Friday, March 26, 2010

မေးမယ်နော်

ဖေ့ဘွတ် (Facebook) ပေါ်က သူ့ကွန်မန့် (Comment) တွေဖတ်မိရင်မရယ်ဘဲမနေနိုင်ဘူး။


ဆုံခဲ့ကြတဲ့အကြောင်းတွေပြန်စဉ်းစားမိရင် သူ့ကိုလွမ်းတယ်


ပြောခဲ့ကြတဲ့ စကားတွေကို ပြန်တွေးမိရင် ချက်ချင်းတွေ့ချင်လာတယ်


ဖုန်းဆက်မိတိုင်းမှာ ဖုန်းကတ်ကုန်သွားမှာသာ ရပ်မယ် ကိုယ်ကတော့ မချရက်ခဲ့ဘူး


ပြောဖြစ်တဲ့ စကားတွေကတခါတလေ ပလေပဇာ


ဒါပေမယ့် တခြားသူထက် သူနဲ့ပဲပိုပြောချင်တယ်


ပျော်ရင် ဖုန်းဆက်ချင်တယ် ၀မ်းနည်းရင် ပြောပြချင်တယ်


အောက်မေ့လာရင် ပြေးတွေ့ချင်မိတယ်


မလှဘူးပြောမယ်မှန်းသိသိချည်းနဲ့ အ၀တ်အစားသစ်တွေ ၀တ်ပြမိတတ်တယ်


သူကလှတယ်ပြောရင် သူများပြောတာထက်ယုံတယ်


သူကမလိုက်ဘူးပြောတဲ့ အ၀တ်ကို ရှောင်မယ်


ဘယ်သူမှမပြောတဲ့ စကားကြမ်းကြမ်းတွေ ကိုယ့်ကိုပြောလည်း ကိုယ်ကစိတ်မဆိုးဘူး


သူ့ကိုပစ်ပစ်နှစ်နှစ်ဆဲရင်တောင် သူကပန်းနဲ့ပေါက်တယ်ထင်နေတတ်တာ


သူ့ကိုကိုယ့်အဘိဓာန်ထဲမှာ ဒီလိုဖွင့်တယ်

--------------


အဲဒါဘယ်သူလဲ ဖြေ။ :D

Sunday, March 21, 2010

မိတ်ဆွေသစ်

ကိုယ့်ကိုဂရုစိုက်တဲ့သူတယောက်ရှိတယ်ဆိုတဲ့ အသိကလူတိုင်းကို နွေးထွေးစေလိမ့်မယ်ထင်ပါတယ်။ ကိုယ်လည်း အခုအဲဒီလိုခံစားရပါတယ်။ ကိုယ့်ကိုကျောင်းမှာ Sweet Girl ၊ Sweet Smile ဆိုပြီး ချီးကျူးကြပါတယ်။ (ကြွားတာမဟုတ်ပါ) ကိုယ်တို့ကျောင်းက PhD အတန်းမှာ Michael ဆိုတဲ့ အာဖရိကန် တယောက်ရှိပါတယ်။ တခြား PhD တွေက Teaching Assistant လုပ်ရတော့ ကိုယ်တို့နဲ့ခင်ပါတယ်။ သူတို့ဆီသွားပြီး စာမေးရတဲ့အတွက် တွေ့ရတာတွေရှိပါတယ်။ ဒါပေမယ့် အဲဒီအတန်းပြီးသွားရင်တော့ လမ်းတွေ့ရင်ပြုံးပြရုံ၊ စကားတခွန်းနှစ်ခွန်းပြောရုံအပြင်မပိုပါဘူး။ အဲဒီ Michael ကျတော့ကိုယ်တို့ အတန်းကို တခါမှစာမသင်ရဘူးပါဘူး။ ဒါပေမယ့် ကိုယ်တို့နဲ့တွေ့တိုင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၊ ကိုယ်တို့ရဲ့စာတွေအကြောင်း၊ ကိုယ်ထွက်မယ့်ခရီးစဉ်တွေအကြောင်းကအစ အားလပ်ရက်ဘာလုပ်မှာလဲ ဆိုတာမျိုးကအစ ဂရုတစိုက်မေးပြီး နားထောင်တတ်ပါတယ်။ ကိုယ့်ကိုလည်း နင့်အပြုံးကိုမြင်ရတာ ငါ့စိတ်ထဲမှာ အရမ်းနွေးထွေးတာပဲ တဲ့။ ငါတခါတလေစိတ်ပင်ပန်းနေတဲ့အချိန်တောင် နင့်ကိုတွေ့လို့ နင်အဲဒီလိုပြုံးလိုက်ရင် ငါအမောပြေသလိုပဲတဲ့။ သူကိုယ်တိုင်ကလည်း တကယ်တော့ လူတိုင်းကိုပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတတ်သူပါ။ အဲဒီတော့ ကိုယ်ကလည်း သူ့ကိုတွေ့တိုင်း ဘာအရိပ်မှမပါတဲ့ အပြုံးသန့်သန့်နဲ့ပြုံးဖြစ်ခဲ့တယ်ထင်ပါတယ်။ ပြီးခဲ့တဲ့တပါတ်နှစ်ပါတ်လောက်ကတော့ ကိုယ်ကျောင်းမှာသိပ်မရှိခဲ့ပါဘူး။ စာတွေများနေတာကြောင့် အတန်းပြီးတာနဲ့အိမ်ပြန်ပြေးပါတယ်။ တချို့အတန်းတွေဆို တက်တောင်မတက်ဖြစ်ပါဘူး။ ကျောင်းမှာလုပ်တဲ့ ဆွေးနွေးပွဲတွေဆို မရောက်တာကြာလှပေါ့။ ကင်တင်းလည်းကိုယ်က သိပ်မသွားတော့ လူတွေကိုယ့်ကို ကင်တင်းမှာမြင်ရခဲပါတယ်။ အဲဒါနဲ့ တရက် Michael ကအီးမေးပို့လာပါတယ်။ ဟေမာ နင့်ကိုငါကျောင်းမှာ မတွေ့ဘူး။ ဒီတပါတ်လုံးလုံး နင့်အပြုံးကို မမြင်ရဘူး။ နင်အဆင်ပြေရဲ့လား တဲ့။


ကိုယ်နဲ့အမြဲတွဲနေတဲ့သူငယ်ချင်းတွေတောင် အခုအချိန်မှာ အရမ်းအလုပ်ရှုပ်နေကြတော့ ကိုယ့်ကို တပါတ်မမြင်လည်း အီးမေးပို့မမေးကြပါဘူး။ အခုလိုကိုယ့်ကိုဂရုစိုက်တဲ့သူတယောက်ရှိတယ်ဆိုတာ ကိုယ့်ကိုစိတ်ချမ်းသာစေပါတယ်။ ပြီးတော့ သူကကိုယ့်အပေါ်ရိုးသားတယ်ဆိုတာလည်း ကိုယ်သိနေတော့ သူ့ဆီကဒီလိုအပြောကို ပိုတန်ဖိုးထားမိပါတယ်။ ပြီးတော့သူနဲ့ကိုယ်ဟာ မေးပို့နေကျလူတွေမဟုတ်တော့ ကိုယ့်မေးကိုရဖို့အတွက် သူကျောင်း system ထဲမှာဝင်ရှာရမှာပါ။ ကိုယ့်ကိုမေးပို့အတွက် သူအဲဒီလို ဒုက္ခခံ တယ်ဆိုတော့ ကိုယ်သူ့ကိုကျေးဇူးအရမ်းတင်မိပါတယ်။

အဲဒါနဲ့ကိုယ်လည်း ကိုယ့်အတန်းတခုအတွက် ကိုယ်ပြင်ဆင်နေတာအဆင်မပြေလို့ ကိုယ် stress ရနေကြောင်း၊ ကျောင်းကိုသိပ်မလာဖြစ်ကြောင်းတွေပြောလိုက်တော့ သူကချက်ချင်းမေးပြန်ပို့ပါတယ်။ ကိုယ် Stress ရနေတယ်ဆိုလို့သူလည်းမပျော်နိုင်ပါတဲ့။ သူလုပ်ပေးနိုင်တာကို သူ့ကိုပြောဖို့၊ နောက်ဆုံးနှစ်ဝက်ဖြစ်တာကြောင့် လက်မလျှော့လိုက်ဖို့၊ အားတင်းထားဖို့တွေပေါ့။ ပြီးတော့ ကိုယ်အခုယူထားတဲ့ တချို့ဘာသာရပ်တွေဆို သူ့အတွက်တောင်သိပ်ခက်ခဲနေတာကို ကိုယ်ကယူထားတော့ ကိုယ့်ကိုအထင်ကြီးတဲ့အကြောင်း၊ ကိုယ်ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်ဆိုတာ သေချာပါတယ်တဲ့။ ဘာပဲပြောပြောလေ ကိုယ့်အတွက်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်ပြောချင်တာကို ပြောလိုက်ရလို့ စိတ်ကျေနပ်သွားသလို ကိုယ့်ကိုဒီလိုအချိန်မှာဂရုတစိုက်မေးပို့လာတဲ့သူ့ကို တော်တော်ကျေးဇူးတင်သွား တာပါ။ သူအရင်တုန်းက ကိုယ့်ကိုတွေ့ရင် ၀မ်းသာတဲ့အကြောင်းပြောခဲ့တုန်းက ကိုယ်ကပဋိသဒ္ဓါရ စကားပြောခဲ့တယ်လို့ထင်ခဲ့တာပါ။ တချို့တချို့လူတွေလို ရင်ထဲကမပါဘဲ ပါးစပ်ကနေ စိတ်ပူတဲ့အကြောင်းပြောတတ်တဲ့သူတွေစာရင်းထဲ သူ့ကိုထည့်ခဲ့မိတာပါ။ အခုလို တကူးတကအီးမေးပို့၊ သူကူညီနိုင်တာဆိုကူညီမယ့်အကြောင်းပြောလာမှပဲ သူအမှန်တကယ်ကိုယ့်ကိုစေတနာထား၊ ခင်မင်မှန်း ကိုယ်သိလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ခင်မင်စရာ မိတ်ဆွေစစ်တယောက်တိုးလာတဲ့အတွက်ကိုယ်အခု အရမ်းဝမ်းသာနေပါတယ်။

Thursday, March 18, 2010

အတတ်စူးခြင်း

ငါ့အချစ်ကိုကာကွယ်ဖို့

နှလုံးသားကို သော့ခတ်ခဲ့တယ်

စွဲလန်းမှုတွေ ပျံ့နှံ့လို့

အလွမ်းဆိပ်တက်မှာ စိုးလို့ပါ


ဒါပေမယ့်

သူကတော့ အပြင်းအထန်ငြင်းတယ်

အလွမ်းဆိုတာ အချစ်ရဲ့ပြယုတ်

အလွမ်းမရှိတဲ့အချစ်က

ကမ်းမရှိတဲ့ပင်လယ်

ဆားမပါတဲ့ဟင်း

အလင်းမရှိတဲ့နေ့

ပြီးတော့...

ရနံ့မရှိတဲ့ပန်းတဲ့။


အချစ်ကိုသော့ပိတ်လို့

ကိုယ်က အလွမ်းကိုရှောင်တယ်

ဒါပေမယ့်

သူကကိုယ့်ကိုပြောတယ်

အဲဒီသော့ကနေပဲ အလွမ်းဆိပ်တက်

ကိုယ့်အချစ်က ပုံစံပျက်ခဲ့တာကြာလှပေါ့တဲ့…။

Wednesday, March 10, 2010

ကျောင်းစင်တင်ပွဲ

ကိုလူထွင်းကအားပေးလို့ ဆက်ရေးလိုက်ဦးမယ်။ (အမှန်တော့ကိုယ့်ဘာသာ ကိုယ်ရေးချင်နေတာပါ။) J

ကိုယ်တို့ပုသိမ်တက္ကသိုလ်မှာ နှစ်စဉ်စင်တင်ပွဲလို့အလွယ်ခေါ်တဲ့ပွဲကို နှစ်တိုင်းဖေဖော်ဝါရီလမှာ ကျင်းပပါတယ်။ (ကိုယ်ကျောင်းထွက်ပြီး နောက်တနှစ်မှာပွဲမဖြစ်ဘူးလို့ပြောပါတယ်။ အခုတော့ မသိပါ။) နေ့ခင်းဘက်မှာကျောင်းရှေ့ကကွင်းပြင်မှာ ဆိုင်ခန်းလေးတွေခင်းထားပြီး မေဂျာအလိုက်မုန့်တွေရောင်းပါတယ်။ အဓိကကတော့ ဌာနတခုချင်းစီအတွက် ရန်ပုံငွေပါ။ ကျောင်းသား ကော်မတီတွေနဲ့ဆရာတွေက ဦးဆောင်ရပါတယ်။ လက်မှတ်တွေကိုတော့ ကြိုပြီး ကျောင်းသားတယောက်ဘယ်နှစောင်နှုန်းနဲ့ ၀ယ်ရပါတယ်။ အဝေးသင်လာတက်ပြီး အဲဒီရက်ကျောင်းမှာမရှိနိုင်တဲ့ကျောင်းသားတွေအတွက် ဒီလက်မှတ်တွေဝယ်ရတာ အပိုကုန်တာ၊ စိတ်ညစ်စရာဖြစ်ရင်ဖြစ်မှာပါ။ တချို့နေ့ကျောင်းသားတွေအတွက်လည်း အပြင်မှာနည်းနည်းဝယ်စားလိုက်ရတဲ့ဟာကို လက်မှတ်နဲ့မ၀ယ်မဖြစ်ဝယ်ရတော့ စိတ်တိုချင်တိုကြမှာပါ။ ကိုယ်တို့ကတော့ မေဂျာကလက်မှတ် ၃၊ ၄စောင်ဝယ်၊ ပြီးရင် ၂စောင်လောက်ချန်ထားပြီး တခြားမေဂျာကသူငယ်ချင်းတွေဆီက လက်မှတ်နဲ့လဲ။ ပွဲနေ့၂ရက်မှာ ဆိုင်ခန်းတိုင်းကို လည်ပတ်ပြီး မုန့်စားတာပါ။ တက္ကသိုလ်ကလုပ်တဲ့ ရန်ပုံငွေဈေးပွဲတော်ဆိုတော့လည်း အရေအတွက်နည်းရင်တောင် အရသာတော့ကောင်းပါတယ်။ ကိုယ်ကတော့ တဆိုင်ပြီးတဆိုင်မုန့်လျှောက်စား၊ သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်၊ ဟိုမေဂျာမှာဗရုတ်ကျ ဒီမေဂျာမှာဗရုတ်ကျလုပ်ရတာ ပျော်တာပဲ။

ညဘက်ရောက်ပြီဆိုရင်တော့ မေဂျာအလိုက်ဖျော်ဖြေတင်ဆက်မှုတွေရှိပါတယ်။ မေဂျာတွေအများကြီး၊ စင်ပေါ်တက်ချင်တဲ့သူကလည်းများတော့ မေဂျာအလိုက်ဆန်ခါတင်အရင်ရွေးရပါတယ်။ သီချင်းဆိုဖို့ဆို မြန်မာသံဘယ်နှစ်ယောက်၊ ခေတ်ပေါ်ဘယ်နှစ်ယောက်ပေါ့။ ပြဇာတ်တို့၊ အော်ပရာတို့က မိနစ် ၄၀ထက် ကျော်လို့မရပါဘူး။ ပွဲက ၂ရက်လုပ်ပေမယ့် ညဘက် ၈နာရီလောက်ပွဲစပြီး ၂ချက်တီးလောက်ဆို သိမ်းရပါပြီ။ ပရိသတ်က ကျောင်းသားတွေပဲဆိုတော့ ဇာတ်လမ်းတွေကလည်း ကျောင်းနဲ့သက်ဆိုင်တာတွေ၊ ကျောင်းသားတွေသိတဲ့ ပျက်လုံးတွေပဲများတာပါ။ မကခင်အစောကြီးကတည်းက ကိုယ့်မေဂျာကကမယ့် ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ပါမောက္ခကတဆင့် ပါချုပ်ဆီတင်ရပါတယ်။ ဟာသတွေဘာတွေဆို အရမ်းလွန်သွားမှာစိုးလို့ပါ။ ဒါပေမယ့်သိတယ့်အတိုင်းပါပဲ။ ကျောင်းသားတွေဆိုတော့ တင်တဲ့ဇာတ်ညွှန်းတုန်းကတော့ချောလို့။ တကယ်လည်းကရော ဇာတ်ညွှန်းထဲမပါတာတွေပြောတာပဲ။ အထူးသဖြင့်ကိုယ်တို့ကျောင်းကဘူမိဗေဒမှာနာမည်ကြီးတဲ့ တပည့်တွေနဲ့ဝိုင်းဖွဲ့တတ်တဲ့ ဆရာငယ်ငယ်လေး အကြောင်း၊ ဘူမိကပဲ စာမေးပွဲခန်းစောင့်ရင် ခိုးချတာကိုအသားကုန်နှိပ်ကွပ်တတ်တဲ့ ဆရာတယောက်အကြောင်း၊ ကိုယ်တို့အင်္ဂလိပ်စာက နာမည်ကြီး ဆရာခပ်နွဲ့နွဲ့အကြောင်း၊ အတန်းမတက်ပဲ မလေးရှားတောထဲရောက်သွားတတ်တဲ့အတွဲတွေအကြောင်း အကုန်စုံလို့ပဲ။ စင်ပေါ်မှာပြောနေပြီဆိုတော့လည်း ဆရာတွေလည်းဘာမှမတတ်နိုင်ပါဘူး။ ချစ်ဖို့အကောင်းဆုံးကတော့ ဘူမိပါမောက္ခပါ။ သူ့တပည့်တွေဇာတ်ညွှန်းကိုသူကတာဝန်ယူပါတယ်။ ပြီးရင် တပည့်တွေက စင်ပေါ်မှာပြောချင်တာတွေပြောပါတယ်။ တီချယ်ကြီးကပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့။ အဲမော်ကွန်းထိန်းဆူရင် သူပဲအဆူခံပါတယ်။ တပည့်တွေကိုတော့ ဘာမှမပြောတာပါ။

ကိုယ်ဒုတိယနှစ်ရောက်တော့ ကိုယ်တို့အတန်းနဲ့ ရှေ့ကစီနီယာအတန်းနဲ့ပေါင်းပြီး ဘာကကြရင်ကောင်းမလဲ ခေါင်းစားကြပါတယ်။ ဖေဖော်ဝါရီလဆိုတော့ စာမေးပွဲဖြေဖို့တလလောက်ပဲလိုတော့တာဆိုတော့ တချို့စာကြမ်းပိုးသူငယ်ချင်းတွေက၀င်မပါချင်ဘူး။ တိုက်ရပြုရနဲ့အလုပ်ရှုပ်တာကို။ တချို့ မိန်းကလေးတွေကျတော့လည်းကရမှာရှက်ပါတယ်။ ကိုယ်တို့မေဂျာက အချောအလှပေါလို့နာမည်ကြီးပါတယ်။ ဒါပေမယ့် စင်ပေါ်ကျဘယ်သူမှမတက်ချင်ကြဘူးလေ။ ကိုယ်တို့လို ဗရုသုတ်ခလုပ်ဖို့လောက်စိတ်ကူးနေတဲ့သူတွေပဲ တာဝန်ကျရော။ အဲဒါနဲ့ ကိုယ်တို့စီနီယာတန်းရယ် ကိုယ်တို့အဖွဲ့ရယ်ပေါင်းပြီး အဲဒီတုန်းကခေတ်စားနေတယ် ငါ့သမီးစာကျက်နေတယ် သီချင်းကို တေးသရုပ်ဖော်လုပ်ဖို့တိုင်ပင်ကြပါတယ်။ စင်တင်ပွဲဆိုရင် ယောက်ျားလေးတွေက မိန်းမလိုဝတ်ပြီး ကတာနှစ်တိုင်းပါနေတော့ ငါတို့ပြောင်းပြန်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယောက်ျားလေးနေရာကနေခိုင်းပါတယ်။ စီနီယာတန်းကနည်းနည်းခပ်နွဲ့နွဲ့ အကိုတယောက်ကိုမိန်းကလေးလုပ်ခိုင်းပါတယ်။ သူ့နာမည်က ဒါဒါတဲ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဖေလုပ်တဲ့သူရယ်၊ ကိုယ်နဲ့ယောက်ျားလေးသူငယ်ချင်းလုပ်ပေးတဲ့သူတွေ ရယ်ပါ။

ကမယ့်နေ့လည်းရောက်ရော ကိုယ်တို့မတိုင်ခင် Chemistry မေဂျာကအဖွဲ့ သီတာဒေ၀ီကြင်ရာရွေးတဲ့အခန်း ကိုဟာသလုပ်ကပါတယ်။ အဲဒီမှာအတိုင်းတိုင်းအပြည်ပြည်ကမင်းသားတွေလာတယ်ပေါ့။ လေးတင်တာမအောင်မြင်တဲ့ပုံကို ဟာသသရုပ်ဖော်ထားတာပါ။ တရုတ်ပြည်ကမင်းသားက လေးတင်လို့လည်း မရရော သူ့ရဲ့ဝက်သားခုတ်တဲ့ဓါးမကြီးကိုမြှောက်ပြီး သီတာဒေ၀ီမရလည်း ဒီတိုင်းတော့မပြန်ဘူး။ ဒီပုသိမ်တက္ကသိုလ်ပွဲမှာ ယောက်ျားတွေကမိန်းမလုပ်ကြတယ်။ အဲဒီတော့ သူတို့ရဲ့အပိုဖြစ်နေတဲ့ဟာတွေကို ဖြတ်ယူသွားမယ်တဲ့။ အဲဒါနဲ့ ကိုယ်တို့အဖွဲ့ကတင်းရော။ အဲဒါနဲ့ ကိုယ်တို့အလှည့်ကျရင် အဲဒီကောင်ကိုဘယ်လိုပြန်ဖဲ့မလဲတိုင်ပင်ကြတယ်။ အဲဒါနဲ့ကိုယ်တို့အလှည့်မှာ တေးသရုပ်ဖော်မလုပ်ခင် ကိုယ်နဲ့ကိုယ့်ရည်းစား ဒါဒါနဲ့က ချစ်သူသဘာဝ ကျူတာပေါ့။ အဲဒီအထဲမှာပေါက်ကရတွေထည့်ပြောတာလေ။ ဒါဒါက ကိုယ့်ကိုဘူမိကအဖွဲ့တွေ ဖဲရှုံးရင် ကင်မလင်းကျွန်းအပေါင်ဆိုင်ကိုသွားတာ သူတို့နဲ့မပေါင်းရဘူးတို့၊ ကျောင်းကင်တင်းအလယ်ဆိုင်က ဆက်ဆံရေးညံ့လို့မစားဘူးတို့။ အမှန်တွေပြောတာပေါ့။ အဲဒါပြောရင်းနဲ့ ဒါဒါက ကိုနော် သတိလည်းထားနေဦး။ ခုနက Chemistry ကတရုတ်ကြီးက ၀က်အူချောင်းစားချင်လို့ဆိုပြီး ကျောင်းထဲကယောက်ျားလေးတွေကို အတင်းလိုက်ဖြတ်နေတယ်။ ကိုပါပါသွားဦးမယ်တဲ့။ အဲဒါကို အောက်ကတရုတ်ကြီးက ကိုယ်တို့က လက်သီးဆုပ်ပြတယ်လေ။ နောက်ကျတော့ ညဘက်ကောင်မလေးအိမ်ရှေ့ဂစ်တာသွားတီးတယ်ပေါ့။ အဲဒီမှာ အဓိကဇာတ်ဆောင်အဖေက ဂစ်တာတီးတဲ့ကောင်တွေကို တင်းပြီး ဖုန်းဆက်လိုက်ရမလားတွေဘာတွေထပြောလိုက်၊ ထိုင်ခုံမှာထိုင်ချလိုက်လုပ်ပြီး သရုပ်ဆောင်နေတော့ အောက်ကလူတွေဆိုတာ ရယ်နေတာတအုန်းအုန်း။ နောက်ကိုယ်တို့အောက်ဆင်းလာတော့မှ စီနီယာတွေကပြောတာ အဖေလုပ်တဲ့သူငယ်ချင်းက ထိုင်ချလိုက်ရင် ပုဆိုးကတိုတော့ အောက်စလွတ်လွတ်သွားတာတဲ့။ ကိုယ်တို့ကစင်ပေါ်ကဆိုတော့ ဘာမှမသိဘူးလေ။ အကိုတွေက တော်သေးတာပေါ့။ ဘောင်းဘီတိုပါလို့ဆိုရယ်နေကြတာ။ ဟိုတယောက်လည်း ရှက်ပေမယ့် မတတ်နိုင်တော့ဘူး။ သူများတွေက ကိုယ်တို့အဖွဲ့ရယ်ရအောင် တမင်သက်သက်လုပ်တယ်ထင်တာ တကယ်တော့ မဟုတ်ပါဘူး။

မေဂျာအားလုံးထဲမှာ မြန်မာစာကတော့ အမြဲတမ်းအတည်ကြီးတွေလုပ်တတ်တယ်။ ဘယ်တော့မှဟာသမဟုတ်ဘူး။ ပြဇာတ်ကို အမှန်တကယ်သရုပ်ဆောင်တာ။ အဲဒီတုန်းက ကျန်စစ်မင်းတို့ဘာတို့အပြင်မှာ ရုပ်ရှင်တွေဘာတွေခေတ်မစားသေးဘူး။ သူတို့မြန်မာစာ ကျန်စစ်သားပြဇာတ်ခင်းပြီး ဘယ်လက်က အ၀တ်အစားပေးပြီး ညာလက်က အစားအစာပေးမယ်ဆိုလားလုပ်နေတာ။ အဲဒီကျန်စစ်သားကတဲ့အကိုကြီးက ချောတော့ချောပါတယ်။ အရမ်းတည်တယ်။ ကိုယ်တို့ကသူ့ကိုပွဲပြီးကတည်းကတွေ့ရင် နာမည်မခေါ်ဘူး။ ကျန်စစ်သားပဲ။ သူတို့မြန်မာစာကထုံးစံအတိုင်းဘာလုပ်လုပ် မာစတာသမားတွေပဲလုပ်တာဆိုတော့ အဲဒီစင်တင်ပွဲကလည်း မာစတာကျောင်းသားတွေပဲဦးစီးတာ။ မင်းသမီးဆိုလည်း သူတို့မြန်မာစာ မာစတာတန်းက အချောအလှအမကြီးတွေကို မင်းသမီးဝတ်စုံအစစ်တွေဝတ်ပေးပြီး သရုပ်ဆောင်ခိုင်းတာ။ ကိုယ်တို့ကတော့ မရယ်ရရင်ပျင်းတယ်လေ။ မြန်မာစာအဖွဲ့ကတဲ့ မိနစ် ၄၀၊ ၁နာရီက ကိုယ်တို့မုန့်ထွက်စား၊ လမ်းလျှောက်တဲ့အချိန်။ ကိုယ်တို့နောက်ဆုံးနှစ်မှာ ကိုယ်တို့အဖွဲ့ကဘာမှမလုပ်ပဲငြိမ်ငြိမ်လေးပဲနေဖြစ်တယ်။ သူများတွေကတာဆိုတာတွေကြည့်ပေါ့။ အဲဒီနှစ် ဒုတိယနေ့မှာBotany ကကောင်မလေးသီချင်းဆိုနေတုန်း စင်ရှေ့မှာရုတ်ရုတ်ရုတ်ရုတ်ထဖြစ်တော့ ကိုယ်တို့လည်း ရန်ဖြစ်ပြီလားလို့။ နောက်မှလူတွေက လှည့်ပြေးကြတာ မီးရောင်မြင်လို့။ မီးကလည်း ကျောင်းအပြင်ကမြန်မာစာပါမောက္ခ ၂ယောက်ထဲက တယောက်ရဲ့အိမ်ကိုလောင်တာပါ။ အဲဒီတအိမ်တည်းလောင်ပြီး ငြိမ်းသွားပါတယ်။ ကိုယ့်မှာတော့ အဆောင်က သူငယ်ချင်းတွေအားလုံးက အဆောင်ကိုပြန်ပြေးကြတာ လူတွေကြားထဲ ညပ်နေမှာကြောက်လို့ ဘေးကပ်ကျန်ခဲ့ရင်းက စင်ရှေ့မှာတယောက်တည်း ကျန်ခဲ့ပါတယ်။ နောက်မှာ သင်္ချာက မျက်မှန်းတန်းမိနေတဲ့ ကောင်လေးတယောက်လာခေါ်လို့ သူနဲ့မီးလောင်တဲ့နေရာသွားကြည့်ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့ပဲအိမ်လိုက်ပို့ပေးကြပါတယ်။

အဲဒီမီးပြဿနာဘယ်လိုငြိမ်းသွားတယ်ဆိုတာ မသိလိုက်ပေမယ့် ကိုယ်တို့အားလုံးကတော့ ရှို့မီးဖြစ်မှာပဲလို့ ကောက်ချက်ချကြပါတယ်။ အမြင်ကပ်ကပ်နဲ့ပါ။ သူတို့ဘာသာ သူတို့မြန်မာစာမေဂျာမို့လို့ မျိုးချစ်စိတ်အကြောင်းတို့၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း ကတာပြောစရာမရှိပေမယ့် အဲဒီနေ့က သူတို့ကတဲ့ပြဇာတ်က အိန္ဒယအနွယ်ဝင်တွေကို ဆန့်ကျင်ရေးဇာတ်ပါ။ အဲဒီတုန်းကဘယ်ဆရာတော်ထုတ်တဲ့ စာအုပ်ထဲမှာလည်းမသိဘူးပါပါတယ်။ လက်ဘက်ရည်ရောင်းတဲ့ဆိုင်ချင်းအတူတူ မြန်မာဆိုင်မှာမ၀ယ်ဘဲ အပိုရတဲ့ကုလားဆိုင်မှာဝယ်တာ နောက်ဆုံးသမီးပါပေးလိုက်ရတဲ့ဇာတ်ပါ။ အကုန်လည်းမမှတ်မိတော့ပါဘူး။ မြန်မာတွေကကိုယ့်လူမျိုးကိုယ်ချစ်ရမယ်။ မဟုတ်ရင် လူမျိုးပျောက်ကုန်မယ်ဘာညာပေါ့။ ကိုယ်ဘယ်သူ့ကိုမှ မစော်ကားချင်ပါဘူး။ ကိုယ့်လူမျိုးကိုယ်ချစ်လို့ပြောချင်ရင် တရုတ်ပါထည့်ပြောလေ။ (တကယ်လို့ တရုတ်ဆန့်ကျင်ရေးပြဇာတ်သာကရင် တမြို့လုံးတောင်ဝိုင်းဆဲဦးမယ်။ ပုသိမ်က သုံးပုံတပုံလောက်က တရုတ်စပ်တွေပါ။) အခုတော့သက်သက် ကုလားမကောင်းကြောင်းပြောတာ။ ကုလားမကောင်းကြောင်းပြော ရအောင် ဒါဝံသာနုအစည်းအရုံးမဟုတ်ဘူး။ တက္ကသိုလ်လေ။ အရွယ်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း တက်လို့ရတဲ့ကျောင်းလေ။ တရုတ်၊ ကုလားခွဲခြားရေးနယ်မြေ မဟုတ်ဘူး။ သူတို့ကအဲဒီဇာတ်ကတော့ ကျောင်းကကုလားလူမျိုးကျောင်းသားတွေက ဘယ်လိုခံစားရမလဲ။ ကိုယ်တို့အဖွဲ့လည်း အဲဒီမြန်မာစာပါမောက္ခအိမ်မီးလောင်တော့ မသနားပဲ ကိုယ်တို့ပါဝိုင်းမေတ္တာပို့ပေး လိုက်တယ်။ အဲဒီအဆက်ကတော့ နောင်နှစ်စင်တင်ပွဲမရှိတော့တာပဲ။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းတက်နေတုန်းမှာ ကိုယ်တို့ရဲ့ကျောင်းတက်ရက်ကလေးတွေကို အမှတ်တရဖြစ်စေခဲ့တဲ့ အားကစားပွဲတွေ၊ စင်တင်ပွဲတွေရှိတာကို သဘောကျတယ်။ ပျော်စရာဖြစ်သလို၊ ကျောင်းသားတွေစည်းစည်း လုံးလုံးအလုပ်လုပ်ကြတာကို ပြတဲ့သက်သေလည်းဖြစ်တယ်။ အခုတော့ တနေ့တနေ့ ကျောင်းသွား၊ သင်တဲ့စာကိုဘာမှမတွေးဘဲကျက်၊ အချိန်တန်တော့ဘွဲ့ရ။ နောက်တချိန်ကျရင် ဒီကလေးတွေ ကျောင်းကိုတောင်လွမ်းတတ်ပါ့မလားပဲ။

Sunday, March 7, 2010

ကျောင်းအားကစားပွဲ

ဒီနေ့ညနေကိုယ်တို့နေတဲ့ခြံဝင်းထဲမှာ အားကစားပွဲရှိပါတယ်။ ဘောလီဘော၊ ကြက်တောင်၊ ခရစ်ကက်၊ ဘတ်စကတ်ဘော၊ တော်တော်များများပါပါတယ်။ ကျောင်းသားတွေအဖွဲ့တဖွဲ့ကို ၆ယောက်ဖွဲ့ရပါတယ်။ တဖွဲ့မှာ အနည်းဆုံးမိန်းကလေးတယောက်ပါရမယ်။ ပြီးတော့ပြိုင်ပွဲတိုင်းကို အဖွဲ့တိုင်းက၀င်ပြိုင်ရမှာပါ။ တပွဲချင်းစီမှာရတဲ့အမှတ်တွေကိုပေါင်းပြီး အမှတ်အများဆုံးရတဲ့အဖွဲ့ကိုဆုပေးမှာပါ။ ကိုယ်ဝင်ပြိုင်ချင်စိတ်ရော၊ ဘေးကအားပေးချင်စိတ်ရော ကုန်ခမ်းနေလို့ သွားဖြစ်ဖို့ကမသေချာပါ။ ခြံဝင်းထဲမှာတင်ဆိုတော့ အသံတွေကြားနေရမှာတော့အသေအချာ။ အရင်ကလို တက်တက်ကြွကြွမရှိလှတော့ သွားရမှာကို ပျင်းနေမိပါတယ်။


အားကစားပွဲလုပ်မယ်ဆိုတော့ ကိုယ်တို့ပုသိမ်တက္ကသိုလ်က ရာသီအလိုက်လုပ်ခဲ့တဲ့အားကစားပွဲတွေကို ပြန်လွမ်းနေမိပါတယ်။ မိုးတွင်း ဇွန်လကနေ အောက်တိုဘာစာမေးပွဲမဖြေခင်အထိမှာ ဘောလုံးပွဲ၊ Chess ၊ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်ပွဲရှိပါတယ်။ ဒီဇင်ဘာကျောင်းဖွင့်ချိန်ကနေ မတ်လစာမေးပွဲဖြေတဲ့အချိန်ထိက ပိုက်ကျော်ခြင်းနဲ့ ဘောလီဘောပွဲရှိပါတယ်။ ကိုယ်အကြိုက်ဆုံးနဲ့ လူအစည်ကားဆုံးပွဲတွေက ကြက်တောင်ပွဲနဲ့ ဘောလီဘောပွဲပါ။ ကိုယ်တို့အင်္ဂလိပ်စာမေဂျာမှာက များသောအားဖြင့် ယောက်ျားလေးသန်သန်မာမာဆိုတာ နည်းပါတယ်။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားတယ်ပေါ့။ အဲဒီတော့ ဘောလုံးပွဲဆိုလည်း ကိုယ်တို့မေဂျာကပွဲအစ ၂ပွဲလောက်ကန်ပြီးရင်ထွက်ရပြီ။ Chess ကျတော့လည်း သိပ်နာမည်ကြီးတဲ့သူမရှိ။ ကိုယ်ဆိုတခါတုန်းက တီချယ်ကြီးက လူမရှိဘူး။ နင်အားကစားကော်မတီခေါင်းဆောင်ဖြစ်ပြီး ဘာမှလည်းမလုပ်ဘူး။ Chess သွားထိုး တီရှပ်ပေးမယ်ဆိုလို့ Chess သွားထိုးပါတယ်။ ပထမဆုံးနေ့မှာကိုယ်နဲ့ပြိုင်ထိုးရမယ့် တယောက်ကသင်္ချာမေဂျာကပါ။ ကိုယ်ထိုးမယ်ဆိုတော့ ၉၉အတန်းက ကိုကြီးရွှေဂဲကိုမေးပါတယ်။ အဲဒီအမလက်ရည် ဘယ်လိုရှိလဲပေါ့။ သူက အေးဆေးပါတဲ့။ ဘာမှမတတ်ပါဘူးဆိုပဲ။ အဲဒီတော့ကိုယ်လည်း အားတက်သွားပါတယ်။ ပွဲစခရာလည်း မှုတ်ရော၊ သူတကွက်ရွှေ့ပါတယ်။ ကိုယ်လည်းတကွက်ရွှေ့လိုက်တယ်။ ၂ကွက်ရွှေ့ပြီးတော့ ကိုယ့်ဘုရင်ကြီးကို သူက ချက်ထားရော။ ကိုယ်လည်း ထွက်စရာအပေါက်မတွေ့တော့ဘူး။ အရှုံးပေးလိုက်ရတယ်။ ဘေးက တချို့ဝိုင်းတွေက စတောင်မစရသေးဘူး။ အဲဒီအမက ကိုယ့်ကိုကြည့်ပြီးရယ်ပါတယ်။ မနူးမနပ်ကလေးပေါ့လေ။ နောက်မှကိုယ်ပြန်သိရတာက အဲဒီအမကပွဲတိုင်းပြိုင်နေကျ၊ ဆုတွေဘာတွေလည်းရတယ်တဲ့။ ကိုယ်နဲ့ဆို ဘယ်လိုမှလက်ရည်ချင်းမတူတာ။ အဲဒါကိုပြောလိုက်ရင် စိတ်ဓါတ်ကျမှာစိုးလို့ ကိုရွှေဂဲက ညာပြောတာကိုယ့်ကို။ ဒါပေမယ့် အဲလိုညာပြောလိုက်လို့ ကိုယ်ကပြိုင်ဘက်ကို လျှော့တွက်လိုက်မိတယ်ဆိုတာ တော့ သူမသိလိုက်ဘူး။ ဟိ ကိုယ်ကလည်းညံ့ပါတယ်။


ကြက်တောင်ပွဲဆိုရင်တော့ ကိုယ်ပြိုင်မယ်ဆိုပြီးရင် တခါမှကွင်းထဲတောင်မ၀င်ပါဘူး။ ကြက်တောင်မှန်မှာ ကြောက်လို့ပါ။ ဒါပေမယ့် ကိုယ့်မေဂျာအကိုတွေပြိုင်တာကိုတော့ လည်ချောင်းနာအောင် အားပေးပါတယ်။ ကိုယ်ကြက်တောင်ပွဲကြိုက်ပြီး အားပေးတဲ့ရလာဒ်က အခုအချိန်အထိ ကိုယ်ကအရမ်းချစ်၊ ကိုယ့်ကိုလည်း အရမ်းချစ်ပြီး ကိုယ့်အပေါ်အရမ်းကောင်းတဲ့ အကိုတယောက်ရခဲ့တာပါ။ အဲဒီအကိုက ၉၉အတန်းကပါ။ ကိုယ်တို့ ပထမနှစ်ကတည်းက ကိုယ်တို့မေဂျာကကြက်တောင်မှာတော့ ဖိုင်နယ်အမြဲတက်တယ်ဆိုလို့ သွားသွားအားပေးတာပါ။ အဲဒီအကိုက ကိုယ်တို့အငယ်တန်းတွေကြားထဲမှာတော့ မင်းသားပေါ့။ ကြက်တောင်မင်းသားလေ။ သဘောကောင်းတဲ့ကိုကြီးကို အကုန်လုံးကခင်ကြတာပါ။ ကိုယ့်ကိုမှ အဲဒီအကိုကလည်း ကံဆိုးပြီး အရေးပေးမိလို့အခုအထိ ကိုယ့်ဒုက္ခတွေဝေမျှယူနေရတုန်းပါ။ စင်္ကာပူရောက်ကတည်းက အခုအထိကိုယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို ကူညီရတာပါ။ အဲဒီ ကိုယ်တို့ကျောင်းရောက်တဲ့နှစ်မှာပဲ Physics ကမာစတာကျောင်းသားတယောက် ဂျပန်ကနေပညာတော်သင်သွားရာက ပြန်ရောက်လာပါတယ်။ သူကကိုယ့်ရဲ့ ဂျပန်ဘာသာ ဆရာ (sensei) ပါ။ သူကလည်းကြက်တောင်ရိုက်တာနာမည်ကြီးပါ။ သူတခြားမေဂျာနဲ့ ရိုက်တဲ့ပွဲဆို ကိုယ်က သူ့ကိုအားပေးပါတယ်။ အဲဒီမှာသူ့ကိုကြိုက်နေတာလို့ နာမည်ကြီးတဲ့သူတို့ဂျူနီယာတန်းက အမတယောက်ကလည်း သူ့ကိုလာလာအားပေးပါတယ်။ အအေးဘူးတွေဘာတွေလည်း လာလာပေးပါတယ်။ အဲဒါဆိုကိုယ်က ဘာလိုလိုညာလိုလိုနဲ့ Sensei (ဆရာ) အနားသွားပြီး မောလိုက်တာဘာညာဆိုရင် အဲဒီအအေးဘူးတွေ သောက်ရပါတယ်။ အဲဒီအမကတော့ ကိုယ့်ကိုတော်တော်အမြင်ကပ်မှာပါ။ ကိုယ်ကလည်း ကိုယ့်ဆရာကိုလိုက်ကြိုက်လို့ဆို ကြည့်မရပါဘူး။ Sensei ကိုအဲဒီမိန်းမကြီးနဲ့ သဘောမတူဘူးတို့ ဘာတို့ ရာဇသံပေးနေကျ။ ဒါပေမယ့် တခြားအချိန်သာ Sensei ကိုချစ်ပြီး ကပ်စေးနည်းတာ။ ကြက်တောင်ပွဲမှာ ဖိုင်နယ်တက်ပြီဆို Sensei က ကိုယ့်မေဂျာက ကိုယ့်ချစ်တဲ့အကိုကို နိုင်အောင်ရိုက်လို့ အမြင်ကတ်ပါတယ်။ အဲဒါဆိုကွင်းဘေးကနေ အသက်ကြီးပြီး ကလေးတွေကိုအနိုင်ကျင့်တယ်တို့ ဘာတို့အော်ပါတယ်။ ခုနက Sensei ကိုကြိုက်တဲ့အမကြီးနဲ့ သူတို့Physics က တဘက်က၊ ကိုယ်တို့အုပ်စုကတဘက်က အပြန်အလှန်စကားလုံးတွေနဲ့ အပြန်အလှန်ထုကြတာပါ။ ဥပမာ ကိုယ်တို့က ကလေးကိုအနိုင်ကျင့်တယ်တို့ အဘိုးကြီးတို့အော်ရင် သူတို့ဘက်က လူကြီးကိုတောင်မနိုင်ဘူးလား၊ အသက်ငယ်ပြီးအားမရှိဘူးတို့ ဘာတို့ပေါ့။ ပြိုင်ပွဲမှာရှုံးရင်ကိုကြီးခမျာ မနားရသေးပါဘူး။ ဘေးနားကနေကြက်တောင်အိတ်တွေကိုင်ပေးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ ကိုယ့်ကိုအမြဲချော့ရပါတယ်။ အဲဒီလိုအားကစားစိတ်ဓါတ်က။ နိုင်ရင်ပြုံးပြုံး ရှုံးရင်မုန်းဆိုတာ။ ပြီးရင်တော့ ကိုယ့် Sensei ကို ကလေးကိုအနိုင်ကျင့်ပြီး နိုင်ထားတာ။ မုန့်လိုက်ကျွေးဆိုပြီး ပြဿနာရှာပါတယ်။

မြန်မာစာနဲ့ကြက်တောင်ရိုက်ရင်တော့ အမြဲရယ်ရပါတယ်။ မြန်မာစာက ယောက်ျားလေးအရှားပါးဆုံး မို့လို့လားတော့မသိဘူး။ အားကစားပွဲတိုင်းမှာ ၀င်ပြိုင်တဲ့သူတွေက ဒီလူတွေချည်းပဲ။ မာစတာကျောင်းသားတွေပါ။ ခင်ဖို့လည်းကောင်း၊ သဘောလည်းကောင်းကြပါတယ်။ ဒါပေမယ့် သိတယ်မလား။ ပြိုင်ပွဲဆိုရင်တော့ ကွင်းထဲရောက်ပြီဆိုတာနဲ့ အပြင်ကနေအော်တာပဲ။ အဲဒီမြန်မာစာအားပေးတဲ့အထဲမှာ ပိန်ပိန်သေးသေးအမတယောက်ပါပါတယ်။ အဲဒီအမက အသံစူးစူးလေးနဲ့ပါ။ အဲဒါကို ကိုယ်တို့ဘက်ကယောက်ျားလေးတွေက မနှဲလေးလို့နာမည်ပြောင်ပေးထားပါတယ်။ အဲဒီအမက ကွင်းထဲကလူတွေကိုအားပေးရင် ကိုယ်တို့ဘက်ကယောက်ျားလေးတွေက ကွင်းထဲကလူတွေကို ပြောရမယ့်အစား သူ့ကိုမနှဲလေးငြိမ်ငြိမ်နေလေလို့ လှမ်းအော်ပါတယ်။ အဲဒါဆို အဲဒီအမကရယ်နေရော။

ကြက်တောင်ပွဲမှာအမှတ်တရတခုကတော့ တခါတုန်းက Botany ကတယောက်နဲ့ ကိုကြီး နဲ့ Single ရိုက်ကြရော။ အဲဒီတယောက်က ခပ်၀၀ပါ။ ဒါပေမယ့် ကြက်တောင်တော့တော်ပါတယ်။ ထုံးစံအတိုင်းပေါ့ ကိုယ်တို့ကအဲဒီတယောက်ကိုယ်တို့ဘက်ရောက်လာရင် အသားကုန်ပြောပါတယ်။ ပြိတ္တာကြီးတို့ဘာတို့အော် ပါတယ်။ သူ့မျက်နှာဆိုတာ မှုန်ကုပ်နေတာပဲ။ တခါအနားရောက်လာတော့ ကိုယ်က ပြိတ္တာကြီး ဖြေးဖြေးခုန်၊ ဗိုက်ထဲကကလေးထွက်ကျဦးမယ်ဆိုတော့ ကိုယ့်နောက်က Physics Queen ကထွက်ကျရင် နင်ကောက်မွေးစားထားပေါ့တဲ့။ ပြုံးစိစိနဲ့ပြောတာပါ။ သူကကိုယ့်သူငယ်ချင်းပါ။ ကိုယ်ကသူဘာလို့ အဲလိုပြောမှန်းမသိဘူး။ နောက်သူပြန်သွားမှ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းပြောပါတယ်။ အဲဒီ ကြက်တောင်ရိုက်နေတဲ့တယောက်က သူ့အကိုအရင်းပါတဲ့။ ကိုယ့်မှာနောက်တခါသူ့ကိုတွေ့မှ တောင်းပန်ရပါတယ်။ ကျောင်းသားအချင်းချင်းဆိုတော့ အားကစားပွဲကကိစ္စကိုစိတ်လည်း မဆိုးကြပါဘူး။

ဘောလီဘောပွဲကတော့ အကြမ်းဆုံးလို့ပြောလို့ရပါတယ်။ ကိုယ့်တို့ဘက်ကအကိုတွေက ကျောင်းသားပီပီသသကစားပါတယ်။ ကိုယ့်မေဂျာမို့လို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလီဘောမှာ နာမည်ကြီးတာကကိုယ်တို့မေဂျာနဲ့ ပထ၀ီမေဂျာပါ။ ကိုယ့်တို့ ဒုတိယနှစ်လောက်မှာ ကျောင်းကိုရောက်လာတာက တိုင်းလက်ရွေးစင်၂ယောက်ပါ။ ဆယ်တန်းအောင်ပြီးပထ၀ီမေဂျာနဲ့ ရောက်လာပါတယ်။ သူတို့ကကိုယ့်ထက်တောင် ၂နှစ် ၃နှစ်အသက်ကြီးတာပါ။ တယောက်ဆို အရန်မြန်မာလက်ရွေးစင်ပါ။ အရပ်ခြောက်ပေရှိပါတယ်။ ကိုယ် ၈တန်းနှစ်ကျောင်းပိတ်တုန်းက ကိုယ့်အဖေသူငယ်ချင်းအားကစားဆရာက ကိုယ်ပျင်းနေလို့ဆို သူ့ရဲ့ဘောလီဘော camp ထဲသွင်းထားဖူးတော့ အဲဒီလူတွေကကိုယ်နဲ့အကုန်ခင်ပါတယ်။ ကိုယ့်ကိုဆို ၀က်ကလေးဆိုပြီး စနေကြ။ ဒါပေမယ့် သူတို့ကအပြင်မှာဘောလီဘောပုတ်တဲ့အပြင်၊ ကိုယ့်တို့အခေါ် စီးပွားရေး တွေပါလိုက်ပုတ်နေကြပါ။ စီးပွားရေးဆိုတာက ပိုက်ဆံကြေးပုတ်တာပါ။ တဖွဲ့မှာ ၃ယောက်၊ တခါတလေ ၂ယောက်ပဲပါပါတယ်။ ကြေးလည်းကြီးပါတယ်။ အဲဒီအပြင်မှာပုတ်တဲ့အကျင့်တွေက ကျောင်းထဲအထိပါလာပြီးတော့ ကျောင်းသားအချင်းချင်းကစားတာပဲဆိုတဲ့ စိတ်ကိုမထားတာပါ။ ရရင်ရသလို ညစ်ပါတယ်။ အမှန်ဆို သူတို့မှန်မှန်ကန်ကန်ဆော့လည်း သူတို့လက်ရည်နဲ့ဆို နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့မေဂျာကလည်း အကိုတွေကအရမ်းကိုဇွဲကောင်းကြတာပါ။ တော်တော်တောင့်ခံနိုင်ကြတော့ သူတို့က မြန်မြန်ပွဲပြီးအောင်ညစ်တာပါ။ အဲဒီဘောလီဘောပွဲကနေ ကိုယ်လည်းအဲဒီ ပထ၀ီက၂ယောက်ကို စကားအရှင်းမပြောတဲ့အဖြစ်ကို ရောက်သွားတာပါ။ ကိုယ့်အကိုတွေကို အနိုင်ကျင်လို့ဆို ကြည့်မရလို့လေ။ ပြီးတော့ ကွင်းအပြင်ကနေ အဲဒီမြန်မာလက်ရွေးစင်ကို အရံဘားနားကလက်ရွေးစင်လားတို့။ (ပုံမှန်က ဘားမားလက်ရွေးစင်လို့ ခေါ်တာပါ။) ဆယ်တန်းကနှစ်ချီဖြေတော့ ကလေးတွေကို အနိုင်ကျင့်လို့ရတာပေါ့ တို့။ အဆင့်အတန်းရှိရှိကစားတို့ အမျိုးစုံအော်တာပါ။ အဲဒီ၂ယောက်လည်း ကိုယ့်ကိုအမြင်ကတ်ရော။ ကိုယ့်တို့အားကစားဆရာနဲ့ပြိုင်တိုင်ပါတယ်။ ဆရာကမဆူဘူးလေ။ ရယ်နေတယ်။ နောက်ဆို တယောက်နဲ့ တယောက်တွေ့ရင် ဟင်းတို့၊ ဟွန်းတို့ ထွီတို့ ထွမ်တို့တွေဖြစ်ကုန်ပါတယ်။ ကိုယ်တို့အတန်းကကောင်မလေး တယောက်ကို အဲဒီမြန်မာ့လက်ရွေးစင်ကလာပတ်တော့ ကိုယ်တို့အားလုံးက ပြန်ကြိုက်ရဲကြိုက်ကြည့်။ နင့်ကို တီချယ်ကြီးကိုပြောပြီး မေဂျာပြောင်းပစ်မယ်တို့။ သံပုံးတီးပြီးနှင်ပစ်မယ်တို့ မျိုးစုံခြိမ်းခြောက်တာ။ အဲဒီတယောက်လည်း ပြန်ကိုမကြိုက်ရဲရှာပါဘူး။ (စိတ်ထဲမှာတော့ ဘယ်လိုရှိမလဲမသိဘူးလေ။)


အခုအချိန်ပြန်တွေးတော့ ဒါတွေအားလုံးက လွမ်းစရာတွေချည်းပါပဲ။ ဖြူစင်တဲ့၊ လွတ်လပ်တဲ့ လူငယ်ဘ၀လေးကိုတကယ်ပြန်လွမ်းမိပါတယ်။ ပြီးတော့ အခုအချိန်တော့ ဘယ်လိုနေမလဲ မသိဘူး။ ကိုယ်တက်ခဲ့တဲ့အချိန်ထိတော့ ကိုယ်တို့ကျောင်းကဆရာ၊ ဆရာမတွေက တပည့်တွေအပေါ်စေတနာ ထားကြပါတယ်။ တချို့လက်တဆုပ်လောက်က ပညာပြတာတို့၊ ရစ်တာတို့ရှိပေမယ့် အများစုက ကောင်းကြပါတယ်။ ကိုယ်ဆိုရန်ကုန်ကသူငယ်ချင်းနဲ့ဆုံရင် အမြဲဂုဏ်ယူရတာပါ။ သူတို့ဆီမှာ ဒီလိုပုံမှန်အားကစားပွဲတို့၊ ကျောင်းသားစင်တင်ပွဲတို့ဆိုတာမရှိဘူးလေ။ (အဲဒီစင်တင်ပွဲအကြောင်းကို နောက်မှသပ်သပ်ထပ်ရေးပါဦးမယ်။) အခုတော့ ဆရာမတွေ၊ အားကစားပွဲတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလွမ်းရင်းနဲ့ပဲ…… ။