Wednesday, March 10, 2010

ကျောင်းစင်တင်ပွဲ

ကိုလူထွင်းကအားပေးလို့ ဆက်ရေးလိုက်ဦးမယ်။ (အမှန်တော့ကိုယ့်ဘာသာ ကိုယ်ရေးချင်နေတာပါ။) J

ကိုယ်တို့ပုသိမ်တက္ကသိုလ်မှာ နှစ်စဉ်စင်တင်ပွဲလို့အလွယ်ခေါ်တဲ့ပွဲကို နှစ်တိုင်းဖေဖော်ဝါရီလမှာ ကျင်းပပါတယ်။ (ကိုယ်ကျောင်းထွက်ပြီး နောက်တနှစ်မှာပွဲမဖြစ်ဘူးလို့ပြောပါတယ်။ အခုတော့ မသိပါ။) နေ့ခင်းဘက်မှာကျောင်းရှေ့ကကွင်းပြင်မှာ ဆိုင်ခန်းလေးတွေခင်းထားပြီး မေဂျာအလိုက်မုန့်တွေရောင်းပါတယ်။ အဓိကကတော့ ဌာနတခုချင်းစီအတွက် ရန်ပုံငွေပါ။ ကျောင်းသား ကော်မတီတွေနဲ့ဆရာတွေက ဦးဆောင်ရပါတယ်။ လက်မှတ်တွေကိုတော့ ကြိုပြီး ကျောင်းသားတယောက်ဘယ်နှစောင်နှုန်းနဲ့ ၀ယ်ရပါတယ်။ အဝေးသင်လာတက်ပြီး အဲဒီရက်ကျောင်းမှာမရှိနိုင်တဲ့ကျောင်းသားတွေအတွက် ဒီလက်မှတ်တွေဝယ်ရတာ အပိုကုန်တာ၊ စိတ်ညစ်စရာဖြစ်ရင်ဖြစ်မှာပါ။ တချို့နေ့ကျောင်းသားတွေအတွက်လည်း အပြင်မှာနည်းနည်းဝယ်စားလိုက်ရတဲ့ဟာကို လက်မှတ်နဲ့မ၀ယ်မဖြစ်ဝယ်ရတော့ စိတ်တိုချင်တိုကြမှာပါ။ ကိုယ်တို့ကတော့ မေဂျာကလက်မှတ် ၃၊ ၄စောင်ဝယ်၊ ပြီးရင် ၂စောင်လောက်ချန်ထားပြီး တခြားမေဂျာကသူငယ်ချင်းတွေဆီက လက်မှတ်နဲ့လဲ။ ပွဲနေ့၂ရက်မှာ ဆိုင်ခန်းတိုင်းကို လည်ပတ်ပြီး မုန့်စားတာပါ။ တက္ကသိုလ်ကလုပ်တဲ့ ရန်ပုံငွေဈေးပွဲတော်ဆိုတော့လည်း အရေအတွက်နည်းရင်တောင် အရသာတော့ကောင်းပါတယ်။ ကိုယ်ကတော့ တဆိုင်ပြီးတဆိုင်မုန့်လျှောက်စား၊ သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်၊ ဟိုမေဂျာမှာဗရုတ်ကျ ဒီမေဂျာမှာဗရုတ်ကျလုပ်ရတာ ပျော်တာပဲ။

ညဘက်ရောက်ပြီဆိုရင်တော့ မေဂျာအလိုက်ဖျော်ဖြေတင်ဆက်မှုတွေရှိပါတယ်။ မေဂျာတွေအများကြီး၊ စင်ပေါ်တက်ချင်တဲ့သူကလည်းများတော့ မေဂျာအလိုက်ဆန်ခါတင်အရင်ရွေးရပါတယ်။ သီချင်းဆိုဖို့ဆို မြန်မာသံဘယ်နှစ်ယောက်၊ ခေတ်ပေါ်ဘယ်နှစ်ယောက်ပေါ့။ ပြဇာတ်တို့၊ အော်ပရာတို့က မိနစ် ၄၀ထက် ကျော်လို့မရပါဘူး။ ပွဲက ၂ရက်လုပ်ပေမယ့် ညဘက် ၈နာရီလောက်ပွဲစပြီး ၂ချက်တီးလောက်ဆို သိမ်းရပါပြီ။ ပရိသတ်က ကျောင်းသားတွေပဲဆိုတော့ ဇာတ်လမ်းတွေကလည်း ကျောင်းနဲ့သက်ဆိုင်တာတွေ၊ ကျောင်းသားတွေသိတဲ့ ပျက်လုံးတွေပဲများတာပါ။ မကခင်အစောကြီးကတည်းက ကိုယ့်မေဂျာကကမယ့် ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ပါမောက္ခကတဆင့် ပါချုပ်ဆီတင်ရပါတယ်။ ဟာသတွေဘာတွေဆို အရမ်းလွန်သွားမှာစိုးလို့ပါ။ ဒါပေမယ့်သိတယ့်အတိုင်းပါပဲ။ ကျောင်းသားတွေဆိုတော့ တင်တဲ့ဇာတ်ညွှန်းတုန်းကတော့ချောလို့။ တကယ်လည်းကရော ဇာတ်ညွှန်းထဲမပါတာတွေပြောတာပဲ။ အထူးသဖြင့်ကိုယ်တို့ကျောင်းကဘူမိဗေဒမှာနာမည်ကြီးတဲ့ တပည့်တွေနဲ့ဝိုင်းဖွဲ့တတ်တဲ့ ဆရာငယ်ငယ်လေး အကြောင်း၊ ဘူမိကပဲ စာမေးပွဲခန်းစောင့်ရင် ခိုးချတာကိုအသားကုန်နှိပ်ကွပ်တတ်တဲ့ ဆရာတယောက်အကြောင်း၊ ကိုယ်တို့အင်္ဂလိပ်စာက နာမည်ကြီး ဆရာခပ်နွဲ့နွဲ့အကြောင်း၊ အတန်းမတက်ပဲ မလေးရှားတောထဲရောက်သွားတတ်တဲ့အတွဲတွေအကြောင်း အကုန်စုံလို့ပဲ။ စင်ပေါ်မှာပြောနေပြီဆိုတော့လည်း ဆရာတွေလည်းဘာမှမတတ်နိုင်ပါဘူး။ ချစ်ဖို့အကောင်းဆုံးကတော့ ဘူမိပါမောက္ခပါ။ သူ့တပည့်တွေဇာတ်ညွှန်းကိုသူကတာဝန်ယူပါတယ်။ ပြီးရင် တပည့်တွေက စင်ပေါ်မှာပြောချင်တာတွေပြောပါတယ်။ တီချယ်ကြီးကပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့။ အဲမော်ကွန်းထိန်းဆူရင် သူပဲအဆူခံပါတယ်။ တပည့်တွေကိုတော့ ဘာမှမပြောတာပါ။

ကိုယ်ဒုတိယနှစ်ရောက်တော့ ကိုယ်တို့အတန်းနဲ့ ရှေ့ကစီနီယာအတန်းနဲ့ပေါင်းပြီး ဘာကကြရင်ကောင်းမလဲ ခေါင်းစားကြပါတယ်။ ဖေဖော်ဝါရီလဆိုတော့ စာမေးပွဲဖြေဖို့တလလောက်ပဲလိုတော့တာဆိုတော့ တချို့စာကြမ်းပိုးသူငယ်ချင်းတွေက၀င်မပါချင်ဘူး။ တိုက်ရပြုရနဲ့အလုပ်ရှုပ်တာကို။ တချို့ မိန်းကလေးတွေကျတော့လည်းကရမှာရှက်ပါတယ်။ ကိုယ်တို့မေဂျာက အချောအလှပေါလို့နာမည်ကြီးပါတယ်။ ဒါပေမယ့် စင်ပေါ်ကျဘယ်သူမှမတက်ချင်ကြဘူးလေ။ ကိုယ်တို့လို ဗရုသုတ်ခလုပ်ဖို့လောက်စိတ်ကူးနေတဲ့သူတွေပဲ တာဝန်ကျရော။ အဲဒါနဲ့ ကိုယ်တို့စီနီယာတန်းရယ် ကိုယ်တို့အဖွဲ့ရယ်ပေါင်းပြီး အဲဒီတုန်းကခေတ်စားနေတယ် ငါ့သမီးစာကျက်နေတယ် သီချင်းကို တေးသရုပ်ဖော်လုပ်ဖို့တိုင်ပင်ကြပါတယ်။ စင်တင်ပွဲဆိုရင် ယောက်ျားလေးတွေက မိန်းမလိုဝတ်ပြီး ကတာနှစ်တိုင်းပါနေတော့ ငါတို့ပြောင်းပြန်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယောက်ျားလေးနေရာကနေခိုင်းပါတယ်။ စီနီယာတန်းကနည်းနည်းခပ်နွဲ့နွဲ့ အကိုတယောက်ကိုမိန်းကလေးလုပ်ခိုင်းပါတယ်။ သူ့နာမည်က ဒါဒါတဲ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဖေလုပ်တဲ့သူရယ်၊ ကိုယ်နဲ့ယောက်ျားလေးသူငယ်ချင်းလုပ်ပေးတဲ့သူတွေ ရယ်ပါ။

ကမယ့်နေ့လည်းရောက်ရော ကိုယ်တို့မတိုင်ခင် Chemistry မေဂျာကအဖွဲ့ သီတာဒေ၀ီကြင်ရာရွေးတဲ့အခန်း ကိုဟာသလုပ်ကပါတယ်။ အဲဒီမှာအတိုင်းတိုင်းအပြည်ပြည်ကမင်းသားတွေလာတယ်ပေါ့။ လေးတင်တာမအောင်မြင်တဲ့ပုံကို ဟာသသရုပ်ဖော်ထားတာပါ။ တရုတ်ပြည်ကမင်းသားက လေးတင်လို့လည်း မရရော သူ့ရဲ့ဝက်သားခုတ်တဲ့ဓါးမကြီးကိုမြှောက်ပြီး သီတာဒေ၀ီမရလည်း ဒီတိုင်းတော့မပြန်ဘူး။ ဒီပုသိမ်တက္ကသိုလ်ပွဲမှာ ယောက်ျားတွေကမိန်းမလုပ်ကြတယ်။ အဲဒီတော့ သူတို့ရဲ့အပိုဖြစ်နေတဲ့ဟာတွေကို ဖြတ်ယူသွားမယ်တဲ့။ အဲဒါနဲ့ ကိုယ်တို့အဖွဲ့ကတင်းရော။ အဲဒါနဲ့ ကိုယ်တို့အလှည့်ကျရင် အဲဒီကောင်ကိုဘယ်လိုပြန်ဖဲ့မလဲတိုင်ပင်ကြတယ်။ အဲဒါနဲ့ကိုယ်တို့အလှည့်မှာ တေးသရုပ်ဖော်မလုပ်ခင် ကိုယ်နဲ့ကိုယ့်ရည်းစား ဒါဒါနဲ့က ချစ်သူသဘာဝ ကျူတာပေါ့။ အဲဒီအထဲမှာပေါက်ကရတွေထည့်ပြောတာလေ။ ဒါဒါက ကိုယ့်ကိုဘူမိကအဖွဲ့တွေ ဖဲရှုံးရင် ကင်မလင်းကျွန်းအပေါင်ဆိုင်ကိုသွားတာ သူတို့နဲ့မပေါင်းရဘူးတို့၊ ကျောင်းကင်တင်းအလယ်ဆိုင်က ဆက်ဆံရေးညံ့လို့မစားဘူးတို့။ အမှန်တွေပြောတာပေါ့။ အဲဒါပြောရင်းနဲ့ ဒါဒါက ကိုနော် သတိလည်းထားနေဦး။ ခုနက Chemistry ကတရုတ်ကြီးက ၀က်အူချောင်းစားချင်လို့ဆိုပြီး ကျောင်းထဲကယောက်ျားလေးတွေကို အတင်းလိုက်ဖြတ်နေတယ်။ ကိုပါပါသွားဦးမယ်တဲ့။ အဲဒါကို အောက်ကတရုတ်ကြီးက ကိုယ်တို့က လက်သီးဆုပ်ပြတယ်လေ။ နောက်ကျတော့ ညဘက်ကောင်မလေးအိမ်ရှေ့ဂစ်တာသွားတီးတယ်ပေါ့။ အဲဒီမှာ အဓိကဇာတ်ဆောင်အဖေက ဂစ်တာတီးတဲ့ကောင်တွေကို တင်းပြီး ဖုန်းဆက်လိုက်ရမလားတွေဘာတွေထပြောလိုက်၊ ထိုင်ခုံမှာထိုင်ချလိုက်လုပ်ပြီး သရုပ်ဆောင်နေတော့ အောက်ကလူတွေဆိုတာ ရယ်နေတာတအုန်းအုန်း။ နောက်ကိုယ်တို့အောက်ဆင်းလာတော့မှ စီနီယာတွေကပြောတာ အဖေလုပ်တဲ့သူငယ်ချင်းက ထိုင်ချလိုက်ရင် ပုဆိုးကတိုတော့ အောက်စလွတ်လွတ်သွားတာတဲ့။ ကိုယ်တို့ကစင်ပေါ်ကဆိုတော့ ဘာမှမသိဘူးလေ။ အကိုတွေက တော်သေးတာပေါ့။ ဘောင်းဘီတိုပါလို့ဆိုရယ်နေကြတာ။ ဟိုတယောက်လည်း ရှက်ပေမယ့် မတတ်နိုင်တော့ဘူး။ သူများတွေက ကိုယ်တို့အဖွဲ့ရယ်ရအောင် တမင်သက်သက်လုပ်တယ်ထင်တာ တကယ်တော့ မဟုတ်ပါဘူး။

မေဂျာအားလုံးထဲမှာ မြန်မာစာကတော့ အမြဲတမ်းအတည်ကြီးတွေလုပ်တတ်တယ်။ ဘယ်တော့မှဟာသမဟုတ်ဘူး။ ပြဇာတ်ကို အမှန်တကယ်သရုပ်ဆောင်တာ။ အဲဒီတုန်းက ကျန်စစ်မင်းတို့ဘာတို့အပြင်မှာ ရုပ်ရှင်တွေဘာတွေခေတ်မစားသေးဘူး။ သူတို့မြန်မာစာ ကျန်စစ်သားပြဇာတ်ခင်းပြီး ဘယ်လက်က အ၀တ်အစားပေးပြီး ညာလက်က အစားအစာပေးမယ်ဆိုလားလုပ်နေတာ။ အဲဒီကျန်စစ်သားကတဲ့အကိုကြီးက ချောတော့ချောပါတယ်။ အရမ်းတည်တယ်။ ကိုယ်တို့ကသူ့ကိုပွဲပြီးကတည်းကတွေ့ရင် နာမည်မခေါ်ဘူး။ ကျန်စစ်သားပဲ။ သူတို့မြန်မာစာကထုံးစံအတိုင်းဘာလုပ်လုပ် မာစတာသမားတွေပဲလုပ်တာဆိုတော့ အဲဒီစင်တင်ပွဲကလည်း မာစတာကျောင်းသားတွေပဲဦးစီးတာ။ မင်းသမီးဆိုလည်း သူတို့မြန်မာစာ မာစတာတန်းက အချောအလှအမကြီးတွေကို မင်းသမီးဝတ်စုံအစစ်တွေဝတ်ပေးပြီး သရုပ်ဆောင်ခိုင်းတာ။ ကိုယ်တို့ကတော့ မရယ်ရရင်ပျင်းတယ်လေ။ မြန်မာစာအဖွဲ့ကတဲ့ မိနစ် ၄၀၊ ၁နာရီက ကိုယ်တို့မုန့်ထွက်စား၊ လမ်းလျှောက်တဲ့အချိန်။ ကိုယ်တို့နောက်ဆုံးနှစ်မှာ ကိုယ်တို့အဖွဲ့ကဘာမှမလုပ်ပဲငြိမ်ငြိမ်လေးပဲနေဖြစ်တယ်။ သူများတွေကတာဆိုတာတွေကြည့်ပေါ့။ အဲဒီနှစ် ဒုတိယနေ့မှာBotany ကကောင်မလေးသီချင်းဆိုနေတုန်း စင်ရှေ့မှာရုတ်ရုတ်ရုတ်ရုတ်ထဖြစ်တော့ ကိုယ်တို့လည်း ရန်ဖြစ်ပြီလားလို့။ နောက်မှလူတွေက လှည့်ပြေးကြတာ မီးရောင်မြင်လို့။ မီးကလည်း ကျောင်းအပြင်ကမြန်မာစာပါမောက္ခ ၂ယောက်ထဲက တယောက်ရဲ့အိမ်ကိုလောင်တာပါ။ အဲဒီတအိမ်တည်းလောင်ပြီး ငြိမ်းသွားပါတယ်။ ကိုယ့်မှာတော့ အဆောင်က သူငယ်ချင်းတွေအားလုံးက အဆောင်ကိုပြန်ပြေးကြတာ လူတွေကြားထဲ ညပ်နေမှာကြောက်လို့ ဘေးကပ်ကျန်ခဲ့ရင်းက စင်ရှေ့မှာတယောက်တည်း ကျန်ခဲ့ပါတယ်။ နောက်မှာ သင်္ချာက မျက်မှန်းတန်းမိနေတဲ့ ကောင်လေးတယောက်လာခေါ်လို့ သူနဲ့မီးလောင်တဲ့နေရာသွားကြည့်ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့ပဲအိမ်လိုက်ပို့ပေးကြပါတယ်။

အဲဒီမီးပြဿနာဘယ်လိုငြိမ်းသွားတယ်ဆိုတာ မသိလိုက်ပေမယ့် ကိုယ်တို့အားလုံးကတော့ ရှို့မီးဖြစ်မှာပဲလို့ ကောက်ချက်ချကြပါတယ်။ အမြင်ကပ်ကပ်နဲ့ပါ။ သူတို့ဘာသာ သူတို့မြန်မာစာမေဂျာမို့လို့ မျိုးချစ်စိတ်အကြောင်းတို့၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း ကတာပြောစရာမရှိပေမယ့် အဲဒီနေ့က သူတို့ကတဲ့ပြဇာတ်က အိန္ဒယအနွယ်ဝင်တွေကို ဆန့်ကျင်ရေးဇာတ်ပါ။ အဲဒီတုန်းကဘယ်ဆရာတော်ထုတ်တဲ့ စာအုပ်ထဲမှာလည်းမသိဘူးပါပါတယ်။ လက်ဘက်ရည်ရောင်းတဲ့ဆိုင်ချင်းအတူတူ မြန်မာဆိုင်မှာမ၀ယ်ဘဲ အပိုရတဲ့ကုလားဆိုင်မှာဝယ်တာ နောက်ဆုံးသမီးပါပေးလိုက်ရတဲ့ဇာတ်ပါ။ အကုန်လည်းမမှတ်မိတော့ပါဘူး။ မြန်မာတွေကကိုယ့်လူမျိုးကိုယ်ချစ်ရမယ်။ မဟုတ်ရင် လူမျိုးပျောက်ကုန်မယ်ဘာညာပေါ့။ ကိုယ်ဘယ်သူ့ကိုမှ မစော်ကားချင်ပါဘူး။ ကိုယ့်လူမျိုးကိုယ်ချစ်လို့ပြောချင်ရင် တရုတ်ပါထည့်ပြောလေ။ (တကယ်လို့ တရုတ်ဆန့်ကျင်ရေးပြဇာတ်သာကရင် တမြို့လုံးတောင်ဝိုင်းဆဲဦးမယ်။ ပုသိမ်က သုံးပုံတပုံလောက်က တရုတ်စပ်တွေပါ။) အခုတော့သက်သက် ကုလားမကောင်းကြောင်းပြောတာ။ ကုလားမကောင်းကြောင်းပြော ရအောင် ဒါဝံသာနုအစည်းအရုံးမဟုတ်ဘူး။ တက္ကသိုလ်လေ။ အရွယ်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း တက်လို့ရတဲ့ကျောင်းလေ။ တရုတ်၊ ကုလားခွဲခြားရေးနယ်မြေ မဟုတ်ဘူး။ သူတို့ကအဲဒီဇာတ်ကတော့ ကျောင်းကကုလားလူမျိုးကျောင်းသားတွေက ဘယ်လိုခံစားရမလဲ။ ကိုယ်တို့အဖွဲ့လည်း အဲဒီမြန်မာစာပါမောက္ခအိမ်မီးလောင်တော့ မသနားပဲ ကိုယ်တို့ပါဝိုင်းမေတ္တာပို့ပေး လိုက်တယ်။ အဲဒီအဆက်ကတော့ နောင်နှစ်စင်တင်ပွဲမရှိတော့တာပဲ။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းတက်နေတုန်းမှာ ကိုယ်တို့ရဲ့ကျောင်းတက်ရက်ကလေးတွေကို အမှတ်တရဖြစ်စေခဲ့တဲ့ အားကစားပွဲတွေ၊ စင်တင်ပွဲတွေရှိတာကို သဘောကျတယ်။ ပျော်စရာဖြစ်သလို၊ ကျောင်းသားတွေစည်းစည်း လုံးလုံးအလုပ်လုပ်ကြတာကို ပြတဲ့သက်သေလည်းဖြစ်တယ်။ အခုတော့ တနေ့တနေ့ ကျောင်းသွား၊ သင်တဲ့စာကိုဘာမှမတွေးဘဲကျက်၊ အချိန်တန်တော့ဘွဲ့ရ။ နောက်တချိန်ကျရင် ဒီကလေးတွေ ကျောင်းကိုတောင်လွမ်းတတ်ပါ့မလားပဲ။

3 comments:

လင်းဒီပ said...

“နောက်တချိန်ကျရင် ဒီကလေးတွေ ကျောင်းကိုတောင်လွမ်းတတ်ပါ့မလားပဲ။”

ကျောင်းကို မလွမ်းတတ်တဲ့လူတွေထဲမှာ လူကြီးတွေလည်း ပါ ပါတယ် ။

mirror said...

ကိုယ်ပါ ရောလွမ်းသွားတယ်...။ ပုသိမ်တက္ကသိုလ်ကို သုံးခေါက်ရောက်ဖူးတယ်။ တကယ့်လွမ်းမောဖွယ်...။
သူ့မှာက တမူထူးခြားမှုလေးတွေနဲ့လေ...။

ကိုလူထွေး said...

ရွာပြန်ရောက်တဲ့အခါမှာလည်း ကိုလူထွေးက စားခိုင်းလို့ဆိုပြီး ဝက်သားတုတ်ထိုးတွေ ခိုးစားမလာနဲ့အုံး...

းဝ)