Thursday, December 31, 2009



ကွန်ဖရင့်ခန်းမထဲက ကော်ဖီသောက်ဖို့ထွက်လာတော့ မိုတာကသူနဲ့အတူပါလာသည်။ “၀င်း အခုတင်ပြသွားတဲ့ စာတမ်းကို မင်းဘယ်လိုမြင်လဲ” “အင်း ဘယ်လိုပြောရမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် တကယ်လက်တွေ့အကောင်အထည်ဖော်တာအောင်မြင်သွားရင်တော့ ဒီပရောဂျက်ရဲ့ရည်မှန်းချက်ဖြစ်တဲ့ to improve living standard of farmers ဆိုတဲ့အချက်အထိဖြစ်လာနိုင်တာပဲ” ။ ခန်းမထဲမှာ အခုလေးတင်ဆွေးနွေးတင်ပြသွားတဲ့ စာတမ်းကသီရိလင်္ကာနိုင်မှာစမ်းသပ်အကောင်အထည်ဖော်နေတဲ့ မိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီး လယ်သမားတွေရဲ့ဘ၀တိုးတက်အောင်ပြုလုပ်တဲ့စီမံကိန်းအကြောင်း ပြောသွားတာပါ။ မိုဘိုင်းကတဆင့် ဈေးနေရာအသီးသီးမှာရှိနေတဲ့ လက်ရှိအသီးအနှံပေါက်ဈေးတွေကိုပို့ ပေးခြင်းအားဖြင့် ဈေးအများဆုံးနေရာကိုသိရှိပြီး တိုက်ရိုက်သွားနိုင်အောင် transaction cost ကိုလျှော့ချနိုင်အောင်လုပ်ပေးတာပါ။ မိုတာကအဲဒါနဲ့ပါတ်သက်ပြီးဆက်ပြောနေပေမယ့် ကိုယ့်စိတ်ထဲမှာတော့ ရှေ့ကိုဆက်တက်ဖို့ ကမ္ဘာတ၀ှမ်းကလုပ်နေချိန်မှာ အမှီလိုက်မလာတဲ့ကိုယ့်နိုင်ငံက လယ်သမားတွေဘ၀ကိုတွေးနေမိပါတယ်။ ခန်းမအပြင်ဘက်မှာ Photo Exhibition ကိုပြထားပြီးတော့ လယ်သမားတွေလယ်ထွန်ရင်း ဖုန်းပြောနေပုံတွေ၊ ဖိလစ်ပိုင်ကလမ်းဘေးဈေးရောင်းတဲ့အမျိုးသမီးတဦး ဟန်းဖုန်းနဲ့အလုပ်လုပ်နေပုံတွေ၊ မိုဘိုင်းဖုန်းနဲ့ပါတ်သက်တဲ့ဓါတ်ပုံတွေကိုပြသထားပါတယ်။ အော်ကိုယ့်နိုင်ငံမှာတော့ ကျေးလက်ဒေသတွေမှာ မိုဘိုင်းဖုန်းမပြောနဲ့၊ လိုင်းဖုန်းတောင်မှရွာတိုင်းမှာမရှိတဲ့အဖြစ်။ တခုခုဆိုရင် ဆက်သွယ်ရေးကပဲပြဿနာဖြစ်နေသေးတာ။



ဒီကွန်ဖရင့်က ဒီ South Asia region ထဲက ICT အကြောင်းဆွေးနွေးကြတဲ့ကွန်ဖရင့်ဖြစ်ပြီး လောလောဆယ်မှာတော့ မိုဘိုင်းကလူသုံးအများဆုံးဖြစ်နေတော့ ပြည်သူလူထုအကျိုးပြု ပညာပေးအစီအစဉ်တွေကို မိုဘိုင်းကတဆင့် ဘယ်လိုပေးမလဲဆိုတာတွေကို Host Organization ကအဓိကဆွေးနွေးပြီးတော့ ပြင်ပကတင်သွင်းတဲ့ စာတမ်းတွေကတော့နိုင်ငံအလိုက် မိုဘိုင်းဖုန်း၊ internet စတာတွေနဲ့ပါတ်သက်တဲ့ သုတေသနတွေကိုဆွေးနွေးတင်ပြကြတာပါ။ Stanford ကကျောင်းသူတဦးကတော့ မလေးရှားနိုင်ငံရေးစနစ်မှာ internet ကိုအသုံးပြုပြီး ဘယ်လို campaign တွေ fundraisingတွေ လုပ်တယ်ဆိုတာကိုလေ့လာပြီး ပြည်သူတွေဘက်ကလည်း ဒီ channel ကိုသုံးပြီး ကိုယ့်ရဲ့ နိုင်ငံရေးအယူအဆတွေကိုဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကိုပြောသွားတာပါ။ နောက်စာတမ်းတခုကတော့ natural disaster တွေ crisis တွေအတွက် မိုဘိုင်းဖုန်းအသုံးပြုတဲ့ early warning system အကြောင်းပါ။ အဲဒီတော့လည်းကိုယ်တွေးမိပြန်ရော။ မိုဘိုင်းကိုမသုံးနိုင်တဲ့ကိုယ်တို့နိုင်ငံက ကျေးလက်ကပြည်သူတွေအတွက် ဘယ်လိုစနစ်မျိုးက နာဂစ်လို disaster မျိုးကိုရှောင်ကြဉ်ဖို့ ဘယ်လိုကြိုတင်သတိပေးနိုင်ပါ့မလဲ။ ကိုယ်မြန်မာပြည်မှာရှိနေကတည်းက နောက်ဒီလိုအခြေအနေမျိုးဖြစ်လာတဲ့အခါရှောင်တိမ်းနေအောင် high-rise building တွေဆောက်ကြဖို့ဆိုတာတွေ ပြောကြပါတယ်။ အခုတော့ လုပ်နေကြရဲ့လားမသိပါဘူး။ ဒါကလည်းဖြစ်လာမှသုံးလို့ရမှာလေ။ ဖြစ်မလာခင်ကြိုတင်ဘယ်လိုသတိပေးရပါ့မလဲ။

ညဘက်ကွန်ဖရင့်ကျင်းပတဲ့ဟိုတယ်ကနေဒင်နာအပြီးမှာ ကပ်ရက်မှာရှိတဲ့ကိုယ်တို့တည်းနေတဲ့ဟိုတယ် ကိုပြန်လာကြရင်း ကမ်းခြေမှာသွားထိုင်ဖို့ကိုယ်ကအဆိုပြုတော့ အားလုံးပဲသဘောတူပြီးပါလာကြပါတယ်။ ညတိုင်းကမ်းခြေမှာထိုင်၊ ရေထဲမှာဆော့၊ တယောက်နဲ့တယောက်ရေနဲ့ပက်၊ သဲနဲ့ပက်နဲ့ ကျောင်းနဲ့ဝေး၊ စာဖတ်စရာတွေနဲ့ဝေးပြီး အားလုံးကကလေးတွေလိုပြန်ဖြစ်နေကြပါတယ်။ ကိုယ်တွေလိုကျောင်းသားတွေ မပြောနဲ့။ ဖိလစ်ပိုင်လူမျိုး Jude ဆိုရင် ဘင်္ဂလားဒေ့ရှ် college တခုမှာ lecturer ဖြစ်ပြီး သမီးတယောက် အဖေ ဖြစ်တာတောင်မှ ကိုယ်တို့နဲ့နေ့တိုင်းပင်လယ်ကမ်းခြေမှာဆော့နေကြပါ။ ကိုရီးယားသူ Park ဆိုရင်လည်း နယ်သာလန်မှာလက်ထောက်ကထိကပါ။ ဒါပေမယ့်ဝတ်လိုက်ရင်လည်း ကိုယ်တို့လူငယ်တွေနဲ့ အပြိုင်အလန်း တွေဝတ်။ ကိုယ်တိုနဲ့အပြိုင်ဆော့ပါတယ်။ ကိုယ်တို့ကတခါတလေသူတို့ကို ကိုယ်တို့ Young Scholar တွေကဘယ်လို Old Scholar တွေကဘယ်လိုဆိုပြီး စပါတယ်။ တခါတလေစိတ်ကောင်းဝင်နေရင်တော့ senior scholar လို့ပြင်ပြောပေးပါတယ်။ သူတို့ကလည်းစိတ်တော့မဆိုးကြပါဘူး။ ကိုယ်တို့ကိုပြန်စနေတာပါပဲ။

ကမ်းခြေရောက်တော့ မိုတာကညနေကစကားကိုပြန်ဆက်ရင်းနဲ့ “၀င်း နင်ဒီအလုပ်တွေဆက်လုပ်မှာလား။ သုတေသနလေ”တဲ့။ “ငါဘယ်လိုပြောရမလဲ မိုတာရယ်။ ငါဒါပဲလုပ်ချင်တာ။ ဒါပေမယ့် နင်လည်းသိတာပဲ။ Policy Researcher တယောက်ရဲ့အမြင့်ဆုံးရည်မှန်းချက်ကကိုယ့်တွေ့ရှိချက်၊ ကိုယ့် recommendation တွေကို အစိုးရ၊ ဒါမှမဟုတ် တာဝန်ရှိတဲ့အဖွဲ့အစည်းကအကောင်အထည်ဖော်၊ အသုံးချစေချင်တာပဲလေ။ ဒါပေမယ့် နင်လည်းသိတာပဲ။ တကယ်တမ်းကျတော့ လူတွေအပေါ်ဒီရလဒ်ကဘယ်လောက် အကျိုးပြုမလဲ ဆိုတာနောက်ထား။ သူတို့ interest နဲ့ကိုက်မှသူတို့ကသုံးမှာလေ။ အရာတိုင်းက politics ပဲလေ။ နင်အိန္ဒိယလိုနေရာမျိုးမှာ အရမ်း decentralized ဖြစ်နေတာ။ နင်ပရောဂျက်ကပြည်သူအတွက် ဘယ်လောက်ကောင်းကောင်း။ သူတို့စိတ်ဝင်စားမှ အကောင်အထည်ဖော်တဲ့အဆင့်ကိုရောက်လာမှာလေ။ သူတို့စိတ်ဝင်စားဖို့ဆိုတာက သူတို့နဲ့ သူတို့ကိုထောက်ခံတဲ့လူတွေအတွက်အကျိုးမယုတ်မှဖြစ်မှာလေ။ သူုတို့အတွက်အကျိုးရှိရင်တော့အကောင်းဆုံးပေါ့။” ဆိုတော့ မိုတာက “ဒါပဲလေ ၀င်း။ နင်ဘယ်လောက် ပြည်သူအတွက်အကျိုးရှိတယ်ပြောပြော သူတို့လုပ်ချင်မှဖြစ်တာ။ ငါတော့ဒီအလုပ်ကိုစိတ်ကုန်တယ် ၀င်း။ ငါတော့ကျောင်းပြီးရင် Operator တွေဆီမှာဝင်လုပ်မယ်။ အစိုးရကချထားတဲ့ Regulation တွေကိုဘယ်လို ပါးပါးလေးဖြတ်ကျော်ပြီး အောင်မြင်အောင်လုပ်နိုင်မလဲ။ အဲဒါ Challenge ပဲ။ ငါတော့ အကောင်အထည်ပေါ်ဖို့ကြာတဲ့ ခဲယဉ်းတဲ့ သုတေသနစာတမ်းတွေ ကိုမလုပ်ချင်တော့ဘူး။ ” သူလည်းဘာမှဆက်မပြောဖြစ်တော့။ ၄ရက်ဆက်တိုက်ဒီကွန်ဖရင့်ပြီးရင် နောက်တခုက Colombo မှာ တရက်တောင်မခြား။ ဆက်တိုက်တက်ရတော့မှာ။ နေ့တိုင်းဒီစာတမ်းတွေနားထောင်၊ ဆွေးနွေးနေရတာ။ ဒီလိုအချိန်ပိုလေးမှာ ဒီအကြောင်းတွေဆက်မပြောချင်တော့တာလည်းပါပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒီလိုစိတ်ပျက်လက်လျှော့သွားရင်တော့ intellectual တွေရဲ့ role ကလုံးဝပျောက်သွားမှာပေါ့။ ရှေ့မှာလမ်းဖောက်ခဲ့ကြတဲ့ ပညာရှင်တွေရှိခဲ့သလို ကိုယ်တွေအလှည့်မှာလည်း တတ်နိုင်သလောက် လုပ်ရဦးမှာပေါ့။ ကိုယ့်တွေ့ရှိချက်ကိုသူတို့မသုံးရင်တောင်ကိုယ့်လူမျိုးတွေအတွက် ကိုယ်ချပြနိုင်သလောက် ချပြပေးရမှာပဲ။ လူတော်တော်များများသိလာပြီး လူတွေတောင်းဆိုလာရင်တော့ တဖြည်းဖြည်းနဲ့ အောင်မြင်ရမှာပေါ့။ ကိုယ်တော့ကျောင်းမြန်မြန်ပြီးပြီး ကိုယ်တတ်သလောက်ပညာ၊ အတွေ့အကြုံနဲ့ ကိုယ်လုပ်နိုင်သလောက်လုပ်ဦးမှာပါပဲ။ တနေ့နေ့မှာတော့ ကိုယ်လည်းကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ ကို အကျိုးပြုနိုင်တဲ့ Policy Analyst တယောက်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

Monday, December 7, 2009

ကျောင်းစတက်ပြီးတလလောက်ကြာကတည်းက ဘလော့ဘက်ကိုခြေဦးမလှည့်ဖြစ်အောင် ကိုယ့်ကိုယ်ကို အတော်လေး ထိန်းချုပ်ထားရတယ်။ ကျန်းမာရေးကိစ္စ၊ မကုန်ဆုံးနိုင်တဲ့assignment တွေ၊ ရှောင်ရတဲ့အစားအသောက်တွေများလို့ကိုယ့်ဘာသာပဲ ချက်စားနေရတာကြောင့်ရော အချိန်ကဘယ်တော့မှ မလောက်။ ဒီကြားထဲမှာ ယူထားမိတဲ့ module တွေကကိုယ်သိပ်မကျွမ်းကျင်တဲ့ဘာသာတွေဆိုတော့ သူများထက်ပို ပြီး ၂ဆ ၃ဆဖတ်ရသေးတယ်။ ဒါတောင်မှ စာမေးပွဲနီးတော့စိတ်လေပြီး ပြန်မဖတ်နိုင်လို့ စာမေးပွဲခန်းထဲမှာ ယောင်တောင်တောင်ဖြစ်သေးတယ်။ ဘောပင်အကြာကြီးဆုပ်ပြီး စာမရေးနိုင်တဲ့အတွက်ဘာသာတိုင်းကို ကွန်ပျူတာနဲ့ဖြေခွင့်ပေးဖို့ကျောင်းကိုခွင့်တောင်းရပါတယ်။ တချို့ဘာသာတွေကတော့ အစောကြီးကတည်းက Typing ဖြေချင်တဲ့သူဖြေဖို့ခွင့်ပြုထားပေမယ့် Core Module တွေကတော့ကွန်ပျူတာနဲ့ဖြေခွင့်မပြုပါတဲ့။ ကိုယ်ကတော့ လက်ဘက်မစား၊ ကွမ်းမစား။ ချွင်းချက်ပေါ့လေ။ ကိုယ်တယောက်တည်းအတွက် အခန်းတခန်း၊ ကွန်ပျူတာတလုံးပေးရပြီး admin department ကလူတွေလည်းအလှည့်ကျလာစောင့်ပေးရလို့ အားနာပေမယ့် မတတ်နိုင်ဘူးပေါ့။ စာမေးပွဲရက်မှာစိတ်အလိုလိုက်ပြီး ဘလော့တွေဘက်ကိုနည်းနည်းလှည့်လိုက်သေးတယ်။ ကိုလူထွင်းဆီ၊ ကိုလင်းဆီ၊ ပြီးတော့ မကေ့ဆီ။ သုံးခုလောက်ဖတ်ပြီးရော ကိုယ့်စိတ်ကိုဆုံးမပြီး browser ကိုပိတ်လိုက်ရတယ်။ Comment လည်းမပေးရဲဘူး။ ကြာနေမှာကြောက်လို့။ ကိုယ့်ဘလော့လေးကို အလွမ်းပြေ၀င်ကြည့်တော့ လာသွားကြတဲ့အကိုအမတွေရော၊ စိတ်ပူပေးကြတာအတွက်ရော ပျော်ရပါတယ်။ မေ့သမီးအကြာကြီးပျောက်နေပေမယ့် မေ့မပစ်လိုက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုဒီဇင်ဘာကျောင်း ပိတ်ရက်မှာ စာပြန်ရေးဖို့ရော၊ ကဗျာစပ်ဖို့ရော စဉ်းစားထားပါတယ်။ (စိတ်ကူးပေါက်ရင်ပေါ့လေ။) ဒါပေမယ့် လောလောဆယ်တော့ သီရိလင်္ကာမှာ ကွန်ဖရင့် ၂ခုဆက်တိုက်ရှိနေတာကြောင့် ရေးဖြစ်ဦးမှာမဟုတ်သေးပါဘူး။ ကွန်ဖရင့်ပြီးသွားရင်တောင် ဒီကအဖွဲ့ရဲ့ CEO က ကိုယ့်ရဲ့ နောက်ဆုံးနှစ်စာတမ်းအတွက် supervisor ဖြစ်နေတာကြောင့် သူ့ဆီက အကြံဥာဏ်ယူရင်း၊ လေ့လာရင်းနဲ့ တလအတိကြာအောင် သီရိလင်္ကာမှာနေရမှာပါ။ ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့မှပဲ စင်္ကာပူပြန်ရောက်ပါမယ်။ အားလုံးစိတ်ပူနေမှာစိုးလို့ အကြောင်းကြားထားတာပါ။ :P နောက်ရက်ကြ သီရိလင်္ကာမှာလျှောက်လည်ဖြစ်ရင် ဓါတ်ပုံတွေတင်ပေးမယ်နော်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Friday, October 2, 2009

မေ့သမီးနဲ့ Stress


စာမရေးဖြစ်၊ စိတ်ကူးပေါက်ရာကဗျာတွေလည်းမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။ အီးမေးပို့ပြီး မေးကြတဲ့ အကို၊ အမတွေ စိတ်ပူကြတဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ကိုယ့်အတွက် စိတ်မပူစေချင်တာမို့အားလုံးကိုနေကောင်းပါတယ်ပဲ ပြောမိပါတယ်။ စာမရေးဖြစ်တာက ကျောင်းစာတွေနဲက အလုပ်ရှုပ်နေတာကြောင့်ရော၊ လက်ကစာရိုက်လို့အဆင်မပြေတာကြောင့်ရောပါ။ မြန်မာလိုရိုက်ရတာပို ပင်ပန်းပါတယ်။ ကျောင်းကအိမ်စာတွေတောင် စာရွက်ပေါ်မှာအရင်ချရေးပြီးမှပဲ ကွန်ပျူတာပေါ်တင်ဖြစ်တော့တာ။ အရင်လိုကွန်ပျူတာပေါ်မှာတန်းရေး၊ အခေါက်အခါခါပြင်လို့အဆင်မပြေတော့။

ဒီရက်ပိုင်းစိတ်ကတက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ တော်ကြာနေ နောက်ဆုံးဖြစ်တဲ့ဒီစာသင်နှစ်မှာ အကောင်းဆုံး လုပ်ဖို့အားတင်းလိုက်၊ တော်ကြာကိုယ့်ကျန်းမာရေးနဲ့စိတ်ဓါတ်ကျလိုက်၊ တော်ကြာအိမ်ကိုလွမ်းလိုက် တခါတခါ လည်းလုပ်ချင်တာများပြီး ခန္ဓာကိုယ်ကမလိုက်နိုင်ဆိုတော့ stress တွေပိလိုက်ဖြစ်နေပါတယ်။ သီချင်းတွေဖွင့်၊ လိုက်ဆိုလည်း တခါတလေကျကိုယ့်ကိုယ်ကိုယ်ထိန်းလို့မရဘူးဖြစ်နေပါတယ်။ ကိုယ်နဲ့အခု Core Module အတွက် အတူလုပ်ရတဲ့ Group Mate ၂ယောက်က ကိုရီးယားအမျိုးသား David ရယ်၊ Cambodian သူ Lanet ရယ်ပါ။ ဖြစ်ချင်တော့ Lanet ကလည်းသူနေနေတဲ့အိမ်မှာ အသစ်ရောက်လာတဲ့ Vietnam သူ ဂျူနီယာမလေးနဲ့ အဆင်မပြေပါဘူး။ အဲဒီကောင်မလေးကို လူတိုင်းကသိပ်မကြည်ဘူးဖြစ်နေတာပါ။ ကျောင်းမှာတောင်မှ သူကတွေ့တဲ့သူတိုင်းကိုအကူအညီတွေတောင်း၊ စာတွေမေးနဲ့။ စာမေးတာ၊ ကူညီရတာအကြောင်းမဟုတ်ပေမယ့် ကိုယ့်မကူညီနိုင်တဲ့အချိန်မှာ လူမှုရေးနားမလည်ဘဲ အတင်းကာရောတွန်းတိုက်တောင်းတဲ့အကူအညီမျိုးကျ စိတ်ညစ်ရပါတယ်။ စရောက်လာကာစကတော့ ကိုယ်ကလည်းနဂိုကမှသူများကမပြောခင် ကူညီချင်တဲ့သူဆိုတော့ ကိုယ်လဲတော်တော်ဒဏ်ခံလိုက်ရပါသေးတယ်။ ဒါတောင်မှ ကိုယ့်ဆီကိုသူဖုန်းဆက်တဲ့အချိန် ည၁၁နာရီလောက် ကိုယ်ကမအိပ်သေးတော့ သိပ်ပြဿနာမရှိလှဘူးပေါ့။ တချို့လူတွေကိုတော့ ည၁၂နာရီလောက် အိမ်တံခါးသွားခေါက်တာမျိုး၊ သူ့အိမ်စာတွေကို ရှင်းပြရုံမကပဲအစအဆုံးရေးခိုင်းတာမျိုးအထိ ခိုင်းတယ်လို့ သိရပါတယ်။ ကိုယ်ကျတော့ ကိုယ့်ကျန်းမာရေးအခြေအနေကို တကျောင်းလုံးသိနေတော့ ကိုယ့်ကိုသူအဲလောက်တော့ မခိုင်းရဲဘူးထင်ပါတယ်။ ဒါတောင်မှတွေ့ရာနေရာမှာ နာမည်အကျယ်ကြီးအော်ပြီး အနားရောက်လာတတ်သေးတာ။ အံ့သြဖို့ကောင်းတာက လူတွေ့တိုင်းသူ့မှာမေးစရာ၊ အကူအညီတောင်းစရာ တခုရှိနေတာပဲ။ ပြီးတော့ ဘယ်တော့မှလည်းသူများအဆင်ပြေမပြေမမေးဘဲ ပေးသမျှအကူအညီကိုလည်း သူမှာ ဒီလိုရပိုင်ခွင့်ရှိသလို ယူသွားတာပဲ။ ကြာတော့ ကူညီရတဲ့သူတွေကအောင့်သက်သက်ဖြစ်လာတာပေါ့။ တခြားသူတွေအတွက် ရှောင်လို့ရနေသေးပေမယ့် တအိမ်တည်းနေရတဲ့ Lanet ခမျာတော့ ဒီဒုက္ခတွေကိုခံစားနေရတာပေါ့။ မနက်အစောကြီးသူ့အခန်းတခါးခေါက်၊ မဖွင့်မချင်းနာမည်အကျယ်ကြီးအော်ခေါ်၊ တအိမ်လုံးမျှပေးရတဲ့ Utility Bill မှာ ၃ကျပ်လောက်ပိုပေးရမှာကို ပတ်ပြဿနာရှာဆိုတော့ သူတော့ စိတ်အညစ်ကြီး ညစ်ရတာ။ တခြားအတူနေတဲ့ကျောင်းသူ၂ယောက်ကလည်း အဲဒီတယောက်နဲ့ပြဿနာဖြစ်ထားတယ်တဲ့လေ။ Lanet ကသဘောကောင်းတဲ့သူဆိုတော့ ထုတ်မပြောတဲ့အခါ သူ့ကိုပဲအမြဲခဏခဏလာရှာနေတော့တာပေါ့။ အခုကျတော့ သူတို့နဲ့အတူနေတဲ့ Mexican မလေးက သူအိမ်ပြောင်းတော့မယ်တဲ့။ ကျောင်းကိုပြောပြီး ကျွန်မတို့ ၀င်းထဲမှာပဲ အခန်းလွတ်ရှိတဲ့အိမ်တလုံးကိုပြောင်းတာပါ။ ဒါပေမယ့် တအိမ်လုံးမှာ Lanet ကသူ့ကိုအချစ်ဆုံးဆိုတော့ အရမ်းကိုဝမ်းနည်းတော့တာပေါ့။ သူပြောင်းတော့မယ်ဆိုမှ သူလည်းဒီလိုခံစားနေရတဲ့အကြောင်းကို Lanet ကသူ့ကို ပြောပြတော့ အဲဒီMexican မလေးလည်း စိတ်မကောင်းဖြစ်ရှာရော။ စောစောကတည်းက သူတို့အားလုံးဒီလို ခံစားရတယ်ဆိုတာသိခဲ့ရင် ဒီဂျူနီယာမလေးကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျောင်းနဲ့တိုင်ပင်ပြီး သူတို့တခုခု စဉ်းစားခဲ့မိမှာပဲလေ။ အခုတော့ Lanet လည်းချစ်တဲ့သူငယ်ချင်းနဲ့ခွဲနေရမယ့်အပြင် ဟိုတယောက်ပြဿနာကလည်း မအေးသေးဘူး။ ကိုယ်တို့အားလုံးက နောက်ဆုံးနှစ်တင်ရမယ့် စာတမ်းအပြင်ရှိနေတဲ့ Module requirement တွေနဲ့ အားလုံး စိတ်ပင်ပန်းနေကြတာပါ။ အဲဒီ Mexican မလေးဆိုလာမယ့်နိုဝင်ဘာကျောင်းကလုပ်မယ့် GPPN Student Conference အတွက် Committee Chairman ဆိုတော့ပိုပင်ပန်းပါတယ်။ ကိုယ်တောင်မှ Administrative တာဝန်ပဲ ယူထားတာတောင် အခန်းပြင်ဆင်ဖို့၊ ငွေရေးကြေးရေးကိစ္စကျောင်းကို စကားပြောရတာတို့၊ Fund raising အတွက် ကူစဉ်းစားရတာ၊ ထွက်သွားတဲ့ Administrative member တွေနေရာမှာ ကူညီဖို့ Volunteer ရှာရတာ၊ တခြားပြင်ဆင်ရတာတို့အတွက် အရမ်းကိုစိတ်ပင်ပန်းရတာပါ။ ဒါတောင်မှကိုယ်ကခေါင်းဆောင်နေရာမဟုတ်ပါဘူး။ Mexican သူလေးက ပြောပါတယ်။ သူဒီတာဝန်တွေယူထားပြီး အချိန်တန်အိမ်ပြန်လာလို့သူ့ကိုပြဿနာတခုက ထပ်ဆီးကြိုနေဦးမယ်ဆိုရင်သူကြာရှည်ဒီဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူးတဲ့။ အိမ်အသစ်ကိုပြောင်းတာဟာ သူ့ရဲ့အိမ်ပြဿနာကို ဖြေရှင်းနည်းပေါ့။ Lanet ကို David နဲ့ကိုယ်ကလည်းအိမ်ပြောင်းပါလားလို့ အကြံပေးတော့သူကအဲဒီလိုမလုပ်ချင်ဘူးတဲ့။ သူပါပြောင်းလိုက်ရင် အဲဒီကောင်မလေးပိုစိတ်မကောင်းဖြစ်လိမ့်မယ်တဲ့။ အခု Mexican မလေးပြောင်းတာတောင် သူသိတော့ သူကြောင့်ပြောင်းတယ်ဆိုတာသိပုံပဲတဲ့။ စိတ်မကောင်းဖြစ်နေတယ်တဲ့။ တကယ်တော့ Lanet ကတကယ့်ကိုစိတ်ထားဖြူစင်တာပါ။ အဲဒီကောင်မလေးကြောင့်စိတ်ညစ်နေရတာတောင် သူ့အတွက်တွေးပေးနေတုန်းပဲ။ အဲဒီဂျူနီယာကောင်မလေးက သူပထမနေတဲ့အိမ်မှာ အဆင်မပြေလို့ သူတို့အိမ်ကို ပြောင်းလာတာလေ။ အဲဒီတောင်သူကပါထပ်ပြီး ကျောင်းကိုComplaint လုပ်လို့အဲဒီကောင်မလေး ပြောင်းရရင်ဖြစ်ဖြစ်၊ တခုခုအဲဒီကောင်မလေးကိုဖြစ်သွားရင် သူတသက်လုံးစိတ်မကောင်းဖြစ်နေရတော့မှာတဲ့။ သူသိပ်သဘောကောင်းလွန်းလို့လည်း ဟိုကရောင့်တက်တာဖြစ်မှာ။ ကိုယ်ကတော့အခုရှင်းရှင်းပဲ။ ပါတ်ပြေးတာပေါ့။ တွေ့ရင် ရှောင်တယ်လေ။ စိတ်ကောင်းမမွေးနိုင်ဘူးပြောလည်းခံရတော့မှာပဲ။ ကိုယ်စိတ်ညစ်မခံနိုင်ဘူးလေ အခုအချိန်မှာ။

ဒီနေ့ကိုယ်တို့ Group ဆုံကြတော့စာအကြောင်းမဆွေးနွေးဘဲ ကိုယ့်ပြဿနာတွေကိုယ်ပြောကြပြီး ဘယ်လိုဖြေရှင်း ကြမလဲ။ အဓိကကတော့ Stress ရလာရင် ဘယ်လို manage လုပ်မလဲပြောကြတာပါ။ ကိုယ်ကတော့ သီချင်းဆိုတယ်လို့။ သီချင်းတွေဖွင့်ပြီးလိုက်ဆိုတာပေါ့။ ဆိုတာမှဟိုမြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ သီချင်းတွေကအစ၊ အခု ဟစ်ဟော့အထိ အကုန်အော်တာပဲ။ David ကတော့ Classical သီချင်းအေးအေးလေးတွေ နားထောင်တယ်တဲ့။ ကိုယ်ကတော့အရင်တုန်းကအစားကောင်းကောင်းစားရရင် Stress တ၀က်ပျောက်တာပဲလို့။ အခုကတော့ ဆားမပါဘဲစားရမှတော့ ဘာမှမှစားမကောင်းတာ။ အဲဒီမှာတင် Stress က၂ဆဖြစ်နေပြီဆိုတော့ ရယ်ကြတယ်လေ။ တကယ်ပြောတာ။ အရင်တုန်းကဆို ကျန်တာတွေအသာထား စားချင်တာစားရရင်ကို လူကပျော် နေတာ။ အခုကျတော့။ အဲဒါနဲ့ Lanet ကိုကိုယ်ကအကြံပေးတယ်။ ဈေးဝယ်ထွက်ပြီး အ၀တ်အစားအသစ်ဝယ်ရ အောင်လို့။ ပြီးတော့ နားဆွဲတို့၊ ကလစ်တို့လို အလှအပပစ္စည်းလေးတွေလျှောက်ဝယ်၊ စိတ်ကူးပေါက်ရင် အလှပြင် ရတာလည်း စိတ်ကိုပေါ့ပေါ့ပါးပါးဖြစ်စေတာပဲလို့။ အဲဒါလည်း ကိုယ်လုပ်ကြည့်တာတွေပေါ့။ အရင်တုန်းကဆို ကိုယ့်ကိုအမေက နားဆွဲဆင်ချင်တာအရမ်း၊ ကိုယ်ကကိုယ့်ကိုကိုယ်မိန်းကလေးကို လှလှပပ၊ နွဲ့နွဲ့နှောင်းနှောင်း သိပ်မရှိဘူးထင်တော့ အဲဒါမျိုးဝတ်လိုက်ရင် အခြောက်ကြီးနဲ့တူတာပဲလို့ထင်တယ်။ အဲဒါနဲ့ပဲ ၀ယ်ဖြစ်တဲ့ကလစ်တို့၊ ခေါင်းစည်းတို့၊ ဘီးကုပ်တို့တောင်အမြဲပဲ အိမ်မှာပုံနေပြီးမသုံးဖြစ်ဘူး။ အခုနောက်ပိုင်းကျ တခါတလေ အပြင်ထွက်ဖြစ်တဲ့အခါ စိတ်ကူးပေါက်ရာလေးတွေ မျက်စိထဲမြင်တာတွေလျှောက်ဝယ်ပြီး ကိုယ့်ကိုကိုယ်အလှဆင် ကြည့်မိပါတယ်။ ရယ်တော့လည်းရယ်ရသား။ မျက်နှာကဆေးကြောင့်ဖောင်းနေ၊ တခါတလေနားကပ်အကြီးကြီး တွေနဲ့ ဆိုတော့ မြင်တဲ့သူကတော့ရယ်ချင်မှာပဲ။ (ဆေးသောက်ပြီးတော့ နှုတ်ခမ်းမွှေးတောင် ထွက်လာသေးတယ်။ ဟိ။) ကိုယ်ကတော့ ပျော်သလိုနေနေတာပဲ။ Lanet ကတော့ ဈေးဝယ်ထွက်မယ့် အကြံကိုနောက်ရွှေ့ထား ကြရအောင်တဲ့။ အခုလောလောဆယ်တခြားနည်းတွေကြိုးစားကြတာပေါ့တဲ့။ လကုန်ရက်ဆိုတော့ ၂ယောက်စလုံးရဲ့Bank account တွေခြောက်နေပြီလေ။ အဲဒါနဲ့ပဲငါပြန်ပြီး ကြက်တောင်ရိုက်ဖို့ ကြိုးစားကြည့်မယ်။ အပြင်းအထန်ကြီးမရသေးပေမယ့် နည်းနည်းစီစကြည့်တာပေါ့လို့။ နင်လည်း ငါနဲ့ကြက်တောင် လာရိုက်လို့ သူ့ကိုပြောရတယ်။ Lanet ရဲ့ Stress လျှော့ချနည်းကလည်းတမျိုးပဲ။ တနေ့လုံးအစာမစားပဲနေ တယ်တဲ့။ အဲဒီအခါကျတော့ လူကအားမရှိဘဲဒေါသနည်းတယ်တဲ့။ သူပြောတာပဲ။ ကိုယ်ကတော့ အဲဒီနည်းကို တသက်လုံးလုပ်ဖြစ်မယ်မထင်ဘူး။
ဘလော့မရေးဖြစ်တာကြာပြီး လောလောဆယ်ဘာမှလည်း ရေးစရာမရှိတာမို့ စိတ်ကူးပေါက်ရာတွေပဲ ချရေးလိုက်တော့တယ်။ ဖတ်ပြီးတော့ ကိုယ်တိုင်ရော Stress ဘယ်လိုလျှော့သလဲဆိုတာ ဝေမျှခဲ့ပါဦးနော်။

Monday, August 31, 2009

အိမ်ကလေး

အခုတလော အိပ်မက်တွေထဲမှာ ဟိုးနှစ်ပေါင်းများစွာကအိမ်ကလေးတလုံးကို ပြန်မက်နေမိတယ်။ နိုးလာတိုင်းမှာတော့ မျက်ရည်တွေဝိုင်းလို့။ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ ညီမလေးရယ်၊ အဘရယ်၊ သစ်သားအိမ်လေးရယ် နွေးထွေးလုံခြုံတဲ့ပါတ်ဝန်းကျင်လေးတခုရယ်။ အခုတော့ဒါတွေကအဝေးမှာ။ နောက်တချိန်မှာ ဒီလိုဘ၀လေးကိုပြန်တည်ဆောက်ကြတဲ့အခါ အိမ်ကလေးနဲ့အဘကတော့ ပါလာမှာမဟုတ်တော့။ အိမ်ကလေးကို ဆုံးရှုံးရတာ၊ အဘကိုဆုံးရှုံးလိုက်ရတာ အခုအချိန်အထိသွေးမတိတ်သေးတဲ့ ဒဏ်ရာတွေပေါ့။ ဘယ်တော့မှလည်း ပျောက်ပျက်သွားမယ်မထင်တော့။

အိမ်အသစ်တွေပြောင်းသွားတယ်။ ပါတ်ဝန်းကျင်တွေပြောင်းသွားတယ်။ မိသားစုနဲ့ဝေးခဲ့တယ်။ ဒါပေမယ့်အခုအချိန် အထိ အိပ်မက်မက်ရင် ဟိုးတုန်းကအိမ်လေးမှာကိုယ်ရှိနေတုန်းပဲ။ ဟိုးတုန်းကပျော်ခဲ့ဖူးတဲ့ကလေးမလေးတယောက် အဲဒီအိမ်လေးမှာရှိနေတုန်းပဲ။ ကိုယ်ပြန်သွားတဲ့အခါအိမ်လေးကအရင်ပုံစံမဟုတ်တော့။ အဖေကိုယ်တိုင် တည်ဆောက်ခဲ့တဲ့အိမ်လေးက အကောင်အထည်မရှိတော့။ အဲဒီအိမ်လေးက ကိုယ့်ရင်ထဲမှာပဲ ကျန်နေခဲ့တာ။ ခြံထဲမှာကိုယ်နှစ်သက်ခဲ့တဲ့ နာနတ်ပင်တွေ၊ ကီလိုမာလကာပင်တွေ၊ စံပယ်ပင်တွေ၊ သင်္ဘောပင်တွေ ဘာမှမရှိတော့။ လူအသစ်တွေပြောင်းတော့ ခြံဝင်းလေးလည်းပြောင်းပြီပေါ့။ မပြောင်းလဲနိုင်တာက ကိုယ်ပဲလေ။ ဆယ်စုနှစ်တခုနီးပါးစွန်းလာပေမယ့် အိမ်လိပ်စာတောင်းတဲ့သူတွေကို အလွတ်ရနေတဲ့လိပ်စာတခုကို အယောင်ယောင်အမှားမှားပြောထွက်မိနေဆဲ။ လိပ်စာအသစ်ပေးလိုက်ဖို့ ဘာလို့တွန့်ဆုတ်နေရတာပါလဲ။ ကိုယ့်အတွက်တော့ လိပ်စာအသစ်ပေးလိုက်ရင် ကိုယ့်ရင်ထဲကအိမ်လေးကို ကိုယ်သစ္စာဖောက်သလိုဖြစ်သွားမှာ ကြောက်မိလို့ပါ။ အိမ်လေးကိုကိုယ်လွမ်းနေတုန်းပဲဆိုတာ သိစေချင်လို့ပါ။

အဲဒီအိမ်ကလေးမှာ သီတင်းကျွတ်ဆို အကိုနဲ့မီးပန်းနဲ့ဖောက်ရာက နောက်ပြန်ချော်ကျဘူးတယ်။ စိတ်တိုတတ်တဲ့ အဘကိုခဏခဏနောက်ပြီး ထွက်ပြေးဖူးတယ်။ စနေ၊ တနင်္ဂနွေမှာ ခရီးထွက်သွားရာကကားပျက်လို့နောက်ကျတဲ့ မေမေနဲ့ဖေဖေကိုမနက် ၄နာရီ လောက်မအိပ်နိုင်ဘဲ ငုတ်တုတ်မျှော်ခဲ့ရဘူးတယ်။ တော်တော်နားဝင်မချိုတဲ့စက်သံနဲ့ ဖေဖေ့ဘီ၆၀၀ကားလေးပြင်တဲ့ အချိန်ဆို အိမ်လေးထဲမှာ ဆူညံနေခဲ့ဖူးတယ်။ အလံတ၀က်ချလိုက်၊ အကုန်ထူလိုက်နဲ့ အရေးပါတဲ့နေ့တွေကို ဖြတ်သန်းခဲ့ဘူးတယ်။ မွေးထားတဲ့ကြက်တူရွေးလေးနဲ့ ကြောင်လေးဆုံးသွားလို့ ၀မ်းနည်းခဲ့ဘူးတယ်။ အမှတ်တမဲ့အရာများစွာကို အမှတ်မထင်ဘဲ ကျော်ဖြတ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အချိန်ကာလ တခုအကြာမှာတော့ ဒါတွေအားလုံးဟာရင်ထဲမှာသံမှိုစွဲသလိုထင်နှက်နေမယ်လို့ မသိခဲ့ဘူးလေ။ ပြန်မရနိုင်တဲ့ဟာကို တမ်းတမိလို့ ကိုယ်လူမိုက်ဆိုရင်လည်း ထားလိုက်ပါတော့။ အခုအချိန်မှာ ဖေဖေရယ်၊ မေမေရယ်၊ ကိုကြီးရယ်၊ အဘရယ်၊ အိမ်ကလေးရယ်နဲ့ တရက်လောက် ပြန်ဆုံခွင့်ရရင် ကိုယ်ဒီလောကထဲကစောထွက်သွားရရင်တောင် ၀မ်းနည်းမှာမဟုတ်တော့။ အခုတော့ ဘာပဲပြောပြောမျက်ရည်ဝဲအောင်ပဲလွမ်းတယ်။

Sunday, August 23, 2009

ရာသက်ပန်လိပ်စာ

သူငယ်ချင်းဆိုတာ

ကြယ်တာရာတွေလိုပဲ ညတွေလင်းလက်စေခဲ့တာ

စံပယ်ဖြူတွေလိုပဲ ပန်ဆင်သူကိုမွှေးမြဖြူစင်စေခဲ့တာ

နေခြည်တွေလိုပဲ အရုဏ်ကိုနွေးထွေးစေခဲ့တာ...


လောကဆိုတာ သမုဒ္ဒရာထက်က ရေတပွက်ပါပဲ

အဲဒီခဏလေးမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့လောင်မြိုက်ကြ

လောကဓံရဲ့ရိုက်ပုတ်ချိန်တိုင်း

ငါ့ရင်ခွင်နန်းက စမ်းရေပြာတွေမှာ

စံပယ်ဖြူတွေတမ်းတမိ

ကြယ်တာရာတွေ ဖွေရှာမိ

နေခြည်တွေစောင့်မျှော်မိနဲ့

မင်းတို့နဲ့ဝေးတော့မှ

ငါ့ကမ္ဘာလေး အထီးကျန်ခဲ့တာ

နောင်အနာဂါတ်တွေဆို

ဒေသကွဲ၊ နေရာလွဲ၊ ပိုင်ဆိုင်မှုအရပ်ရပ်တွေနဲ့

ငါ့ကိုမေ့ခဲ့ရင်တောင်

မင်းတို့ညနက်တွေမှာ ငါ့ကြယ်တွေရှိရဲ့

မင်းတို့ဆံစတွေမှာ ငါ့စံပယ်တွေမွှေးမြရဲ့

မင်းတို့အရုဏ်တွေမှာ ငါ့နေခြည်တွေနွေးထွေးမြဲ

အဲဒါ ငါ့ရဲ့ရာသက်ပန်လိပ်စာ

မင်းတို့သူငယ်ချင်းရဲ့

ရာသက်ပန်လိပ်စာ……။


မိုးအိမ်စည် (သို့) သားကြီး

ဇန်န၀ါရီ ၁၊ ၂၀၀၄ နံနက် ၃း၄၀

Monday, August 10, 2009

ညကအိပ်မက်


အမေ့ကိုစိတ်ကောက်တယ်
စက်ဘီးဆွဲပြီး အပြင်ထွက်ခဲ့တယ်
မုံရွာရေဦးလမ်းမပေါ်မှာ ကားတွေရှုပ်နေတယ်
ကြော်ငြာဘုတ်တွေကပ်ထားတဲ့ ကားပေါ်ကလူတွေကလှမ်းစတယ်
တက်ဆိပ်ကိုဝင်တယ်
အန်တီလေးဆီကဖဲထုပ်တောင်းတယ်
အန်တီလေးက အဖေနဲ့တိုင်မယ်ပြောတယ်
မဆော့ရလဲ မဆော့ဘူးနေပေါ့ ဟွန်း
သန္တာနဲ့တွေ့တယ်
နင့်ကိုကရင်က သူနဲ့လာမတွေ့လို့ စိတ်ဆိုးနေတယ်တဲ့
အေးငါသွားတွေ့လိုက်ပါ့မယ်ပြောတယ်
စက်ဘီးဆက်နင်းလာတယ်

ကော်ရည်သောက်တယ် အိမ်မှာ
အဘကနည်းနည်းတိုက်ပြောလို့ နည်းနည်းတိုက်တယ်
ပြီးတော့ မကောင်းဘူးပြောတယ်
စိတ်ဆိုးပြီး ပန်းကန်ကိုင်ပြီးအိမ်ပေါ်ထပ်ကဆင်းလာတယ်
အဲဒီမှာအိပ်ရာနိုးလာတယ်
လွမ်းလိုက်တာကွယ်။ ။

Saturday, August 8, 2009

ဖိုင်တွဲလေးတခုအကြောင်း


နောက်တပါတ်ကျောင်းတက်ရတော့မယ်။ Shopping week ဆိုပေမယ့်တချို့ဘာသာရပ်တွေကတော့ စသင်တော့မှာဆိုတော့ ဖတ်ရမယ့်စာရွက်တွေကိုကျောင်းမှာပရင့်သွားထုတ်ဖြစ်တယ်။ အိမ်ကပရင့်တာက စာတရွက်ထုတ်ရတာ အရမ်းကြာတာလေ။ ပြန်ရောက်လာပြီးဖိုင်တွေတွဲ၊ စာရွက်တွေစီလုပ်နေရင်းက ထုံးစံအတိုင်း နမော်နမဲ့နဲ့ စာရွက်ကိုပြောင်းပြန် punch နဲ့ဖောက်ချလိုက်မိတယ်။ အဲဒီအချိန်မှာပဲ ခေါင်းထဲကိုရောက်လာတာက ရန်ကုန်မှာဂျပန်အဖွဲ့အစည်းတခုမှာ အလုပ်ဝင်ခါစအချိန်တုန်းအကြောင်းလေးတခုပါ။

ဂုဏ်ထူးတန်းနောက်ဆုံးနှစ်တက်နေတဲ့ကျွန်မ First Semester စာမေးပွဲပြီးပြီး ၂ရက်လောက်မှာ ရန်ကုန်ကအမက ဖုန်းဆက်လာပါတယ်။ “သားသားနင်အလုပ်လုပ်ချင်တယ်ပြောထားလို့ အခုအဲဒီပရောဂျက်က အတွင်းရေးမှုးတယောက်လိုနေတယ်။ နက်ဖြန်အင်တာဗျူး။ နင် CV ယူပြီးနက်ဖြန်အင်တာဗျူးတခါတည်းတန်းဝင် လို့ရတယ်တဲ့။ အဲဒီကမန်နေဂျာကိုငါပြောထားတယ်” တဲ့။ လခကသိပ်မက်လောက်စရာမကောင်းပေမယ့် ကျွန်မဘွဲ့လွန်ဆက်တက်ဖို့၊နိုင်ငံခြားထွက်ဖို့ဆိုတာ ရန်ကုန်မှာနေရမှဖြစ်မှာလေ။ အဲဒါနဲ့အိမ်ကိုသမီးသွားချင်တယ် ပြောပြီးနောက်နေ့မနက်အစောကြီးကားနဲ့ပုသိမ်ကထွက်ခဲ့တယ်။ နေ့လည် ၂နာရီလောက်အင်တာဗျူးဝင်ရတယ်။ တိုတိုပြောရရင် ကံကောင်းထောက်မစွာပဲ အဲဒီအလုပ်ကိုရခဲ့ပါတယ်။ အင်တာဗျူးဝင်ကတည်းက ကျွန်မရဲ့များပြားလှစွာသောအရည်အချင်းတွေကို ကျွန်မကိုအင်တာဗျူးတဲ့ဂျပန်အမျိုးသမီး၂ယောက်က သိသွားပါတယ်။ ကျောင်းပြီးဖို့ semester တခုလိုပြီး၊ ကွန်ပျူတာမတောက်တခေါက်၊ အင်္ဂလိပ်စကားတခုသာ နည်းနည်းလည်လည်ပတ်ပတ်ရှိရုံ၊ ပုသိမ်မှာတုန်းကလူငယ်သင်တန်းတွေ၊ မျိုးဆက်ပွားကျန်းမာရေးသင်တန်းတွေ တက်ဖူးတာကလွဲပြီး ရုံးအလုပ်ကိုနကန်းတလုံးမှမသိတဲ့အကြောင်းပေါ့။ အင်တာဗျူးပြီးနောက်တနေ့မှာပဲ ကျွန်မနဲ့အမြဲအလုပ်တွဲလုပ်ရမယ့် Project Coordinator ကဂျပန်ပြန်သွားပါတယ်။ အဲဒီနေ့ကသောကြာနေ့ပါ။ ကျွန်မရုံးစတက်ရတော့တနင်္လာနေ့ပါ။ အင်တာဗျူးတုန်းကပါတဲ့နောက်ထပ်ဂျပန်မတယောက်က နယ်ရုံးမှာထိုင်ရမယ့် Community Health Expert ပါ။ သူနဲ့ကျွန်မပဲရန်ကုန်မှာကျန်ခဲ့ပါတယ်။ ပရောဂျက်ကအသစ်စက်စက်၊ အတွင်းရေးမှုးအသစ်စက်စက်ကလည်း လုံးဝအတွေ့အကြုံမရှိ၊ ကျွန်မဂျပန်မစပြီးဒုက္ခရောက်တဲ့ရက်တွေပါပဲ။ နောက်တနေ့မှာပဲ ကျွန်မတို့မူရင်းရုံးရှိတဲ့နေရာကနေ ကျွန်မတို့ပရောဂျက်ရုံးခန်းအသေးလေးကိုပြောင်းရပါတယ်။ ကျန်းမာရေးရုံးတရုံးမှာကျွန်မတို့အတွက် အခန်းလေးတခန်းပေးတာပါ။ ကျွန်မတို့ရုံးချူပ်မှာတော့ မူရင်းအသားကျပြီး သားပရောဂျက်တွေပဲကျန်ခဲ့တာပါ။ ကျွန်မမှမေးစရာမြန်းစရာ မြန်မာကမရှိ၊ ဂျပန်မကမသိရင်ကျွန်မလာမေး တော်တော်အူလည်လည်နိုင်ခဲ့တာပေါ့။

၂ရက်လောက်နေပြီး အဲဒီရုံးခန်းအသစ်မှာအသားကျလာတော့ကျွန်မနဲ့ကျွန်မဂျပန်မရုံးခန်းအတွက်လိုအပ်တာတွေ ၀ယ်ဖို့ဈေးဝယ်ထွက်ကြပါတယ်။ ဖိုင်တွေ၊ စာရေးကိရိယာတွေ၊ ရုံးခန်းသန့်ရှင်းရေးပစ္စည်းတွေအပါအ၀င်ပေါ့။ ပြန်ရောက်တော့ကျွန်မကိုပထမဆုံးအကြိမ်ကျွန်မဂျပန်မကဖိုင်တခုတွဲခိုင်းပါတယ်။ ကျွန်မကို စာရွက်တွေပေးခဲ့ပြီး သူကဟိုဘက်ရုံးခန်းထဲက ကျန်းမာရေးဌာနကလူကြီးတယောက်နဲ့ ခဏသွားတွေ့ပါတယ်။ စာရွက်က စာမျက်နှာ ၂၀၀လောက်ရှိပါတယ်။ ဂျပန်လိုတွေချည်းရေးထားတော့ဘယ်လောက်အရေးကြီးတဲ့ ဖိုင်လည်းကျွန်မမသိပါ။ (နောက်ပိုင်းပုံမှန်ဖြစ်လာတဲ့အခါကျတော့ ရုံးစာရွက်စာတမ်းတွေအားလုံးကို ကျွန်မကအင်္ဂလိပ်လိုပြန်၊ သူတို့ကဂျပန်လိုပြန်ပြီး ရုံးချုပ်ကိုတင်တာပါ)။ အဲဒါနဲ့ကျွန်မ Punch အသေးလေးကိုင်ပြီးစာရွက်တွေဖောက်ပါတော့ တယ်။ စာရွက်ကထူပြီး Punch ကလည်းအသေးပဲရှိတော့အကုန်တခါတည်းသွင်းမရပါဘူး။ ပထမဆုံးဖောက်ဖူးတဲ့ဖိုင် ဆိုတော့လည်း ဘာလုပ်ရမယ်မသိပါဘူး။ စာရွက်ကိုလေးပုံလောက်ပုံပြီး ဒီတိုင်းပဲဖောက်ဖောက်ချလိုက်တာပဲ။ ဖိုင်တွဲတော့မှအပေါက်တွေမညီမှန်းကျွန်မသိပါတော့တယ်။ ဘယ်လောက်တုံးတဲ့ကျွန်မလဲလို့။ တော်တော်လည်း စိတ်ညစ်သွားပါတယ်။ ဒါပေမယ့်ဟန်ကိုယ့်ဖို့မလား။ ကျွန်မဂျပန်မပြန်ဝင်လာတော့ ဖိုင်ကိုခပ်တည်တည်နဲ့ထိုးပေး လိုက်ပါတယ်။ သူကဖိုင်ကိုဖွင့်ကြည့်ပါတယ်။ အပေါ်ဆုံးစာရွက်တွေကအဆင်ပြေတယ်လေ။ အောက်လည်းလှန်ကြည့်ပြီးရော သူခွက်ထိုးခွက်လန်ရယ်ပါရော။ ပြီးတော့ ကျွန်မကိုစာရွက်တရွက်ယူခိုင်းတယ်။ အလယ်ကခေါက်တယ်။ ပြီးတော့မှစာရွက်အလွတ်တွေယူပြီး အဲဒီခုနကခေါက်ထားတဲ့စာရွက်ကိုဖြန့် အလယ်ခေါက်ချိုးရာနဲ့ Punch မှာရှိတဲ့အလယ်ကမြှားနေရာလေးနဲ့တိုက်ပြီးဖောက်ပြတယ်။ ပြောရင်း၊ လုပ်ပြရင်းနဲ့ ပြုံးပြုံး ပြုံးပြုံးပဲ ကျွန်မကိုတိပ်အသေးလေးတွေ ခုနကကျွန်မဖောက်ထားတဲ့အပေါက်တွေကိုပိတ်မိရုံဖြတ်ခိုင်းပါတယ်။ ပြီးတော့ခုနကကျွန်မဖောက်ထားတဲ့အပေါက်တွေအားလုံးကို ၂ယောက်အတူတူပြန်ပိတ်။ ပြီးတော့မှပြန်ဖောက်ပြီး ဖိုင်ပြန်တွဲရပါတယ်။ ကျွန်မဒီကိုကျောင်းတက်ဖို့ထွက်မလာခင်၃နှစ်နီးပါးရုံးမှာလုပ်လာတဲ့အထိ အဲဒီဖိုင်လေးရုံးမှာ ရှိနေပါတယ်။ အဲဒီဂျပန်မ နယ်ကပြန်ရောက်လို့အဲဒီဖိုင်ကိုဖွင့်မိတိုင်းအမြဲကျွန်မကိုစပါတယ်။

တကယ်တမ်းပြောရရင် ကျွန်မအဲဒီမှာအလုပ်လုပ်ခဲ့တဲ့ ၃နှစ်မှာလူတွေအကြောင်းအများကြီးသိခဲ့ပါတယ်။ ကျွန်မလေ့လာ ခဲ့ရတာတွေလည်းအများကြီးပါပဲ။ လုပ်ခဲ့တဲ့အမှားတွေ၊ အလွဲတွေဆိုတာလည်း မရေနိုင်ပါဘူး။ ဒါပေမယ့်ကျွန်မ အမှားလုပ်မိတိုင်းမှာကျွန်မအရင်ဆုံးရတာက ဆူပူအပြစ်တင်တဲ့စကားမဟုတ်ပါဘူး။ အပြုံးတပွင့်နဲ့ အားပေးစကား၊ ပြီးရင်အသစ်ပြန်လုပ်ခိုင်းတာပါပဲ။ ကျွန်မဘက်ကလည်း မှားပြီးသားအမှားကိုထပ်ခါထပ်ခါမမှား အောင်ထိန်းပါတယ်။ ပြီးတော့မှားသွားတိုင်းလည်းတောင်းပန်ဖို့ကျွန်မ၀န်မလေးခဲ့ပါဘူး။ ဒါပေမယ့် ဘ၀မှာသူများအမှားကိုလက်ညှိုးထိုးပြီးကိုယ့်ဘက်ကလက်လေးချောင်းကိုဖွက်ထားတတ်တဲ့ လူတွေနဲ့ကျွန်မအလုပ်မလုပ်ခဲ့ရပါဘူး။ ကျွန်မကိုအားပေးတဲ့၊ အတွေ့အကြုံနည်းသေးတာကို နားလည်ပေးတဲ့ ဂျပန်လူကြီးတွေနဲ့အလုပ်လုပ်ခဲ့ရပါတယ်။ ဒီဖိုင်တွဲတဲ့အတွေ့အကြုံလေးကတော့ ကျွန်မအသက်ရှိနေသရွေ့ ကျွန်မသတိရနေမှာပါပဲ။ လူတိုင်းအမှားမကင်းတဲ့အတွက် သူများမှားတာနဲ့ လက်ညှိုးထိုးအပြစ်တင်မစောဖို့ကို ဒီဖိုင်လေးနဲ့ ကျွန်မဂျပန်မကသင်ခန်းစာပေးခဲ့တာပါ။

(ပုံက Google က။)

Thursday, August 6, 2009

လတ်တလော မေ့သမီး



(၁) တွေးနေမိတာက
- အချစ်နဲ့သံယောဇဉ် ဘယ်လိုကွာခြားပါလိမ့်။ (၁၅၀၀) သံယောဇဉ်သိပ်ကြီးပြီး ချစ်သွားကြတာများလား။ အချစ်ကြီးပြီးမှ သံယောဇဉ်ကြီးတာပါလား။ (ဘယ်ဟာအရင်ကြီးလာတာလဲလို့။)
- စောစောသေရမယ်ဆိုရင် လူသားတွေအကျိုးအတွက်လုပ်သင့်သလား။ (မာသာထရီဆာတို့ဘာတို့လို။) ဒါမှမဟုတ်မိဘကိုပဲ အရင်စိတ်ချမ်းသာအောင်လုပ်ပေးခဲ့သင့်လား။

(၂) ဆင်ခြင်မိတာက
- ကိုယ်ကသာအရေးကြီးတယ်ထင်နေတာ နောက်ဆုံးကျတော့ ဘာမှလည်းမဟုတ်ဘူးလို့။

(၃) ကျန်းမာရေး
- တကိုယ်လုံးယောင်နေတာလေ။ (အဲလောက်ယောင်နေရက်သားနဲ့ လမ်းသလားတာ မလေးရှားကဂျန်တင်းတောင် ရောက်သွားတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး ၂ရက်အဲဒီရောက်ခဲ့တဲ့သူတွေ ခြေထောက်ဖောဖော၊ မျက်နှာဖောဖောနဲ့ ကောင်မလေးတယောက်တွေ့ခဲ့တယ်ဆိုရင် သေချာပါတယ်။)

(၄) ဖတ်ဖြစ်တဲ့စာအုပ်တွေက
- ဆရာဦးသုခ၀တ္ထုတွေ၊ လွတ်လပ်ရေးမရခင်ကအကြောင်းရေးထားတာတွေ၊ ရွှေအမြုတေမဂ္ဂဇင်းထဲက ၀တ္ထုတွေ၊ BBC Active ကထုတ်တဲ့ Get By in Chinese (တရုတ်စာသင်မလို့ပါ)။
- မဖတ်ချင်ဖတ်ချင်ဖတ်ရတာတော့ ဒီနှစ်တင်ရမယ့် စာတမ်းတခုအတွက် World Bank ကထုတ်တဲ့ဆောင်းပါးတွေပါ။ Knowledge Economy in Myanmar ဆိုတဲ့ခေါင်းစဉ်ပါ။ ဘာမှမရှိတဲ့ဟာကိုသုတေသနလုပ်ရမှာဖြစ်နေတော့ နည်းနည်းတော့မလွယ်ဘူး။ စိတ်ပိန်ပိန်နဲ့ဖတ်နေရပါတယ်။

(၅) ရောက်ဖြစ်နေတာ
- ပုံမှန်ရောက်ဖြစ်တာက စိတ်ကိုကြည်နူးစေ၊ တခါတလေလွမ်းမောစေ၊ တခါတလေအတွေးတွေဝေစေတဲ့ ဘလော့ကမ္ဘာပေါ့။
- စိတ်ကူးနဲ့ကတော့ အမေ့အိမ်ကိုနေ့တိုင်းပြန်နေမိတယ်။
- နှလုံးသားနဲ့သွားဖြစ်တာတော့ မြန်မာပြည်ကမြို့တော်အသစ်တခုပေါ့။ (ချစ်တဲ့သူတယောက်ရှိနေလို့ပါ။)

(၆) ရေးဖြစ်နေတာ
- အလွဲအလွမ်းတွေပါ။ အချစ်ဆိုတာကိုနားမလည်ဘဲ အလွမ်းအကြောင်းကိုရေးတဲ့အခါ ဆယ်တန်းမအောင်ဘဲ နောက်ဆုံးနှစ်လက်ချာသွားတက်နေသလိုပါပဲ။ လွမ်းသာလွမ်းရတာ ဥာဏ်မမီဘူး။

(၇) နားထောင်ဖြစ်နေတာ
- ဟိုတလောက တောက်လျှောက်ဖွင့်ဖြစ်နေတာတော့ အန်တီဒေါ်မြင့်မြင့်ခင်ရဲ့ နားပန်းဆံပါ။ သီချင်းဖွင့်လိုက်၊ ကိုယ်ပါလိုက်အော်လိုက်နဲ့ မြန်မာသီချင်းကောင်းတပုဒ်ကို ကိုယ့်အသံနဲ့ကိုယ်ဖျက်ဆီးတာပါ။ နောက်သီချင်းကတော့ “ဒီထက်မက” ဆိုတဲ့ဆောင်းဦးလှိုင်သီချင်း။ နောက် Akon ရက်ပ်ဆိုထားတဲ့ Mr. Lonely။

(၈) ရွတ်နေမိတာက
- ဘောဇဉ်သုတ်။ (အားကိုးရာရှာမိတာပါ)

(၉) ဖြစ်ချင်နေတာက
- အားလုံးကိုကူညီနိုင်တဲ့ ကျန်းမာပျော်ရွှင်တဲ့သူတယောက်။

(၁၀) စားနေရတာ
- ဆားလျှော့၊ အချိုပေါ့၊ အဆီပါလေရုံ၊ ကိုလက်စထရောရှောင်။ အချဉ်နဲ့အဖန် ၂မျိုးသာကင်းလွတ်ရာ။ (ထမင်းစားရတိုင်း ကိုယ့်ကိုကိုယ်ငရဲကျနေသလိုထင်နေတာကတော့ ထိန်းလို့မရဘူး။)

(၁၁) သနားနေမိတာ
- ကိုယ့်နိုင်ငံမှာဈေးရောင်းစားနေတဲ့၊ ဈေးတွေမှာတောင်းရမ်းစားရတဲ့ သက်ကြီးရွယ်အိုတွေကိုကျော်ပြီး စင်္ကာပူက ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတဲ့ အဘိုးကြီး အဘွားကြီးတွေကို။

(၁၂) လွမ်းနေမိတာက
- ကိုယ့်လက်ထဲက ပိုက်ဆံ ၁၀၀ကို မုန့်ဟင်းခါးဝယ်စားလိုက်ရင် ကိုယ်တယောက်တည်းစားရမှာစိုးလို့ ၅ခုပါတဲ့ပူတင်း တထုတ်ဝယ်ပြီး ကျန်တဲ့သူငယ်ချင်းတွေနဲ့ဝေစားခဲ့တဲ့ ဒုတိယနှစ်ကျောင်းသူဘ၀။ (အခုများတော့ အိတ်ထဲကပိုက်ဆံ ကုန်မှာ၊ ထမင်းငတ်မှာကို သေမလောက်ကြောက်တာ။ )
- ပြန်သွားရင်တောင်မှ ဒီပုံအတိုင်းဆို စားရပါ့မလားမသေချာတဲ့ ၀က်သားတုတ်ထိုး။ ပြီးတော့ကော်ရည်။

(၁၃) မေ့ထားတာက
- နာဂစ်ပြီးကတည်းက အဆက်အသွယ်မရသေးတဲ့ ဒေးဒရဲကသူငယ်ချင်း။ အသက်ရှင်ဆဲပဲလို့ ယုံကြည်ထားချင်လို့။

(၁၄) ခါးသက်မိနေတာက
- မနက်၊ ညသောက်နေရတဲ့ ဆေးတွေ။ (အဲဒီထက်ခါးတာ ရှာလို့မရတော့လို့။)

(၁၅) တမ်းတနေမိတာက
- ဒီဇင်ဘာဆောင်းအေးအေးနဲ့ နယူးရီးယားညတွေမှာ ကိုကြီးနဲ့ဆိုင်ကယ်စီးပြီး လျှောက်လည်ရတဲ့အရသာ။ (တခါတလေ အကိုတွေနဲ့ကောင်မလေးတွေအိမ်ရှေ့ဂစ်တာကိုင်ပြီး ရောက်ခဲ့ဖူးသေးတာပေါ့။)

(၁၆) ကြိတ်ပြီးချီးကျူးနေမိတာက
- ကိုယ့်စိတ်ကိုသိလွန်းပြီး ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်လွန်းတဲ့ လူတယောက်။

(၁၇) ကြိတ်ပြီးအထင်သေးနေမိတာက
- မြန်မာ့အကျင့်တွေဖျောက်ပါလို့ပြောတတ်တဲ့သူတွေ။

(၁၈) ဆန္ဒမရှိတဲ့နေရာ
- ဒီကျွန်းပိစိလေး။ (ကျောင်းပြီးရင် ဒီမှာမနေဘူး။)

(၁၉) ဆန္ဒရှိတဲ့ကိစ္စ
(ကိုလင်းနဲ့တူတယ်။)
- မန္တလေး၊ ရှမ်းပြည်ကစပြီး မြန်မာတနိုင်ငံလုံး သွားချင်တယ်။ မစားရသေးတဲ့ တိုင်းရင်းသားအစားအစာတွေ၊ မတွေ့ဘူးသေးတာတွေတွေ့ဖူးချင်တယ်။ ပြီးတော့ မကြုံဖူးတဲ့ဘ၀တွေကိုလည်း တွေ့ချင်တယ်။

(၂၀) မုန်းတီးနေမိတာက
- Fried Noodle ဆိုပြီးမှာလိုက်ရင် ရောက်လာတဲ့ Mee Goreng။

(၂၁) ချစ်နေတာက
- ကြင်နာမှုလေးတွေ။ (ဟီး ရှက်လိုက်တာ။)

(၂၂) စိတ်ပျက်နေမိတာက
- မြန်မာပြည်ကကွန်နက်ရှင်နဲ့ ဖုန်း။

(၂၃) စွဲလန်းနေမိတာက
- ခံစားမှုလေးတခု။ သိပ်သိမ်မွေ့နက်နဲပါတယ်။ တခါပဲ နက်နက်ရှိုင်းရှိုင်းခံစားဖူးလိုက်တယ်။ ဘာဆိုတာတောင် ဒီနေ့အထိမသိလိုက်ဘူး။ အဲဒီနေ့ကတော့မျက်ရည်တွေကိုရေနဲ့ရောချိုးလိုက်ရတယ်။

(၂၄) လိုအပ်နေတာက
- လုပ်ချင်တာတွေလုပ်ရဖို့ ပြီးပြည့်စုံတဲ့ကျန်းမာရေး။

(၂၅) တောင်းနေမိတဲ့ဆု
- အို၊ နာ၊ သေကင်းဝေးချင်တယ်။

(၂၆) ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာ
- လွမ်းလိုက်တာ။

(၂၇) ပြောချင်နေတဲ့ စကားတခွန်း
- ခွင့်လွှတ်ပါလို့။ (ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးသော လူတိုင်းကို။)

(၂၈) ပါးချင်တဲ့အမှာစကား
- နောက်တပါတ်ဆို ကျောင်းပြန်ဖွင့်ပြီ။ ကျန်းမာရေးလည်းဂရုစိုက်၊ ကျောင်းစာတွေလည်းများလာလို့ ဘလော့သိပ် မလည်ဖြစ်ရင်ကြိုခွင့်လွှတ်ပေးပါလို့။

(၂၉) ၀န်ခံချင်တာက
- ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေများပေမယ့် တကယ်တမ်းကျတော့ အပျင်းကြီးတဲ့စိတ်အလိုလိုက် တတ်တဲ့ ကောင်မလေးပါ။

(မလေးရှားကပြန်လာလာချင်း ကိုလင်းက g-talk ကနေတဂ်ထားတယ်တဲ့။ ပြေးကြည့်ရတယ်။ ပြီးတော့ မမသီရိကလည်း တဂ်ထားတယ်တဲ့။ ၂ယောက်လုံး ခေါင်းစဉ်တမျိုးတည်း။ ပေါင်းရေးလိုက်တယ်နော်။ ချစ်လို့တဂ်တယ်ပဲမှတ်ပါတယ်။ ဒီပို့စ်က မေ့သမီးရဲ့ပို့စ်ပေါင်း ၇၅ခုမြောက် အမှတ်တရလည်းဖြစ်တော့ တဂ်ထားတဲ့ ကိုလင်းရော၊ မမသီရိရော ကျေးဇူးတင်ပါတယ်လို့။)

Monday, August 3, 2009

အလွဲ အလွမ်း


ကဗျာရေးချင်နေပေမယ့်

ထွက်လာတာက စာသားတွေ…


အချစ်အကြောင်း အက်ဆေးတပုဒ်ပါဆို

အလွမ်းတအုပ်စာထွက်သွားတယ်။


ဖုန်းဆက်မလို့ ဖုန်းကိုထုတ်

အဲဒီနံပါတ်က မင်းမှမဟုတ်တော့တာ…


ညနေညနေ ညစာပြင်ရင်းနဲ့

အလွမ်းတွေပဲ တွင်တွင်ချက်မိနေတယ်။


စာအုပ်တအုပ်ဖတ်

မင်း Bookmark ကစာအုပ်ကြားမှာ…


ရေချိုးပြီးတော့ ဗီရိုဖွင့်

မင်းလှတယ်ပြောဖူးတဲ့ အကျီ င်္ကလွင့်ကျတယ်။


ကဲ ဘယ်လိုလဲကွယ်

ဘာပဲလုပ်လုပ် မင်းဝင်ရှုပ်နေပါလား

စိတ်တိုတိုနဲ့ အိပ်

အိပ်မက်ထဲမှာ မင်းပုံရိပ်တွေ။