Friday, July 31, 2009

ပြောချင်တာ

မေ့သမီးလေး စိတ်ညစ်နေတယ်ဆိုပြီး လာအားပေးကြတဲ့ အကို၊ အမတွေအားလုံးကို အရမ်းပဲကျေးဇူးတင်ပါတယ်။ မေ့သမီးအခုဖြစ်နေတဲ့ ရောဂါက Iga Nephropathy လို့ခေါ်တယ်တဲ့။ Kidney failure ပေါ့။ အကုန်သိချင်ရင်တော့ ဒီမှာဖတ်ကြည့်လို့ရပါတယ်။ လောလောဆယ်တော့ ဆေးတွေနဲ့ထိန်းပြီးနေနေလို့ရပါတယ်။ ကျောက်ကပ်ဆေးဖို့ တို့၊ အစားထိုးဖို့ဆိုတာကတော့ နောက်ပိုင်းပြဿနာတွေပေါ့။ မေ့သမီးကနည်းနည်းကြောက်တတ်တော့ နည်းနည်းလေးပိုပြီး ခံစားနေမိတာပါ။ တကယ်တော့လည်းကိုယ့်ထက်ဆိုးတဲ့သူတွေအများကြီးရှိနေဦးမှာပါ။ အခုအချိန်အထိကိုယ်က ဆေးအေးအေးဆေးဆေး ကုနေနိုင်သေးတာအတွက်ပဲ ကျေးဇူးတင်ရမှာပါ။ ခဏတဖြုတ်ရောက်လာတဲ့လောကထဲမှာ အချိန်ရသလောက်အသက်ရှင်သွားချင်ပါသေးတယ်။ ကိုယ်တတ်နိုင်သလောက်ပေးဆပ်ပြီးတော့ပေါ့။ လူတွေကိုယ့်ကြောင့်ပြုံးပျော်သွားတာ၊ ကိုယ်ကပေးလိုက်ရတာတွေ အတွက်ပျော်ရွှင်ကြည်နူးရသလို၊ ဒီနေ့အထိကိုယ်ရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအားလုံးအတွက် အားလုံးကိုကျေးဇူးတင်နေပါတယ်။ ဖေကြီး၊ မေကြီး၊ ကိုကြီးနဲ့အတူတူဆွေမျိုးတွေဆီကရခဲ့တဲ့ ချစ်ခင်မှု၊ သူငယ်ချင်းတွေ၊ အကိုလိုချစ်ရတဲ့သူတွေဆီကရရှိတဲ့ ဖြူစင်တဲ့မေတ္တာတွေ၊ ကိုယ့်ကိုမျက်နှာလေးတောင်တခါမှ မမြင်ဘူးပဲကိုယ်ရေးတဲ့စာတပိုင်းတစလေးတွေဖတ်ပြီး စေတနာထားကြတဲ့ဘလော့ဂါသူငယ်ချင်း၊ မိတ်ဆွေ၊ အကို အမတွေအားလုံးကိုအရမ်းကျေးဇူးတင်ရင်းနဲ့ မေ့သမီးလေးကစိတ်အားတင်းထားပြီး ဘုရား၊ တရား၊ သံဃာကို အာရုံပြုရင်းနဲ့လုပ်စရာရှိတာတွေကို ဆက်လုပ်နေဦးမှာပါလို့။ စာအပိုင်းအစတွေလည်း ဆက်ရေးဖြစ်နေဦးမှာပါလို့ သတင်းပေးချင်တာပါ။ အားလုံးပဲစိတ်ပူနေကြမှာစိုးလို့ပါ။

10 comments:

ကိုလူထွေး said...

သမီး စိတ်မညစ်နဲ့နော်...
ပျော်ချင်ရင် ကိုလူထွင်းကြီးဆီမှာစာသွားဖတ်နော်...
အဟောင်းတွေလဲ ရှာဖတ်လို့ရတယ်...
သိလား...

းဝ)

ATN said...

စိတ်မညစ်နဲ့ ငါ့ညီမရေ့ အားတင်းထားပါ
ဘ၀ဆိုတာ သည်လိုပါပဲ...
ကိုယ့်ထက်ဆိုးတဲ့ ဘ၀တွေဟာ သေချာကြည့်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးပါ...
ငါက သူတို့ထက် တော်ပါသေးလားလို့ တွေးမိရင် စိတ်ဖြေသာမှာပါ...
ကျန်းမာရေးသာ အထူးဂရုစိုက်ပါ...
စာရေးတာကတော့ အခြေအနေပေးမှ ရေးပေါ့လေ...
ဟုတ်ပြီလား...

ခင်မင်တဲ့ အကိုကြီး အောင်သာငယ်

ကျောပိုးအိတ် said...

အားတင်းထားပါနော်။ အနာသိဆေးရှိနေတာဘဲ။ နော်။
လုံးဝပြိုလဲလို့ မရဘူးနော်။

မေ့သမီးအားမငယ်နဲ့ ။ မေ့သမီးဘေးမှာ မေ့သမီးကို ချစ်တဲ့သူတွေ အများကြီးဘဲနော်။
း)

ဒီလိုချစ်တာ

ဆောင်းယွန်းလ said...

ညီမလေးဘာမှမဖြစ်စေရဘူး
ကံကောင်းခြင်းတွေက ညီမလေးဘက်မှာအမြဲရှိနေမှာပါ.

ကောင်းကင်ပြာ said...

မေ့သမီးလေး ကျန်းမာရေး ဂရုစိုက်ပါ၊ နေကောင်းနေရင် လုပ်ချင်တာ အားလုံး လုပ်လို့ ရတယ် နော် ညီမလေး၊ ဆုတောင်းပေးနေမယ်

မေဇင် said...

မေ့သမီးလေး... ဒီလိုပြောလို့ ၀မ်းသာပါတယ်... ။ စိတ်ညစ်မနေနဲ့နော်... ဆေးစားရင်းနဲ့ ရောဂါ ပျောက်သွားပါစေ...။

ဂျူနို said...

ညီမရေ

ရောဂါကတော့ ဘယ်သူမှ မရချင်ပါဘူး။

ခုနေ သောက်ရမဲ့ဆေးတွေ မှန်မှန်သောက်ပါ။
ရှောင်ရမဲ့ အစားအစာလည်းရှောင်ပါ။

ကိုယ်လက်လှုပ်ရှား အားကစားက ခုလောလောဆယ် ရှောင်ရတာပါ။
ကျောက်ကပ် အဖြေတွေ ကောင်းလာတဲ့ခါ ပုံမှန်ကစားတာတွေ ခွင့်ပြုလာမှာပါ။

ကျန်းမာရေး ဌာနကပေးတဲ့ ကျောက်ကပ်ဖိုရမ် ကို သွားပါ။ လူနာချင်းချင်း မျက်နာချင်းဆိုင် ဆွေးနွေးကြ ရင်း ဘယ်လိုနေတယ် ဘယ်လို လုပ်တယ် အတွေ့ အကြုံတွေ ကြားရပါလိမ့်မယ်။

အွန်လိုင်းက အသိအမှတ်မပြုထားတဲ့ ဖိုရမ်တွေ ထက် ကျန်းမာရေးဌာနတွေ ဆရာဝန်ပေးတဲ့ ဖိုရမ်တွေကို ကြည့်ပါ။

ကိုယ့်ထက်ဆိုးတဲ့သူတွေရှိတယ် ဆိုတာထက် ကိုယ့်အခြေဟာ အဆိုးကြီး မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သဘောပေါက်လာမှာပါ။

ဒီရောဂါတွေရှိရဲ့ နဲ့ ပဲ အလုပ်လုပ်ရင်း ကလေးတွေလည်းမွေး အိမ်ယာထူထောင် ရေကူး ခရီးထွက်နဲ့  သက်တမ်းစေ့နေနိုင်ပါတယ်။

မအယ်ပြောတာတွေကို ညီမ သိပြီးသား နေမှာပါ။ ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့ ပါပဲ။

ရွှင်လန်းချမ်းမြေ့ပါစေ

မအယ်

သစ်နက်ဆူး said...

......
သေနိုင်ပါရိုးလားးး
လေဘာတီရယ်....။း)

စိတ်စမ်းရေ said...

ညီမလေးရေ....စိတ်ဓာတ်မကျနဲ့
ဘာမှမဖြစ်ဘူး....
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နော်.....။

မေဓာဝီ said...

ညီမရေ ...
မကြောက်နဲ့နော် ... ဘာမှလဲ မစိုးရိမ်နဲ့
လူတွေကို ပျော်ရွှင်အောင် ပေးဆပ်ချင်တဲ့ ညီမရဲ့ မေတ္တာ စေတနာတွေက အကျိုးပေးပါလိမ့်မယ်။