Sunday, July 26, 2009

ငယ်ငယ်ကပျော်စရာ


ဒီတမနက်လုံး မကေတို့၊ မမိုးချိုသင်းတို့ဘလော့က ကလေးကဗျာတွေလိုက်ဖတ်လိုက်၊ ကိုယ့်တုန်းက ဘာတွေဆိုခဲ့လဲပြန်စဉ်းစားလိုက်လုပ်ရတာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မမသီရိကပါ အဲဒီအကြောင်းရေးပြီး ကိုယ့်ကိုတက်ဂ်ထားတော့ မျက်လုံးပြူးသွားပါတယ်။ ကွန်မန့်ထဲမှာ သူများရေးထားတဲ့ ကဗျာတွေထဲမှာအကုန်ပါကုန်ပြီလေ။ အကုန်လုံးက ဒေသသိပ်မကွဲပြားလို့ပဲလားတော့မသိဘူး။ တော်တော်လေး ဆင်တူကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်မှတ်မိသလောက် ကလေးဘ၀မှာဆိုခဲ့အော်ခဲ့တဲ့ကဗျာလေးတွေကို ပြန်စဉ်းစားကြည့်မိပါတယ်။

ပထမဆုံးစဆိုတတ်တာတော့ ချိုမိုင်မိုင်ပဲဖြစ်မယ်ထင်ပါတယ်။ နောက်တပုဒ်ကိုပြောရရင်တော့ ကျွန်မတို့ အားလုံး စကားတတ်ခါစမှာဆိုတတ်ကြတဲ့ကဗျာလေးလေ။ ကိုယ့်လက်တချောင်းချင်းကိုင်ကြည့်ပြီး “မမ ၊ ညှိုးညှိုးငယ်ငယ်မနေပါနဲ့၊ လယ်လယ်သွားမယ်၊ ကြွယ်ကြွယ်တို့အိမ်ကို၊ သန်းသန်းလည်းလိုက်မယ်” ဆိုတာလေးပါ။ ကိုယ့်လက်ကလေးကိုယ်ကိုင်ကြည့်လိုက်၊ အဲဒီကဗျာလေးဆိုလိုက်လုပ်ခဲ့ရတာ ပျော်စရာလို့ထင်ခဲ့တာပါပဲ။

မူကြိုစတက်ပြီးသိပ်မကြာခင်မှာ ကျောင်းကနေရသွားတဲ့ကဗျာကတော့ A ကနေ Z အထိကို စာလုံးလေးတွေနဲ့ စာသင်တဲ့ကဗျာပါ။

A – Apple ပန်းသီးဟာ လူလေးစားစရာ

B – Bird ငှက်ကလေး တောနဲ့တောင်ယာကျေး

C – Cat ကြောင်ရွှေဝါ မေ့မေ့အနားလာ

D – Duck ဘဲကလေး ရေကန်ထဲမှာပြေး

E – Eagle ရွှေလင်းယုန် စီးပေါ့လေထဲခုန် စသဖြင့် Z အထိသွားတဲ့ကဗျာပါ။ အခုထိအစအဆုံးရနေပါသေးတယ်။ ကဗျာတွေကိုနှစ်သက်တဲ့စိတ်အခံက မူကြိုကတည်းကပါလာခဲ့တာဖြစ်ပါလိမ့်မယ်။ မူကြိုကဆရာမတွေသင်ပေးတဲ့ ကဗျာ၊ သူငယ်ချင်းတွေလက်ဆင့်ကမ်းရင်းဆိုဖြစ်ကြတဲ့ကဗျာတွေကို အိမ်ပြန်ရောက်တိုင်း အမေ၊ အဖေနဲ့ အဘိုးကို ပြန်ဆိုပြ၊ မဟုတ်ကဟုတ်ကပုံပြင်တွေကိုတော့ ပထမတန်းတက်နေပြီဖြစ်တဲ့အကိုကိုပြန်ပြန်ပြောပြလေ့ရှိပါတယ်။ နောက်ဆိုတတ်တဲ့ကဗျာလေးတပုဒ်ကတော့

ကြိုးတန်းပေါ်မှာ ကြွက်ကလေးလျှောက်

ဟိုဘက်အိမ်ကိုရောက်

ပြတင်းပေါက်ကသူခုန်ဝင် ကြောင်ဖားကြီးကိုမြင်

ကြောင်ကိုမြင်တော့ သူထွက်ပြေး ကြောက်လိုက်ရတယ်လေး” ဆိုတဲ့ကဗျာပါ။

မူကြိုမတက်ရတဲ့ရက်တွေမှာ မိုးလေးညိုလာလို့ အိမ်မှာလူကြီးတွေမရှိဘဲ အကိုနဲ့ကျန်ခဲ့တဲ့အချိန်မှာ အဆိုများတာက တော့အားလုံးသိတဲ့ “မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်” ဆိုတဲ့ ကဗျာပါ။

နောက်မမသီရိဆီမှာတွေ့ခဲ့တဲ့ ကဗျာလေးပါပဲ။ ကိုယ်တို့ဆိုလေ့ရှိတာတော့ “နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး လှံနဲ့ထိုး၊ သူခိုး မအေ -ိုး” တဲ့။ မူကွဲတာဆေးတံနဲ့မခေါက်လိုက်ဘဲ အဲလိုဖြစ်သွားတာပေါ့။ အခုငို အခုရယ်လုပ်တတ် တဲ့ကိုယ့်ကို အိမ်ကလူတွေအမြဲစနေကျ၊ ကိုယ်တိုင်လည်း သူငယ်ချင်းတွေကိုစတတ်တဲ့ကဗျာတပုဒ်ကတော့ “ငိုရယ် ငိုရယ် ဆန်တပြည်၊ ငိုရွဲငိုရွဲ ဆန်တခွဲ” တဲ့။ နောက်မူကြိုကိုဝတ်စုံမ၀တ်ဘဲ ရှိုးထုတ်ပြီးဝမ်းဆက်တွေဘာတွေ ၀တ်လာတတ်တဲ့သူငယ်ချင်းတွေဆိုရင်တော့ “အကျီ င်္ဆင်တူဘောင်းဘီဆင်တူ ခွေးကလေးနဲ့တူ၊ အကျီ င်္ကွက်ကြား ဘောင်းဘီကွက်ကြား ခွေးကလေးနဲ့ညား” လို့စတတ်ပါတယ်။

နောက်ကဗျာတပုဒ်ကတော့ မူကြိုမှာပဲရတာပါ။ “မှုန်ရွှေရည် ဖင်မှာအနာပေါက်သည် ဒေါက်တာငွေစိုး အပ်နဲ့ထိုးလို့ ဖင်ရိုးကျိုးပါပြီ” ဆိုတာပါ။ ဘယ်ကဘယ်လိုအဲဒီကဗျာဖြစ်သွားမှန်းတော့မသိ။ သူငယ်ချင်းတယောက်ရဲ့ အဖေက ဦးငွေစိုး (ဖေ့ဖေ့သူငယ်ချင်းပါပဲ)ဆိုတော့ သူရှေ့မှာအဲဒီကဗျာဆိုရတာကို အရသာရှိနေတတ်ပါတယ်။ အဲဒီကဗျာဆိုရင် သူကကျွန်မတို့ကိုမျက်စောင်းတထိုးထိုးပေါ့။

အမတွေနဲ့လက်ဝါးရိုက်ဆော့ရင်ဆိုတာကလည်း အားလုံးဆိုခဲ့ကြတဲ့အတိုင်း သိပ်မူကွဲမဟုတ်ပါဘူး။ “တစ် နှစ် သုံး

သုံးတာကပိုက်ဆံ၊ စန္ဒာက ဇော်လင်းမိန်းမ၊ မတာကဘိုးဘိုးအောင်၊ အောင်တာကစာမေးပွဲ၊ ပွဲတာကသီတင်းကျွတ်၊ ကျွတ်တာကလုံချည်၊ ခြည်တာကကြိုး၊ ကြိုးတာကလက်၊ လက်တာကကြောက်၊ ကြောက်တာကသရဲ၊ ရဲတာကသွေး၊ သွေးတာကသနပ်ခါး၊ ခါးတာကဂျင်ခါးသီး၊ ကိုရင်နှာဘူးကြီး” ဆိုတဲ့ကဗျာပါ။

သူငယ်ချင်းတွေကတုံးတုံးလာတိုင်းဆိုတတ်တာတော့ “ကတုံးကတုံး တယ်လီဖုန်း၊ ရန်ကုန်မြို့ကိုဆက်ပါဦး၊ ရန်ကုန်မြို့မှာဖုန်းကြိုးပြတ်၊ ကတုံးခေါင်းမှာ ချေးတွေကပ်” ပေါ့။ တချို့နေရာတွေမှာ နည်းနည်းမူကွဲပေမယ့် သိပ်ပြီးတော့မကွာသွားပါဘူး။ နွေရာသီမှာလာတတ်တဲ့ ဖရဲသီးသည်လေးတွေက ဖရဲသီးစိတ်ချိုချိုလေးဆိုတဲ့ အသံကြားရင်တော့ “ဖရဲသီးစိတ်ချိုချိုလေး ငါ့ကိုချစ်ရင်တစိတ်ပေး” လို့မကြားတကြားလိုက်အော်တတ်လို့ လူကြီးတွေကအမြဲဟန့်ရတာပေါ့။

အောက်ခံဘောင်းဘီချုပ်ရိုးကွဲတာ ကော်နီပါဆိုပြီး အော်ခဲ့ဖူးသလို ကဗျာတပုဒ်ကတော့ အစမသိတော့ပါ။ သိတဲ့သူများဖော်ပေးကြပါဦး။ နောက်ဆုံးအဆုံးသတ်ကိုပဲ မှတ်မိတော့တယ်။ မှတ်မိတဲ့အပိုဒ်ကလည်းကြည့်ဦး။ “အံ့ကျော်ကြီးအိပ်လို့ပျော်ေ-ွးဥ ၂လုံးပေါ်၊ မယုံရင်ချိန်ကြည့် ၁ပိဿာလောက်ရှိ”တဲ့။ အကျင့်ကကောင်းတာလေ။ အဲဒါပဲမှတ်မိတော့တယ်။ အခုနောက်ပိုင်းတော့ သူငယ်ချင်းတယောက်ကိုစစနေကျ ကဗျာတပုဒ်ရှိပါတယ်။ “ABCD မတတ်ဘဲနဲ့ အရပ်ထဲကိုဝင်၊ စကပ်ကွဲတာ နင်”တဲ့။ လောလောဆယ် စဉ်းစားလို့ရသလောက်တင်ပေးလိုက်တာပါ။ မမသီရိလည်းကျေနပ်ပါတော့နော်။

9 comments:

မမသီရိ said...

ဟုတ်ပါ့ မေ့သမီးလေး ပြောမှ ကလေးကဗျာ ပေါက်ကရတွေ အများကြီး ကျန်နေသေးတော့
ကျေးဇူး ညီမလေး..း)

ဝသန်မိုး said...

ကလေး ကဗျာလေးတွေ ဖတ်ပြီး
ပြန်တောင်ငယ်ချင်သွားတယ်
ဖြူစင်တဲ့ဘ၀လေးတွေ
ပြန် လိုချင်မိတယ် ဗျာ

ခင်တဲ့
ဝသန်မိုး

kay said...

“မှုန်ရွှေရည် ဖင်မှာအနာပေါက်သည် ဒေါက်တာငွေစိုး အပ်နဲ့ထိုးလို့ ဖင်ရိုးကျိုးပါပြီ”

ဒီဟာလေး..သူများပြောတာ မတွေ့သေးဘူး။ တူတယ်..ဒါလေးလဲ။း)

ကိုလူထွေး said...

အီးအီးဘယ်သူပေါက် မောင်ပေါက်
ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော
ဟောလို့မကျေ သံပုရာရေ
ဘွတ်ရွှတ်ဒိုင်း...
ဟော မေ့သမီး..ကွ

မမ ညှိုးမနေနဲ့
လည်လည်သွားရအောင်
ကိုလူထွင်းကြီးအိမ်ကို
မေ့သမီးလဲ လိုက်မယ်...

းဝ)

back.pack.60 said...

လွမ်းတောင်လွမ်းသွားပြီ ငယ်ငယ်တုန်းက ဆိုခဲ့တာတွေ။
း)

မေဓာဝီ said...

ညီမရေ ...
အမတို့ဆိုခဲ့တဲ့ မှုန်ရွှေရည်ကတော့
ဘီပီအိုင်က ဆေးတွေထိုးလို့ ဖင်ရိုးကျိုးပါပြီ .. တဲ့။

နောက် ၀မ်းတူးသရီးဖိုးကို ဆိုတာ ရှိသေးတယ်

ဝမ်း နည်းပါတယ်
ထမင်းအိုး တူး လို့
သရီး စတပ် ဆိုင်မှာ
ဖိုး သမားတွေနဲ့
ဖိုက် ခဲ့တယ်။
ဈေး ဆစ် ပြီးတော့
ဆဲဗင်း ဒေး အင်္ကျီကို
အိပ် ထဲ ထည့်ပြီး
နိုင်း မြစ်ဝှမ်းကို
တန်း ပြေး တယ် ... တဲ့။

အေ ဘီ စီ ဒီကတော့ အဆုံးထိ မသိဘူး။

အေ၀မ်းခြံမှာ
ဘီယာပုလင်းတွေ
စီထားတယ်
ဒီကနေ့မှာ
အီးပေါက်လိုက်တာ
လုံချည်တွေတောင် အက် သွားတယ်။
ဂျီကြီးကြီးနဲ့ မဒီကြီးက
အိတ်ကို ကိုင်ပြီး
အိုင်တို့ဆီကို လာနေတယ်။

အဲဒီလောက်ပဲ သိတော့တယ်။
ကလေးတုန်းက အော်ခဲ့တာလေးတွေ ပြန်စဉ်းစားရတာ ပျော်စရာနော် ... ။

မေ့သမီး said...

ဟုတ်တယ်နော်။ အများကြီးပဲရှိသေးတယ်။ ပြန်စဉ်းစားရတာ ပျော်စရာကြီး။

JulyDream said...

သူများတွေ ရေးမှပဲ အဲဒီလို ပေါက်တက်ကရ ကဗျာတွေကို ပြန်သတိရမိတယ်။ ကိုယ့်ဘာသာ ရေးတုန်းကတော့ အဲဒီကဗျာတွေကို မှတ်ဥာဏ်က ပြန်မဖော်ပေးဘူး။

ဆောင်းယွန်းလ said...

သုံးတာကပိုက်ဆံ၊ စန္ဒာက ဇော်လင်းမိန်းမ၊ မတာကဘိုးဘိုးအောင်၊ အောင်တာကစာမေးပွဲ၊ ပွဲတာကသီတင်းကျွတ်၊ ကျွတ်တာကလုံချည်၊ ခြည်တာကကြိုး၊ ကြိုးတာကလက်၊ လက်တာကကြောက်၊ ကြောက်တာကသရဲ၊ ရဲတာကသွေး၊ သွေးတာကသနပ်ခါး၊ ခါးတာကဂျင်ခါးသီး၊ ကိုရင်နှာဘူးကြီး

အားပါး...တယ်ကောင်းပါလား
မကြားဖူးတာတွေအများကြီးပဲညီမလေးရေ
မှတ်သားစရာတွေပဲ