Friday, October 2, 2009

မေ့သမီးနဲ့ Stress


စာမရေးဖြစ်၊ စိတ်ကူးပေါက်ရာကဗျာတွေလည်းမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။ အီးမေးပို့ပြီး မေးကြတဲ့ အကို၊ အမတွေ စိတ်ပူကြတဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ကိုယ့်အတွက် စိတ်မပူစေချင်တာမို့အားလုံးကိုနေကောင်းပါတယ်ပဲ ပြောမိပါတယ်။ စာမရေးဖြစ်တာက ကျောင်းစာတွေနဲက အလုပ်ရှုပ်နေတာကြောင့်ရော၊ လက်ကစာရိုက်လို့အဆင်မပြေတာကြောင့်ရောပါ။ မြန်မာလိုရိုက်ရတာပို ပင်ပန်းပါတယ်။ ကျောင်းကအိမ်စာတွေတောင် စာရွက်ပေါ်မှာအရင်ချရေးပြီးမှပဲ ကွန်ပျူတာပေါ်တင်ဖြစ်တော့တာ။ အရင်လိုကွန်ပျူတာပေါ်မှာတန်းရေး၊ အခေါက်အခါခါပြင်လို့အဆင်မပြေတော့။

ဒီရက်ပိုင်းစိတ်ကတက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ တော်ကြာနေ နောက်ဆုံးဖြစ်တဲ့ဒီစာသင်နှစ်မှာ အကောင်းဆုံး လုပ်ဖို့အားတင်းလိုက်၊ တော်ကြာကိုယ့်ကျန်းမာရေးနဲ့စိတ်ဓါတ်ကျလိုက်၊ တော်ကြာအိမ်ကိုလွမ်းလိုက် တခါတခါ လည်းလုပ်ချင်တာများပြီး ခန္ဓာကိုယ်ကမလိုက်နိုင်ဆိုတော့ stress တွေပိလိုက်ဖြစ်နေပါတယ်။ သီချင်းတွေဖွင့်၊ လိုက်ဆိုလည်း တခါတလေကျကိုယ့်ကိုယ်ကိုယ်ထိန်းလို့မရဘူးဖြစ်နေပါတယ်။ ကိုယ်နဲ့အခု Core Module အတွက် အတူလုပ်ရတဲ့ Group Mate ၂ယောက်က ကိုရီးယားအမျိုးသား David ရယ်၊ Cambodian သူ Lanet ရယ်ပါ။ ဖြစ်ချင်တော့ Lanet ကလည်းသူနေနေတဲ့အိမ်မှာ အသစ်ရောက်လာတဲ့ Vietnam သူ ဂျူနီယာမလေးနဲ့ အဆင်မပြေပါဘူး။ အဲဒီကောင်မလေးကို လူတိုင်းကသိပ်မကြည်ဘူးဖြစ်နေတာပါ။ ကျောင်းမှာတောင်မှ သူကတွေ့တဲ့သူတိုင်းကိုအကူအညီတွေတောင်း၊ စာတွေမေးနဲ့။ စာမေးတာ၊ ကူညီရတာအကြောင်းမဟုတ်ပေမယ့် ကိုယ့်မကူညီနိုင်တဲ့အချိန်မှာ လူမှုရေးနားမလည်ဘဲ အတင်းကာရောတွန်းတိုက်တောင်းတဲ့အကူအညီမျိုးကျ စိတ်ညစ်ရပါတယ်။ စရောက်လာကာစကတော့ ကိုယ်ကလည်းနဂိုကမှသူများကမပြောခင် ကူညီချင်တဲ့သူဆိုတော့ ကိုယ်လဲတော်တော်ဒဏ်ခံလိုက်ရပါသေးတယ်။ ဒါတောင်မှ ကိုယ့်ဆီကိုသူဖုန်းဆက်တဲ့အချိန် ည၁၁နာရီလောက် ကိုယ်ကမအိပ်သေးတော့ သိပ်ပြဿနာမရှိလှဘူးပေါ့။ တချို့လူတွေကိုတော့ ည၁၂နာရီလောက် အိမ်တံခါးသွားခေါက်တာမျိုး၊ သူ့အိမ်စာတွေကို ရှင်းပြရုံမကပဲအစအဆုံးရေးခိုင်းတာမျိုးအထိ ခိုင်းတယ်လို့ သိရပါတယ်။ ကိုယ်ကျတော့ ကိုယ့်ကျန်းမာရေးအခြေအနေကို တကျောင်းလုံးသိနေတော့ ကိုယ့်ကိုသူအဲလောက်တော့ မခိုင်းရဲဘူးထင်ပါတယ်။ ဒါတောင်မှတွေ့ရာနေရာမှာ နာမည်အကျယ်ကြီးအော်ပြီး အနားရောက်လာတတ်သေးတာ။ အံ့သြဖို့ကောင်းတာက လူတွေ့တိုင်းသူ့မှာမေးစရာ၊ အကူအညီတောင်းစရာ တခုရှိနေတာပဲ။ ပြီးတော့ ဘယ်တော့မှလည်းသူများအဆင်ပြေမပြေမမေးဘဲ ပေးသမျှအကူအညီကိုလည်း သူမှာ ဒီလိုရပိုင်ခွင့်ရှိသလို ယူသွားတာပဲ။ ကြာတော့ ကူညီရတဲ့သူတွေကအောင့်သက်သက်ဖြစ်လာတာပေါ့။ တခြားသူတွေအတွက် ရှောင်လို့ရနေသေးပေမယ့် တအိမ်တည်းနေရတဲ့ Lanet ခမျာတော့ ဒီဒုက္ခတွေကိုခံစားနေရတာပေါ့။ မနက်အစောကြီးသူ့အခန်းတခါးခေါက်၊ မဖွင့်မချင်းနာမည်အကျယ်ကြီးအော်ခေါ်၊ တအိမ်လုံးမျှပေးရတဲ့ Utility Bill မှာ ၃ကျပ်လောက်ပိုပေးရမှာကို ပတ်ပြဿနာရှာဆိုတော့ သူတော့ စိတ်အညစ်ကြီး ညစ်ရတာ။ တခြားအတူနေတဲ့ကျောင်းသူ၂ယောက်ကလည်း အဲဒီတယောက်နဲ့ပြဿနာဖြစ်ထားတယ်တဲ့လေ။ Lanet ကသဘောကောင်းတဲ့သူဆိုတော့ ထုတ်မပြောတဲ့အခါ သူ့ကိုပဲအမြဲခဏခဏလာရှာနေတော့တာပေါ့။ အခုကျတော့ သူတို့နဲ့အတူနေတဲ့ Mexican မလေးက သူအိမ်ပြောင်းတော့မယ်တဲ့။ ကျောင်းကိုပြောပြီး ကျွန်မတို့ ၀င်းထဲမှာပဲ အခန်းလွတ်ရှိတဲ့အိမ်တလုံးကိုပြောင်းတာပါ။ ဒါပေမယ့် တအိမ်လုံးမှာ Lanet ကသူ့ကိုအချစ်ဆုံးဆိုတော့ အရမ်းကိုဝမ်းနည်းတော့တာပေါ့။ သူပြောင်းတော့မယ်ဆိုမှ သူလည်းဒီလိုခံစားနေရတဲ့အကြောင်းကို Lanet ကသူ့ကို ပြောပြတော့ အဲဒီMexican မလေးလည်း စိတ်မကောင်းဖြစ်ရှာရော။ စောစောကတည်းက သူတို့အားလုံးဒီလို ခံစားရတယ်ဆိုတာသိခဲ့ရင် ဒီဂျူနီယာမလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျောင်းနဲ့တိုင်ပင်ပြီး သူတို့တခုခု စဉ်းစားခဲ့မိမှာပဲလေ။ အခုတော့ Lanet လည်းချစ်တဲ့သူငယ်ချင်းနဲ့ခွဲနေရမယ့်အပြင် ဟိုတယောက်ပြဿနာကလည်း မအေးသေးဘူး။ ကိုယ်တို့အားလုံးက နောက်ဆုံးနှစ်တင်ရမယ့် စာတမ်းအပြင်ရှိနေတဲ့ Module requirement တွေနဲ့ အားလုံး စိတ်ပင်ပန်းနေကြတာပါ။ အဲဒီ Mexican မလေးဆိုလာမယ့်နိုဝင်ဘာကျောင်းကလုပ်မယ့် GPPN Student Conference အတွက် Committee Chairman ဆိုတော့ပိုပင်ပန်းပါတယ်။ ကိုယ်တောင်မှ Administrative တာဝန်ပဲ ယူထားတာတောင် အခန်းပြင်ဆင်ဖို့၊ ငွေရေးကြေးရေးကိစ္စကျောင်းကို စကားပြောရတာတို့၊ Fund raising အတွက် ကူစဉ်းစားရတာ၊ ထွက်သွားတဲ့ Administrative member တွေနေရာမှာ ကူညီဖို့ Volunteer ရှာရတာ၊ တခြားပြင်ဆင်ရတာတို့အတွက် အရမ်းကိုစိတ်ပင်ပန်းရတာပါ။ ဒါတောင်မှကိုယ်ကခေါင်းဆောင်နေရာမဟုတ်ပါဘူး။ Mexican သူလေးက ပြောပါတယ်။ သူဒီတာဝန်တွေယူထားပြီး အချိန်တန်အိမ်ပြန်လာလို့သူ့ကိုပြဿနာတခုက ထပ်ဆီးကြိုနေဦးမယ်ဆိုရင်သူကြာရှည်ဒီဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူးတဲ့။ အိမ်အသစ်ကိုပြောင်းတာဟာ သူ့ရဲ့အိမ်ပြဿနာကို ဖြေရှင်းနည်းပေါ့။ Lanet ကို David နဲ့ကိုယ်ကလည်းအိမ်ပြောင်းပါလားလို့ အကြံပေးတော့သူကအဲဒီလိုမလုပ်ချင်ဘူးတဲ့။ သူပါပြောင်းလိုက်ရင် အဲဒီကောင်မလေးပိုစိတ်မကောင်းဖြစ်လိမ့်မယ်တဲ့။ အခု Mexican မလေးပြောင်းတာတောင် သူသိတော့ သူကြောင့်ပြောင်းတယ်ဆိုတာသိပုံပဲတဲ့။ စိတ်မကောင်းဖြစ်နေတယ်တဲ့။ တကယ်တော့ Lanet ကတကယ့်ကိုစိတ်ထားဖြူစင်တာပါ။ အဲဒီကောင်မလေးကြောင့်စိတ်ညစ်နေရတာတောင် သူ့အတွက်တွေးပေးနေတုန်းပဲ။ အဲဒီဂျူနီယာကောင်မလေးက သူပထမနေတဲ့အိမ်မှာ အဆင်မပြေလို့ သူတို့အိမ်ကို ပြောင်းလာတာလေ။ အဲဒီတောင်သူကပါထပ်ပြီး ကျောင်းကိုComplaint လုပ်လို့အဲဒီကောင်မလေး ပြောင်းရရင်ဖြစ်ဖြစ်၊ တခုခုအဲဒီကောင်မလေးကိုဖြစ်သွားရင် သူတသက်လုံးစိတ်မကောင်းဖြစ်နေရတော့မှာတဲ့။ သူသိပ်သဘောကောင်းလွန်းလို့လည်း ဟိုကရောင့်တက်တာဖြစ်မှာ။ ကိုယ်ကတော့အခုရှင်းရှင်းပဲ။ ပါတ်ပြေးတာပေါ့။ တွေ့ရင် ရှောင်တယ်လေ။ စိတ်ကောင်းမမွေးနိုင်ဘူးပြောလည်းခံရတော့မှာပဲ။ ကိုယ်စိတ်ညစ်မခံနိုင်ဘူးလေ အခုအချိန်မှာ။

ဒီနေ့ကိုယ်တို့ Group ဆုံကြတော့စာအကြောင်းမဆွေးနွေးဘဲ ကိုယ့်ပြဿနာတွေကိုယ်ပြောကြပြီး ဘယ်လိုဖြေရှင်း ကြမလဲ။ အဓိကကတော့ Stress ရလာရင် ဘယ်လို manage လုပ်မလဲပြောကြတာပါ။ ကိုယ်ကတော့ သီချင်းဆိုတယ်လို့။ သီချင်းတွေဖွင့်ပြီးလိုက်ဆိုတာပေါ့။ ဆိုတာမှဟိုမြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ သီချင်းတွေကအစ၊ အခု ဟစ်ဟော့အထိ အကုန်အော်တာပဲ။ David ကတော့ Classical သီချင်းအေးအေးလေးတွေ နားထောင်တယ်တဲ့။ ကိုယ်ကတော့အရင်တုန်းကအစားကောင်းကောင်းစားရရင် Stress တ၀က်ပျောက်တာပဲလို့။ အခုကတော့ ဆားမပါဘဲစားရမှတော့ ဘာမှမှစားမကောင်းတာ။ အဲဒီမှာတင် Stress က၂ဆဖြစ်နေပြီဆိုတော့ ရယ်ကြတယ်လေ။ တကယ်ပြောတာ။ အရင်တုန်းကဆို ကျန်တာတွေအသာထား စားချင်တာစားရရင်ကို လူကပျော် နေတာ။ အခုကျတော့။ အဲဒါနဲ့ Lanet ကိုကိုယ်ကအကြံပေးတယ်။ ဈေးဝယ်ထွက်ပြီး အ၀တ်အစားအသစ်ဝယ်ရ အောင်လို့။ ပြီးတော့ နားဆွဲတို့၊ ကလစ်တို့လို အလှအပပစ္စည်းလေးတွေလျှောက်ဝယ်၊ စိတ်ကူးပေါက်ရင် အလှပြင် ရတာလည်း စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်စေတာပဲလို့။ အဲဒါလည်း ကိုယ်လုပ်ကြည့်တာတွေပေါ့။ အရင်တုန်းကဆို ကိုယ့်ကိုအမေက နားဆွဲဆင်ချင်တာအရမ်း၊ ကိုယ်ကကိုယ့်ကိုကိုယ်မိန်းကလေးကို လှလှပပ၊ နွဲ့နွဲ့နှောင်းနှောင်း သိပ်မရှိဘူးထင်တော့ အဲဒါမျိုးဝတ်လိုက်ရင် အခြောက်ကြီးနဲ့တူတာပဲလို့ထင်တယ်။ အဲဒါနဲ့ပဲ ၀ယ်ဖြစ်တဲ့ကလစ်တို့၊ ခေါင်းစည်းတို့၊ ဘီးကုပ်တို့တောင်အမြဲပဲ အိမ်မှာပုံနေပြီးမသုံးဖြစ်ဘူး။ အခုနောက်ပိုင်းကျ တခါတလေ အပြင်ထွက်ဖြစ်တဲ့အခါ စိတ်ကူးပေါက်ရာလေးတွေ မျက်စိထဲမြင်တာတွေလျှောက်ဝယ်ပြီး ကိုယ့်ကိုကိုယ်အလှဆင် ကြည့်မိပါတယ်။ ရယ်တော့လည်းရယ်ရသား။ မျက်နှာကဆေးကြောင့်ဖောင်းနေ၊ တခါတလေနားကပ်အကြီးကြီး တွေနဲ့ ဆိုတော့ မြင်တဲ့သူကတော့ရယ်ချင်မှာပဲ။ (ဆေးသောက်ပြီးတော့ နှုတ်ခမ်းမွှေးတောင် ထွက်လာသေးတယ်။ ဟိ။) ကိုယ်ကတော့ ပျော်သလိုနေနေတာပဲ။ Lanet ကတော့ ဈေးဝယ်ထွက်မယ့် အကြံကိုနောက်ရွှေ့ထား ကြရအောင်တဲ့။ အခုလောလောဆယ်တခြားနည်းတွေကြိုးစားကြတာပေါ့တဲ့။ လကုန်ရက်ဆိုတော့ ၂ယောက်စလုံးရဲ့Bank account တွေခြောက်နေပြီလေ။ အဲဒါနဲ့ပဲငါပြန်ပြီး ကြက်တောင်ရိုက်ဖို့ ကြိုးစားကြည့်မယ်။ အပြင်းအထန်ကြီးမရသေးပေမယ့် နည်းနည်းစီစကြည့်တာပေါ့လို့။ နင်လည်း ငါနဲ့ကြက်တောင် လာရိုက်လို့ သူ့ကိုပြောရတယ်။ Lanet ရဲ့ Stress လျှော့ချနည်းကလည်းတမျိုးပဲ။ တနေ့လုံးအစာမစားပဲနေ တယ်တဲ့။ အဲဒီအခါကျတော့ လူကအားမရှိဘဲဒေါသနည်းတယ်တဲ့။ သူပြောတာပဲ။ ကိုယ်ကတော့ အဲဒီနည်းကို တသက်လုံးလုပ်ဖြစ်မယ်မထင်ဘူး။
ဘလော့မရေးဖြစ်တာကြာပြီး လောလောဆယ်ဘာမှလည်း ရေးစရာမရှိတာမို့ စိတ်ကူးပေါက်ရာတွေပဲ ချရေးလိုက်တော့တယ်။ ဖတ်ပြီးတော့ ကိုယ်တိုင်ရော Stress ဘယ်လိုလျှော့သလဲဆိုတာ ဝေမျှခဲ့ပါဦးနော်။

17 comments:

ကိုလူထွေး said...

တခါတလေတော့လည်း အပြင်ထွက်လမ်းလျှောက်ပစ်လိုက်တယ်...

တခါတခါ ကိုလူထွေးရဲ့ ဟာသတွေ ပြန်ရှာဖတ်ပါတယ်...

းဝ)

Anonymous said...

ပါးစပ်ထဲကို ကလို့ကောင်းတဲ့ ဆေးထည့်ပြီး ကလပ်မှာ သွားက မိုးလင်းမှ ပြန်လာလိုက်တယ်။ နောက်နေ့ဆို သက်သာသလို ခံစားရတယ်။


ဟန်လင်း

kiki said...

ရေချိုးခန်းထဲ တံခါးတွေ လုံအောင်ပိတ် ..
အသကုန် ကျုံးသာအော် ... ဘူးထွားထွား အူးအားအား
သီချင်းတွေ အော်ဆို...

အားမရှိရင်တော့ သိပ်အော်လို့ ရမယ်မထင်ဘူး ။
ပြေးလို့လည်း ရမှာမဟုတ်ဘူး ။

ဒါဆို စာလေးသာဖတ်နေပါတော့ မေ့သမီးရေ ..

နှုတ်ခမ်းမွှေးပေါက်လာတယ်ဆိုတော့ ဟော်မုန်းပါတဲ့ ဆေးတွေသောက်နေရလို့လား ။ prednisolone steroid လည်းရောသောက်နေရတယ်ပေါ့ ။
ကျန်းမာပါစေ ...

လင်းဒီပ said...

ညည်းဘလောဂ့်ကတိတ်နေလို့ ဘာများဖြစ်နေလဲလို့..
ဒီလို စာလေးဘာလေး တွေလိုက်တော့ တော်သေးတယ်..။

နောက်ရေးစရာ မရှိရင် ကကြီးကနေ အအထိ ရေးလေ..ဟားဟား...(stress လျော့အောင် နောက်သွားတာ..)

ဖြိုးအောင် said...

ပန်းခြံတို့ ရှုခင်းလှပတဲ့ ကမ်းခြေလိုနေရာမျိုးတို့မှာ တယောက်ထဲဖြစ်ဖြစ်၊ အခင်ဆုံးမိတ်ဆွေ(စကားပြောလို့ အဆင်ပြေမဲ့သူမျိုး) နဲ့ ဖြစ်ဖြစ် အနဲဆုံး၄၅မိနစ်လောက်
လမ်းလျှောက်ထွက်ကြည့်ပါလားကျွန်တော်ဆို စိတ်ဖိစီးမှုဖြစ်လာတိုင်း တယောက်ထဲအေးအေးဆေး
ဆေး ကြိုက်တဲ့စာအုပ်တအုပ်၊ ရေတဗူးနဲ့ လမ်းလျှောက်ထွက်တာပဲဗျ။
လျှောက်ချင်သလောက
်လျှောက်ပြီး နားချင်တဲ့ နေရာမှာ ထိုင်နားတယ်။ စာဖတ်တယ်။
ရှုခင်းကြည့်တယ်။ အဲ့ဒီအချိန်မှာ ကျောင်းအကြောင်း၊ အလုပ်အကြောင်းဘာမှမတွေးဘူး။ ကိုယ်ကတကယ်လို့ အလုပ်ရှင်တယောက်ဆိုရင် ကိုယ့်အလုပ်သမား စိတ်လက်အပန်းပြေနိုင်ဖို့ ခွင့်ပေးရသလိုပဲ ကိုယ်ကိုယ်ကို ပြန်ခွင့်ပေးထားတာလေ။ ၃နာရီလောက် လုံးဝနားလိုက်တာ။ ကိုယ်မှာဘာပြသနာမှ မရှိသလိုနေလိုက်တာ။ တာဝန်တခုအတွက် အတွေးတစ၀င်လာပြီဆိုတာ
နဲ့ stop ဆိုပြီး ကိုယ့်ဘာသာ မီးနီချက်ချင်းပြလိုက်တာပဲ။ ဒါက ကျွန်တော့် ဖြေရှင်းပုံပါ။

မြတ်နိုး said...

အမ က သီချင်းတွေ အော်ဆိုတယ်
အစားများများစားတယ်
ပေါက်ကရတွေ ရီစရာတွေပဲ ပြောတယ်
ရီစရာကားတွေပဲ ကြည့်တယ်။
စိတ်ညစ်စရာလာပြောရင် လက်မခံဘူး။

ကျန်းမာရေး ဂရုစိုက်ပါ။
ပျော်သလိုသာနေ။
ဘုရားတရားမမေ့နဲ့။
ဆရာဝင်လုပ်သွားတယ်။

နွေဆူးလင်္ကာ said...

မြန်မာစာ ရိုက်ရတာ ပင်ပန်းတယ် ဆိုပြီး စိတ်ကူးပေါက်ရာရေးထားတာကလည်း များလှပါလား။ ကျနော်တော့ Stress ကို ပုလင်းနဲ့ လျှော့တယ်။ လိုက်တော့ မလုပ်နဲ့နော်။ ဟားဟား။

Vista said...

တရားမှတ်ပါ ..
ဒါမှမဟုတ်ရင် ...
မျက်စိကိုမှိတ်ပြီး တောအုပ်နက်နက်ထည်းက အရမ်းတိတ်ဆိတ်တဲ့နေရာတစ်ခုကိုအာရုံပြုလိုက်..
ရေတွေငြိမ်နေတဲ့ရေကန်တစ်ခုကိုအာရုံပြုလည်းရတယ်
အေးခြမ်းလာလိမ့်မယ် ...

ကလူသစ် said...

stress ဆိုတာ ဘာလဲဟင် ခွိခွိ :P

မေ့သမီး said...

ဟုတ်ကဲ့။ မေ့သမီးလည်း ကိုလူထွင်းရဲ့ဟာသတွေ လာလာဖတ်ပါတယ်။ :P
ကလပ်တော့မသွားနိုင်တော့ပါဘူး ကိုဟန်လင်းရယ်။ ကရတာတော့ ၀ါသနာပါတယ်။ ဟိ။ ဆေးတောင်မလိုပါဘူး။
မမကိရေ အော်ဖို့အားရှိလို့အော်ရင်တော့ အတူနေတဲ့ သူတွေကိုအားနာရဦးမယ်။ စာကတော့ ကျောင်းစာတွေဖတ်တယ်။ ဘလော့လည်တယ်လေ။ ဟုတ် prednisolone သောက်နေရတယ်။
ကိုလင်းကတော့ ပျော်နေမှာပေါ့ သူငယ်တန်းပြန်တက်ပြီး။
ကိုဖြိုးအောင်ညီမလည်း အရင်တုန်းက လမ်းလျှောက်ပါတယ်။ လမ်းလျှောက်တယ်ဆိုတာထက် လျှောက်သွားတာပါ။ အခုတော့လမ်းသိပ်မလျှောက်နိုင် တော့ အဲဒါမလုပ်ဖြစ်တော့ဘူး။
မ momiji ရေ အစာကသိပ်အများကြီးစားလို့မရဘူး။ ခဏခဏစားရင်လည်း ကိုလက်စထရောတက်လာမှာ စိုးလို့။ ဆီးချိုဖြစ်မှာစိုးလို့ ၀ိတ်မတက်ရဘူးတဲ့။ :D
အကိုနော် အကြံဥာဏ်ကောင်းတွေလာပေးနေတယ်။ ခဏခဏလည်းသောက်မနေနဲ့ဦး။ Vista ရေ ကျေးဇူးနော်။ တရားကမှတ်လိုက်၊ စိတ်ကလွင့်လိုက် ဖြစ်ဖြစ်နေတယ်။ ကြိုးစားရဦးမယ်။
ကလူသစ်ကတော့ stress ကိုဘယ်သိပါ့မလဲ။ သူ့မှာက အိမ့်ဆည်းလည်းတွေနဲ့ကိုး။

မမသီရိ said...

စိတ်တူကိုယ်တူတွေနဲ့ တွေ့လို့ ပြောချင်တာတွေ ပြောလိုက်ရတဲ့အခါ မျိုးမှာလဲ စိတ်တွေ ပြေလျော့တာပါပဲ
အဓိက ကတော့ ကိုယ့်ကို နားလည်ပေးမဲ့ သူမျိုး အနားမှာ ရှိနေသင့်တယ် မေ့သမီးလေး ရေ

မိတ်ဆွေ သူငယ်ချင်း၊ ညီအကို မောင်နှမ ဒါမှ မဟုတ်လဲ ချစ်သူ ပေါ့..

ကလေးချစ်တတ်သူတွေ အတွက်တော့
ကလေးတွေနဲ့ စကားပြောတာ
ကလေးတွေ ထိမ်းရတာ လဲ စိတ်ဖိစီးမှုသက်သာစေတယ်

စီဂျီ ၅၆ said...

ညီမ

အဲဒီ ဗီယက်နမ်မ‌လေးက အကိုတို့ နဲ့ သိတယ့်
‌ကောင်မ‌လေးလား? ဂျမ်း‌တောမ‌လေးကို
သတိထား‌နေနော်။

ကိုယ်‌နေကောင်းဘို့ က အဓိက‌နော်ညီမ။

အကို
စီဂျီ ၅၆

နွေးနေခြည် said...

နေခြည်ကတော့ တရားနာပါတယ်။ စိတ်ငြိမ်းချမ်းစေမယ့် တရားမျိုးကို နာတာပါ။ ၀ိပသနာတို့၊ ခန္ဓာတို့၊ ဝေဒနာတို့ အဲလိုမျိုးတွေကို နာတာမဟုတ်ပါဘူး။

T T Sweet said...

stress လျော့ချင်ရင် ကာလာအိုကေကို အကျယ်ကြီးအော်ဆိုပါတယ်။ တစ်ခါတစ်လေ ကိုရီးယားကား ပေါ့ပေါ့ပါးပါးလေးတွေကြည့်တယ် ။ တစ်ခါတစ်လေ သမီးနဲ့ ကစားပါတယ်။

စိတ်စမ်းရေ said...

နှုတ်ခမ်းမွှေးတောင်ပေါက်လာပြီဆိုတော့ မေကဗျာတို့၊
စိုးပြည့်သဇင်တို့နဲ့တူလာပြီပေါ့နော် ဟိ...။

စိတ်၏ဖြေရာ said...

stressသိပ်များလာရင်သရဲကားကြည့်ပါတယ်။
stressတွေပျောက်ပြီးအကြောက်တွေရောက်လာ
ပါတယ်။စိတ်၏ဖြေရာရဲ့စိတ်၏ဖြေရာလေ။ ):

သီဟသစ် said...

မေ့သမီးလေးရေ

stress တွေ ပျောက်ပါစေကွယ်
ငါဆိုရင်တော့ ရယ်ရတဲ့ ရုပ်ရှင်ကြည့်တယ်

ခင်မင်စွာဖြင့်
သီဟသစ်