အလင်းရောင်မထွက်ခင်အချိန်ဟာ အမှောင်ဆုံးအချိန်ဆိုတာကိုလက်ခံလား။ ဥပမာ အာရုဏ်ဦးနေရောင်မလာခင်အချိန်မျိုးပေါ့။ အဲဒါကိုလက်ခံတယ်ဆိုရင် လူတွေသေခါနီးရင် အားကိုးရာမဲ့အချိန်မျိုး ရောက်လာတတ်တာကိုလက်ခံရမယ်။ သေရမှာကိုကြောက်လားလို့ မေးရင် တချို့လူတွေက မကြောက်ဘူးတဲ့။ ရင်ထဲမှာတော့ ဘယ်လိုနေမလဲမသိပါဘူး။ ကိုယ့်ကိုမေးရင်တော့ ကြောက်တယ်။ အထူးသဖြင့် ကိုယ်အချိန်မတန်သေးဘူးလို့ ထင်တဲ့အချိန်မှာသေရမှာကိုပိုကြောက်တယ်။ ပင်ပန်းခဲ့သမျှ အကျိုးပြန်မခံစားလိုက်ရမှာကိုကြောက်တယ်။ ချစ်တဲ့သူတွေနဲ့ခွဲသွားရမှာကို ကြောက်တယ်။ ဖေဖေ၊မေမေနဲ့ ကိုကြီး ငိုနေရမှာကိုကြောက်တယ်။ အပါယ်တံခါးမပိတ်သေးခင်မှာ လူ့ဘ၀ကြီးကိုထားသွားရမှာ ကြောက်တယ်။ ဒါပေမယ့် ကိုယ်ကအချိန်မတန်သေးဘူးလို့ထင်ပေမယ့် သေခြင်းတရားဆိုတာ အချိန်တန်တယ်၊ မတန်ဘူးလို့မှမရှိတာနော်။ အချိန်မရွေးဖြစ်နိုင်တာပဲ။ လူတွေ သေခါနီးရင်ဘာတွေစဥ်းစားကြပါလိမ့်နော်။ ကိုယ်တော့တကယ်ကိုကြောက်ပါတယ်။ အခုအချိန်သာသေသွားရင် ကိုယ်မှာနောက်ဘ၀လူပြန်ဖြစ်ဖို့ ကုသိုလ်မှပြည့်စုံသေးရဲ့လားမသိဘူး။ မနေ့ကတောင် မီးဖိုခန်းထဲက ပုရွက်ဆိတ်တပ်ကိုရေနွေးပူတွေလောင်းပြီး နှိမ်နှင်းလိုက်သေးတယ်။ လုပ်သာလုပ်နေရတာ၊ စိတ်ထဲကတော့ ကြောက်သား။ နောက်ဘ၀ကျငါ့ကိုလဲ ရေနွေးပူအလောင်းခံရရင် ဒုက္ခပဲလို့။ အခုအချိန်ကိုယ်သေသွားရင် ကိုယ်ဘယ်ဘ၀ရောက်မလဲဆိုတဲ့ မသေချာမှုကြီးမျိုးနဲ့သေသွားရမှာ။ သေခါနီးအစွဲမကောင်းရင် ငရဲတောင်ရောက်နိုင်သေးတယ်။ သင်ခန်းစာတွေပြီးဖို့၊ ရေးလက်စစာတမ်းပြီးဖို့၊ အဲဒါပြီးရင် Prof နဲ့နောက်တစောင်ထပ်ရေးဖို့ ဆိုပြီးဇောတွေကပ်၊ လောဘတွေကြီးနေပေမယ့် တခါတလေသေခြင်းတရားဆိုတာကို စိတ်ရောက်သွားတဲ့အခါ ပစ္စုပ္ပန်အတွက်လုပ်နေတာတွေအကုန်ရပ်ပြီး တရားစခန်းပြေးဝင်ရတော့မလား တွေးမိပါတယ်။ အရမ်းပင်ပန်းလာတဲ့အခါ အမေ့ရင်ခွင်ကိုလွမ်းမိသလို တချိန်တည်းမှာပဲ ဖုန်းဆက်ရင်ဖွင့်နေကြအသံလေးကို ကြားချင်မိသေးတယ်။ ဘ၀မှာလူတွေဟာ သေခြင်းတရားနဲ့ကြုံလာရမှပဲ ဘယ်ဟာကိုယ့်အတွက် တကယ်အရေးကြီးပြီး ဘယ်ဟာအရေးမကြီးဘူးလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်လာရတယ်။ အဲဒီအချိန်မှာ အပေါ်ယံဟန်ဆောင်စကားတွေ၊ မာနတွေ၊ ဒေါသတွေ၊ အကျိုးလိုလားတဲ့ဆက်ဆံမှုတွေ အားလုံးကိုမလိုချင်တော့ဘူး။ တတ်နိုင်သမျှအဲဒါတွေနဲ့ ဝေးဝေးမှာနေချင်တယ်။ ကိုယ့်အတွက်အရေးပါတယ်ဆိုတဲ့ အရာအားလုံးကိုတောင် လွှတ်ချရတော့မယ့်အချိန်ရောက်လာတဲ့အခါ ကိုယ်ကဘယ်လောက်ဆက်ဆုပ်ကိုင်ထားချင် ပေမယ့် ဆုပ်ကိုင်ထားခွင့်ရမှာမှမဟုတ်တာ။
Sunday, January 31, 2010
Thursday, December 31, 2009
ကွန်ဖရင့်ခန်းမထဲက ကော်ဖီသောက်ဖို့ထွက်လာတော့ မိုတာကသူနဲ့အတူပါလာသည်။ “၀င်း အခုတင်ပြသွားတဲ့ စာတမ်းကို မင်းဘယ်လိုမြင်လဲ” “အင်း ဘယ်လိုပြောရမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် တကယ်လက်တွေ့အကောင်အထည်ဖော်တာအောင်မြင်သွားရင်တော့ ဒီပရောဂျက်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ to improve living standard of farmers ဆိုတဲ့အချက်အထိဖြစ်လာနိုင်တာပဲ” ။ ခန်းမထဲမှာ အခုလေးတင်ဆွေးနွေးတင်ပြသွားတဲ့ စာတမ်းကသီရိလင်္ကာနိုင်မှာစမ်းသပ်အကောင်အထည်ဖော်နေတဲ့ မိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီး လယ်သမားတွေရဲ့ဘ၀တိုးတက်အောင်ပြုလုပ်တဲ့စီမံကိန်းအကြောင်း ပြောသွားတာပါ။ မိုဘိုင်းကတဆင့် ဈေးနေရာအသီးသီးမှာရှိနေတဲ့ လက်ရှိအသီးအနှံပေါက်ဈေးတွေကိုပို့ ပေးခြင်းအားဖြင့် ဈေးအများဆုံးနေရာကိုသိရှိပြီး တိုက်ရိုက်သွားနိုင်အောင် transaction cost ကိုလျှော့ချနိုင်အောင်လုပ်ပေးတာပါ။ မိုတာကအဲဒါနဲ့ပါတ်သက်ပြီးဆက်ပြောနေပေမယ့် ကိုယ့်စိတ်ထဲမှာတော့ ရှေ့ကိုဆက်တက်ဖို့ ကမ္ဘာတ၀ှမ်းကလုပ်နေချိန်မှာ အမှီလိုက်မလာတဲ့ကိုယ့်နိုင်ငံက လယ်သမားတွေဘ၀ကိုတွေးနေမိပါတယ်။ ခန်းမအပြင်ဘက်မှာ Photo Exhibition ကိုပြထားပြီးတော့ လယ်သမားတွေလယ်ထွန်ရင်း ဖုန်းပြောနေပုံတွေ၊ ဖိလစ်ပိုင်ကလမ်းဘေးဈေးရောင်းတဲ့အမျိုးသမီးတဦး ဟန်းဖုန်းနဲ့အလုပ်လုပ်နေပုံတွေ၊ မိုဘိုင်းဖုန်းနဲ့ပါတ်သက်တဲ့ဓါတ်ပုံတွေကိုပြသထားပါတယ်။ အော်ကိုယ့်နိုင်ငံမှာတော့ ကျေးလက်ဒေသတွေမှာ မိုဘိုင်းဖုန်းမပြောနဲ့၊ လိုင်းဖုန်းတောင်မှရွာတိုင်းမှာမရှိတဲ့အဖြစ်။ တခုခုဆိုရင် ဆက်သွယ်ရေးကပဲပြဿနာဖြစ်နေသေးတာ။
ဒီကွန်ဖရင့်က ဒီ South Asia region ထဲက ICT အကြောင်းဆွေးနွေးကြတဲ့ကွန်ဖရင့်ဖြစ်ပြီး လောလောဆယ်မှာတော့ မိုဘိုင်းကလူသုံးအများဆုံးဖြစ်နေတော့ ပြည်သူလူထုအကျိုးပြု ပညာပေးအစီအစဉ်တွေကို မိုဘိုင်းကတဆင့် ဘယ်လိုပေးမလဲဆိုတာတွေကို Host Organization ကအဓိကဆွေးနွေးပြီးတော့ ပြင်ပကတင်သွင်းတဲ့ စာတမ်းတွေကတော့နိုင်ငံအလိုက် မိုဘိုင်းဖုန်း၊ internet စတာတွေနဲ့ပါတ်သက်တဲ့ သုတေသနတွေကိုဆွေးနွေးတင်ပြကြတာပါ။ Stanford ကကျောင်းသူတဦးကတော့ မလေးရှားနိုင်ငံရေးစနစ်မှာ internet ကိုအသုံးပြုပြီး ဘယ်လို campaign တွေ fundraisingတွေ လုပ်တယ်ဆိုတာကိုလေ့လာပြီး ပြည်သူတွေဘက်ကလည်း ဒီ channel ကိုသုံးပြီး ကိုယ့်ရဲ့ နိုင်ငံရေးအယူအဆတွေကိုဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကိုပြောသွားတာပါ။ နောက်စာတမ်းတခုကတော့ natural disaster တွေ crisis တွေအတွက် မိုဘိုင်းဖုန်းအသုံးပြုတဲ့ early warning system အကြောင်းပါ။ အဲဒီတော့လည်းကိုယ်တွေးမိပြန်ရော။ မိုဘိုင်းကိုမသုံးနိုင်တဲ့ကိုယ်တို့နိုင်ငံက ကျေးလက်ကပြည်သူတွေအတွက် ဘယ်လိုစနစ်မျိုးက နာဂစ်လို disaster မျိုးကိုရှောင်ကြဉ်ဖို့ ဘယ်လိုကြိုတင်သတိပေးနိုင်ပါ့မလဲ။ ကိုယ်မြန်မာပြည်မှာရှိနေကတည်းက နောက်ဒီလိုအခြေအနေမျိုးဖြစ်လာတဲ့အခါရှောင်တိမ်းနေအောင် high-rise building တွေဆောက်ကြဖို့ဆိုတာတွေ ပြောကြပါတယ်။ အခုတော့ လုပ်နေကြရဲ့လားမသိပါဘူး။ ဒါကလည်းဖြစ်လာမှသုံးလို့ရမှာလေ။ ဖြစ်မလာခင်ကြိုတင်ဘယ်လိုသတိပေးရပါ့မလဲ။
ညဘက်ကွန်ဖရင့်ကျင်းပတဲ့ဟိုတယ်ကနေဒင်နာအပြီးမှာ ကပ်ရက်မှာရှိတဲ့ကိုယ်တို့တည်းနေတဲ့ဟိုတယ် ကိုပြန်လာကြရင်း ကမ်းခြေမှာသွားထိုင်ဖို့ကိုယ်ကအဆိုပြုတော့ အားလုံးပဲသဘောတူပြီးပါလာကြပါတယ်။ ညတိုင်းကမ်းခြေမှာထိုင်၊ ရေထဲမှာဆော့၊ တယောက်နဲ့တယောက်ရေနဲ့ပက်၊ သဲနဲ့ပက်နဲ့ ကျောင်းနဲ့ဝေး၊ စာဖတ်စရာတွေနဲ့ဝေးပြီး အားလုံးကကလေးတွေလိုပြန်ဖြစ်နေကြပါတယ်။ ကိုယ်တွေလိုကျောင်းသားတွေ မပြောနဲ့။ ဖိလစ်ပိုင်လူမျိုး Jude ဆိုရင် ဘင်္ဂလားဒေ့ရှ် college တခုမှာ lecturer ဖြစ်ပြီး သမီးတယောက် အဖေ ဖြစ်တာတောင်မှ ကိုယ်တို့နဲ့နေ့တိုင်းပင်လယ်ကမ်းခြေမှာဆော့နေကြပါ။ ကိုရီးယားသူ Park ဆိုရင်လည်း နယ်သာလန်မှာလက်ထောက်ကထိကပါ။ ဒါပေမယ့်ဝတ်လိုက်ရင်လည်း ကိုယ်တို့လူငယ်တွေနဲ့ အပြိုင်အလန်း တွေဝတ်။ ကိုယ်တိုနဲ့အပြိုင်ဆော့ပါတယ်။ ကိုယ်တို့ကတခါတလေသူတို့ကို ကိုယ်တို့ Young Scholar တွေကဘယ်လို Old Scholar တွေကဘယ်လိုဆိုပြီး စပါတယ်။ တခါတလေစိတ်ကောင်းဝင်နေရင်တော့ senior scholar လို့ပြင်ပြောပေးပါတယ်။ သူတို့ကလည်းစိတ်တော့မဆိုးကြပါဘူး။ ကိုယ်တို့ကိုပြန်စနေတာပါပဲ။
Monday, December 7, 2009
ကျောင်းစတက်ပြီးတလလောက်ကြာကတည်းက ဘလော့ဘက်ကိုခြေဦးမလှည့်ဖြစ်အောင် ကိုယ့်ကိုယ်ကို အတော်လေး ထိန်းချုပ်ထားရတယ်။ ကျန်းမာရေးကိစ္စ၊ မကုန်ဆုံးနိုင်တဲ့assignment တွေ၊ ရှောင်ရတဲ့အစားအသောက်တွေများလို့ကိုယ့်ဘာသာပဲ ချက်စားနေရတာကြောင့်ရော အချိန်ကဘယ်တော့မှ မလောက်။ ဒီကြားထဲမှာ ယူထားမိတဲ့ module တွေကကိုယ်သိပ်မကျွမ်းကျင်တဲ့ဘာသာတွေဆိုတော့ သူများထက်ပို ပြီး ၂ဆ ၃ဆဖတ်ရသေးတယ်။ ဒါတောင်မှ စာမေးပွဲနီးတော့စိတ်လေပြီး ပြန်မဖတ်နိုင်လို့ စာမေးပွဲခန်းထဲမှာ ယောင်တောင်တောင်ဖြစ်သေးတယ်။ ဘောပင်အကြာကြီးဆုပ်ပြီး စာမရေးနိုင်တဲ့အတွက်ဘာသာတိုင်းကို ကွန်ပျူတာနဲ့ဖြေခွင့်ပေးဖို့ကျောင်းကိုခွင့်တောင်းရပါတယ်။ တချို့ဘာသာတွေကတော့ အစောကြီးကတည်းက Typing ဖြေချင်တဲ့သူဖြေဖို့ခွင့်ပြုထားပေမယ့် Core Module တွေကတော့ကွန်ပျူတာနဲ့ဖြေခွင့်မပြုပါတဲ့။ ကိုယ်ကတော့ လက်ဘက်မစား၊ ကွမ်းမစား။ ချွင်းချက်ပေါ့လေ။ ကိုယ်တယောက်တည်းအတွက် အခန်းတခန်း၊ ကွန်ပျူတာတလုံးပေးရပြီး admin department ကလူတွေလည်းအလှည့်ကျလာစောင့်ပေးရလို့ အားနာပေမယ့် မတတ်နိုင်ဘူးပေါ့။ စာမေးပွဲရက်မှာစိတ်အလိုလိုက်ပြီး ဘလော့တွေဘက်ကိုနည်းနည်းလှည့်လိုက်သေးတယ်။ ကိုလူထွင်းဆီ၊ ကိုလင်းဆီ၊ ပြီးတော့ မကေ့ဆီ။ သုံးခုလောက်ဖတ်ပြီးရော ကိုယ့်စိတ်ကိုဆုံးမပြီး browser ကိုပိတ်လိုက်ရတယ်။ Comment လည်းမပေးရဲဘူး။ ကြာနေမှာကြောက်လို့။ ကိုယ့်ဘလော့လေးကို အလွမ်းပြေ၀င်ကြည့်တော့ လာသွားကြတဲ့အကိုအမတွေရော၊ စိတ်ပူပေးကြတာအတွက်ရော ပျော်ရပါတယ်။ မေ့သမီးအကြာကြီးပျောက်နေပေမယ့် မေ့မပစ်လိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုဒီဇင်ဘာကျောင်း ပိတ်ရက်မှာ စာပြန်ရေးဖို့ရော၊ ကဗျာစပ်ဖို့ရော စဉ်းစားထားပါတယ်။ (စိတ်ကူးပေါက်ရင်ပေါ့လေ။) ဒါပေမယ့် လောလောဆယ်တော့ သီရိလင်္ကာမှာ ကွန်ဖရင့် ၂ခုဆက်တိုက်ရှိနေတာကြောင့် ရေးဖြစ်ဦးမှာမဟုတ်သေးပါဘူး။ ကွန်ဖရင့်ပြီးသွားရင်တောင် ဒီကအဖွဲ့ရဲ့ CEO က ကိုယ့်ရဲ့ နောက်ဆုံးနှစ်စာတမ်းအတွက် supervisor ဖြစ်နေတာကြောင့် သူ့ဆီက အကြံဥာဏ်ယူရင်း၊ လေ့လာရင်းနဲ့ တလအတိကြာအောင် သီရိလင်္ကာမှာနေရမှာပါ။ ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့မှပဲ စင်္ကာပူပြန်ရောက်ပါမယ်။ အားလုံးစိတ်ပူနေမှာစိုးလို့ အကြောင်းကြားထားတာပါ။ :P နောက်ရက်ကြ သီရိလင်္ကာမှာလျှောက်လည်ဖြစ်ရင် ဓါတ်ပုံတွေတင်ပေးမယ်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ။
Friday, October 2, 2009
မေ့သမီးနဲ့ Stress

စာမရေးဖြစ်၊ စိတ်ကူးပေါက်ရာကဗျာတွေလည်းမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။ အီးမေးပို့ပြီး မေးကြတဲ့ အကို၊ အမတွေ စိတ်ပူကြတဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ကိုယ့်အတွက် စိတ်မပူစေချင်တာမို့အားလုံးကိုနေကောင်းပါတယ်ပဲ ပြောမိပါတယ်။ စာမရေးဖြစ်တာက ကျောင်းစာတွေနဲက အလုပ်ရှုပ်နေတာကြောင့်ရော၊ လက်ကစာရိုက်လို့အဆင်မပြေတာကြောင့်ရောပါ။ မြန်မာလိုရိုက်ရတာပို ပင်ပန်းပါတယ်။ ကျောင်းကအိမ်စာတွေတောင် စာရွက်ပေါ်မှာအရင်ချရေးပြီးမှပဲ ကွန်ပျူတာပေါ်တင်ဖြစ်တော့တာ။ အရင်လိုကွန်ပျူတာပေါ်မှာတန်းရေး၊ အခေါက်အခါခါပြင်လို့အဆင်မပြေတော့။
ဒီရက်ပိုင်းစိတ်ကတက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ တော်ကြာနေ နောက်ဆုံးဖြစ်တဲ့ဒီစာသင်နှစ်မှာ အကောင်းဆုံး လုပ်ဖို့အားတင်းလိုက်၊ တော်ကြာကိုယ့်ကျန်းမာရေးနဲ့စိတ်ဓါတ်ကျလိုက်၊ တော်ကြာအိမ်ကိုလွမ်းလိုက် တခါတခါ လည်းလုပ်ချင်တာများပြီး ခန္ဓာကိုယ်ကမလိုက်နိုင်ဆိုတော့ stress တွေပိလိုက်ဖြစ်နေပါတယ်။ သီချင်းတွေဖွင့်၊ လိုက်ဆိုလည်း တခါတလေကျကိုယ့်ကိုယ်ကိုယ်ထိန်းလို့မရဘူးဖြစ်နေပါတယ်။ ကိုယ်နဲ့အခု Core Module အတွက် အတူလုပ်ရတဲ့ Group Mate ၂ယောက်က ကိုရီးယားအမျိုးသား David ရယ်၊ Cambodian သူ Lanet ရယ်ပါ။ ဖြစ်ချင်တော့ Lanet ကလည်းသူနေနေတဲ့အိမ်မှာ အသစ်ရောက်လာတဲ့ Vietnam သူ ဂျူနီယာမလေးနဲ့ အဆင်မပြေပါဘူး။ အဲဒီကောင်မလေးကို လူတိုင်းကသိပ်မကြည်ဘူးဖြစ်နေတာပါ။ ကျောင်းမှာတောင်မှ သူကတွေ့တဲ့သူတိုင်းကိုအကူအညီတွေတောင်း၊ စာတွေမေးနဲ့။ စာမေးတာ၊ ကူညီရတာအကြောင်းမဟုတ်ပေမယ့် ကိုယ့်မကူညီနိုင်တဲ့အချိန်မှာ လူမှုရေးနားမလည်ဘဲ အတင်းကာရောတွန်းတိုက်တောင်းတဲ့အကူအညီမျိုးကျ စိတ်ညစ်ရပါတယ်။ စရောက်လာကာစကတော့ ကိုယ်ကလည်းနဂိုကမှသူများကမပြောခင် ကူညီချင်တဲ့သူဆိုတော့ ကိုယ်လဲတော်တော်ဒဏ်ခံလိုက်ရပါသေးတယ်။ ဒါတောင်မှ ကိုယ့်ဆီကိုသူဖုန်းဆက်တဲ့အချိန် ည၁၁နာရီလောက် ကိုယ်ကမအိပ်သေးတော့ သိပ်ပြဿနာမရှိလှဘူးပေါ့။ တချို့လူတွေကိုတော့ ည၁၂နာရီလောက် အိမ်တံခါးသွားခေါက်တာမျိုး၊ သူ့အိမ်စာတွေကို ရှင်းပြရုံမကပဲအစအဆုံးရေးခိုင်းတာမျိုးအထိ ခိုင်းတယ်လို့ သိရပါတယ်။ ကိုယ်ကျတော့ ကိုယ့်ကျန်းမာရေးအခြေအနေကို တကျောင်းလုံးသိနေတော့ ကိုယ့်ကိုသူအဲလောက်တော့ မခိုင်းရဲဘူးထင်ပါတယ်။ ဒါတောင်မှတွေ့ရာနေရာမှာ နာမည်အကျယ်ကြီးအော်ပြီး အနားရောက်လာတတ်သေးတာ။ အံ့သြဖို့ကောင်းတာက လူတွေ့တိုင်းသူ့မှာမေးစရာ၊ အကူအညီတောင်းစရာ တခုရှိနေတာပဲ။ ပြီးတော့ ဘယ်တော့မှလည်းသူများအဆင်ပြေမပြေမမေးဘဲ ပေးသမျှအကူအညီကိုလည်း သူမှာ ဒီလိုရပိုင်ခွင့်ရှိသလို ယူသွားတာပဲ။ ကြာတော့ ကူညီရတဲ့သူတွေကအောင့်သက်သက်ဖြစ်လာတာပေါ့။ တခြားသူတွေအတွက် ရှောင်လို့ရနေသေးပေမယ့် တအိမ်တည်းနေရတဲ့ Lanet ခမျာတော့ ဒီဒုက္ခတွေကိုခံစားနေရတာပေါ့။ မနက်အစောကြီးသူ့အခန်းတခါးခေါက်၊ မဖွင့်မချင်းနာမည်အကျယ်ကြီးအော်ခေါ်၊ တအိမ်လုံးမျှပေးရတဲ့ Utility Bill မှာ ၃ကျပ်လောက်ပိုပေးရမှာကို ပတ်ပြဿနာရှာဆိုတော့ သူတော့ စိတ်အညစ်ကြီး ညစ်ရတာ။ တခြားအတူနေတဲ့ကျောင်းသူ၂ယောက်ကလည်း အဲဒီတယောက်နဲ့ပြဿနာဖြစ်ထားတယ်တဲ့လေ။ Lanet ကသဘောကောင်းတဲ့သူဆိုတော့ ထုတ်မပြောတဲ့အခါ သူ့ကိုပဲအမြဲခဏခဏလာရှာနေတော့တာပေါ့။ အခုကျတော့ သူတို့နဲ့အတူနေတဲ့ Mexican မလေးက သူအိမ်ပြောင်းတော့မယ်တဲ့။ ကျောင်းကိုပြောပြီး ကျွန်မတို့ ၀င်းထဲမှာပဲ အခန်းလွတ်ရှိတဲ့အိမ်တလုံးကိုပြောင်းတာပါ။ ဒါပေမယ့် တအိမ်လုံးမှာ Lanet ကသူ့ကိုအချစ်ဆုံးဆိုတော့ အရမ်းကိုဝမ်းနည်းတော့တာပေါ့။ သူပြောင်းတော့မယ်ဆိုမှ သူလည်းဒီလိုခံစားနေရတဲ့အကြောင်းကို Lanet ကသူ့ကို ပြောပြတော့ အဲဒီMexican မလေးလည်း စိတ်မကောင်းဖြစ်ရှာရော။ စောစောကတည်းက သူတို့အားလုံးဒီလို ခံစားရတယ်ဆိုတာသိခဲ့ရင် ဒီဂျူနီယာမလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျောင်းနဲ့တိုင်ပင်ပြီး သူတို့တခုခု စဉ်းစားခဲ့မိမှာပဲလေ။ အခုတော့ Lanet လည်းချစ်တဲ့သူငယ်ချင်းနဲ့ခွဲနေရမယ့်အပြင် ဟိုတယောက်ပြဿနာကလည်း မအေးသေးဘူး။ ကိုယ်တို့အားလုံးက နောက်ဆုံးနှစ်တင်ရမယ့် စာတမ်းအပြင်ရှိနေတဲ့ Module requirement တွေနဲ့ အားလုံး စိတ်ပင်ပန်းနေကြတာပါ။ အဲဒီ Mexican မလေးဆိုလာမယ့်နိုဝင်ဘာကျောင်းကလုပ်မယ့် GPPN Student Conference အတွက် Committee Chairman ဆိုတော့ပိုပင်ပန်းပါတယ်။ ကိုယ်တောင်မှ Administrative တာဝန်ပဲ ယူထားတာတောင် အခန်းပြင်ဆင်ဖို့၊ ငွေရေးကြေးရေးကိစ္စကျောင်းကို စကားပြောရတာတို့၊ Fund raising အတွက် ကူစဉ်းစားရတာ၊ ထွက်သွားတဲ့ Administrative member တွေနေရာမှာ ကူညီဖို့ Volunteer ရှာရတာ၊ တခြားပြင်ဆင်ရတာတို့အတွက် အရမ်းကိုစိတ်ပင်ပန်းရတာပါ။ ဒါတောင်မှကိုယ်ကခေါင်းဆောင်နေရာမဟုတ်ပါဘူး။ Mexican သူလေးက ပြောပါတယ်။ သူဒီတာဝန်တွေယူထားပြီး အချိန်တန်အိမ်ပြန်လာလို့သူ့ကိုပြဿနာတခုက ထပ်ဆီးကြိုနေဦးမယ်ဆိုရင်သူကြာရှည်ဒီဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူးတဲ့။ အိမ်အသစ်ကိုပြောင်းတာဟာ သူ့ရဲ့အိမ်ပြဿနာကို ဖြေရှင်းနည်းပေါ့။ Lanet ကို David နဲ့ကိုယ်ကလည်းအိမ်ပြောင်းပါလားလို့ အကြံပေးတော့သူကအဲဒီလိုမလုပ်ချင်ဘူးတဲ့။ သူပါပြောင်းလိုက်ရင် အဲဒီကောင်မလေးပိုစိတ်မကောင်းဖြစ်လိမ့်မယ်တဲ့။ အခု Mexican မလေးပြောင်းတာတောင် သူသိတော့ သူကြောင့်ပြောင်းတယ်ဆိုတာသိပုံပဲတဲ့။ စိတ်မကောင်းဖြစ်နေတယ်တဲ့။ တကယ်တော့ Lanet ကတကယ့်ကိုစိတ်ထားဖြူစင်တာပါ။ အဲဒီကောင်မလေးကြောင့်စိတ်ညစ်နေရတာတောင် သူ့အတွက်တွေးပေးနေတုန်းပဲ။ အဲဒီဂျူနီယာကောင်မလေးက သူပထမနေတဲ့အိမ်မှာ အဆင်မပြေလို့ သူတို့အိမ်ကို ပြောင်းလာတာလေ။ အဲဒီတောင်သူကပါထပ်ပြီး ကျောင်းကိုComplaint လုပ်လို့အဲဒီကောင်မလေး ပြောင်းရရင်ဖြစ်ဖြစ်၊ တခုခုအဲဒီကောင်မလေးကိုဖြစ်သွားရင် သူတသက်လုံးစိတ်မကောင်းဖြစ်နေရတော့မှာတဲ့။ သူသိပ်သဘောကောင်းလွန်းလို့လည်း ဟိုကရောင့်တက်တာဖြစ်မှာ။ ကိုယ်ကတော့အခုရှင်းရှင်းပဲ။ ပါတ်ပြေးတာပေါ့။ တွေ့ရင် ရှောင်တယ်လေ။ စိတ်ကောင်းမမွေးနိုင်ဘူးပြောလည်းခံရတော့မှာပဲ။ ကိုယ်စိတ်ညစ်မခံနိုင်ဘူးလေ အခုအချိန်မှာ။
ဒီနေ့ကိုယ်တို့ Group ဆုံကြတော့စာအကြောင်းမဆွေးနွေးဘဲ ကိုယ့်ပြဿနာတွေကိုယ်ပြောကြပြီး ဘယ်လိုဖြေရှင်း ကြမလဲ။ အဓိကကတော့ Stress ရလာရင် ဘယ်လို manage လုပ်မလဲပြောကြတာပါ။ ကိုယ်ကတော့ သီချင်းဆိုတယ်လို့။ သီချင်းတွေဖွင့်ပြီးလိုက်ဆိုတာပေါ့။ ဆိုတာမှဟိုမြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ သီချင်းတွေကအစ၊ အခု ဟစ်ဟော့အထိ အကုန်အော်တာပဲ။ David ကတော့ Classical သီချင်းအေးအေးလေးတွေ နားထောင်တယ်တဲ့။ ကိုယ်ကတော့အရင်တုန်းကအစားကောင်းကောင်းစားရရင် Stress တ၀က်ပျောက်တာပဲလို့။ အခုကတော့ ဆားမပါဘဲစားရမှတော့ ဘာမှမှစားမကောင်းတာ။ အဲဒီမှာတင် Stress က၂ဆဖြစ်နေပြီဆိုတော့ ရယ်ကြတယ်လေ။ တကယ်ပြောတာ။ အရင်တုန်းကဆို ကျန်တာတွေအသာထား စားချင်တာစားရရင်ကို လူကပျော် နေတာ။ အခုကျတော့။ အဲဒါနဲ့ Lanet ကိုကိုယ်ကအကြံပေးတယ်။ ဈေးဝယ်ထွက်ပြီး အ၀တ်အစားအသစ်ဝယ်ရ အောင်လို့။ ပြီးတော့ နားဆွဲတို့၊ ကလစ်တို့လို အလှအပပစ္စည်းလေးတွေလျှောက်ဝယ်၊ စိတ်ကူးပေါက်ရင် အလှပြင် ရတာလည်း စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်စေတာပဲလို့။ အဲဒါလည်း ကိုယ်လုပ်ကြည့်တာတွေပေါ့။ အရင်တုန်းကဆို ကိုယ့်ကိုအမေက နားဆွဲဆင်ချင်တာအရမ်း၊ ကိုယ်ကကိုယ့်ကိုကိုယ်မိန်းကလေးကို လှလှပပ၊ နွဲ့နွဲ့နှောင်းနှောင်း သိပ်မရှိဘူးထင်တော့ အဲဒါမျိုးဝတ်လိုက်ရင် အခြောက်ကြီးနဲ့တူတာပဲလို့ထင်တယ်။ အဲဒါနဲ့ပဲ ၀ယ်ဖြစ်တဲ့ကလစ်တို့၊ ခေါင်းစည်းတို့၊ ဘီးကုပ်တို့တောင်အမြဲပဲ အိမ်မှာပုံနေပြီးမသုံးဖြစ်ဘူး။ အခုနောက်ပိုင်းကျ တခါတလေ အပြင်ထွက်ဖြစ်တဲ့အခါ စိတ်ကူးပေါက်ရာလေးတွေ မျက်စိထဲမြင်တာတွေလျှောက်ဝယ်ပြီး ကိုယ့်ကိုကိုယ်အလှဆင် ကြည့်မိပါတယ်။ ရယ်တော့လည်းရယ်ရသား။ မျက်နှာကဆေးကြောင့်ဖောင်းနေ၊ တခါတလေနားကပ်အကြီးကြီး တွေနဲ့ ဆိုတော့ မြင်တဲ့သူကတော့ရယ်ချင်မှာပဲ။ (ဆေးသောက်ပြီးတော့ နှုတ်ခမ်းမွှေးတောင် ထွက်လာသေးတယ်။ ဟိ။) ကိုယ်ကတော့ ပျော်သလိုနေနေတာပဲ။ Lanet ကတော့ ဈေးဝယ်ထွက်မယ့် အကြံကိုနောက်ရွှေ့ထား ကြရအောင်တဲ့။ အခုလောလောဆယ်တခြားနည်းတွေကြိုးစားကြတာပေါ့တဲ့။ လကုန်ရက်ဆိုတော့ ၂ယောက်စလုံးရဲ့Bank account တွေခြောက်နေပြီလေ။ အဲဒါနဲ့ပဲငါပြန်ပြီး ကြက်တောင်ရိုက်ဖို့ ကြိုးစားကြည့်မယ်။ အပြင်းအထန်ကြီးမရသေးပေမယ့် နည်းနည်းစီစကြည့်တာပေါ့လို့။ နင်လည်း ငါနဲ့ကြက်တောင် လာရိုက်လို့ သူ့ကိုပြောရတယ်။ Lanet ရဲ့ Stress လျှော့ချနည်းကလည်းတမျိုးပဲ။ တနေ့လုံးအစာမစားပဲနေ တယ်တဲ့။ အဲဒီအခါကျတော့ လူကအားမရှိဘဲဒေါသနည်းတယ်တဲ့။ သူပြောတာပဲ။ ကိုယ်ကတော့ အဲဒီနည်းကို တသက်လုံးလုပ်ဖြစ်မယ်မထင်ဘူး။
ဘလော့မရေးဖြစ်တာကြာပြီး လောလောဆယ်ဘာမှလည်း ရေးစရာမရှိတာမို့ စိတ်ကူးပေါက်ရာတွေပဲ ချရေးလိုက်တော့တယ်။ ဖတ်ပြီးတော့ ကိုယ်တိုင်ရော Stress ဘယ်လိုလျှော့သလဲဆိုတာ ဝေမျှခဲ့ပါဦးနော်။