Saturday, July 25, 2009

စုံစီနဖာ


အခုတလော အိပ်မရပါ။ ညဘက်ညဘက်ဆို ဘာအကြောင်းတွေကြောင့်မှန်းမသိ အိပ်မရပါ။ ၁၂နာရီလောက်အိပ်ရာ ၀င်ရင် ၂နာရီထိုးလောက်အထိအိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေတတ်ပါတယ်။ အဲဒါပြီးရင် ၄နာရီ၊ ၅နာရီလောက်ဆို တခါပြန်ပြန်လန့်နိုးလာတတ်ပါတယ်။ ပထမညကလန့်နိုးလာတာက နားထဲမှာ ဟင်းဆိုတဲ့ သက်ပြင်းချသံကြီးတခုပီပီသသ ကြားလိုက်ရလို့ပါ။ နိုးလာတော့လည်း တခန်းလုံးမှာ ကိုယ်ကလွဲလို့ နတ်ချောချောလေးတောင်တယောက်မှမရှိ။ မနေ့ညကတော့ အိပ်မက်ဆိုးတွေမက်ပြီးလန့်နိုးလာပါတယ်။ အိပ်မက်ထဲမှာရန်ကုန်ကိုပတ်စ်ပို့သွားလုပ်တဲ့အကိုက သူ့ကောင်မလေးနဲ့သွားတယ်ဆိုလို့ ဒေါသူပုန်ထပြီးနိုးလာတာပါ။ (စိတ်ကောင်းရှိတာတွေလေ။) မနက်ကျနှိုးစက်ပေးထားတဲ့အချိန်မနိုးတော့ပါ။ ကျောင်းဖွင့်ရင်ဒီ Sleeping pattern ကကိုယ့်ကိုဒုက္ခလှလှကြီးပေးတော့မှာပါ။ ၉နာရီကနေ ၁၂နာရီတက်ရတဲ့ သုံးနာရီအတန်းတွေမှာငိုက်နေလို့ကတော့ ဒီနှစ် Senior year ကကျွမ်းပြန်သွားလောက်တယ်။

ဒီနေ့ဆေးရုံသွားသွေးစစ်၊ ပြန်ရောက်ကတည်းက မျှော်နေတဲ့အပြင်ကလူတွေ၊ အွန်လိုင်းကလူတွေ ရောက်မလာလို့ စိတ်ကတိုနေပါပြီ။ စာဖတ်ရင်းနဲ့ခုတင်ပေါ်အိပ်ပျော်သွားလိုက်တာ နိုးလာတော့အကိုတယောက်အွန်လိုင်းတက်နေပြီး ကိုယ့်ကိုလာစကားပြောနေပါတယ်။ စိတ်ကလာစေချင်တဲ့အချိန်မှာရောက်မလာတဲ့သူတွေကို အမြင်ကကပ်နေတာပါ။ လောလောဆယ်စိတ်ကောက်စရာလူလည်းသူပဲရှိတော့ သူ့ကိုစာပြန်မရိုက်ပါဘူး။ တော်တော်ကြာတော့ သူကတင်းလာပြီနော်တွေဘာတွေဖြစ်လာပြီ။ အဲဒီတော့မှ ဘောက်တွေပြန်ရိုက်ရော။ အဲဒီမှာစတွေ့တာပဲပေါ့။ အဲဒီအကိုကလည်းအမွှေးအမျှင်ထူသလောက် စိတ်ကတိုပါတယ်။ ရှုးရှုးရှားရှားနဲ့ ဒေါတွေခီးပြီး စကားမပြောတော့ပါ ဘူး။ ကိုယ်ကလည်း နားငြီးလိုက်တာ ဆိုပြီး ဆက်မပြောဘူးလေ။ အင်း ကြာရှည်များ သူများတွေလို အိပ်ရာထဲနာတာ ရှည်လဲများနေရင် ကိုယ်လဲသူငယ်ချင်းတယောက်မှကျန်မယ်မထင်တော့။ ဒီရက်ပိုင်းရေးဖြစ်တဲ့စာတွေ၊ ကဗျာတွေ တောင်စိတ်မပါတာနဲ့ ဘလော့ပေါ်မတင်ဖြစ်။ ဒီကြားထဲကိုယ်နဲ့ရန်ုဖြစ်မယ့်သူရှိတော့ ရန်ဖြစ်လိုက်တယ် အေးရော။ တကယ်ကအဲဒီအကိုတွေက ကိုယ်နဲ့ဒီမှာတနှစ်လောက်ပဲ ကျောင်းအတူတက်ခဲ့ရလို့ ကိုယ့်အကြောင်းအစုံအလင် မသိတာဖြစ်မှာ။ (ဒီထက်ဆိုးတဲ့အကျင့်တွေအများကြီးရှိပါသေးတယ်။ ) တခါတလေဆို မြောင်းမြလိုနယ်ဘက်က လာတဲ့ သူငယ်ချင်းအိမ်လာလည်ရင် သူကတော့ရောက်တယ်ဆို ကိုယ့်မျက်နှာတွေ့ချင်လို့ဆို ကျောင်းကနေအဝေး ကြီးအိမ်လိုက်လာ၊ ကိုယ်ကစိတ်မပါရင်အိပ်ရာကမထဘဲထွက်မတွေ့လိုက်တာမျိုးတွေလည်းတပုံကြီး။ ညနေကျမှသာ အဆောင်သွားခေါ်ပြီး မုန့်ကျွေးချော့တာတပိုင်း။ တချို့ အရမ်းအထာညက်တဲ့သူငယ်ချင်းတွေဆို ကိုယ်အိပ်နေလည်း အမေနဲ့စကားပြောပြီး အိမ်ကကျွေးတာတွေစားပြီး အေးအေးဆေးဆေးမှပြန်ပါတယ်။ ကိုယ်အိပ်ရာကနိုးလာရင်လည်း စကားပြောပေါ့။ ဒါပေမယ့် နေ့ခင်းဘက်အိပ်ရာကနိုးစအချိန်မှာကိုယ့်မှာဘယ်လို ညစ်ကျယ်ကျယ်စိတ်မျိုးလည်း မသိပါဘူး ရှိပါတယ်။ တော်တော်ဆိုးပေမယ့် မတတ်နိုင်ပါဘူး။ တခါတလေ ကိုယ့်ကိုဖုန်းဆက်ရင် ပေပြီးမကိုင်တာ မျိုးလည်းရှိပါတယ်။ (တခါတလေကျနောက်ကဖုန်း sim card ကလွတ်ပြီး ကိုယ့်ဆီဖုန်းမ၀င်တာမျိုးလည်းရှိပါတယ်) မသိရင်အဲဒီလူကို စိတ်ဆိုးနေလို့မကိုင်တာထင်ရပါတယ်။ မဟုတ်ပါဘူး။ စိတ်ထဲမှာတခုခုကိုစိတ်ဝင်တစား လုပ်နေတာတို့၊ ဘယ်သူနဲ့မှစကားပြောဖို့ mood မရှိတာမျိုးတို့ဆိုရင် သက်သက်မယ့်မကိုင်တာပါ။ ဘယ်တော့မှအကြီးအကျယ်ဝဍ်လည်မလဲတော့မသိပါဘူး။ (အခုတော့ ၀ဍ်သေးသေးလေးတွေပဲ လည်နေလို့ပါ)

ဘာပဲဖြစ်ဖြစ်အခုတော့အကိုတယောက်အကြီးအကျယ်တင်းသွားပါပြီ။ နောက်ခါလာနောင်ဈေးပါပဲ။ နောက်မှပဲ ချိုကိုင်ပြီး (အဲလေမှားတွားလို့) ဒူးထောက်တောင်းပန်ရရပေါ့။ :D

9 comments:

ကိုလူထွေး said...

မေ့သမီးရဲ့ အကိုဖြစ်ရမှာတောင် ခပ်လန့်လန့်... အိပ်မက်ထဲတောင် လွတ်လပ်ခွင့်မပေးတဲ့ညီမ.. တော်တော် ဆိုးတာပဲ...

ဒူကဘာ said...

ဖုန်ထူ၊ ဂျပိုးပေါတဲ့ အရပ်နေမှတော့ ဂလောက်လဲိအိပ်မပျော်တာ ရှိပေမပေါ့၊ လူကြီးတွေကို ပြဿနာ ကြပ်ကြပ် ရှာနော် ... ဂျိုကိုင်သလေး ဘာလေးနဲ့၊ ဟင်း...ဟင်း...စိတ်ပုပ်တာများ စာဖွဲ့နေရသေး။

သီဟသစ် said...

အင်းမေ့သမီးရေ

အိပ်ရေးဝအောင်အိပ် ကောင်းကောင်းစားပါကွယ်
:)

ခင်မင်စွာဖြင့်
သီဟသစ်

kyalkalay said...

နောင်ခါလာနောင်ခါဈေး
ဟုတ်ပ

အကိုများပေါလို့
ကိုလူထွေး ရှိတယ်

နွေဆူးလင်္ကာ said...

အင်း ညအိပ်မရတာတော့ ကောင်းပါတယ်။ ကျွန်တော်ဆို မိုးလင်းခါနီးမှ အိပ်တယ်။ မနက်စောစော သွားစရာရှိရင်တော့ ပေ ထပြီး အိပ်ချင်မူးတူး မျက်လုံးနဲ့ သွားရတာပေါ့။ ညမအိပ်လို့တဲ့ သူငယ်ချင်းတစ်ယောက်က Vampire လို့ နာမည်ပေးထားတာလေ။

မေဇင် said...

မေ့သမီးလေး.....အိပ်ပျော်ဖို့ကြိုးစားနော်....တူများတွေကို အရမ်းစိတ်မကောက်နဲ့လေ...ကိုယ့်ကို တကယ်ခင်ပြီးကောင်းတဲ့လူတွေက ကိုယ့်ကို စိတ်ကွက်သွားရင် မကောင်းဘူးနော်...း)

kaungkinpyar said...

တို့လဲ mood မရှိလို့ ခုဘာမှ မလုပ်ဘူးကွယ်

Anonymous said...

အင်း...
ဘယ်တယောက်
ချိုပေါက်နေသလဲ မသိဘူး....း))

ATN

မေ့သား said...

ပိုတင်းသွားပြီနော်။ အိပ်ရေးဝအောင် အိပ်ထား။ နိုးလာရင် ထိပ်လာထုမယ်။ နှာခေါင်းကို ညှစ်မယ်။ မျက်လုံးကို လက်ညှိုးနဲ့ ကလော်လိုက်မယ်။ ဇလုတ်ကို တောက်ပစ်မယ်။ ချိုကို ချိုးပြီး လောက်လေးဂွ လုပ်ပစ်မယ်။ ဘာမှတ်လဲ