Saturday, February 28, 2009

ညနေစောင်းတဲ့အထိတော့
ဒါကဘတ်စကတ်ဘောကွင်း
အခုသူက ကိုယ့်ရဲ့နိဗ္ဗာန်ငယ်
ကျောချလိုက်တဲ့အခါ
သံပန်းကွက်ခုံတန်းလေးက အေးမြလို့
မီးခိုးရောင်ကောင်းကင်ရဲ့အရှေ့မှာ
တိမ်တွေကတရွေ့ရွေ့နဲ့ လမ်းသလားနေကြတုန်း
လေပြေလေးတွေကတော့ ၀င်တချက်ထွက်တချက်နဲ့
ညကတော့ စက်သပ်ထားသလို ငြိမ်သက်နေလေရဲ့
မလှမ်းမကမ်းက မီးလင်းနေတဲ့အခန်းတွေကိုကြည့်
တချို့က ခန်းဆီးတွေချ
တချို့က ကန့်လန့်ကာတွေမလို့
စာကြည့်နေတဲ့ ကျောင်းသားအချို့ကို
မသဲမကွဲမြင်ရတယ်
ငါ ဒီညစာမဖတ်ချင်ဘူး
စိတ်ကူးတွေရပ်လိုက်ရမှာစိုးလို့
ဂစ်တာမတီးချင်ဘူး
ညရဲ့ဂီတကိုရင်ခုန်ချင်သေးတယ်
မီးလုံးကလေးတွေ မှိတ်
ကြယ်ကလေးတွေလည်းအိပ်လို့
နောက် ငှက်အော်သံတွေတိတ်ဆိတ်လာတဲ့အခါ
(ဖုန်း)နံပါတ်တစ်ခုချင်းစီကိုနှိပ်
ရင်ခုန်သံတဒိတ်ဒိတ်နဲ့
ဒီညအိပ်မက်လေးလှပါစေလို့ ဆုတောင်းရင်းပေါ့...။

၁၈.၀၂.၂၀၀၉

Saturday, February 21, 2009

Birthday Happiness

အားလုံးနဲ့အပျော်တွေကိုမျှဝေပေးလိုက်ပါတယ်။ ဒီနေ့က မေ့သမီးရဲ့မွေးနေ့ပါ။ အခုတော့မအိပ်ရသေးတော့ မနက်ဖြန်လို့ပြောရမလားမသိဘူး။ ညကအခန်းထဲမှာကိုရီးယားကားကြည့်နေတဲ့အချိန် ဘေးချင်းကပ်အိမ်မှာနေတဲ့ အစ်ကိုကဖုန်းဆက်ခေါ်တယ်။ ၁၁နာရီ မိနစ်၅၀လောက်ရှိနေပြီ။ မနက်တုန်းကကျောင်းမသွားခင်သူ့ကို ဟင်းထည့်ပေးခဲ့တဲ့ပန်းကန်တွေလာပို့မလို့ အောက်ခဏဆင်းခဲ့တဲ့။အဲဒါနဲ့ပဲ အောက်ဆင်းသွားတော့ အိမ်မှာအတူနေတဲ့ကုလားမလေးကရေချိုးခန်းထဲက ထွက်လာတယ်။ ကိုယ့်ကိုရယ်ပြတယ်။ တစ်အိမ်လုံးက အမြဲတမ်းလျှပ်စစ်ချွေတာရေးနဲ့ အမှောင်ချချထားတတ်တော့ မီးဖိုခန်းထဲလည်း မမြင်ရဘူး။ အဲဒါနဲ့ ပြန်ပြုံးပြပြီး အိမ်ထဲကထွက်ပြီး ဟိုဘက်အိမ်ကိုကူးသွားတယ်။ အစ်ကိုကထွက်လာပြီး ပန်းကန်တွေပေးတော့ ဗိုက်ဆာလိုက်တာလို့၊ အစ်ကို့(နောက်တစ်အိမ်မှာနေတဲ့အစ်ကို) ဆီသွားပြီးတစ်ခုခုသွားတောင်းစားရအောင်ဆိုတော့ အေးတဲ့။ အဲဒါနဲ့ ပန်းကန်ကိုမီးဖိုချောင်ထဲမှာ ထားမလို့လုပ်နေတုန်း ခုနကမုန့်သွားတောင်းစားမယ်ဆိုတဲ့အိမ်က အစ်ကိုကကိုယ့်အိမ်ထဲကနေထွက်လာတယ်။ ဟင် အိမ်ထဲရောက်နေတာလားဆိုတော့ အင်းဆိုပြီး ကိုယ့်ကိုလည်းအိမ်ထဲခေါ်သွားတယ်။ ထမင်းစားခန်းထဲ ရောက်တော့မှကိတ်မုန့်ပြင်ထားတာတွေ့ပြီး တစ်ယောက်ပြီးတစ်ယောက် Birthday Song ဆိုပြီးမီးဖိုခန်းထဲက ထွက်လာကြတယ်။ ကိုယ်နဲ့အတူနေတဲ့ အစ်မ၊ ကုလားမလေးနှစ်ယောက်၊ ကိုယ်တို့မြန်မာအစ်ကို၊ အစ်မတွေ အားလုံးနီးပါးရောက်နေကြပြီး ကိုယ့်ကို Birthday Party လေးလုပ်ပေးကြတယ်။ ကိုယ့်ရဲ့အပျော်တွေကို အားလုံးနဲ့ မျှဝေလိုက်ပါတယ်။ မွေးနေ့မှာ မိသားစုနဲ့ ဝေးနေရတယ်ဆိုပြီးဝမ်းနည်းနေတာကို ပြေပျောက်အောင်လုပ်ပေးတဲ့အစ်ကို၊ အစ်မတွေ၊ သူငယ်ချင်းတွေအားလုံးကို လည်း ကျေးဇူးတင်လိုက်တာ။ ကိတ်မုန့်နဲ့ ရတဲ့လက်ဆောင်တွေကို ကြွားလိုက်ပါတယ်။

ကိတ်မုန့်စားသွားကြပါဦး။

အမှတ်တရ တစ်ခုခုရေးသွားလေ။

အမှတ်တရလေးတွေပါ။

(ပို့စ်ကညကရေးထားတာပါ။ ဒါပေမယ့် ဘယ်လိုမှပုံတွေတင်မရတာနဲ့အခုမှတင်ပေးလိုက်ပါတယ်။ အားလုံးလည်းပျော်ရွှင်ပါစေ။ )


Saturday, February 14, 2009

ချစ်-မုန်း


မချစ်တတ်ခင်
မုန်းစ၀င်၍
ပြုံးရွှင်လက်စ
ပျောက်ခဲ့ရသည်...

မကြင်တတ်ခင်
ကျင်ဒဏ်မြင်၍
မျက်ရည်လက်စ
ခွဲခဲ့ရသည်...

မုန်းလျှင်အပြစ်
ရန်သူဖြစ်၍
နောက်များဘယ်ခါ
တွေ့လိုပါပြီ
ကိုယ်ချစ်သူက မေ့သောကြောင့်။ ။



မေ့သမီး

Friday, February 13, 2009

လက်ဆင့်ကမ်းအမွေ


အသက်ကငယ်သော်ငြား
စိတ်ထားခိုင်ကျည်သူ
အာဏာမမက်
စည်းစိမ်မဖက်
နိုင်ငံအတွက်မွေး
ပြည်သူအတွက်စတေးခဲ့
သူဟာ ငါ့တို့သူရဲကောင်း
သူဟာ ငါတို့ခေါင်းဆောင်
သူဟာ ငါတို့အလင်းရောင်
သူရဲကောင်းဖယ်တဲ့နောက်
ခေါင်းဆောင်ပယ်တဲ့နောက်
အလင်းရောင်ကွယ်တဲ့နောက်
တောကြောင်တွေခမောင်းသံ
ဒီမြေမှာညံတယ်
အဖမဲ့တဲ့သား
ရေခမ်းတဲ့ငါးမို့
အားငယ်ခဲ့လည်း
သူပြခဲ့တဲ့လမ်း
ဇွဲ၊ သတ္တိနဲ့လှမ်းမှ
တို့လိုချင်တဲ့ပန်းတိုင်
ငါတို့ပိုင်ရမယ်
သူ အနားမှာမမြင်လည်း
အိုးဝေတွေတွန်တဲ့မြေမှာ
သူရှိနေဆဲ
ငါယုံကြည်လို့
သူ့စိတ်ဓါတ်ကိုလက်ဆင့်ကမ်း
ပြည်သူ့ဝန်ထမ်းဖို့
ငါတို့တွေသွေးစည်း
ညီညာရှေ့တက်
ခရီးဆက်ကြစို့လေ။


မေ့သမီး

Wednesday, February 11, 2009

နားထောင်ဖြစ်တဲ့ သီချင်း

ဘာရယ်တော့မဟုတ်ဘူး။ သူများတွေက ကဗျာရေးပြီးဆားချက်ကြတယ်တဲ့။ ကိုယ့်အတွက်တော့ ကဗျာရေးတယ်ဆိုတာ ခံစားချက်ရှိမှ ရေးဖြစ်တာဆိုတော့။ အခုလောလောဆယ်လည်းမအားသေးတာနဲ့ နားထောင်ဖြစ်တဲ့ အရိုးရဲ့သီချင်းလေး သုံးပုဒ်ကို တင်ပေးလိုက်ပါတယ်။ အရိုးရဲ့ အခုလက်ရှိထွက်တဲ့အခွေသစ်ထဲကသီချင်းတွေပါ။ ပထမဆုံး “လေလာနေသာတဲ့နေ့မှာ” ဆိုတဲ့သီချင်းက အိမ်မှာတုန်းကတည်းက သူငယ်ချင်းတွေက ဂစ်တာတီးရင်ဆိုတတ်တဲ့သီချင်းပါ။ ဒါပေမယ့်အဲဒီထက်ကို မဟုတ်ကဟုတ်က ပေါက်ရတွေဆိုတာပါ။ အရင်တည်းကအရိုးရေးတဲ့သီချင်းတွေကိုကြိုက်တော့ သူဆိုတဲ့သီချင်းတွေကိုတင်ပေးလိုက်တာပါ။

NayTharLayLarTaeNayMhar - AhYoe


Oo - AhYoe


Asian LuLal - AhYoe

Wednesday, February 4, 2009

ဘ၀နဲ့ နှစ်ဆယ့်လေး


ရှင်သန်လာခဲ့တဲ့
နှစ်ပေါင်းနှစ်ဆယ့်သုံးမှာ
မုန်းတီးခဲ့ဘူးတဲ့
ကော်ဖီခါးခါးတွေကို
(အခုတော့)
မနက်တိုင်း
ရှုံ့ရှုံ့မဲ့မဲ့
ရေတစ်ခွက်နဲ့ မျိုမျိုချ…။
ကိုယ့်ကိုကိုယ်လိမ်ရင်း
မာကျောနေတဲ့
လိမ်မာသူများကို
ကြည့်မရဘဲ
မချိပြုံးတွေပြုံးပြ…။
ဒေါင်းကကျီးယောင်
ကျီးကဒေါင်းဆောင်
ပေါင်းသင်းဆက်ဆံရေးမှာ
ရိုးသားမှုမရှိသူတွေကို
ပြုံးမပြတတ်ခဲ့တဲ့
နှစ်ဆယ့်သုံးနှစ်မှာ
ငါပျော်ရွှင်ခဲ့ဘူးပေမယ့်
(အခုတော့)
ငါမဆိုချင်တဲ့ပဋိသဒါရက
ငါနှုတ်ခမ်းကိုခါးစေကြ...။

ဘ၀က ငါ့ကို
ပျော်သလိုနေခွင့်မပေးနိုင်ဘူးတဲ့
ဘ၀ဆိုတာ မကြိုက်တာတွေကို
ခါးခါးသီးသီးလုပ်ရတာတဲ့လား

ငါမကြိုက်တဲ့
ကော်ဖီတစ်ခွက်လို
ငါမကြိုက်တဲ့
အပြုံးတစ်ဝက်လို
ငါမကြိုက်တဲ့
ဟန်ဆောင်စကားတွေကို
ငါကိုယ်တိုင်အဖက်လုပ်နေရ
အသက်က နှစ်ဆယ့်လေးဖြစ်လာတဲ့အခါ။

မေ့သမီး

Monday, February 2, 2009

စိုးရိမ်မိတယ်


ကျွန်မ စင်္ကာပူကိုရောက်မလာခင်အချိန်အထိ တိုင်းရင်းသားတွေအားလုံးဟာ မြန်မာနိုင်ငံထဲကမြန်မာလူမျိုးတွေ၊ တစည်းတလုံးတည်း၊ တစိတ်တ၀မ်းတည်းလို့ယုံကြည်ထားတာပါ။ မြန်မာလို့အမည်ပြောင်းလိုက်တာကို ဒီအစိုးရလုပ်ခဲ့သမျှထဲမှာ တစ်ခုတည်းသောကျွန်မသဘောကျတဲ့အရာလို့ ကျွန်မအမြဲပြောတတ်ပါတယ်။ ရုတ်တရက်ကြီး ဗမာလို့နိုင်ငံတကာကသိနေတဲ့နိုင်ငံကို မြန်မာလို့ပြောင်းပစ်တဲ့လုပ်ရပ်ရဲ့နောက်ကွယ်မှာ နိုင်ငံရေး အရတစ်ခုခုရှိချင်ရှိမယ် ကျွန်မမပြောတတ်ဘူး။ အဲဒီတုန်းက ကျွန်မသိပ်ငယ်ပါသေးတယ်။ ဒါပေမယ့် အဲဒီလိုပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံတော်သည် မြန်မာ၊ အဓိက လူမျိုး (၈)ခုသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုပြီး ဖြစ်သွားမယ်။ ဗမာလူမျိုးတွေရဲ့ နိုင်ငံသီးသီးမဟုတ်ဘဲ ဒီလူမျိုး ၈ခုနဲ့ တခြားလူမျိုးငယ် ပေါင်းများစွာပါဝင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာမျိုး အားလုံးလည်း ခံယူသွားမယ်လို့ထင်ခဲ့တာ။ ကျွန်မသိသလောက်ကျွန်မနေခဲ့တဲ့ မြို့ပေါ်မှာတော့ ရခိုင်မို့လို့၊ ရှမ်းမို့လို့၊ မွန်မို့လို့၊ အဲဒီလို ဗမာမဟုတ်လို့ဆိုပြီး ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။ ရှမ်းပြည်ဘက်မှာ၊ နယ်စပ်ဘက်မှာ စစ်သားတွေက အမျိုးသမီးငယ်လေးတွေ အရွယ်ရောက်လာရင်အနိုင်ကျင့်စော်ကားလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားပေးစားလိုက်တယ်ဆိုတာ မျိုးကြားဖူးပါတယ်။ ဒါပေမယ့် အဲဒါကြောင့်တိုင်းရင်းသားတွေက ဗမာလူမျိုးကိုမုန်းရင်တော့ မတရားဘူးလို့ထင်တယ်။ စစ်သားကစစ်သားပဲ။ ပြီးတော့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော်တုန်းက စစ်သားတွေက ဒီလိုမျိုးရှိခဲ့လို့လား။ ဆွမ်းဆန်ထဲကြက်ချေးရောရင်တောင် တော်တော်ရှားမယ်ထင်တာပဲ။ တစ်ခါမှလည်း ဗိုလ်ချုပ်ခေတ်ကတပ်မတော်က ပြည်သူကိုစော်ကားတယ်လို့ ကျွန်မမကြားခဲ့ဘူးပါဘူး။ ထားပါတော့လေ။ ကျွန်မစင်္ကာပူကိုရောက်ပြီး သိပ်မကြာခင်မှာ ကျွန်မထက်တစ်နှစ်လောက်ငယ်တဲ့ ကချင်ပြည်က မောင်လေးတစ်ယောက်ကျောင်းကို ရောက်လာ ပါတယ်။ ကျွန်မနဲ့အတန်းအတူတူပါပဲ။ ကျွန်မကမောင်အငယ်မရှိတဲ့သူဆိုတော့ သူ့ကိုခင်ပါတယ်။ ဘာမဆိုကူညီ ပေးဖို့လည်းစိတ်ကူးခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့မြန်မာတွေစုပြီးဟိုသွား၊ ဒီသွားဆို မြန်မာတွေဆီကို Email ပို့ပါတယ်။ သူကမလိုက်တာများပါတယ်။ လိုက်တဲ့အခါတုန်းကလည်း လိုက်မယ်ဆို Email ပို့ရင် ကျွန်တော် ဗမာလူမျိုးမဟုတ်ပေမယ့် လိုက်ခဲ့မယ်ဆိုတာမျိုးတွေ ထည့်ပြောပါတယ်။ တစ်ခါတုန်းကလည်း ကျွန်မနဲ့သူ အပြင်က ပြန်လာတော့ ဘတ်စ်ကားပေါ်မှာ သူမြစ်ကြီးနားဘက်မှာ သူခရီးသွားတုန်းက အထက်တန်းကျောင်းတွေ၊ တက္ကသိုလ် တွေမှာ ဘိန်းဖြူအဆင့်ကိုတောင်လွယ်လွယ်ရနေတာသူတွေ့ခဲ့တယ်တဲ့။ (သူကရန်ကုန်ကိုငယ်ငယ်တည်းက ရောက်တာပါ။ ) အဲဒါနဲ့ပတ်သက်ပြီး အစ်မဘယ်လိုမြင်လဲတဲ့။ ကျွန်မတို့ဆီမှာလည်း တက္ကသိုလ်မှာ ဆေးခြောက်တို့၊ အရက်တို့၊ မိန်းမတို့ဆိုတာ လွယ်လွယ်ရနေတာပဲလို့။ (ကျွန်မတို့မြို့ကတက္ကသိုလ်မှာပြောတာပါ။) အဲဒီတော့ သူက ဆေးခြောက်ကတစ်မျိုးလေတဲ့၊ အခုကဘိန်းဖြူတောင်မှ အထက်တန်းကျောင်းလိုနေရာမျိုးအထိရောက်နေတယ်။ ပြီးတော့ ဒါတွေကိုမသိချင်ယောင်ဆောင်ထားတဲ့သဘောမျိုးဖြစ်နေတယ်လို့ သူကပြောတယ်။ ကျွန်မရဲ့အမြင် ကိုမေးတယ်။ အဲဒီတော့ကျွန်မပြန်ပြောလိုက်တယ်။ အဲဒါကချင်ပြည်နယ်မို့၊ ရှမ်းပြည်နယ်မို့မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေကို ပညာတတ်တွေဖြစ်လာမှာကြောက်လို့ တွေးခေါ်တတ်လာမှာကြောက်လို့ အပျော်အပါးနဲ့မှိုင်းတိုက်တာ။ အဲဒါလူငယ်ထုတစ်ခုလုံးကိုအဲဒီလိုလုပ်ထားတာလို့ ပြန်ဖြေလိုက်ပါတယ်။ သူကသိပ် တော့ အဲဒီအဖြေကိုကျေနပ်ပုံမရဘူး။ တိုင်းရင်းသားတွေကိုပိုပြီး ဖိနှိပ်ထားတာလို့ထင်နေတဲ့ပုံပဲ။ ကျွန်မကတော့သူတို့ အဲလိုလုပ်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်လိုဖြေမလဲ။ နောက်ကျွန်မတို့ကျောင်းက တခြားအစ်ကိုတစ်ယောက်နဲ့ အဲဒီအကြောင်းတွေပြောဖြစ်ကြတော့ သူကနင်တိုင်းရင်းသားအစစ်တွေကို မမြင်ဘူးလို့။ သူတို့ကအကုန်လုံးနီးပါး ဒီလိုပဲတဲ့။ (အဲဒီအစ်ကိုကလည်း ချင်းသွေးစပ်ပါတယ်။) သူတို့ အကုန်နီးပါးဗမာကိုမုန်းတယ်။ ဗမာဆိုတာ သူတို့မျက်စိထဲမှာလူလည်တွေတဲ့။ ကျွန်မအဲလိုကြားရတော့ စိတ်မကောင်းလိုက်တာ။ အဲဒီအစ်ကိုကတော့ ကျွန်မတို့ အားလုံးနဲ့စည်းစည်းလုံးလုံးပဲ။ အဲဒီကောင်လေးကတော့ ကျွန်မတို့နဲ့လည်းမလိုက်တာများ၊ ပြီးတော့ သူက ကိုယ့်တစ်နိုင်ငံတည်းကလာတာဆိုတဲ့ စိတ်မျိုးကို မမွေးနိုင်တာလားမသိဘူး။ ဗမာဆိုတာသူ့အတွက်တော့ တရုတ်တွေ၊ ဂျပန်တွေနဲ့ဘာမှမကွာဘူး။ ကျွန်မကတော့ ကရင်ဒုက္ခရောက်လည်း တစ်နိုင်ငံလုံးဒုက္ခပဲ။ ကချင်အရေးဆိုလည်း တစ်နိုင်ငံလုံးအရေးပဲလို့။ ဘာကြောင့်များတစ်မြေတည်းနေပြီးခွဲခြားချင်ကြတာပါလိမ့် စဉ်းစားလို့တောင်မရဘူး။ တခါတလေလည်း သူနဲ့တခြားအစ်မတစ်ယောက် (သူကတရုတ်စပ်) စကားပြောကြတယ်။ မြန်မာနိုင်ငံက အရင်အနော်ရထာတို့ခေတ်တုန်းကလိုက်ပြီးတိုက်ယူထားတာ။ ဗမာပိုင်ကဘာမှရှိတာမဟုတ်ဘူး။ ကချင်ပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့အားလုံးဗမာဘုရင်ကလိုက်သိမ်းယူထားတာဆိုတာမျိုးတွေ ပြောတယ်။ ကျွန်မလည်းစာအုပ်တွေဖတ်ခဲ့ဖူးတာပဲ။ သိတာပေါ့။ ဒါပေမယ့် အခုအဲဒါတွေကဗမာပိုင်မဟုတ်ဘူး။ နင်တို့နဲ့ငါတို့တစ်နိုင်ငံတည်းမဟုတ်ဘူးဆိုပြီး ခွဲထွက်ပြီးအစိတ်အစိတ်အမွှာမွှာကွဲအောင်လုပ်ချင်ကြတာလား။ စင်္ကာပူလို နိုင်ငံသေးသေးလေးတွေအများကြီးထူထောင်ချင်ကြတာလား။ ကျွန်မစဉ်းစားလို့မရဘူး။ သမိုင်းထဲက ကောင်းတာယူပြီး မကောင်းတာတွေကိုထားခဲ့လိုက်ကြပါ။ သမိုင်းမှာနယ်ချဲ့ခဲ့တယ်။ အခုမချဲ့နဲ့တော့။ ကိုယ်လဲ နယ်ချဲ့ဘ၀အရောက်မခံနဲ့တော့။ ဘာကြောင့်များသွေးကွဲချင်နေရတာပါလိမ့်။ ဒီနေ့လဲ ကျောင်းကသူငယ်ချင်း တွေကနိုင်ငံရေးဟာသတွေကိုပို့ပေးတယ်။ Can you add in your country? ဆိုတဲ့ခေါင်းစဉ်နဲ့။
SOCIALISM :
You have 2 cows and you give one to your neighbor .

COMMUNISM:
You have 2 cows; the Government takes both and gives you some milk.

NAZISM:
You have 2 cows. The Government takes both and shoots you.

AN AMERICAN CORPORATION:

You have two cows. You sell one, and force the other toproduce the milk of four cows. Later, you hire a consultant to analyze why the cow dropped dead.
FRENCH CORPORATION:

You have two cows. You go on strike because you want three cows.

A BRITISH CORPORATION:

You have two cows. Both are mad.


LEBANON SYSTEM :

You have two cows. One is owned by Syria and the other is controlled by the government.

EGYPT SYSTEM :

You have two cows. Both vote for Mubarak.

DUBAI SYSTEM :

You have two cows. You create a website for them andadvertise them in all magazines. You create a ' Cow City ' or ' Milk Village ' for them.
You sell off their milk before the cows have even beenmilked to both legit and shady investors who hope to re -sell the non-existent milk for a 100% profit in two years time. You bring Tiger Woods to milk the cow first to attract media attention.

SHARJAH SYSTEM:

You have two cows. You sell them to an investor in Dubai.
The cows get stuck in traffic between Sharjah to Dubai and die. You have zero cows now.

PAKISTANI SYSTEM:
You had two cows. One was bombed by an American predator. You ate the other one.
အဲဒါကိုကျွန်မကဒီလိုပြန်ရေးတယ်။
Myanmar System

You have two cows. The government takes them and asks you to get daily grass for them.
ကျွန်မပို့နေတုန်းမှာပဲ သူ့ဆီက၀င်လာတာက
Burma Enterprise
You have 100 cows with different colors. Then you paint them with the same color.
Cows, who don't want to get painted, were sent to butcher's house. Cows, who get painted, get displined oxocracy!
ကျွန်မတကယ်ကိုစိတ်မကောင်းဖြစ်မိတာပါ။ သူစိတ်ထဲမှာ ဗမာ၊ ကချင်၊ ကယားလူမျိုးတွေဟာ လူမျိုးမတူ၊ စိတ်ထား ခြင်းမတူဖြစ်နေပြီလားလို့ပါ။ အစိုးရနဲ့ ပြည်သူကလုံးဝမတူပါဘူး။ အစိုးရကထုတ်ပြန်သမျှ မူဝါဒတွေ၊ သတင်းတွေ၊ အကြောင်းအရာတွေအားလုံးဟာ ကျွန်မတို့ပြည်သူတွေရဲ့သဘောထားလည်းမဟုတ်ပါဘူး။ ဒါနဲ့ကျွန်မပြောလိုက် ပါတယ်။ Different kinds နဲ့ Various kinds ဆိုတာမတူဘူးလို့။ ဒီတစ်မျိုးတည်းကိုပဲ ပုံစံကွဲတာ။ အမျိုးအစားကွဲ၊ အရင်းအမြစ်ကိုတည်းကမတူတာ။ ကျွန်မအတွက်တော့ ဗမာတိုင်းရင်းသားနဲ့ တခြားတိုင်းရင်းသားဆိုတာ Various kinds ပါ။ အမျိုးအစားတူ၊ ပုံစံကွဲပါ။ တခြားနိုင်ငံကလို Different ဖြစ်နေတာမဟုတ်ဘူး။ ကျွန်မတို့မှာ ဘာမှကိုအဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ တိုင်းရင်းသားအချင်းချင်း ကလည်း သွေးကွဲနေကြရင် အခြေအနေက ပိုပြီးဆိုးလာတော့မှာ ကျွန်မစိုးရိမ်မိတယ်။ ကျွန်မတို့ဟာ တစ်မြေတည်း၊ တစ်နိုင်ငံတည်းကလာကြတာ လူမျိုးစုကွဲပေမယ့် တစ်စိတ်တစ်ဝမ်းတည်းအားလုံးကိုရှိစေချင်ပါတယ်။


မေ့သမီး
(ဓါတ်ပုံကို Google နဲ့ရှာထားတာပါ)