေ၊ သူအချိန်အားခိုက်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ သတင်းစာတွေ၊ နိုင်ငံရေးသုံးသပ်ချက်တွေက သူငယ်ချင်းတွေကြားမှာသူ့ကိုလူတွင်ကျယ်လုပ်နိုင်ဖို့အခွင့်အရေးပေးလာခဲ့သည်။ သူ့အဖေရှေ့နေဟောင်းကြီးရဲ့သူငယ်ချင်းတွေအိမ်လာလည်ရင်လည်း သူပြောပြတဲ့ပစ္စုက္ခအခြေအနေတွေ၊ သတင်းတွေကသူတို့ကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။ သူအမေရိကမှယူလာခဲ့တဲ့ ပေါင်တင်ကွန်ပျူတာအစုတ်ကလေးကလည်း အင်တာနက်ကဖီးတွေမှာ သူအချက်အလက်တွေရှာဖွေရာ၊ သိုမှီးရာဖြစ်လာခဲ့တာပေါ့။

အဲဒီအချိန်မှာပဲ ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်နေတဲ့ သူငယ်ချင်းက သူ့ဆရာဆီကရလာခဲ့တဲ့ လက်ကမ်းစာစောင်တခုကိုပြတယ်လေ။ “သင်သည်ထူးချွန်ထက်မြက်သူဖြစ်ပါသလား။ အာရှတိုက်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သင့်တွင်ဆန္ဒရှိပါသလား။ သင့်အားအခမဲ့လေ့ကျင့်ပေးရန်အသင့်ရှိပါ၏” ဆိုတဲ့ခေါင်းစည်းနဲ့ စင်္ကာပူကနာမည်ကျော်ခေါင်းဆောင်နာမည်တပ်ထားတဲ့ နာမည်ကြီးPublic Policy ကျောင်းတခုရဲ့ မာစတာဘွဲ့အတွက်ကြော်ငြာပေါ့။ သူ့ကိုအရမ်းအထင်ကြီးနေတဲ့သူငယ်ချင်းက မင်းဝင်လျှောက်ပါလားဆိုတော့ သူကအေးလေ လျှောက်ကြည့်တာပေါ့လို့ သူခပ်ပေါ့ပေါ့ပြောလိုက်တယ်။ ဒါပေမယ့်အဲဒီသူငယ်ချင်းက အတင်းတိုက်တွန်းနေတဲ့ အတွက်သူဖောင်တင်ဖို့ပြင်ဆင်ရပါတော့တယ်။ ဒါပေမယ့် သူ့စိတ်ထဲကတော့ ခပ်တွန့်တွန့်ပဲ။ သူ့မှာဘာလုပ်ငန်းအတွေ့အကြုံမှမရှိ။ အမေရိကမှာလုပ်ခဲ့တဲ့ ဓါတ်ဆီဆိုင်တို့၊ စားပွဲထိုးအလုပ်တို့ဆိုတာ လုပ်ငန်းအတွေ့အကြုံထဲမှာထည့်ရလောက်အောင်မတင့်တယ်။ ဒါနဲ့ပဲ ကျောင်းတုန်းက လုပ်အားပေးလုပ်ခဲ့ဖူးတဲ့ ကျန်းမာရေးဌာနတခုမှာအခုထိလုပ်နေသလိုလိုထည့်ရေးလိုက်တယ်။ အဲဒီကလူကြီးကလည်း သူ့ကိုတော်တော်အရေးပေးခဲ့တာဆိုတော့ ထောက်ခံချက်ရေးပေးဖို့ သူတောင်းဆိုတော့ သူသိပ်မပြောလိုက်ရဘဲ လက်ခံလိုက်တယ်။ ဒီလိုနဲ့ကျောင်းကပထမအကြိမ်ရွေးချယ်တဲ့အထဲမှာသူရွေးချယ်ခံရပြီး ကျောင်းကစာမေးပွဲလာစစ်ပါတယ်။ နီပေါမှာတုန်းကလည်း အင်္ဂလိပ်စာလေ့လာခဲ့သလို၊ အမေရိကမှာ ၆လလောက်နေလာတဲ့သူ့အတွက် အင်္ဂလိပ်ဘာသာစကားစာမေးပွဲကအခက်အခဲမရှိလှ။ သူကြောက်နေတာက သင်္ချာ။ ဒါပေမယ့်တကယ်တမ်းသင်္ချာစစ်ကြတော့လည်း အခြေခံသင်္ချာဗဟုသုတကိုသာစစ်ဆေးတာဖြစ်တဲ့အတွက် သူ့ကအေးအေးဆေးဆေးပင်ဖြေဆိုနိုင်ခဲ့သညါ။ စာမေးပွဲဖြေအပြီး အင်တာဗျူးဖြေရတော့လည်း အင်တာဗျူးတဲ့ပါမောက္ခ ၂ယောက်စလုံးသူ့အဖြေ၊ သူ့နိုင်ငံရေးအမြင်၊ ပေါ်လစီသုံးသပ်ချက်တွေကိုသဘောကျ သွားပုံပေါ်သည်။ ဒီအင်တာဗျူး အပြီးမှာတော့ သူဒီဘွဲ့လွန်သင်တန်းတက်ဖို့ရွေးချယ်ခံရလိမ့်မယ်လို့ သူ့ဘက်ကသေချာသလောက်ရှိသွားတော့တယ်။

နောက်တလကြာပြီး ဧပြီလအတွင်းမှာတော့သူ့ကိုရွေးချယ်ခံရ ကြောင်းနဲ့ သူပညာသင်ဆုလည်းရရှိကြောင်း ကျောင်းကပို့ပေးတဲ့အီးမေးကိုသူလက်ခံရရှိပါတော့တယ်။ နောက်၎ရက်လောက်ကြာအပြီးမှာတော့ မူရင်းစာက စာတိုက်ကတဆင့်ရောက်ရှိလာပါတော့တယ်။ ဟောအခုတော့ သူကကျောင်းမဖွင့်ခင်မှာ ဘောဂဗေဒအခြေခံမရှိသူတွေတက်ရမယ့်အကြိုသင်တန်းအတွက် စင်္ကာပူကိုမနေ့ကလေယာဉ်နဲ့ရောက်လာပြီး ကျောင်းကပေးထားတဲ့ကွန်ဒိုတိုက်ခန်းတခုမှာပေါ့။ မနေ့ကညကသူရောက်လာပြီး သူနေရမယ့်အခန်းကို ကျောင်းကလိုက်ပို့ပြီးနောက်မှာ အင်္ဂလိပ်စာနဲ့ သင်္ချာအကြိုတန်းအတွက်ရောက်နှင့်နေပြီးသားကျောင်းသားတွေက သူ့ကိုလာနှုတ်ဆက်ပါတယ်။ ပြီးတော့သူတို့ညစာသွားစားမှာကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။ အားလုံးကတော့ တကယ့်ကို ရည်ရည်မွန်မွန်နဲ့ ပညာတတ်ပီသကြပါတယ်။ လူငယ်တွေချည်းပဲမို့ ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နေကြတဲ့ ပုံပါပဲ။ နိုင်ငံပေါင်းစုံမှကျောင်းသားတွေရောက်လာကြမှာ။ ဂျပန်၊ ရုရှ၊ တာဂျီကစ္စတန်၊ မြန်မာ၊ အိုင်ယာလန်၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက ရောက်နှင့်နေပါပြီ။ တချို့နိုင်ငံများမှတော့ မရောက်ကြသေးပါ။ သူကတော့ ဒီပညာတတ် လူတန်းစားတွေကြားမှာ ၀င်ဆန့်နိုင်ဖို့၊ အားလုံးနဲ့လိုက်လျောညီထွေဘယ်လိုနေရမလဲပဲ စဉ်းစားနေရပါတယ်။ နီပေါမှာကျန်ခဲ့တဲ့သူ့အပေါင်းအသင်းတွေကြားမှာ သူလူတွင်ကျယ်လုပ်ခဲ့သလို ဒီမှာသူလုပ်လို့မရဘူးဆိုတာတော့ အရမ်းကိုသိသာနေပါတယ်။ သူကတော့ အောက်ကျို့ပေါင်းရမယ့်သူ့ကို အောက်ကျို့ဖို့ဝန်မလေးပါဘူး။ သူလိုအညတရတယောက်ဒီလိုအသိုင်းအ၀ိုင်းထဲရောက်လာဖို့ဆိုတာ ဘုရားကပေးတဲ့ဆုလာဘ်ပါပဲ။ ကျောင်းပြီးရင် စင်္ကာပူမှာပဲ သူအလုပ်ကောင်းကောင်းတခုရနိုင်တယ်။ သူ့လိုဒီကမာစတာဘွဲ့ရထားတဲ့လူတယောက်အဖို့ အလုပ်တခုရတာနဲ့ အမြဲတမ်းနေထိုင်ခွင့်ရမယ်။ ကံကောင်းရင် ဒီအသိုင်းအ၀ိုင်းထဲကပညာတတ်မိန်းမ တယောက် ရပြီး သူ့ဘ၀ကတဟုန်ထိုးမြင့်တက်သွားနိုင်တယ်လေ။ ဟား လက်ရှာရေ မင်းအတွက်စိတ်မကောင်းပေမယ့် နေခဲ့ပါတော့ကွာလို့ သူစိတ်ထဲကနေပြောနေမိတယ်။
*********
နာရီက၇ချက်မြည်သံနဲ့အတူသူအိပ်ရာကထလိုက်တယ်။ ရေချိုးခန်းဝင် ကိုယ်လက်သန့်စင်ပြီး သူအခန်းထဲပြန်ဝင် လာတယ်။ ခရီးဆောင်အိတ်ထဲက အကောင်းဆုံး၊ အသစ်လွင်ဆုံးလို့ထင်ရတဲ့ဝတ်စုံတစုံကိုသူ ကောက်ဝတ် လိုက်တယ်။ တိုက်ပွဲဝင်ရမယ့်စစ်သူကြီးတယောက်အတွက် သံချပ်ကာဝတ်စုံကအရေးကြီးသလို သူ့အတွက်လည်း သစ်လွင်တဲ့ဝတ်စုံကသူ့ရဲ့ပင်ကိုယ်အားနည်းချက်တွေကို ဖုံးကွယ်ပေးတယ်လို့ သူခံစားရတယ်။ သူ့စိတ်ထဲမှာရှိတာတွေကိုဘယ်တော့မှ လူတွေမသိစေရ။ သူ့အတွက်တော့ အရေခွံတစုံလို သူရဲ့ချိုမြိန်တဲ့အပြုံး၊
ကျွမ်းကျင်တဲ့အင်္ဂလိပ်စကားဒါတွေကသူရဲ့ပင်ကိုယ်အနေအထားကို ဖုံးလွှမ်းနေစေရမည်။ သူရှေ့ဆက်လျှောက်ရမယ့် လမ်းကအရှည်ကြီးပဲမဟုတ်ပါလား။

9 comments:

လင်းဒီပ said...

ငါ့ညီမ ဝတ္တုလေးဖတ်ပြီး ဆရာထင်လင်း ဘာသာပြန်တဲ့ အဆိပ် ကို သတိရတယ်..။

ဒါမျိုးလူတွေ နေရာတကာမှာ အများကြီးပဲနော်...။

စာရေးတော်တဲ့ မေ့သမီးကိုတော့ ချီးကျူးပါတယ်။

ကိုလူထွေး said...

"လက်ရှာရေ မင်းအတွက်စိတ်မကောင်းပေမယ့် နေခဲ့ပါတော့ကွာလို့ သူစိတ်ထဲကနေပြောနေမိတယ်"

ဟတ်ထိတယ် ညီမရယ်... ... ...

:'(

လင်းဒီပပြောသလိုပဲ စာရေးတော်တဲ့ မေ့သမီးကို ချိုးကျူးပါတယ်...

ခင်တဲ့
ကိုလူထွေး

သီဟသစ် said...

မေ့သမီးရေ...

ဖတ်ရတာ ကောင်းတယ်


ခင်မင်စွာဖြင့်
သီဟသစ်

ဟန်လင်းထွန်း said...

ဘာပြောရမှန်းတောင်မသိဘူး။ ကောင်း၏။။။

မေလေ said...

မမမေရေ
နာမည်ခြင်းဆင်လို့လာခဲ့ရာကအရမ်းကောင်းတဲ့ ၀တ္ထုတို တစ်ပုဒ်ခံစားလိုက်ရတဲ့ အတွက် ကျေးဇူးနော်...
နောက်လဲ အားပေးနေ မယ်နော်
ခင်တတ်တဲ့
မေလေး

မေလေ said...

မမမေရေ
နာမည်ခြင်းဆင်လို့လာခဲ့ရာကအရမ်းကောင်းတဲ့ ၀တ္ထုတို တစ်ပုဒ်ခံစားလိုက်ရတဲ့ အတွက် ကျေးဇူးနော်...
နောက်လဲ အားပေးနေ မယ်နော်
ခင်တတ်တဲ့
မေလေး

စီဂျီ ၅၆ said...

အကို့ ညီမက စွယ်စုံရအနုပညာရုင်ဘဲ။
အမြဲအား‌ပေး‌နေမယ်။

အကို

စီဂျီ ၅၆

ကမာနီလာ said...

အကို အလုပ်များနေလို့ နောက်ကျမှရောက်ဖြစ်တယ်၊ ညီမ အရေးအသားကိုကြိုက်တယ်၊ အဲဒီလိုမျိုးလေးတွေ ဖတ်ချင်တယ် အချိန်ရတဲ့အခါ ရေးပါ၊ စောင့်ဖတ်နေမယ်၊

မေ့သမီး said...

အားလုံးကိုကျေးဇူးပါ။ အစတုန်းက ၀တ္ထုရှည်မဟုတ်တောင် အလတ်လောက်ရေးမလို့ဟာ အပျင်းထူတာနဲ့အတိုနဲ့ဇာတ်သိမ်းသွားတာ။ ဖတ်ကောင်းတယ်ပြောလို့ကျေးဇူးပါ။