Friday, July 31, 2009
ပြောချင်တာ
Tuesday, July 28, 2009
လမ်းဆုံ
Sunday, July 26, 2009
ငယ်ငယ်ကပျော်စရာ
ဒီတမနက်လုံး မကေတို့၊ မမိုးချိုသင်းတို့ဘလော့က ကလေးကဗျာတွေလိုက်ဖတ်လိုက်၊ ကိုယ့်တုန်းက ဘာတွေဆိုခဲ့လဲပြန်စဉ်းစားလိုက်လုပ်ရတာ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မမသီရိကပါ အဲဒီအကြောင်းရေးပြီး ကိုယ့်ကိုတက်ဂ်ထားတော့ မျက်လုံးပြူးသွားပါတယ်။ ကွန်မန့်ထဲမှာ သူများရေးထားတဲ့ ကဗျာတွေထဲမှာအကုန်ပါကုန်ပြီလေ။ အကုန်လုံးက ဒေသသိပ်မကွဲပြားလို့ပဲလားတော့မသိဘူး။ တော်တော်လေး ဆင်တူကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်မှတ်မိသလောက် ကလေးဘ၀မှာဆိုခဲ့အော်ခဲ့တဲ့ကဗျာလေးတွေကို ပြန်စဉ်းစားကြည့်မိပါတယ်။
ပထမဆုံးစဆိုတတ်တာတော့ ချိုမိုင်မိုင်ပဲဖြစ်မယ်ထင်ပါတယ်။ နောက်တပုဒ်ကိုပြောရရင်တော့ ကျွန်မတို့ အားလုံး စကားတတ်ခါစမှာဆိုတတ်ကြတဲ့ကဗျာလေးလေ။ ကိုယ့်လက်တချောင်းချင်းကိုင်ကြည့်ပြီး “မမ ၊ ညှိုးညှိုးငယ်ငယ်မနေပါနဲ့၊ လယ်လယ်သွားမယ်၊ ကြွယ်ကြွယ်တို့အိမ်ကို၊ သန်းသန်းလည်းလိုက်မယ်” ဆိုတာလေးပါ။ ကိုယ့်လက်ကလေးကိုယ်ကိုင်ကြည့်လိုက်၊ အဲဒီကဗျာလေးဆိုလိုက်လုပ်ခဲ့ရတာ ပျော်စရာလို့ထင်ခဲ့တာပါပဲ။
မူကြိုစတက်ပြီးသိပ်မကြာခင်မှာ ကျောင်းကနေရသွားတဲ့ကဗျာကတော့ A ကနေ Z အထိကို စာလုံးလေးတွေနဲ့ စာသင်တဲ့ကဗျာပါ။
A – Apple ပန်းသီးဟာ လူလေးစားစရာ
B – Bird ငှက်ကလေး တောနဲ့တောင်ယာကျေး
C – Cat ကြောင်ရွှေဝါ မေ့မေ့အနားလာ
D – Duck ဘဲကလေး ရေကန်ထဲမှာပြေး
E – Eagle ရွှေလင်းယုန် စီးပေါ့လေထဲခုန် စသဖြင့် Z အထိသွားတဲ့ကဗျာပါ။ အခုထိအစအဆုံးရနေပါသေးတယ်။ ကဗျာတွေကိုနှစ်သက်တဲ့စိတ်အခံက မူကြိုကတည်းကပါလာခဲ့တာဖြစ်ပါလိမ့်မယ်။ မူကြိုကဆရာမတွေသင်ပေးတဲ့ ကဗျာ၊ သူငယ်ချင်းတွေလက်ဆင့်ကမ်းရင်းဆိုဖြစ်ကြတဲ့ကဗျာတွေကို အိမ်ပြန်ရောက်တိုင်း အမေ၊ အဖေနဲ့ အဘိုးကို ပြန်ဆိုပြ၊ မဟုတ်ကဟုတ်ကပုံပြင်တွေကိုတော့ ပထမတန်းတက်နေပြီဖြစ်တဲ့အကိုကိုပြန်ပြန်ပြောပြလေ့ရှိပါတယ်။ နောက်ဆိုတတ်တဲ့ကဗျာလေးတပုဒ်ကတော့
“ ကြိုးတန်းပေါ်မှာ ကြွက်ကလေးလျှောက်
ဟိုဘက်အိမ်ကိုရောက်
ပြတင်းပေါက်ကသူခုန်ဝင် ကြောင်ဖားကြီးကိုမြင်
ကြောင်ကိုမြင်တော့ သူထွက်ပြေး ကြောက်လိုက်ရတယ်လေး” ဆိုတဲ့ကဗျာပါ။
မူကြိုမတက်ရတဲ့ရက်တွေမှာ မိုးလေးညိုလာလို့ အိမ်မှာလူကြီးတွေမရှိဘဲ အကိုနဲ့ကျန်ခဲ့တဲ့အချိန်မှာ အဆိုများတာက တော့အားလုံးသိတဲ့ “မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ်” ဆိုတဲ့ ကဗျာပါ။
နောက်မမသီရိဆီမှာတွေ့ခဲ့တဲ့ ကဗျာလေးပါပဲ။ ကိုယ်တို့ဆိုလေ့ရှိတာတော့ “နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး လှံနဲ့ထိုး၊ သူခိုး မအေ -ိုး” တဲ့။ မူကွဲတာဆေးတံနဲ့မခေါက်လိုက်ဘဲ အဲလိုဖြစ်သွားတာပေါ့။ အခုငို အခုရယ်လုပ်တတ် တဲ့ကိုယ့်ကို အိမ်ကလူတွေအမြဲစနေကျ၊ ကိုယ်တိုင်လည်း သူငယ်ချင်းတွေကိုစတတ်တဲ့ကဗျာတပုဒ်ကတော့ “ငိုရယ် ငိုရယ် ဆန်တပြည်၊ ငိုရွဲငိုရွဲ ဆန်တခွဲ” တဲ့။ နောက်မူကြိုကိုဝတ်စုံမ၀တ်ဘဲ ရှိုးထုတ်ပြီးဝမ်းဆက်တွေဘာတွေ ၀တ်လာတတ်တဲ့သူငယ်ချင်းတွေဆိုရင်တော့ “အကျီ င်္ဆင်တူဘောင်းဘီဆင်တူ ခွေးကလေးနဲ့တူ၊ အကျီ င်္ကွက်ကြား ဘောင်းဘီကွက်ကြား ခွေးကလေးနဲ့ညား” လို့စတတ်ပါတယ်။
နောက်ကဗျာတပုဒ်ကတော့ မူကြိုမှာပဲရတာပါ။ “မှုန်ရွှေရည် ဖင်မှာအနာပေါက်သည် ဒေါက်တာငွေစိုး အပ်နဲ့ထိုးလို့ ဖင်ရိုးကျိုးပါပြီ” ဆိုတာပါ။ ဘယ်ကဘယ်လိုအဲဒီကဗျာဖြစ်သွားမှန်းတော့မသိ။ သူငယ်ချင်းတယောက်ရဲ့ အဖေက ဦးငွေစိုး (ဖေ့ဖေ့သူငယ်ချင်းပါပဲ)ဆိုတော့ သူရှေ့မှာအဲဒီကဗျာဆိုရတာကို အရသာရှိနေတတ်ပါတယ်။ အဲဒီကဗျာဆိုရင် သူကကျွန်မတို့ကိုမျက်စောင်းတထိုးထိုးပေါ့။
အမတွေနဲ့လက်ဝါးရိုက်ဆော့ရင်ဆိုတာကလည်း အားလုံးဆိုခဲ့ကြတဲ့အတိုင်း သိပ်မူကွဲမဟုတ်ပါဘူး။ “တစ် နှစ် သုံး
သုံးတာကပိုက်ဆံ၊ စန္ဒာက ဇော်လင်းမိန်းမ၊ မတာကဘိုးဘိုးအောင်၊ အောင်တာကစာမေးပွဲ၊ ပွဲတာကသီတင်းကျွတ်၊ ကျွတ်တာကလုံချည်၊ ခြည်တာကကြိုး၊ ကြိုးတာကလက်၊ လက်တာကကြောက်၊ ကြောက်တာကသရဲ၊ ရဲတာကသွေး၊ သွေးတာကသနပ်ခါး၊ ခါးတာကဂျင်ခါးသီး၊ ကိုရင်နှာဘူးကြီး” ဆိုတဲ့ကဗျာပါ။
သူငယ်ချင်းတွေကတုံးတုံးလာတိုင်းဆိုတတ်တာတော့ “ကတုံးကတုံး တယ်လီဖုန်း၊ ရန်ကုန်မြို့ကိုဆက်ပါဦး၊ ရန်ကုန်မြို့မှာဖုန်းကြိုးပြတ်၊ ကတုံးခေါင်းမှာ ချေးတွေကပ်” ပေါ့။ တချို့နေရာတွေမှာ နည်းနည်းမူကွဲပေမယ့် သိပ်ပြီးတော့မကွာသွားပါဘူး။ နွေရာသီမှာလာတတ်တဲ့ ဖရဲသီးသည်လေးတွေက ဖရဲသီးစိတ်ချိုချိုလေးဆိုတဲ့ အသံကြားရင်တော့ “ဖရဲသီးစိတ်ချိုချိုလေး ငါ့ကိုချစ်ရင်တစိတ်ပေး” လို့မကြားတကြားလိုက်အော်တတ်လို့ လူကြီးတွေကအမြဲဟန့်ရတာပေါ့။
အောက်ခံဘောင်းဘီချုပ်ရိုးကွဲတာ ကော်နီပါဆိုပြီး အော်ခဲ့ဖူးသလို ကဗျာတပုဒ်ကတော့ အစမသိတော့ပါ။ သိတဲ့သူများဖော်ပေးကြပါဦး။ နောက်ဆုံးအဆုံးသတ်ကိုပဲ မှတ်မိတော့တယ်။ မှတ်မိတဲ့အပိုဒ်ကလည်းကြည့်ဦး။ “အံ့ကျော်ကြီးအိပ်လို့ပျော်ေ-ွးဥ ၂လုံးပေါ်၊ မယုံရင်ချိန်ကြည့် ၁ပိဿာလောက်ရှိ”တဲ့။ အကျင့်ကကောင်းတာလေ။ အဲဒါပဲမှတ်မိတော့တယ်။ အခုနောက်ပိုင်းတော့ သူငယ်ချင်းတယောက်ကိုစစနေကျ ကဗျာတပုဒ်ရှိပါတယ်။ “ABCD မတတ်ဘဲနဲ့ အရပ်ထဲကိုဝင်၊ စကပ်ကွဲတာ နင်”တဲ့။ လောလောဆယ် စဉ်းစားလို့ရသလောက်တင်ပေးလိုက်တာပါ။ မမသီရိလည်းကျေနပ်ပါတော့နော်။
Saturday, July 25, 2009
စုံစီနဖာ
အခုတလော အိပ်မရပါ။ ညဘက်ညဘက်ဆို ဘာအကြောင်းတွေကြောင့်မှန်းမသိ အိပ်မရပါ။ ၁၂နာရီလောက်အိပ်ရာ ၀င်ရင် ၂နာရီထိုးလောက်အထိအိပ်ရာထဲမှာ ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေတတ်ပါတယ်။ အဲဒါပြီးရင် ၄နာရီ၊ ၅နာရီလောက်ဆို တခါပြန်ပြန်လန့်နိုးလာတတ်ပါတယ်။ ပထမညကလန့်နိုးလာတာက နားထဲမှာ ဟင်းဆိုတဲ့ သက်ပြင်းချသံကြီးတခုပီပီသသ ကြားလိုက်ရလို့ပါ။ နိုးလာတော့လည်း တခန်းလုံးမှာ ကိုယ်ကလွဲလို့ နတ်ချောချောလေးတောင်တယောက်မှမရှိ။ မနေ့ညကတော့ အိပ်မက်ဆိုးတွေမက်ပြီးလန့်နိုးလာပါတယ်။ အိပ်မက်ထဲမှာရန်ကုန်ကိုပတ်စ်ပို့သွားလုပ်တဲ့အကိုက သူ့ကောင်မလေးနဲ့သွားတယ်ဆိုလို့ ဒေါသူပုန်ထပြီးနိုးလာတာပါ။ (စိတ်ကောင်းရှိတာတွေလေ။) မနက်ကျနှိုးစက်ပေးထားတဲ့အချိန်မနိုးတော့ပါ။ ကျောင်းဖွင့်ရင်ဒီ Sleeping pattern ကကိုယ့်ကိုဒုက္ခလှလှကြီးပေးတော့မှာပါ။ ၉နာရီကနေ ၁၂နာရီတက်ရတဲ့ သုံးနာရီအတန်းတွေမှာငိုက်နေလို့ကတော့ ဒီနှစ် Senior year ကကျွမ်းပြန်သွားလောက်တယ်။
ဒီနေ့ဆေးရုံသွားသွေးစစ်၊ ပြန်ရောက်ကတည်းက မျှော်နေတဲ့အပြင်ကလူတွေ၊ အွန်လိုင်းကလူတွေ ရောက်မလာလို့ စိတ်ကတိုနေပါပြီ။ စာဖတ်ရင်းနဲ့ခုတင်ပေါ်အိပ်ပျော်သွားလိုက်တာ နိုးလာတော့အကိုတယောက်အွန်လိုင်းတက်နေပြီး ကိုယ့်ကိုလာစကားပြောနေပါတယ်။ စိတ်ကလာစေချင်တဲ့အချိန်မှာရောက်မလာတဲ့သူတွေကို အမြင်ကကပ်နေတာပါ။ လောလောဆယ်စိတ်ကောက်စရာလူလည်းသူပဲရှိတော့ သူ့ကိုစာပြန်မရိုက်ပါဘူး။ တော်တော်ကြာတော့ သူကတင်းလာပြီနော်တွေဘာတွေဖြစ်လာပြီ။ အဲဒီတော့မှ ဘောက်တွေပြန်ရိုက်ရော။ အဲဒီမှာစတွေ့တာပဲပေါ့။ အဲဒီအကိုကလည်းအမွှေးအမျှင်ထူသလောက် စိတ်ကတိုပါတယ်။ ရှုးရှုးရှားရှားနဲ့ ဒေါတွေခီးပြီး စကားမပြောတော့ပါ ဘူး။ ကိုယ်ကလည်း နားငြီးလိုက်တာ ဆိုပြီး ဆက်မပြောဘူးလေ။ အင်း ကြာရှည်များ သူများတွေလို အိပ်ရာထဲနာတာ ရှည်လဲများနေရင် ကိုယ်လဲသူငယ်ချင်းတယောက်မှကျန်မယ်မထင်တော့။ ဒီရက်ပိုင်းရေးဖြစ်တဲ့စာတွေ၊ ကဗျာတွေ တောင်စိတ်မပါတာနဲ့ ဘလော့ပေါ်မတင်ဖြစ်။ ဒီကြားထဲကိုယ်နဲ့ရန်ုဖြစ်မယ့်သူရှိတော့ ရန်ဖြစ်လိုက်တယ် အေးရော။ တကယ်ကအဲဒီအကိုတွေက ကိုယ်နဲ့ဒီမှာတနှစ်လောက်ပဲ ကျောင်းအတူတက်ခဲ့ရလို့ ကိုယ့်အကြောင်းအစုံအလင် မသိတာဖြစ်မှာ။ (ဒီထက်ဆိုးတဲ့အကျင့်တွေအများကြီးရှိပါသေးတယ်။ ) တခါတလေဆို မြောင်းမြလိုနယ်ဘက်က လာတဲ့ သူငယ်ချင်းအိမ်လာလည်ရင် သူကတော့ရောက်တယ်ဆို ကိုယ့်မျက်နှာတွေ့ချင်လို့ဆို ကျောင်းကနေအဝေး ကြီးအိမ်လိုက်လာ၊ ကိုယ်ကစိတ်မပါရင်အိပ်ရာကမထဘဲထွက်မတွေ့လိုက်တာမျိုးတွေလည်းတပုံကြီး။ ညနေကျမှသာ အဆောင်သွားခေါ်ပြီး မုန့်ကျွေးချော့တာတပိုင်း။ တချို့ အရမ်းအထာညက်တဲ့သူငယ်ချင်းတွေဆို ကိုယ်အိပ်နေလည်း အမေနဲ့စကားပြောပြီး အိမ်ကကျွေးတာတွေစားပြီး အေးအေးဆေးဆေးမှပြန်ပါတယ်။ ကိုယ်အိပ်ရာကနိုးလာရင်လည်း စကားပြောပေါ့။ ဒါပေမယ့် နေ့ခင်းဘက်အိပ်ရာကနိုးစအချိန်မှာကိုယ့်မှာဘယ်လို ညစ်ကျယ်ကျယ်စိတ်မျိုးလည်း မသိပါဘူး ရှိပါတယ်။ တော်တော်ဆိုးပေမယ့် မတတ်နိုင်ပါဘူး။ တခါတလေ ကိုယ့်ကိုဖုန်းဆက်ရင် ပေပြီးမကိုင်တာ မျိုးလည်းရှိပါတယ်။ (တခါတလေကျနောက်ကဖုန်း sim card ကလွတ်ပြီး ကိုယ့်ဆီဖုန်းမ၀င်တာမျိုးလည်းရှိပါတယ်) မသိရင်အဲဒီလူကို စိတ်ဆိုးနေလို့မကိုင်တာထင်ရပါတယ်။ မဟုတ်ပါဘူး။ စိတ်ထဲမှာတခုခုကိုစိတ်ဝင်တစား လုပ်နေတာတို့၊ ဘယ်သူနဲ့မှစကားပြောဖို့ mood မရှိတာမျိုးတို့ဆိုရင် သက်သက်မယ့်မကိုင်တာပါ။ ဘယ်တော့မှအကြီးအကျယ်ဝဍ်လည်မလဲတော့မသိပါဘူး။ (အခုတော့ ၀ဍ်သေးသေးလေးတွေပဲ လည်နေလို့ပါ)
ဘာပဲဖြစ်ဖြစ်အခုတော့အကိုတယောက်အကြီးအကျယ်တင်းသွားပါပြီ။ နောက်ခါလာနောင်ဈေးပါပဲ။ နောက်မှပဲ ချိုကိုင်ပြီး (အဲလေမှားတွားလို့) ဒူးထောက်တောင်းပန်ရရပေါ့။ :D
Monday, July 20, 2009
ဝါတွင်းချိန်ကဗျာ
ငှက်ကလေးက စိုးစီစိုးစီ
ဝင်းပေါက်မှာမြည်
ချိန်တန်ပြီ ညီမထွေးရဲ့
ဟင်းချက်စို့လေး။ ။
ဦးပေါင်းကိုဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်
သံလွင်လွင်ကြေးစည်တီးလို့
ထွန်းတဲ့ဆီမီး။ ။
အမျှတဲ့သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ
မာပါစေကမ္ဘာသား
အောက်ထက်နံလျား။ ။
ရွာဦးကကြေးစည်သံ
ကျောင်းဝေဠုဝန်။
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်၊
ဆွမ်းအုပ်ပြင်ပ။ ။
ကိုရင်ကြီးပျိုတို့မောင်
မေးလိုက်ပါကြ။ ။
မာပါရဲ့အထွေးရယ်
ပြောလိုက်ပါကွယ်။
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးလျရိနွမ်း။ ။
ကပ္ပိယ အဘိုးအို
ဆိုးလှတယ်ဆို။
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်မယ်လား။ ။
ဟင်းလေးကိုကျိုချက်လို့
မနက်ကထည့်လိုက်တယ်
ကိုရင့်ဖို့ကွယ်။
ရွာလယ်မှာသူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ။ ။
ချာရစ်ကလေး မပျောက်ခင်
ထွက်ခဲ့စေချင်။
လိင်ပြန်ယင် ဆံရှည်ထားပါနဲ့
လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကပ်အနံကျယ်
ဈေးကြိုက၀ယ်။
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါ…တဲ့။
ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့မေးလိုက်တယ်။
ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါမယ်။ ။
မျက်နှာငယ်ငယ်
ဘယ့်နှယ်မှ မမိန့်
သည်တ၀ါ အနိုင်ခဲလို
နွှဲရရှာလိမ့်။ ။
ကိုရင်ကြီးလာမယ်ဆို
ဝင်းပေါက်ကကြို
အို…အလို…ကိုရင်ထွက်ကယ်
ငါးငါးပိချက်။
မင်းသုဝဏ်
၁၉၃၆ မေ ၂၁
(ဟိုတရက်က မဂ္ဂဇင်းတအုပ်ထဲမှာဖတ်လိုက်ရတာပါ။ ဇာတ်လမ်းလေးတပုဒ်လိုဖတ်လို့ကောင်းပြီး အရမ်းကြိုက်လို့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးရင်လည်း ပြန်ဖတ်သွားပေါ့နော်။)
Sunday, July 19, 2009
တကယ့်တပ်မတော်သား
ကျွန်မအမေနဲ့တကျောင်းတည်းလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းရဲ့အမျိုးသားကစစ်တပ်က တပ်ကြပ်ကြီးပါ။ သူကျွန်မ ရန်ကုန်ကနေအိမ်တခေါက်ပြန်တော့ ကျွန်မကိုမြင်ဘူးချင်လို့ဆို အိမ်ရောက်လာပါတယ်။ စကားပြောကြရင်းနဲ့ နိုင်ငံရေးအကြောင်းတွေပြောဖြစ်ကြရော။ သူ့ကိုစစ်တပ်ထဲမှာတခါတလေ လူသစ်တွေအတွက် စင်ပေါ်တက်ပြီး စည်းရုံးရေးစကား ပြောခိုင်းပါသတဲ့။ အဲဒီမှာတခါသူကဘာပြောသလဲဆိုတော့ “ငါတို့သည်နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်လို့ သစ္စာဆိုထားတာ။ ငါတို့သည် မည်သူမည်ဝါ၏သစ္စာကိုစောင့်သိပါမည်လို့ ဆိုထားတာမဟုတ်ဘူး။ အဲဒီတော့ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့အကျိုးကိုကြည့်ရင်တော်ပြီ” လို့ပြောခဲ့ပါသတဲ့။ အဲဒီနေ့ကသူ့တပ်ရင်းမှုးကောင်းလို့ သူအလုပ်မပြုတ်ပေမယ့် ရာထူးလည်းတက်မလာတော့ဘူး။ သူ့ကိုလည်း စည်းရုံးရေးအတွက် တခါမှစင်ပေါ်မတက်ခိုင်းတော့ဘူးတဲ့။ အဲဒီအခါမှ စစ်သားတွေဆိုနေရတဲ့ သစ္စာအဓိဌာန်ကို ကျွန်မလေးလေးနက်နက်စဉ်းစားမိပါတယ်။ တကယ်ဆိုနေရတဲ့ စစ်သားတွေရောအဲဒီဦးလေးလိုစဉ်းစားကြည့် မိပါရဲ့လား။ တကယ့်တပ်မတော်သားတွေရဲ့ စိတ်ဓါတ်ရှိကြပါရဲ့လားလို့။
Friday, July 17, 2009
အလွမ်းတွေ
ထမင်းစားပြီး ဗိုက်ထဲကတင်းသလို၊ နင့်သလိုဖြစ်လာတာကြောင့် ခြံဝင်းထဲမှာလမ်းတပါတ်လျှောက်မိပါတယ်။ အချိုမစားရ၊ အငန်မစားရ၊ ဆီသိပ်မစားရ မစားရကန့်သတ်ချက်တွေအများကြီးကြားမှာ ထမင်းစားမြိန်မလားလို့ ငရုတ်ကောင်းမှုန့်နည်းနည်းနဲ့သခွားသီးသုပ်စားလိုက်မိတယ်။ စားပြီးပြီးချင်းမှာပဲ ဗိုက်ကနင့်တင့်တင့်လိုဖြစ်လာလို့ လမ်းထွက်လျှောက်လိုက်တာပါ။ ဒါပေမယ့် ရင်ထဲမှာလှစ်ဟာဟာဖြစ်လာတဲ့ခံစားမှုတခုပဲ ထပ်တိုးလာပါတယ်။ ဗိုက်ကတော့ ကောင်းမသွားပါဘူး။
ဘန်ဂလိုသာသာနှစ်ထပ်အိမ်၂လုံးတွဲလေးတွေကို နံ့သာရောင်သုတ်ထားပြီး အုပ်ကြွပ်နီနီမိုးထားတဲ့အိမ်ကလေးတွေ ကအရင်လိုလှနေတုန်းပဲ။ ဘေးဘက်တွေမှာတန်းစီစိုက်ထားတဲ့ အုန်းပင်လိုလို၊ ကွမ်းသီးပင်လိုလိုအပင်လေးတွေ ကလည်း စိမ်းလန်းပြီးလေအလာမှာယိမ်းနွဲ့နေပုံကလည်းချစ်စရာကောင်းလွန်းပါတယ်။ အားလုံးဟာအရင်ကအတိုင်းပဲလိုထင်ရပါတယ်။ အိမ်ကလေးတွေမှာ တွေ့နေကြလူတွေမတွေ့ရတာကလွဲရင်၊ အခန်းတော်တော်များများမှာ မီးရောင်မမြင်ရတာကလွဲရင်ပေါ့။ ဘာရယ်မဟုတ်ဘဲ အိမ်နံပါတ် ၅၆ကိုလှည့်ကြည့်မိသေးတယ်။ အ၀တ်ထွက်လှမ်းတတ်တဲ့ အကို့ကိုများတွေ့ရမလားလို့ပေါ့။ ကိုယ့်ဘေးကပ်ရက်က နံပါတ်၅၉မှာလည်း အပေါ်ထပ်မှာမီးလင်းနေတာတွေ့တယ်။ ဒါပေမယ့်အောက်ထပ်ကတော့ မှောင်မည်းနေပါတယ်။ အိမ်ခေါင်းရင်းဘက်မှန်တံခါးကို အခုချိန်သွားခေါက်ရင်လည်း ဘယ်သူမှပြတင်းတံခါးကိုထဖွင့်ပေးမှာ မဟုတ်ဘူးနော်။ အရင်ရက်တွေကတယောက်နဲ့တယောက် ခဏခဏဆုံဖြစ်၊ နှုတ်ဆက်ဖြစ်တဲ့လမ်းကလေးမှာ ဘယ်သူ့ကိုမှမတွေ့ရပါလား။ တွေ့ရတဲ့တယောက် နှစ်ယောက်ကလည်း ကိုယ်မသိတဲ့ မျက်နှာစိမ်းတွေချည်းပဲ ဖြစ်နေတယ်။ အော်ကျောင်းသားသစ်လေးတွေရောက်လာပြန်ပြီပေါ့လေ။ ကိုယ်တယောက်တည်းပျင်းနေပုံရတာတော့ ဟုတ်ပုံမရပါဘူး။ အရင်ရက်တွေကညနက်တဲ့တိုင်အောင် ပြေးလွှားဆော့ကစားနေတတ်တဲ့ ကလေးတွေလည်း မရှိတော့ပြီ။ ခြံဝင်းကလေးကတော့သူတို့ဘယ်ရောက်သွား တာပါလိမ့်လို့တွေးနေမလား။ သူတို့မိဘတွေ ပြန်သွားတော့သူတို့လည်းလိုက်သွားရတာပေါ့လေ။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ပညာတွေနဲ့ ကိုယ့်နိုင်ငံကိုကိုယ်စီပြန်လည်အကျိုးပြုကြရဦးမယ်လေ။ တယောက်တည်းကျန်ရစ်ခဲ့တဲ့ အန္ဒိယသားလေးလည်းပျင်းနေပုံပဲ။ သူ့အဖေကသူ့ကိုဟိုဟိုဒီဒီ အဖော်လုပ်ပေးနေရပုံပဲ။ ကိုယ်တို့အုပ်စုကသူ့ကိုငဂျစ်လို့ခေါ်ပါတယ်။ ခဏခဏဂျစ်တိုက်၊ အော်ငိုတတ်လို့ပါ။ အခုတော့ ငဂျစ်လေးလည်းသူငယ်ချင်းတွေကို သတိရနေတော့မှာပဲ။ အခုချိန်မှာတော့ ငဂျစ်ကလေးနဲ့၊ ကိုယ်နဲ့၊ တိတ်ဆိတ်နေတဲ့ ခြံဝင်းလေးကဘ၀တူတွေပဲနော်။ အိတ်ထဲမှာမမေ့မလျော့ယူလာတဲ့ ဖုန်းကလေးကို ထုတ်ကြည့်မိတယ်။ ဟိုတုန်းကလိုထမင်းစားကြတော့မလား၊ အဒမ်သွားမလား၊ ၆နာရီထိုးရင် ကြက်တောင်ရိုက်ကြစို့၊ စောစောအိပ်ညီမဆိုတဲ့ message မျိုးတွေလည်း ရမှာမဟုတ်တော့။ ဒီဖုန်းကလေးလည်း ဆွံ့အသွားပြီထင်ပါရဲ့။
ဘတ်စကတ်ဘောကွင်းကိုလှမ်းကြည့်မိတော့ ကိုယ်မမြင်ဘူးတဲ့ ခပ်ပိန်ပိန်ကောင်လေးတယောက် ဘတ်စကတ်ဘောပုတ်ကစားနေတယ်။ ကိုယ်ဖြတ်လျှောက်လာတော့ ကိုယ့်ကိုလှမ်းကြည့်တယ်။ ဘောလုံးလေးသိမ်းပြီး လှည့်ကြည့်လှည့်ကြည့်နဲ့ပြန်သွားတဲ့ကောင်လေးကို ကိုယ်မသိပါလား။ အချိန်မစေ့သေးတာကြောင့်မီးတွေလင်းထိန်နေတဲ့ဘတ်စဘောကွင်းထဲမှာ အရင်လိုဘောလုံးတလုံးကို အလုအယက် အော်ဟစ်ပုတ်ကစားနေတာမျိုးတွေမတွေ့ရတော့ဘူး။ ဘေးကပ်ရက်ကတင်းနစ်ကွင်းထဲမှာ ဘယ်သူမှမရှိပါလား။ ဟိုဘက်ကကြက်တောင်ကွင်းကလေးရော။ လွန်ခဲ့တဲ့ ၃၊ ၄လလောက်က ကောင်မလေးတယောက် သူ့အကို၎ယောက်နဲ့ ကြက်တောင်လာလာရိုက်နေကျ၊ အခုဘယ်ရောက်သွားပြီလဲလို့ တွေးနေမလား။ ကြက်တောင်မှန်ရင်တောင်ထိုင်ငိုတတ်၊ အကိုတွေကိုစိတ်ကောက်တတ်တဲ့ ကောင်မလေးလည်း သူ့ကိုထားသွားပြီလားလို့ တွေးနေမလားမသိဘူး။ ကြက်တောင်ကွင်းလေးရယ် ကိုယ်ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်မင်းဆီလာလို့မရသေးဘူး။ ကြက်တောင်လည်းရိုက်ခွင့်မရှိသေးဘူး။ ရိုက်ခွင့်ရလာတော့ရော ဘယ်သူနဲ့လာဆော့ရမှာလဲ။ ကိုယ့်ကိုချစ်တဲ့၊ ကိုယ်ကချစ်တဲ့အကိုတွေမှမရှိတော့တာ။ ကိုယ်ကြက်တောင်ရိုက်လို့ ရလာတဲ့အခါကျတော့လည်း အရင်လိုပျော်နိုင်ပါဦးမလား။ အရင်လိုဆိုတဲ့စကားတခွန်းက သုံးခွန်းတည်းပေမယ့် အဲဒီအရင်လိုပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပြီပဲလေ။ ကိုယ်ကတော့ ရောက်လာဦးမယ့်၊ ကျန်ရှိနေသေးတဲ့ စာသင်နှစ် တနှစ်ကိုအလွမ်းတွေတပွေ့တပိုက်နဲ့ ဖြတ်ကျော်ရဦးမှာပေါ့လေ။
Wednesday, July 15, 2009
ခွဲခွာခြင်း
အခုတလော ခွဲခွာခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကိုအတွေးတွေကရောက်ရောက်သွားပါတယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ နဲ့ခွဲရတဲ့အခါ ရင်ထဲမှာခံစားရတဲ့ဒုက္ခပေါ့။ ဒုက္ခသစ္စာ၎မျိုးထဲမှာဆိုရင် သမုဒယသစ္စာဖြစ်မယ်ထင်တယ်နော်။
ကိုယ်ကခွဲခွာခြင်းဆိုတဲ့ဒဏ်ကိုသိပ်ခံနိုင်ရည်မရှိတတ်ပါ။ ပထမဆုံးခွဲခွာခဲ့ဖူးတာကသူငယ်ချင်းတယောက်ပါ။ ကိုယ်နဲ့သုံးတန်းနှစ်မှာအတွဲဆုံးသူငယ်ချင်းပေါ့။ သူ့အမေကကိုယ်တို့ရဲ့သုံးတန်းအတန်းပိုင်ပါ။ သူငယ်ချင်းကိုကိုယ်ကမချမ်းလို့ခေါ်ပါတယ်။ သုံးတန်းအောင်ပြီးရန်ကုန်ကိုသူ့အဖေအလုပ်နဲ့ပြောင်းရတဲ့အခါ ငိုလိုက်ရတာ သူငယ်ချင်းနှစ်ယောက်ဖက်ပြီးတော့။ စာတို၊ စာရှည်တွေလည်း ၄တန်း၊ ၅တန်းကနေ ဟိုးတက္ကသိုလ်ရောက်တဲ့အထိအပြန်အလှန်ရေးလို့မဆုံးပေါ့။ နောက်ရန်ကုန်မှာကိုယ်NGO တခုမှာ အလုပ်လုပ်ဖြစ်တော့သူငယ်ချင်းနဲ့ပြန်ပြန်ဆုံဖြစ်ပါတယ်။ လူငယ်သင်တန်းတခုမှာလည်း အတူတူသွားဆုံလိုက်သေးတာပေါ့။ အိမ်ကိုသွားလည်တော့ မချမ်းအမေကိုဆရာမနေကောင်းလားဆိုနှုတ်ဆက်တော့ ပင်စင်ယူပြီးကျောက်အရောင်းအ၀ယ်လုပ်နေတဲ့ဆရာမက ဆရာမကိုဒီလိုခေါ်မယ့်သူ သမီးတယောက်ပဲ ရှိတော့တာတဲ့။ ကိုယ်ဒီထွက်လာတာသူမသိလိုက်ပါဘူး။ ခုလောက်ဆိုပျောက်ချက်သားကောင်းသွားတဲ့ ကိုယ့်အကြောင်းတခါတလေစဉ်းစားနေလောက်တယ်။
နောက်တကြိမ်ခွဲခွာရတဲ့အခါကျတော့ အဘွား(အမေ့အမေ)ရဲ့ ဒုတိယအမျိုးသားပါ။ အဘွားနဲ့ကိုယ့်အဘကအမေတို့ ခပ်ငယ်ငယ်ကတည်းကကွဲသွားကြပြီး နောက်အိမ်ထောင်ကိုယ်စီပြုကြပါတယ်။ အရင်ကတည်းက အဘွားဘက်က သူဌေးသားလူဆိုးလူပေအဘကိုသဘောမတူပေမယ့် အရမ်းချစ်တော့ယူလိုက်တယ်တဲ့။ နောက်တော့ အဘကအရမ်း ဆိုးတဲ့အပြင် ခပ်အေးအေးယောက်မကို အဘအမတွေကအနိုင်ကျင့်လွန်းတော့ နှစ်ယောက်ကွဲသွားကြပြီး ကိုယ်စီနောက်အိမ်ထောင်ပြုလိုက်ပါတယ်။ အဘွားရဲ့နောက်အိမ်ထောင်အဘက ကိုယ်လေးတန်းနှစ်မှာ ဆုံးသွားတာပါ။ ရာသက်ပန်ခွဲသွားတယ်ဆိုတာကို ဥာဏ်မမီတမီလေးနဲ့သိလိုက်ပေမယ့် ကိုယ်နဲ့အတူမနေရတဲ့အပြင်၊ အိမ်မှာလည်းနောက်အဘတယောက်ရှိသေးတော့ သိပ်မခံစားလိုက်ရသလိုပဲ။
ကိုယ်၈တန်းနှစ်မှာ သူငယ်ချင်းနှစ်ယောက်ရန်ကုန်ကိုပြောင်းသွားပါတယ်။ ပထမသူငယ်ချင်းကကိုယ်တို့နဲ့ ၆တန်း နှစ်မှစတွေ့ရတာ။ ကိုယ်တို့ကအိမ်နာမည်ပေါက်ပေါက်လို့ပဲခေါ်ပါတယ်။ သူ့အဖေကကိုယ်တို့မြို့က မြို့နယ်မှုးပေါ့။ အဖေကနည်းနည်းရာထူးရှိပေမယ့် ကလေးဆန်တာကလွဲပြီး ဗိုလ်မကျတတ်၊ မာန်မတက်တတ်တဲ့ပေါက်ပေါက်ပြောင်း သွားတော့ကိုယ်တို့အရမ်းဝမ်းနည်းရပါတယ်။ ပေါက်ပေါက်ကလည်း အတန်းကိုလာနှုတ်ဆက်ပြီး မျက်ရည်စက်လက်နဲ့လေ။
နောက်သူငယ်ချင်းကတော့ ကိုယ်နဲ့သူငယ်တန်းတည်းကအတူတူ။ စာတော်သလောက် အတွေးခေါင်တတ်တဲ့ သူငယ်ချင်းပေါ့။ ငယ်ငယ်တည်းကမျက်မှန်လေးနဲ့ အဘိုးကြီးပေါက်စနဲ့တူလို့ သူ့ကိုအဘိုးကြီးလို့ကိုယ်တို့က ခေါ်ပါတယ်။ သူငယ်တန်းစတက်တဲ့အချိန်မှာ ကိုယ်ကဒုတိယတန်းမှာထိုင်ပါတယ်။ မိန်းကလေးဘက်အစွန်ခြမ်းပေါ့။ အဘိုးကြီးကလည်းကိုယ်နဲ့ဘေးချင်းယှဉ်၊ စင်္ကြံပဲခြားတာပါ။ ကိုယ့်ရှေ့တန်းမှာက ကိုယ်တို့မြို့ကမြို့မျက်နှာဖုံး ရက်ကန်းသူဌေးကြီးရဲ့မြေးရယ်၊ ဆရာဝန်ကြီးတယောက်ရဲ့သမီးရယ် နောက်တယောက်ကတော့ ကိုယ်တို့မူလတန်းက အတန်းပိုင်ဆရာမတယောက်ရဲ့သမီးပါ။ အဲဒီဆရာမသမီးက နည်းနည်းယောက်ျားဆန်ပါတယ်။ ကိုယ်တို့ ၀လုံးရေးနေရတဲ့အချိန်မှာ အဲဒီရှေ့တန်းကထိတ်ထိတ်ကြဲသုံးယောက်ကစာရေးတတ်နေပါပြီ။ ဆရာမသမီးကိုကျန်တဲ့နှစ်ယောက်က ၀ိုင်းမြှောက်ပေးပါတယ်။ အဘိုးကြီးရဲ့လွယ်အိတ်ထဲကို ရည်းစားစာထည့်ဖို့။ (ကိုရီးယားကားတွေကနောက်မှလာတာ။ အဲဒီတည်းက ကလေးတွေကတတ်နေတာ။) ဆရာမသမီးကပထမစိတ်မပါ ဘူး။ ကျန်တဲ့နှစ်ယောက်က နင်မလုပ်ရဲဘူးလားဆိုတော့မှ တင်းပြီးဘာလို့မလုပ်ရဲရမှာလဲ လုပ်ရဲတယ်ဆိုပြီး စာရေးပါတော့တယ်။ နင့်ကိုငါချစ်တယ်တဲ့ လက်ရေးကြီးကြီး ခပ်တွန့်တွန့်တွေနဲ့။ အဲဒါကို အဘိုးကြီးနေ့လည် မုန့်စားထွက်နေတုန်းသူ့ကျောပိုးအိတ်ထဲကိုထည့်ပါတယ်။ ကိုယ်ကတော့သက်သေပေါ့လေ။ ဘယ်သူ့မှပြန်မပြော နဲ့ဆိုပြီးလည်း နှုတ်ပိတ်လိုက်သေးတယ်။ သူငယ်တန်းမှာ သိပ်အေးတဲ့ကိုယ်ကတော့ သူတို့လုပ်သမျှရယ်နေတာပါပဲ။ အဲဒီလိုနဲ့အဘိုးကြီးနဲ့မူလတန်းမှာဟိုအတန်းတူလိုက်၊ ဒီအတန်းကွဲလိုက်နဲ့ ပဉ္စမတန်းရောက်တော့ တခန်းတည်းကျပါတယ်။ အဆင့်လိုက်ခွဲထိုင်ရတဲ့အခါ အဘိုးကြီးနဲ့နောက်ထပ်ယောက်ျားလေး ၂ယောက်ကိုယ့်နောက်ခုံကိုရောက်လာပါတယ်။ ရှေ့ကကိုယ်ခိုးစားသမျှမုန့်ကိုနောက်က ဝေစုထိုင်ခွဲပါတယ်။ သူတို့ မုန့်ဝယ်လာရင်လည်း ကိုယ့်ဖို့ဝေစုပါပါတယ်။ ကိုယ်နဲ့ရန်ဖြစ်တဲ့သူနဲ့ သူကမတည့်၊ သူကြည့်မရတဲ့သူကို ကိုယ်ကမျက်စောင်းထိုးနဲ့ တဖွဲ့လုံးအဲဒီလိုလုံးထွေးပေါင်းလာကြတာခုနစ်တန်းအထိလေ။ ရှစ်တန်းကိုတလအတူ တက်လိုက်ရသေးတယ်။ အဲဒီကျတော့ သူတို့ပြောင်းဖို့စီစဉ်နေပြီ။ ရန်ကုန်ပြောင်းရမယ့်နေ့မှာ ကိုယ်တို့ကျောင်းခန်းဘေးကို သူရောက်လာသေးတယ်။ သူကကိုယ်တို့ဘေးပြတင်းပေါက်က သံဇကာတွေကိုခိုတက်ပြီး ကိုယ်တို့စကားပြောကြတာပေါ့။ မူလတန်းကတည်းက သူငယ်ချင်းဆိုတော့ အဲဒီတခါတုန်းက ခွဲရတာကိုယ်စိတ်အထိခိုက်ရဆုံးလေ။ အခုတော့ ရန်ကုန်ကနာမည်ကြီးဂျာနယ်တခုမှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းက ကိုယ့်ကိုခင်တုန်းပဲ၊ ပြန်တွေ့ကြတော့ မှတ်မိပြီးဝမ်းသားအားရနှုတ်ဆက်တော့ ကိုယ်လည်းဝမ်းတွေသာလို့။ သူနဲ့ခွဲရတုန်းကတော့ နောက်ထပ်နောက်ထပ်ခွဲခွာခြင်းတွေမကြုံရပါစေနဲ့လို့ ကိုယ်ဆုတောင်းခဲ့မိသေးတယ်။
တကယ်တမ်းကျတော့ ဆယ်တန်းအောင်ပြီး သူငယ်ချင်းတွေကျောင်းတွေကွဲကုန်ကြတယ်။ ချစ်တဲ့သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းဝေးလာရတယ်။ တချို့လည်းပြန်တွေ့၊ တချို့လည်းသတင်းပဲကြားရ။ တချို့ဆိုနာဂစ်မှာ ပျောက်ဆုံးသွားကြတယ်။ အခုဆို တချို့ကပုသိမ်မှာ၊ တချို့ကရန်ကုန်မှာ၊ တချို့က စင်္ကာပူ၊ တချို့က ဂျပန်၊ တချို့အင်္ဂလန်နဲ့နိုင်ငံတွေခြားကုန်လိုက်တာ ခွဲရရင်တောင်ကိုယ်မငိုဖြစ်တော့ပြန်ဘူး။
အခုတော့လည်းခွဲခွာခြင်းကိုကြုံရပြန်ပြီ။ ခွဲရတာကိုခံနိုင်ရည်ရှိသလိုဖြစ်လာပေမယ့် တကယ်တမ်းကျတော့ မခံနိုင်ပြန်ဘူး။ ဒါပေမယ့် လည်း ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံးရှိချေ၏တဲ့။ ဘယ်သူမှမလွန်ဆန်နိုင်တဲ့သဘောတွေပဲလေ။ အချစ်နဲ့ခွဲခွာရတာဟာ အမုန်းနဲ့ခွဲရတာ ထက်တော့တော်ပါသေးရဲ့ လို့ဖြေသိမ့်ရတာပဲလေ။ တနေ့ကျရင်လည်း ဒီဘလော့မှာစာတွေတက်မလာတော့တဲ့အချိန်ရှိလာဦးမှာပဲ။ အဲဒီကျရင်လည်း မေ့သမီးလေးအားလုံးကို ချန်ထားခဲ့ပြီလို့ နားလည်ပေးကြပါဦးနော်။