Saturday, January 31, 2009

ကျွန်မရဲ့ အစ်ကို


ThwarNaingPyi - LLW+RBC
ဒီတလောမှာ နားထောင်ဖြစ်နေတဲ့ သီချင်းလေးတွေထဲက တစ်ပုဒ်ပါ။ နားထောင်မိတိုင်းလည်း အိမ်ကအစ်ကို့ကို သတိရလို့ အားလုံးနားထောင်ရအောင်တင်ပေးလိုက်တာပါ။ တစ်ခါမှတော့ အဲဒီလိုအစ်ကိုနဲ့ အချစ်အကြောင်း၊ ကိုယ်ကြိုက်နေတဲ့သူရဲ့အကြောင်းမဆွေးနွေးဘူးပါဘူး။ ဒါပေမယ့် အဲဒီသီချင်းလေးကြားတော့ အစ်ကို့ကိုသတိရနေ မိတယ်။ အစ်ကိုက ကျွန်မထက်၂နှစ်ကြီးပါတယ်။ အေးပြီး စကားနည်းပါတယ်။ ညီမနဲ့ အစ်ကိုကတကယ့်ဆန့်ကျင် ဘက်မို့ ပတ်ဝန်းကျင်က မှားမွေးတာလားလို့ စကြတယ်။ သူအားရင်ဂစ်တာတီးမယ်၊ သီချင်းဆိုမယ်။ အခုနောက်ပိုင်း တော့ ရုပ်ရှင်တွေကြည့်တယ်။ တခါတလေ ဂိမ်းသွားဆော့မယ်။ ဆယ်တန်ုးမအောင်ခင်အထိ ဘယ်သူငယ်ချင်းနဲ့မှ အပြင်သွားလိုက်ဦးမယ်ဆိုတာမျိုးလည်းမရှိဘူး။ ညီမလုပ်တဲ့သူကသာ စက်ဘီးတစ်စီးနဲ့ မြို့ပတ်နေတာ။ အလယ်တန်ုးကျောင်းသူဘ၀ကတည်းက သူငယ်ချင်းမွေးနေ့သွားဦးမယ် ၁၁နာရီလောက်ပြန်ရောက်မယ်ဆိုပြီး ညနေ ၃နာရီမှပြန်ရောက်တာတို့၊ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့မြက်တိုကို စက်ဘီးပြိုင်နင်းတာတို့၊ ရေကြည်ဦးဘုရား ကိုစက်ဘီးနဲ့သွားတာတို့ အစုံပဲ။ (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာနာလိုက်တာ။) အဲဒီလိုကျွန်မက သူငယ်ချင်း အပေါင်းအသင်းများသလောက် အစ်ကိုကတော့ဆယ်တန်းအောင်ပြီးမှပဲ သူ့သူငယ်ချင်းတွေကအိမ်လာခေါ်၊ အပြင် သွားနဲ့ နည်းနည်းအပေါင်းအသင်းနဲ့သွားတတ်လာတတ်ဖြစ်လာပါတယ်။ အမေကလည်း ကိုကြီးကိုအပြင်ထွက်စေ ချင်တာကို။ ဆယ်တန်းအောင်တော့ ကိုကြီးက Chemistry majorရပါတယ်။ သူ့သူငယ်ချင်းက ပထ၀ီပဲရတော့ သူလည်းပထ၀ီပြောင်းပြီး အဝေးသင်တက်ပါတယ်။ အဲဒီအချိန်မှာ အမေ့ညီမအငယ်ဆုံးရှိတဲ့ ရန်ကုန်မှာအစ်ကိုက သွားနေပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှပြန်လာတာပေါ့။ အဲဒီလိုနဲ့ ပထမနှစ်မှာအစ်ကို ကောင်မလေးတစ်ယောက်ကို ကြိုက်ပါတယ်။ ကောင်မလေးတော့မဟုတ်ပါဘူး။ သူ့ထက်တောင် ၃နှစ်ကြီးပါတယ်။ အဲဒါကိုကျွန်မကလုံးဝ သဘောမတူနိုင်ဖြစ်ခဲ့တာပေါ့။ တိုတိုပြောရရင်အဲဒီအစ်မနဲ့သူရည်းစားမကျ၊ သူငယ်ချင်းမကလိုမျိုးဖြစ်ပြီး နောက်ဇာတ်လမ်းပြတ်သွားပါတယ်။ (ကျွန်မကြောင့် ပြတ်တာတော့မဟုတ်ပါဘူး)။ ဒါပေမယ့် ကျွန်မကတော်တော့် ကိုအဲဒီကိစ္စကိုမကျေမနပ်၊ ဆူဆူပူပူလုပ်ခဲ့တာပါ။ သူ့ကိုလည်းအရမ်းချစ်တော့ သူရည်းစားရသွားရင် ကျွန်မကို မချစ်တော့မှာစိုးလို့ပါ။ အခုကျတော့လည်းကိုယ်က အဝေးရောက်နေတဲ့အခါကျတော့ သူ့မှာခပ်အေးအေးရည်းစား လေး တစ်ယောက်ရှိရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ အခုမှပါ။ အရင်တုန်းကဆို အစ်ကို့သူငယ်ချင်းတွေက “ဇော်ဇော် အဲဒီကောင်မလေးလိုက်ပါလား။ အေးအေးဆေးဆေးလေးကွ”လို့ မြှောက်ပေးရင် အစ်ကိုက “မင်းတို့ကလဲ ကွာ၊ ငါ့ညီမအကြောင်းလည်းသိသားနဲ့”လို့ပြန်ပြောတတ်တာပါ။ အခုတော့ အစ်ကိုအနားမှာမရှိမှ သူ့ကိုဗိုလ်ကျခဲ့တာတွေတွေးမိရင် ရယ်လည်းရယ်ချင်၊ တခါတလေ အစ်ကို့ကိုလည်း သနားမိသေးတယ်။ အခုနေအစ်ကိုက သူကြိုက်တဲ့ကောင်မလေးအကြောင်းရင်ဖွင့်လာရင် ကောင်းကောင်းမွန်မွန်နားထောင်ပေးတော့ မယ်လို့ စိတ်ကူးမိပေမယ့် အစ်ကိုကအဝေးမှာလေ။

Wednesday, January 28, 2009

တယ်လီဖုန်း


တယ်လီဖုန်းတဲ့
နာမည်ကသုံးလုံးထဲ
သူအသုံးကျပုံက
ပြောမဆုံးအောင်။
နယ်ဝေးကမိဘ
သား၊ သမီးအသံကြားရ
အလွမ်းစကြွေတယ်။
အဝေးကခင်ပွန်း
လွမ်းလွန်းရင်ဆက်
ဇနီးရတက်ပြေဖွယ်။
ကိုယ့်အတွက်တော့
အဲဒီတယ်လီဖုန်း
အမေ့ဆီဆက်
အဖေ့ဆီဆက်
နောက်ပြီးတော့
နေ့စဉ်တိုင်းအတွက်
သတိရရင်ဆက်
သူနဲ့ကိုယ့်ကြား
ချည်နှောင်ကြိုးမျှင်
သံယောဇဉ်တံတား
သက်မဲ့မြားနတ်မောင်အလားလေ။

မေ့သမီး

Monday, January 26, 2009

ပျော်လို့ရေးတဲ့ကဗျာ

သတိရရဲ့လားလို့
ကိုယ်မေးတော့
“ရပါတယ်”လို့
ဖြေတဲ့လေသံ
အေးစက်နေသလား
ကိုယ်မတွေးဘူး
မင်းလိုလူက
ဒီလိုအဖြေပေးတာကိုပဲ
ကိုယ်ပျော်နေပြီ
စိတ်ထဲမှာ လေဟုန်စီး
ကမ္ဘာကြီးတောင်
မေ့သွားအောင်
ထိချက်သိပ်ပြင်းတယ်။ ။

မေ့သမီး

Friday, January 16, 2009

ဖြစ်ချင်တာနဲ့ ဖြစ်နေတာ

ကျွန်မနေထိုင်ရှင်သန်ရတဲ့ ကမ္ဘာကြီးကို အမြဲတမ်းစိမ်းလန်းသာယာပြီး ငြိမ်းချမ်းစေချင်လိုက်တာ။ ပန်းကလေးတွေနဲ့၊ တောင်တန်းတွေနဲ့၊ ချစ်စရာကောင်းတဲ့ကလေးငယ်တွေနဲ့၊ ပြည်သူအပေါ်ကို စေတနာ၊ မေတ္တာထားမယ့် အစိုးရတွေနဲ့ပေါ့။ နိုင်ငံအချင်းချင်းလည်းတစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်းရောင်းဝယ်၊ စီးပွားရေးလုပ်ကြ။ အပြန်အလှန် လည်ပတ်သွားလာကြ။ ယဉ်ကျေးမှုတွေဖလှယ်ကြ။ အပြုသဘောဆောင်တဲ့ နည်းပညာတွေဖွံ့ဖြိုးအောင် ဆောင်ရွက် ကြ။ စိုက်ပျိုးရေးနိုင်ငံ၊ စက်မှုနိုင်ငံ၊ ကုန်သွယ်ရေးနိုင်ငံ ကိုယ်စီကိုယ်စီဖွံ့ဖြိုးစည်ပင်လို့။ အစာရေစာမထွက်တဲ့နိုင်ငံကို အစားအစာပေါများတဲ့နိုင်ငံက အစာရေစာတွေတင်ပို့ရောင်းချ၊ စက်မှုထွန်းကားတဲ့နိုင်ငံတွေက စက်မှုပစ္စည်းတွေကို တခြားနိုင်ငံတွေကိုပို့။ နယ်မြေလည်းမလုကြနဲ့တော့။ အကြမ်းဖက်တာတွေလည်း ရပ်ဆိုင်းလိုက်ကြတော့။ ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်ကြ။ ဘာသာရေးကိုအရောင်ဆိုးပြီး နှိပ်စက်တာတွေလည်း မလုပ်နဲ့တော့။ သဘာဝဘေးအန္တရာယ်တွေကိုလည်း အတူတူကာကွယ်ကြမယ်။ မွေးဖွားလာကြ၊ ရှင်သန်ချိန်တိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ရန်မမူကြပဲ ကိုယ့်ပတ်ဝန်းကျင်ကိုအကျိုးပြုကြ။ လေထုတွေ ရေထုတွေ ညစ်ငြမ်းမှုမဖြစ် အောင် သတိထားကြ။ သစ်တောတွေကိုထိန်းသိမ်းကြ။ ပင်လယ်ကမ်းခြေတွေကိုမပျက်စီးအောင် ဂရုစိုက်ကြ။ အိုဘယ်လောက်များငြိမ်းချမ်းလိုက်မလဲ။ အတွေးထဲမှာတောင် အေးချမ်းသွားတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို ဒီပုံတွေကိုကြည့်ရင်တွေ့ရမှာပါ။

(ဒါဖာဒေသက ဒုက္ခသည်ကလေးတစ်ယောက် အစားအစာခွဲတမ်းရဖို့အတွက်စောင့်နေတာ။)

(စီချွန်ငလျင်လှုပ်တုန်းက။)

(ကွန်ဂိုအရှေ့ဘက်မှာခရီးသည်တင်လေယာဉ်ပျက်ကျသွားတဲ့ပုံပါ။)

(ဒါကတော့ အားလုံးသိပြီးတဲ့အတိုင်း ဒေးဒရဲဘက်မှာ အကူအညီတွေလာဖို့စောင့်နေတဲ့ နာဂစ်ဒုက္ခသည်တွေလေ။)

(အာဖဂန်နှစ္စတန်မှာ တာလီဘန်တွေနဲ့ အမေရိကန်မရင်းတပ်တွေရဲ့ အနီးကပ်တိုက်ပွဲ)

(ကယ်လီဖိုးနီးယားမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အဖွဲ့ကိုလိုက်လံချေမှုန်းရင်းနဲ့ အနီးအနားကျောင်းကကလေးတွေကို အရေးပေါ်ဖယ်ရှားရတဲ့အခါ)

(အာဖဂန်ဒုက္ခသည်ကလေးတစ်ယောက် ဒုက္ခသည်စခန်းမှာ သဲမုန်တိုင်းကိုရှောင်ပုန်းနေတဲ့ပုံ။)


ပုံတွေကိုဒီကယူထားတာပါ။


မေ့သမီး