Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Monday, February 8, 2010

ကျိန်စာသင့်ဖူးစာ


နင်လေသတိရရင် ဖုန်းဆက်ပါအချိန်တိုင်း လေပြေစကားနဲ့တင်ကျေနပ်တယ် ဆုံဆည်းဖို့နေ့ရက်လေး ငါလေအချိန်တွေလက်ချိုးရေ……။ အေသင်ချိုဆွေရဲ့သီချင်းသံရုတ်တရက်ထွက်ပေါ်လာရာ သူမရဲ့ လက်ကိုင်ဖုန်းလေးကိုကောက်ကိုင်ကြည့်လိုက်တော့ သူ။ Ko Lin Calling တဲ့။ ဟယ်လို ကိုလင်းပြောပါ… ညီမလေးဘာလုပ်နေလဲ… စာဖတ်နေတာပါရှင့်…အော်အနှောင့်အယှက်ပေးသလိုများဖြစ်သွားသလားဟင်။ သူမဘယ်လိုပြန်ဖြေရပါ့။ သက်ပြင်းကိုပဲ ခိုးရှိုက်ရင်း ရပါတယ်ဆိုတော့ သူကပျော်သွားသလိုမျိုးလေသံနဲ့ ကိုယ်သတိရလို့တဲ့။ အဲဒီနောက်တော့ သူ့စကားတွေအဆက်မပြတ်… သူမကတော့ သူပြောသမျှကိုအင်းလိုက် ရင်း ဘေးမှာဖွင့်ထားလက်စ ကျောင်းစာအုပ်ကိုပဲ သံယောဇဉ်မပြတ်တပြတ်လှည့်ကြည့်လို့……..။

သူ သူမဆီဖုန်းဆက်နေတာ တော်တော်ကြာနေပြီ။ တစိမ်းယောက်ျားလေးတယောက်က ကိုယ့်ကိုသတိရလို့ဆို ခဏခဏဖုန်းဆက်၊ အကြောင်းမရှိပါဘဲ စကားတွေအကြာကြီးပြောနေတာ ဘာကြောင့်လဲဆိုတာ သိပ်တုံးသိပ်အလွန်းတဲ့မိန်းမမျိုးကလွဲရင် မိန်းကလေးတော်တော်များများကခန့်မှန်းနိုင်ပါတယ်။ ကိုယ်လည်း ဒီခေတ်မိန်းကလေးပဲလေ။ ကိုယ်သိတာပေါ့။ ဒါပေမယ့် သူမဘက်ကသိပ်ပြီးသူဆွဲဆောင်သလောက်ပါမလာတဲ့ အခါသူ့ဘက်ကလည်းရှေ့ဆက်တိုးဖို့အခက်တွေ့နေပုံပါပဲ။ သူမဘက်မှာလည်း ရင်မခုန်တဲ့နှလုံးသားတစုံနဲ့ သူဖုန်းဆက်တိုင်း အားနာပါးနာနားထောင်နေရတာကိုငြီးငွေ့လှပါပြီ။ တကယ်တမ်းတော့ သူမကသိပ်ပြီး အားနာတတ်တဲ့မိန်းကလေးမဟုတ်ပါ။ ကိုယ်မကြိုက်ရင် ဖုန်းမဆက်နဲ့တော့လို့ ဖွင့်ပြောလိုက်လို့ရသားနဲ့ ဘာလို့မပြောရတာလဲ။ သူမကိုယ်သူမလည်း အားမရဖြစ်ရပါတယ်။ တကယ်တမ်းတော့ သူမအားနာနေတယ်ဆိုတာ သူ့ကိုမဟုတ်။ သူမရဲ့သူ့အပေါ်ခံစားလို့မရတဲ့နှလုံးသားကို အားနာနေတာပါ။ အရင်တုန်းကလိုနွေးထွေးတဲ့ခံစားမှု၊ ပျော်ရွှင်တက်ကြွမှုတွေဘယ်ရောက်ကုန်တာလဲ။ အရင်တုန်းကသာ သူဒီလိုသူမအပေါ်မှာအရေးပေးခဲ့မယ်ဆိုရင် သူမအရမ်းပျော်ခဲ့မှာသေချာပါတယ်။ ကိုယ့်အတွက်မဟုတ်တဲ့ အပြုံးတချက်ကိုတောင် အရူးအမူးခံစားခဲ့ဘူးတာပဲ။ အဲဒီတုန်းကတော့……။

“အထွန်း နင်ဒီနေ့ကျောင်းရောက်တာနောက်ကျတယ်။ ဟဲ ဟဲ သူဖြတ်သွားပြီးပြီဟ” လို့သူမကျောင်းရောက်ရောက်ချင်း မေသူလှမ်းပြောတော့လွယ်အိတ်ကိုခုံပေါ်ဘုံးခနဲပစ်ချရင်း “အဲဒါ အမေ့ကြောင့်ပေါ့ဟ။ ငါ့ကိုအသင်းလည်းမရှိဘဲ ဘာလို့ကျောင်းစောစောသွားမှာလဲဆိုပြီး အဖေ့အတွက်ဟင်းကို အရင်ချက်ပေးတယ်လေ။ အဖေက ဒီနေ့သက်သက်လွတ်လေ။ ငါထမင်းဘူးစောင့်နေရတော့ နောက်ကျတာပေါ့။ အခုတော့သွားပါပြီ။ သူကပြန်ထွက်လာမှာမဟုတ်တော့ဘူး။ နေ့လည်မုန့်စားဆင်းချိန် ကျရင် ကျောင်းကြီးဘက်ခဏသွားရအောင်ဟာ။ သူတို့အတန်းရှေ့ကဖြတ်ကြည့်ရအောင်”

“နင့်အကိုတွေ့ရင် ကျောင်းကြီးပေါ်ဘာလာလုပ်တာလဲဆို ဆူနေဦးမယ်” “ဟာ လိုင်ဘရီသွားတာလို့ ပြောမှာပေါ့ဟ” “ယုံလိမ့်မယ် လိုင်ဘရီကဟိုဘက်စွန်း၊ နင့်အကိုအတန်းက ဒီဘက်စွန်း။ နင့်အကိုကလည်း ဒီနှစ်ကျမှသူနဲ့တတန်းတည်းကျရတယ်လို့” “အေးဟာ သူသိရင် ငါ့ကိုဗျင်းမှာ၊ တခြားဟာသာခွင့်လွှတ်မှာ။ သူ့အတန်းထဲကသူငယ်ချင်းကိုလာကြည့်တယ်ဆိုလို့ကတော့ ငါ့ကိုအိမ်နဲ့လည်းပြန်တိုင်လိမ့်မယ်။ ဘာပဲပြောပြောဟာ ဒီနေ့တနေ့လုံးသူ့ကိုမမြင်ရလို့ကတော့ မဖြစ်ဘူး။ တနည်းနည်းတော့ကြံမှ။”

သူတို့နှစ်ယောက်စကားပြောနေတုံးမှာပဲ ထက်ထက်တယောက် လွယ်အိတ်စလွယ်သိုင်းပြီး ထမင်းချိုင့်နဲ့ရေဘူးထည့်ထားတဲ့ခြင်းကို တဘက်ကကိုင်၊ ထမီစကိုမနင်းမိအောင် လက်တဘက်နဲ့ကိုင်လို့ ပြုံးစိစိမျက်နှာနဲ့ရောက်ချလာပါတယ်။ “ဟဲ့ မိန်းမတွေ မှန်းကြည့်စမ်း။ ငါဘယ်သူနဲ့တွေ့လာသလဲလို့။” “အမယ်လေး ဘယ်သူနဲ့တွေ့တွေ့စိတ်မ၀င်စားဘူး” လို့သူမကဘုတောတော့ “ဟုတ်လား စိတ်မ၀င်စားနေပေါ့ဟ။ ငါတော့ ရင်ခုန်တောင်မပျောက်သေးဘူး။ ကိုလင်းကအရမ်းချစ်ဖို့ကောင်းတာပဲ” “ဘာ နင်ကိုလင်းနဲ့တွေ့လာလား။ ဘယ်မှာလဲ” သူမတောင်ပါးစပ်မဟရသေးခင် မေသူကဦးအောင် ကမန်းကတန်းဝင်မေးတော့ ပြင်ထားတဲ့ပါးစပ်ကိုပြန်စေ့ပြီး မေသူမကိုမျက်စောင်း လှမ်းထိုးမိပါတယ်။ ထက်ထက်က “ငါကျောင်းကြီးနောက်ဘက်ကအပေါက်ကလာတာဟ။ ကိုလင်းက သူ့သူငယ်ချင်း ဟိုတံမြက်စည်းနဲ့လေ သောက်ရေအိုးဖြည့်မလို့ သောက်ရေကန်ကိုလာတာဟ။ ငါ့ကိုတောင် ကြည့်သွားသေးတယ်။ ” (ကိုလင်းနဲ့တွဲနေကျသူငယ်ချင်းက ၀င်းဦးလိုနှုတ်ခမ်းမွှေးစစနဲ့မို့ နှုတ်ခမ်းမွှေးကိုကြည့်မရတဲ့ သူမကပဲ တံမြက်စည်းလို့ကွယ်ရာမှာ နာမည်ပြောင်ပေးထားတာပါ။) “တွေ့လာတာကိုတော့ ယုံပါတယ်။ နင့်ကိုကြည့်သွားတယ်ဆိုတာကတော့ အဟမ်း အဟမ်း သိပ်မယုံနိုင်ဘူး” လို့သူမကပြုံးစိစိပြောတော့ မေသူက “အော် အထွန်းကလည်း ဒီလောက်ရုပ်ဆိုးတဲ့ ကောင်မလေးမျိုးငါတခါမှ မတွေ့ဘူးပါဘူးလို့ ကြည့်သွားတာနေမှာပေါ့” စတော့ ထက်ထက်မစိတ်တိုပြီး ဆွေ့ဆွေ့ခုန်လို့ သူမတို့နှစ်ယောက်အသည်းအသန်ပြန်ချော့ရပါတယ်။ တကယ်တော့ ကိုလင်းက သူတို့ တကျောင်းလုံးမှာ ရုပ်အချောဆုံး။ သူတို့အုပ်စုကတော့ ကိုလင်းကချောတာထက်ချစ်ဖို့ကောင်းတာလို့ သဘောတူ ကြတယ်။ ကျောင်းမှာ သူတို့အားကျရတဲ့ စာအရမ်းတော်တဲ့၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွေမှာ ဆုရနေကြ နာမည်ကြီးအကိုကြီးတွေရှိပါတယ်။ သူတို့ စာမေးချင်တိုင်း၊ သူမစာစီစာကုံးဖြေခါနီးတိုင်း အမြဲတမ်း ကူညီနေကျအကိုသန့်ဇင်ဆို ဆရာမတွေကလည်းအရမ်းချစ်။ သူတို့အုပ်စုကတော့ စာမေးတဲ့အချိန်သာ ကိုကြီး၊ ကိုကြီးနဲ့ လည်ကြပတ်ကြပြီဆို သူ့ကိုမခေါ်ကြတော့။ သူကတော့ သူမတို့ကိုစေတနာထားရှာပါတယ်။ အထူးသဖြင့်သူမကို သူ့သူငယ်ချင်းရဲ့ညီမလေးဆိုပြီး အရေးပေး၊ အလိုလိုက်ပြီး သူမဆိုးသမျှကို ခွင့်လွှတ်တတ်သူပါ။

အဲဒီတုန်းကသူမတို့က ရှစ်တန်း။ ကိုသန့်ဇင်၊ ကိုလင်းနဲ့ သူမရဲ့အကိုတို့ကဆယ်တန်းရောက်နေပါပြီ။ ၉တန်းရောက်ရင် ထမီဝတ်ရတော့မယ်ဆိုတော့ ၈တန်းစတက်ရတဲ့အခါ ၀တ်စုံအသစ်ကိုအမေက အလယ်တန်းက ၀တ်စုံလိုရှပ်အကျီ င်္နဲ့အပေါ်ကတဆက်တည်းတွဲဝတ်ရတဲ့ ဘိုဆန်ဆန်ဂါဝန်ရှည်မျိုး ချုပ်မပေးတော့။ ရင်ဖုန်းနဲ့ထမီပဲချုပ်ပေးတော့တယ်။ ၅တန်းကနေ ၈တန်းအထိပဲထားတဲ့ ဒီဘက်ကျောင်းဆောင်မှာ သူတို့ကအတန်းအကြီးဆုံးဖြစ်နေပြီး ကလေးတွေလိုမနေချင်ကြတော့။ ဂါဝန်လည်းမ၀တ်ချင်၊ ထဘီနဲ့ရင်ဖုန်းဝတ်ရတာလည်း ကျဉ်းကျပ်နဲ့ စကောစကတွေဖြစ်နေကြတာပါ။ သူမတို့အုပ်စုကတော့ ဖက်ရှင်ထွင်ကြတယ်။ အလယ်တန်းတုန်းက၀တ်ရတဲ့ ဂါဝန်အောက်ခံရှပ်အကျီ င်္အဖြူကို ထမီနဲ့တွဲဝတ်တာပါ။ လွယ်အိတ်ကိုစလွယ်သိုင်းရင်သိုင်း၊ မသိုင်းရင် လက်တဘက်ကဆွဲ၊ ဒါမှမဟုတ် ကျောပိုးအိတ်တစောင်းလွယ်ပြီး ထမီကခြေမျက်စိဖုံးတဲ့စတိုင်နဲ့ ကျောင်းတက်တဲ့သူမတို့အုပ်စုက လူကြီးတွေ မျက်စိထဲမှာတော့ တော်တော်မျက်စိနောက်စရာဖြစ်နေမယ်ဆိုတာ အခုမှပဲပြန်တွေးမိပါတယ်။ သူတို့ကတော့ ကျောင်းကိုအစောကြီးလာ၊ အရင်လိုလည်း စိန်ပြေးတမ်းတွေ၊ ထုပ်ဆီးတိုးတာတွေမလုပ်ဖြစ်၊ စာကြည့်တိုက်ကစာအုပ်တအုပ်ငှား၊ အခန်းရှေ့က ခရေပင်ခုံတန်းမှာ စာထိုင်ဖတ်ရင်း ကိုလင်းကျောင်းအလာ ကိုမျှော်ရတာကိုပဲ ပျော်ရွှင်လို့။ အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာတော့ အငယ်ဆုံးသမီးအလိမ်မာလေးပေါ့။ ဒီလိုနဲ့သူမတို့စာမေးပွဲပြီးလို့ နောက်လမှာပဲကိုကြီးတို့ဆယ်တန်းဖြေရတော့ ဘုရားရှိခိုးတိုင်းကိုကြီးရော ကိုလင်းရော ဖြေနိုင်ပါစေလို့ဆုတွေတောင်းလို့….။

နောက်တနှစ်၉တန်းရောက်လာတဲ့အခါ ရင်ဖုံးအကျီ င်္၊ ထမီလေးနဲ့ကျောင်းတက်တော့ လူလည်းအရင်က လောက်ရှပ်ပြာရှပ်ပြာမလုပ်ဖြစ်တော့။ ရင်ဖုံးနဲ့ထမီကကိုယ့်ကိုတည်ငြိမ်သွားစေသလိုပဲ။ ကျောင်းသွား ကျောင်းပြန်အနောက်ကလိုက်တဲ့ ကောင်လေးတွေရှိလာလို့ဆိုပြီး အိမ်ကကိုကြီးနဲ့အကိုဝမ်းကွဲတွေက တလှည့်စီအကြိုအပို့။ သူမကိုယ်တိုင်ကလည်း ၁၀တန်းမအောင်ခင်ဘာမှရှုပ်ရှုပ်ထွေးထွေးမလုပ်ချင်သူမို့ ကျောင်းစာထဲမှာပဲအာရုံနှစ်လို့။ တခါတလေတော့ သူငယ်ချင်းတွေနဲ့စကားပြောရင်း ကိုလင်းကိုသတိတွေရလို့။ ၈လပိုင်းကျတော့ ကိုကြီးတို့အောင်စာရင်းထွက်တယ်။ ကိုကြီးကအောင်တယ်ဆိုတာကိုအိမ်ကိုပြန်ပြောပြီး သူငယ်ချင်းတွေနဲ့အပြင်ပြန်ထွက်ဖို့လုပ်နေတုန်း မရဲတရဲနဲ့ ကိုကြီး ဟိုကိုကြီးသူငယ်ချင်းအောင်လားဆိုတော့ သန့်ဇင်လားတဲ့ သူကဘာသာစုံဂုဏ်ထူးလေတဲ့။ အော်ဟုတ်လား ဟိုလေကိုကြီးတို့အတန်းထဲကပဲလေ ချိုတေးသံသွင်းကလေ ဟိုအကိုကြီးကွာ၊ သူ့နာမည်က လင်းဘာဆိုလည်း မသိဘူးလေဆိုတော့ အော် လင်းဥာဏ်လား။ အောင်တယ် ဂုဏ်ထူးတော့ မပါဘူးတဲ့။ အကိုကအပြင်ထွက်ဖို့အပြေးအလွှားလုပ်ရင်းနဲ့ပြောသွားတော့ သူမကိုအာရုံမရလိုက်တာ။ သာမာန်အချိန်မှာဆို သူမကိုဘာလို့သိချင်တာလဲ နင်နဲ့ဘာဆိုင်လဲနဲ့မေးခွန်းတွေထုတ်တော့မှာ။ ကိုကြီးနဲ့ ကိုလင်းနဲ့ကတတန်းတည်းဆိုပေမယ့် သိပ်ရင်းနှီးကြတာမဟုတ်။ မေးထူးခေါ်ပြောလောက်ပဲရှိကြတာ။ နောက်တနေ့ကျောင်းတက်ရတော့ ကိုလင်းအောင်တဲ့အကြောင်း သူငယ်ချင်းတွေကိုဖောက်သည်ချရင်း နောက်ရက်တွေမှာ ကျောင်းကအောင်လက်မှတ်လာထုတ်မယ့်၊ ဆရာကန်တော့ပွဲကိစ္စတွေလာလုပ်ကြတဲ့ ကျောင်းသားဟောင်းတွေကြားမှာ ကိုလင်းကိုရှာမိပါတယ်။ သူမစာသင်နေရတဲ့အချိန်ပဲလာသွားတာလား။ ကိုလင်းကပဲ ကျောင်းကိုမလာတာလားတော့မသိ။ ဆရာကန်တော့ပွဲပြီးသွားတဲ့အထိကိုလင်းကို ကျောင်းမှာမတွေ့ရတော့ပါ။ ကျူရှင်သွားရင်းနဲ့သူမတို့သူငယ်ချင်းတစု ကိုလင်းတို့တေးသံသွင်း ရှေ့ကဖြတ်တော့လည်း အဲဒီဘက်ကို သူမကလှည့်မကြည့်ရဲ။ ထက်ထက်ကတော့ မတွေ့ပါတဲ့။ ၉တန်းစာမေးပွဲပြီး ၁၀တန်းအတွက်ကျူရှင်တွေ လိုက်တက်နေရင်း နွေရာသီတနေ့မှာကိုလင်းတို့ ချိုတေးသံသွင်းကိုအရဲစွန့်ပြီး သူမတို့ရောက်သွားကြပါတယ်။ ကိုလင်းအမေလား အဒေါ်လားမသိတဲ့အန်တီကြီးကကောင်တာမှာ။ သူမတို့ကသီချင်းခွေတွေရွေးလိုက် အတွင်းဘက်ကိုမသိမသာခိုးကြည့်လိုက်ပေါ့။ အဲဒီအချိန်မှာပဲ ပိုက်ဆံအိတ်အနက်လေးကို ခါးကြားမှာထိုးရင်း ကိုလင်းကအသံသွင်းခန်းထဲကနေထွက်လာပါတယ်။ သားအပြင်ခဏသွားလိုက်ဦးမယ်တဲ့။ သူမတို့ကို ပြောတာမဟုတ်ပေမယ့် ကြားရခဲတဲ့ကိုလင်းရဲ့ ရှတတအသံလေးကို နားထဲမှာပြန်ပြန်ကြားယောင်လို့ သူမအဲဒီနေ့က အပျော်တွေနဲ့အိမ်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ဆယ်တန်းတနှစ်ကဘယ်လိုမှန်းမသိလိုက်ပဲကျော်ဖြတ်သွားပါတယ်။ အောင်စာရင်းထွက်တော့ သူငယ်ချင်းတွေလိုဆေးတက္ကသိုလ်လည်းဝါသနာမပါ၊ ကွန်ပျူတာကိုလည်း ဘွဲ့တခုရအောင် မသင်ချင်တဲ့သူမကသူမတို့မြို့လေးမှာပဲ အင်္ဂလိပ်စာအဓိကတက်ဖို့လျှောက်လိုက်ပါတယ်။ အဲဒီလိုမြို့မှာ အင်္ဂလိပ်စာအဓိကယူမိတာကပဲ သူမကို ကိုလင်းနဲ့ပြန်ဆုံဖို့ဖြစ်လာခဲ့ပြန်တယ်။ တယောက်အကြောင်းတယောက် မစုံစမ်းပဲသိနိုင်တဲ့သူမတို့မြို့ငယ်ငယ်လေးမှာ ကိုလင်းဘယ်ကျောင်းတက်တယ်သူမ မသိခဲ့ပါဘူး။ သူမတက္ကသိုလ်ပထမနှစ်တက်ပြီး ၂လလောက်မှာသူတို့ ကျောင်းမှာမေဂျာတိုင်းအတွက် ကျောင်းသားကော်မတီရွေးပွဲလုပ်ပါတယ်။ ပထမနှစ်အတွက်သူမတို့အတန်းမှာ ကော်မတီဝင် ကျောင်းသား ၂ယောက်၊ ကျောင်းသူ ၂ယောက်ရွေးပေးပါလို့ ပါမောက္ခကအတန်းထဲက ကျောင်းသားတွေကိုပြောတော့ တခြားကျောင်းသား ၂ယောက်၊ တခြားမိန်းကလေးတယောက်နဲ့ သူမကို ရွေးလိုက်ကြပါတယ်။ သူငယ်ချင်းတွေအကုန်လုံးက ဆေး၊ သွားဆေး၊ ကွန်ပျူတာနဲ့ GTCတွေမှာပဲ စုပြုံနေတော့ သူမတယောက်တည်း မိန်းကိုရောက်လာတာပါ။ ဒါပေမယ့်လည်းသူမရဲ့ သွက်လက်မှုကပဲအချိန်တိုအတွင်းမှာသူငယ်ချင်းတွေအများကြီးရသွားစေပြီး အတန်းကော်မတီလည်း ဖြစ်သွားပါတယ်။ သူမကတော့ထုံးစံအတိုင်းစလိုက်၊ နောက်လိုက်၊ ရယ်လိုက်၊ မောလိုက်၊ အတန်းထဲမှာ မုန့်ခိုးစားလိုက်ပေါ့။ နောက်တပါတ်ကြာတော့ မေဂျာမှာကျောင်းသားကော်မတီအစည်းအဝေးတဲ့။ သူမတို့ ပထမနှစ်တွေကိုကြိုဆိုရေးနဲ့ ဆရာကန်တော့ပွဲအတွက်ဆွေးနွေးဖို့ပါတဲ့။ အဲဒီနေ့ကျမှ သူမနဲ့အတူတူ ကော်မတီဝင်မိန်းကလေးက နေမကောင်းလို့ ကျောင်းမလာနိုင်။ သူမတယောက်တည်း ယောက်ျားလေး ၂ယောက်နဲ့ အစည်းအဝေးခန်းကိုရောက်သွားတော့ လူတော်တော်များများရောက်နေကြပြီ။ စီနီယာအမတယောက်ဘေးမှာဝင်ထိုင်ပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်တော့ အဲဒီအမကလည်း သွက်သွက်လက်လက်မို့သူမနဲ့ချက်ချင်းခင်သွားတော့တယ်။ အဲဒီအမကပဲ သူမကိုတယောက်ချင်းရဲ့ နာမည်နဲ့ ဘယ်နှစ်ကဆိုတာတွေပြောပြပေးပါတယ်။ သူမကတော့ ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတုန်းမှာပဲ ကိုရွှေဂဲလို့ အမအခုပဲပြောပြထားတဲ့ အတန်းအကြီးဆုံးအကိုကြီးက လူစုံပြီလားဟေ့၊ လူစုံရင်စကြမယ်တဲ့။ အမတယောက်က မစုံသေးဘူး 99အတန်းက ကျန်သေးတယ်ဆိုတော့ ကိုရွှေဂဲက အော်99က အတန်းရှိလို့ ၁၀မိနစ်လောက်နောက်ကျမယ်ပြောထားတာ။ အခုလာတော့မှာပါ ခဏစောင့်လိုက်ကြတာပေါ့တဲ့။ (99အတန်းဆိုတာ ၁၉၉၉ခုနှစ် ဆယ်တန်းအောင်သူများအသုတ်ကိုခေါ်တာပါ။) သူမဘေးက အမက သူမကို အဲဒီ 99 ကအခုလာမယ့် ၂ယောက်ထဲမှာ 99 King လည်းပါတယ်သိလား တဲ့။ “ဟုတ်လား အမ၊ King ဆိုတော့ ချောမှာပေါ့” လို့သူမကရယ်ပြီးပြောတော့ “ချောတယ်။ အခုနာမည်ကြီးနေတဲ့ကိုရီးယားဇာတ်လမ်းတွဲ တွေထဲက ကိုရီးယားမင်းသားလေးတွေလိုကိုချောတာ” လို့အမပြောတော့သူမက ကိုလင်းကိုသတိရပြန်ရော။ ကိုလင်းကျောင်းမှာရှိနေတုန်းက တီဗွီကလာနေကျဇာတ်လမ်းတွဲတွေက တရုတ်ဇာတ်လမ်းတွေ။ ခပ်ချောချောမင်းသားတွေပါပေမယ့်လည်း သူမတို့ကကိုလင်းလောက်ကို မနု၊ မချောလို့မြင်ကြတယ်။ နောက်ပိုင်း ကိုရီးယားကားတွေ သူမတို့ ၁၀တန်းနှစ်လောက်ကစပြီးအရမ်းခေတ်စားလာတဲ့အခါကျတော့ သူမတို့သူငယ်ချင်းအချင်းချင်း ပြန်ပြောမိကြသေးတယ်။ “ကိုလင်းက ကိုရီးယားမင်းသားချောပုံမျိုး” ဟု။ သူမကိုလင်းအကြောင်းစဥ်းစား နေတုန်းမှာပဲ “ဆောရီးအကို ကျွန်တော်တို့နောက်ကျသွားတယ်” ဆိုပြီး အသားညိုညို ခပ်ပိန်ပိန်အကိုကြီးတယောက် အပေါက်ဝကနေ၀င်လာပါတယ်။ သူကပဲအားလုံးကိုပြုံးပြပြီး လွတ်နေတဲ့ ၂ခုံမှာ ဘယ်ဘက်က၀င်ထိုင်လိုက်ပါတယ်။ သူထိုင်ချလိုက်တဲ့အခါမှပဲ သူ့နောက်ကပါလာတဲ့သူကို သူမမြင်လိုက်ရပါတယ်။ “အဲဒါ ၉၉ Kingလေ”တဲ့။ ဘေးကအမကကပ်အပြောကိုကြားပေမယ့် သူမအကြည့်တွေက ကိုလင်းဆီမှာငြိမ်သက်လို့။ ကိုလင်းကတော့ ထုံးစံအတိုင်း ဘယ်သူမှမကြည့်၊ ပြုံးလည်းမပြုံးဘဲ ခုံကိုဆွဲထိုင်ချလိုက်ပြီး ကိုရွှေဂဲရှိတဲ့စားပွဲထိပ်ကိုမျက်နှာလှည့်ထားပါတယ်။ မျက်နှာချင်းဆိုင်က သူမကတော့ မမြင်ရတာကြာနေတဲ့ ကိုလင်းရဲ့ဘေးတိုက်မျက်နှာကို လူမသိအောင် ခိုးခိုးငေးရင်း အဲဒီနေ့ကအစည်းအဝေးကို ဘာမှသေသေချာချာမကြားလိုက်ပဲ ပြီးသွားပါတယ်။ နောက်ပိုင်းမှာလည်း ကထိန်ပွဲအတွက်၊ ကျောင်းကထုတ်တဲ့မဂ္ဂဇင်းအတွက် ဆုံဖြစ်ကြတိုင်းမှာ သူမနဲ့စကားဆို စရာကြုံလာရင်တောင် မျက်နှာကိုသေချာမကြည့်ဘဲပြောချင်တာပဲပြောသွားတတ်တဲ့ ကိုလင်းအကြောင်းကို သူငယ်ချင်းတွေဆီဖုန်းဆက်တိုင်တည်မိပါတယ်။ သူငယ်ချင်းတွေကတော့ အားလုံးထဲမှာကိုလင်းနဲ့ ကျောင်းအတူတက်ခွင့်ရတဲ့အတွက်သူမက ကံထူးရှင်တဲ့လေ။ တကယ်တမ်းကျ ကိုလင်းတို့ ၉၉ ကျောင်းဖွင့်ချိန်က တခြားနှစ်တွေနဲ့မတူပဲ တကွဲတပြားကွဲထွက်နေပြီး တနှစ်မှာ သူမတို့ကျောင်းချိန်နဲ့ ၃၊ ၄လ လောက်ပဲ တိုက်တာပါ။ ကျောင်းချိန်မတူတော့လည်း ကိုလင်းနဲ့ကမတွေ့ဖြစ်ပြန်။ သူမပထမနှစ်မှာ ကိုလင်းက ဒုတိယနှစ် နောက်ဆုံးနှစ်ဝက်ဖြစ်နေပြီ။ သူမဒုတိယနှစ်မှာ ဆရာကန်တော့ပွဲလုပ်တော့ အဲဒါနောက်ဆုံးအကြိမ် ကိုလင်းကိုသူကျောင်းမှာတွေ့ရတာပါ။ ဆရာ၊ ဆရာမတွေကန်တော့ပြီးတော့ ထမင်းစားနေကြတဲ့အချိန် ကျောင်းသားတွေမစားရသေးခင် ဂစ်တာဝိုင်းဖွဲ့တီးနေတဲ့ဘေးမှာ ကိုလင်းကဂစ်တာမတီး၊ သီချင်းမဆိုပဲ ငြိမ်ငြိမ်လေးထိုင်နေပါတယ်။ သူမ ဂုဏ်ထူးတန်း ရောက်တော့ ကိုလင်းကျောင်းပြီးသွားပြီ။ ကိုလင်းမရှိတော့တဲ့ ကျောင်းကသူမအတွက်ခြောက်ကပ်ကပ်။ အရင်ကလို ကင်တင်းမှာခဏတဖြုတ်ဆုံမိရင် ဆွေ့ဆွေ့ခုန်ပျော်ရွှင် ကြည်နူးရတာမျိုးတွေမရတော့။ အစည်းအဝေးမှာခိုးငေးနေကျမျက်နှာလေးကိုလည်းမတွေ့ရတော့။ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကတော့ သူမအတွက်အခြောက်သွေ့ဆုံး။ ကိုလင်းအကြောင်း ရင်ဖွင့်နေကျ သူငယ်ချင်းတွေက နောက်ဆုံးနှစ်ပြီးလို့အိမ်ပြန်ကုန်ကြပြီ။ ကျန်ခဲ့တဲ့အတန်းဖော်တွေက အတန်းထဲကအတန်း ပြင်မထွက်တဲ့ စာကြမ်းပိုးလေးတွေ။ သူမမှာ သူငယ်ချင်းတွေကိုလွမ်းရင်း တမြို့တည်းပေမယ့် မတွေ့ရတဲ့ ကိုလင်းကိုလည်း လွမ်းရင်းပေါ့။

ကျောင်းပြီးပြီးရန်ကုန်မှာ ၂နှစ်ကြာပြီးနောက်မှာ ရန်ကုန်မြို့တမြို့စာလောက်ပဲရှိတဲ့ ဒီကျွန်းလေးမှာ ကျောင်းဆက်တက်ဖို့ သူမရောက်လာပါတယ်။ နိုင်ငံပေါင်းစုံကသူငယ်ချင်းအသစ်တွေရလာတဲ့အပြင်၊ Facebook ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လာခဲ့ပါတယ်။ တနေ့ကျတော့ Facebook ပေါ်ကနေ အဆက်ပြတ်နေတဲ့ကျောင်းတုန်းကစီနီယာအမတယောက်ကိုတွေ့တာကြောင့် ဖုန်းနံပါတ်ပေးလိုက်ပါတယ်။ နောက်တနေ့မှာပဲသူမဆီကို လင်းဥာဏ်လို့ကိုယ့်ကိုယ်ကိုမိတ်ဆက်လာတဲ့ သူတယောက်ဖုန်းခေါ်လာပါတယ်။ ကိုယ့်ဓါတ်ပုံတွေကို Facebook ပေါ်မှာတွေ့တယ်တဲ့။ အမြဲတမ်းပြုံးနေတတ်တဲ့မိန်းကလေးမို့ ခင်ချင်လို့ပါတဲ့။ မကြာခဏမကြားရပေမယ့် ဘယ်သူနဲ့မှသိပ်မတူတဲ့ရှတတအသံလေးကို သူမမှတ်မိနေခဲ့ပါတယ်။ တခြားသူသာဆိုဖုန်းချပစ်မိမှာမှန်ပေမယ့် သူဘယ်သူဆိုတာသိနေတဲ့သူမ အဲလိုမလုပ်ရက်ခဲ့ဘူး။ သူရဲ့ဇာတိ၊ ကျောင်း၊ မေဂျာ၊ အခုလုပ်နေတဲ့အလုပ်အကိုင်တွေပြောပြပြီး မိတ်ဆက်လာပါတယ်။ သူမက သူနဲ့တမြို့တည်းကဆိုတာသိတော့ အံ့သြတကြီးဖြစ်လို့။ ဘာလို့များကိုယ် ညီမလေးကို အရင်တုန်းက မသိခဲ့ရတာလဲ တဲ့။

အဲဒီနေ့ကစပြီးသူအခါခါ ဖုန်းဆက်ပေမယ့် သူမနှလုံးသွေးတွေအေးခဲနေပြီဆိုတာ သူသိပုံမရခဲ့ပါဘူး။ အထက်တန်းအတူတူ၊ တက္ကသိုလ်မှာ မေဂျာတူ၊ လုပ်ငန်းကော်မတီအတူတူ။ ဒါပေမယ့် တခါမှသူမကို သူဂရုမစိုက်မိခဲ့ဘူးပေါ့နော်။ သူမဟာသူ့အတွက်မြူမှုန်၊ သဲမှုန်လေးတမှုန်ပဲပေါ့။ သူ့ကိုအမြဲတမ်းစောင့်ကြည့်နှစ်သက်ခဲ့တဲ့ မိန်းကလေးတယောက်ကို သူမသိခဲ့ဘူးဆိုရင်တောင် တကျောင်းတည်းတက်ခဲ့တဲ့၊ တမြို့တည်းသားချင်းညီမငယ်တယောက်အဖြစ် သိနှင့်နေသင့်ပါတယ်။ ဒီမျက်နှာကိုရင်းနှီးနေသင့်တာပေါ့။ နှစ်ပေါင်းများစွာ ကြာမှ Facebook ပေါ်ကဓါတ်ပုံလေး ၁ပုံ ၂ပုံကြောင့် မိန်းကလေးတယောက်ကိုအလေးထားမိလာတယ်တဲ့လား။ အဲဒါဟာ ဖူးစာလို့ဆိုရင်တောင်မှ ကျိန်စာသင့်နေတဲ့ ဖူးစာပဲဖြစ်ပါလိမ့်မယ်။ သူ့မျက်နှာမြင်ရုံနဲ့ပျော်ရွှင်ကြည်နူးခဲ့ဖူးတာတွေအားလုံးက ဟိုးအတိတ်မှာ။ အခုပြန်တွေးရင် ရုပ်ရှင်တပုဒ်ကြည့်သလို၊ ကိုယ်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတခုကိုဘေးက ကြည့်နေသလိုမျိုး။ သူ့ဆီကဖုန်းလာရင် မဆက်ပါနဲ့တော့လို့ပြောချင်ပေမယ့် ပြောမထွက်။ မပြောရက်။ ဒါပေမယ့်အရင်လိုသူ့အသည်းနှလုံးကအလုပ်မလုပ်တော့။ တခါတလေတော့လည်း သူမဖြစ်နေတဲ့ရောဂါက ကျောက်ကပ်မှာလား၊ နှလုံးသားမှာလား သေချာအောင်စမ်းသပ်ချင်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ သူမဆီဖုန်းမဆက်ပါနဲ့တော့လို့ သူမပါးစပ်ကဖွင့်ဟပြောရဲတဲ့နေ့တနေ့ရောက်တဲ့အထိ သူဆက်တဲ့ဖုန်းတွေကို သည်းခံနားထောင်ရဦးမှာပေါ့လေ။

Saturday, June 6, 2009

မြွေတကောင်အကြောင်း

ဒီနေ့တော့စရို့ဂ်ျသည် အိပ်ရာမှအစောကြီးနိုးနေလေသည်။ သူနိုးလာလို့နာရီကိုကြည့်မိတော့ မနက် ၆နာရီပင်မထိုးသေး။ သူတို့ကိုလာရောက်ကြိုဆိုမယ့်ဘတ်စ်ကားက ၈နာရီမှာရောက်လာမှာဆိုတော့ သူ ၇နာရီလောက်ထပြီးပြင်ဆင်ရင်မီ လောက်သည်ဟုတွက်မိသည်။ ဒါနဲ့ပဲသူလည်းအိပ်ရာထဲမှာပဲဆက်ပြီး နှပ်နေလိုက်သည်။ ဒါပေမယ့်ဟိုတွေး ဒီတွေးနဲ့ ပြန်အိပ်လို့မရတော့။ အတွေးတွေကချည်မျှင်တွေလိုတသီတတန်း ပေါ်လာနေကြသည်။ အတွေးတွေကနီပေါမှာကျန်ခဲ့တဲ့ အဖေနဲ့အမေဆီရောက်လိုက်၊ မနေ့ကလေဆိပ်မှာသူ့ကိုလက်တပြပြ ကျန်ခဲ့ရှာတဲ့သူ့ငယ်ရည်းစား လက်ရှာဆီရောက်လိုက်၊ အမေရိကကသူ့အကိုဆီရောက်လိုက်နဲ့။ အမေရိကက အကိုဖြစ်သူဆီသူ ၆လလောက်သွားနေပြီးပြန်ရောက်အလာမှာ သူ့သူငယ်ချင်းအကူအညီနဲ့ ဒီစင်္ကာပူမှာရှိတဲ့ Public Policy ကျောင်းကိုလှမ်းပြီးလျှောက်ဖြစ်ခဲ့ပုံ၊ ကျောင်းကနီပေါမှာလာပြီး စာမေးပွဲစစ်၊ အင်တာဗျူးလုပ်နဲ့သူအရွေးချယ်ခံရပုံတို့ကိုလည်းပြန်မြင်ယောင်လာမိသည်။

သူအမေရိကမသွားခင်ကတော့ သူသည်နီပေါကသာမာန်ဘွဲ့ကလေးတခုရပြီး အမေရိကမှာအကိုနဲ့သွားနေတဲ့အချိန်အထိသူဟာ ဘာမှမဟုတ်တဲ့ လူရာမ၀င်လှတဲ့ ငချွတ်ကလေးတကောင်သာဖြစ်သည်။ သူ့အကိုနဲ့အတူနေပြီး ဓါတ်ဆီဆိုင်မှာအလုပ်လုပ်ခဲ့သည်။ စားသောက်ဆိုင်မှာစားပွဲထိုးလုပ်ခဲ့သေးသည်။ နောက်နီပေါမှာကျန်နေခဲ့တဲ့မိဘနှစ်ပါးကိုလွမ်းတာကြောင့်ရော၊ သူ့ရည်းစားလက်ရှာကလည်းပြန်လာပါဟုခေါ်တာကြောင့်ရော သူနီပေါကိုပြန်လာဖြစ်ခဲ့သည်။ သူပြန်လာတဲ့အခါ ကျောင်းပြီးပြီး ကြုံရာအလုပ်လုပ်နေကြတဲ့သူငယ်ချင်းတွေကြားမှာ သူသည်အမေရိကပြန်၊ ဒါ့အပြင် ဟိုမှာနေ့စဉ်ကြည့်နေရတဲ့ နိုင်ငံတကာသတင်းတွေ၊ သူအချိန်အားခိုက်ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ သတင်းစာတွေ၊ နိုင်ငံရေးသုံးသပ်ချက်တွေက သူငယ်ချင်းတွေကြားမှာသူ့ကိုလူတွင်ကျယ်လုပ်နိုင်ဖို့အခွင့်အရေးပေးလာခဲ့သည်။ သူ့အဖေရှေ့နေဟောင်းကြီးရဲ့သူငယ်ချင်းတွေအိမ်လာလည်ရင်လည်း သူပြောပြတဲ့ပစ္စုက္ခအခြေအနေတွေ၊ သတင်းတွေကသူတို့ကိုပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။ သူအမေရိကမှယူလာခဲ့တဲ့ ပေါင်တင်ကွန်ပျူတာအစုတ်ကလေးကလည်း အင်တာနက်ကဖီးတွေမှာ သူအချက်အလက်တွေရှာဖွေရာ၊ သိုမှီးရာဖြစ်လာခဲ့တာပေါ့။

အဲဒီအချိန်မှာပဲ ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်နေတဲ့ သူငယ်ချင်းက သူ့ဆရာဆီကရလာခဲ့တဲ့ လက်ကမ်းစာစောင်တခုကိုပြတယ်လေ။ “သင်သည်ထူးချွန်ထက်မြက်သူဖြစ်ပါသလား။ အာရှတိုက်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သင့်တွင်ဆန္ဒရှိပါသလား။ သင့်အားအခမဲ့လေ့ကျင့်ပေးရန်အသင့်ရှိပါ၏” ဆိုတဲ့ခေါင်းစည်းနဲ့ စင်္ကာပူကနာမည်ကျော်ခေါင်းဆောင်နာမည်တပ်ထားတဲ့ နာမည်ကြီးPublic Policy ကျောင်းတခုရဲ့ မာစတာဘွဲ့အတွက်ကြော်ငြာပေါ့။ သူ့ကိုအရမ်းအထင်ကြီးနေတဲ့သူငယ်ချင်းက မင်းဝင်လျှောက်ပါလားဆိုတော့ သူကအေးလေ လျှောက်ကြည့်တာပေါ့လို့ သူခပ်ပေါ့ပေါ့ပြောလိုက်တယ်။ ဒါပေမယ့်အဲဒီသူငယ်ချင်းက အတင်းတိုက်တွန်းနေတဲ့ အတွက်သူဖောင်တင်ဖို့ပြင်ဆင်ရပါတော့တယ်။ ဒါပေမယ့် သူ့စိတ်ထဲကတော့ ခပ်တွန့်တွန့်ပဲ။ သူ့မှာဘာလုပ်ငန်းအတွေ့အကြုံမှမရှိ။ အမေရိကမှာလုပ်ခဲ့တဲ့ ဓါတ်ဆီဆိုင်တို့၊ စားပွဲထိုးအလုပ်တို့ဆိုတာ လုပ်ငန်းအတွေ့အကြုံထဲမှာထည့်ရလောက်အောင်မတင့်တယ်။ ဒါနဲ့ပဲ ကျောင်းတုန်းက လုပ်အားပေးလုပ်ခဲ့ဖူးတဲ့ ကျန်းမာရေးဌာနတခုမှာအခုထိလုပ်နေသလိုလိုထည့်ရေးလိုက်တယ်။ အဲဒီကလူကြီးကလည်း သူ့ကိုတော်တော်အရေးပေးခဲ့တာဆိုတော့ ထောက်ခံချက်ရေးပေးဖို့ သူတောင်းဆိုတော့ သူသိပ်မပြောလိုက်ရဘဲ လက်ခံလိုက်တယ်။ ဒီလိုနဲ့ကျောင်းကပထမအကြိမ်ရွေးချယ်တဲ့အထဲမှာသူရွေးချယ်ခံရပြီး ကျောင်းကစာမေးပွဲလာစစ်ပါတယ်။ နီပေါမှာတုန်းကလည်း အင်္ဂလိပ်စာလေ့လာခဲ့သလို၊ အမေရိကမှာ ၆လလောက်နေလာတဲ့သူ့အတွက် အင်္ဂလိပ်ဘာသာစကားစာမေးပွဲကအခက်အခဲမရှိလှ။ သူကြောက်နေတာက သင်္ချာ။ ဒါပေမယ့်တကယ်တမ်းသင်္ချာစစ်ကြတော့လည်း အခြေခံသင်္ချာဗဟုသုတကိုသာစစ်ဆေးတာဖြစ်တဲ့အတွက် သူ့ကအေးအေးဆေးဆေးပင်ဖြေဆိုနိုင်ခဲ့သညါ။ စာမေးပွဲဖြေအပြီး အင်တာဗျူးဖြေရတော့လည်း အင်တာဗျူးတဲ့ပါမောက္ခ ၂ယောက်စလုံးသူ့အဖြေ၊ သူ့နိုင်ငံရေးအမြင်၊ ပေါ်လစီသုံးသပ်ချက်တွေကိုသဘောကျ သွားပုံပေါ်သည်။ ဒီအင်တာဗျူး အပြီးမှာတော့ သူဒီဘွဲ့လွန်သင်တန်းတက်ဖို့ရွေးချယ်ခံရလိမ့်မယ်လို့ သူ့ဘက်ကသေချာသလောက်ရှိသွားတော့တယ်။

နောက်တလကြာပြီး ဧပြီလအတွင်းမှာတော့သူ့ကိုရွေးချယ်ခံရ ကြောင်းနဲ့ သူပညာသင်ဆုလည်းရရှိကြောင်း ကျောင်းကပို့ပေးတဲ့အီးမေးကိုသူလက်ခံရရှိပါတော့တယ်။ နောက်၎ရက်လောက်ကြာအပြီးမှာတော့ မူရင်းစာက စာတိုက်ကတဆင့်ရောက်ရှိလာပါတော့တယ်။ ဟောအခုတော့ သူကကျောင်းမဖွင့်ခင်မှာ ဘောဂဗေဒအခြေခံမရှိသူတွေတက်ရမယ့်အကြိုသင်တန်းအတွက် စင်္ကာပူကိုမနေ့ကလေယာဉ်နဲ့ရောက်လာပြီး ကျောင်းကပေးထားတဲ့ကွန်ဒိုတိုက်ခန်းတခုမှာပေါ့။ မနေ့ကညကသူရောက်လာပြီး သူနေရမယ့်အခန်းကို ကျောင်းကလိုက်ပို့ပြီးနောက်မှာ အင်္ဂလိပ်စာနဲ့ သင်္ချာအကြိုတန်းအတွက်ရောက်နှင့်နေပြီးသားကျောင်းသားတွေက သူ့ကိုလာနှုတ်ဆက်ပါတယ်။ ပြီးတော့သူတို့ညစာသွားစားမှာကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။ အားလုံးကတော့ တကယ့်ကို ရည်ရည်မွန်မွန်နဲ့ ပညာတတ်ပီသကြပါတယ်။ လူငယ်တွေချည်းပဲမို့ ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နေကြတဲ့ ပုံပါပဲ။ နိုင်ငံပေါင်းစုံမှကျောင်းသားတွေရောက်လာကြမှာ။ ဂျပန်၊ ရုရှ၊ တာဂျီကစ္စတန်၊ မြန်မာ၊ အိုင်ယာလန်၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက ရောက်နှင့်နေပါပြီ။ တချို့နိုင်ငံများမှတော့ မရောက်ကြသေးပါ။ သူကတော့ ဒီပညာတတ် လူတန်းစားတွေကြားမှာ ၀င်ဆန့်နိုင်ဖို့၊ အားလုံးနဲ့လိုက်လျောညီထွေဘယ်လိုနေရမလဲပဲ စဉ်းစားနေရပါတယ်။ နီပေါမှာကျန်ခဲ့တဲ့သူ့အပေါင်းအသင်းတွေကြားမှာ သူလူတွင်ကျယ်လုပ်ခဲ့သလို ဒီမှာသူလုပ်လို့မရဘူးဆိုတာတော့ အရမ်းကိုသိသာနေပါတယ်။ သူကတော့ အောက်ကျို့ပေါင်းရမယ့်သူ့ကို အောက်ကျို့ဖို့ဝန်မလေးပါဘူး။ သူလိုအညတရတယောက်ဒီလိုအသိုင်းအ၀ိုင်းထဲရောက်လာဖို့ဆိုတာ ဘုရားကပေးတဲ့ဆုလာဘ်ပါပဲ။ ကျောင်းပြီးရင် စင်္ကာပူမှာပဲ သူအလုပ်ကောင်းကောင်းတခုရနိုင်တယ်။ သူ့လိုဒီကမာစတာဘွဲ့ရထားတဲ့လူတယောက်အဖို့ အလုပ်တခုရတာနဲ့ အမြဲတမ်းနေထိုင်ခွင့်ရမယ်။ ကံကောင်းရင် ဒီအသိုင်းအ၀ိုင်းထဲကပညာတတ်မိန်းမ တယောက် ရပြီး သူ့ဘ၀ကတဟုန်ထိုးမြင့်တက်သွားနိုင်တယ်လေ။ ဟား လက်ရှာရေ မင်းအတွက်စိတ်မကောင်းပေမယ့် နေခဲ့ပါတော့ကွာလို့ သူစိတ်ထဲကနေပြောနေမိတယ်။
*********
နာရီက၇ချက်မြည်သံနဲ့အတူသူအိပ်ရာကထလိုက်တယ်။ ရေချိုးခန်းဝင် ကိုယ်လက်သန့်စင်ပြီး သူအခန်းထဲပြန်ဝင် လာတယ်။ ခရီးဆောင်အိတ်ထဲက အကောင်းဆုံး၊ အသစ်လွင်ဆုံးလို့ထင်ရတဲ့ဝတ်စုံတစုံကိုသူ ကောက်ဝတ် လိုက်တယ်။ တိုက်ပွဲဝင်ရမယ့်စစ်သူကြီးတယောက်အတွက် သံချပ်ကာဝတ်စုံကအရေးကြီးသလို သူ့အတွက်လည်း သစ်လွင်တဲ့ဝတ်စုံကသူ့ရဲ့ပင်ကိုယ်အားနည်းချက်တွေကို ဖုံးကွယ်ပေးတယ်လို့ သူခံစားရတယ်။ သူ့စိတ်ထဲမှာရှိတာတွေကိုဘယ်တော့မှ လူတွေမသိစေရ။ သူ့အတွက်တော့ အရေခွံတစုံလို သူရဲ့ချိုမြိန်တဲ့အပြုံး၊
ကျွမ်းကျင်တဲ့အင်္ဂလိပ်စကားဒါတွေကသူရဲ့ပင်ကိုယ်အနေအထားကို ဖုံးလွှမ်းနေစေရမည်။ သူရှေ့ဆက်လျှောက်ရမယ့် လမ်းကအရှည်ကြီးပဲမဟုတ်ပါလား။