Wednesday, March 10, 2010

ကျောင်းစင်တင်ပွဲ

ကိုလူထွင်းကအားပေးလို့ ဆက်ရေးလိုက်ဦးမယ်။ (အမှန်တော့ကိုယ့်ဘာသာ ကိုယ်ရေးချင်နေတာပါ။) J

ကိုယ်တို့ပုသိမ်တက္ကသိုလ်မှာ နှစ်စဉ်စင်တင်ပွဲလို့အလွယ်ခေါ်တဲ့ပွဲကို နှစ်တိုင်းဖေဖော်ဝါရီလမှာ ကျင်းပပါတယ်။ (ကိုယ်ကျောင်းထွက်ပြီး နောက်တနှစ်မှာပွဲမဖြစ်ဘူးလို့ပြောပါတယ်။ အခုတော့ မသိပါ။) နေ့ခင်းဘက်မှာကျောင်းရှေ့ကကွင်းပြင်မှာ ဆိုင်ခန်းလေးတွေခင်းထားပြီး မေဂျာအလိုက်မုန့်တွေရောင်းပါတယ်။ အဓိကကတော့ ဌာနတခုချင်းစီအတွက် ရန်ပုံငွေပါ။ ကျောင်းသား ကော်မတီတွေနဲ့ဆရာတွေက ဦးဆောင်ရပါတယ်။ လက်မှတ်တွေကိုတော့ ကြိုပြီး ကျောင်းသားတယောက်ဘယ်နှစောင်နှုန်းနဲ့ ၀ယ်ရပါတယ်။ အဝေးသင်လာတက်ပြီး အဲဒီရက်ကျောင်းမှာမရှိနိုင်တဲ့ကျောင်းသားတွေအတွက် ဒီလက်မှတ်တွေဝယ်ရတာ အပိုကုန်တာ၊ စိတ်ညစ်စရာဖြစ်ရင်ဖြစ်မှာပါ။ တချို့နေ့ကျောင်းသားတွေအတွက်လည်း အပြင်မှာနည်းနည်းဝယ်စားလိုက်ရတဲ့ဟာကို လက်မှတ်နဲ့မ၀ယ်မဖြစ်ဝယ်ရတော့ စိတ်တိုချင်တိုကြမှာပါ။ ကိုယ်တို့ကတော့ မေဂျာကလက်မှတ် ၃၊ ၄စောင်ဝယ်၊ ပြီးရင် ၂စောင်လောက်ချန်ထားပြီး တခြားမေဂျာကသူငယ်ချင်းတွေဆီက လက်မှတ်နဲ့လဲ။ ပွဲနေ့၂ရက်မှာ ဆိုင်ခန်းတိုင်းကို လည်ပတ်ပြီး မုန့်စားတာပါ။ တက္ကသိုလ်ကလုပ်တဲ့ ရန်ပုံငွေဈေးပွဲတော်ဆိုတော့လည်း အရေအတွက်နည်းရင်တောင် အရသာတော့ကောင်းပါတယ်။ ကိုယ်ကတော့ တဆိုင်ပြီးတဆိုင်မုန့်လျှောက်စား၊ သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်၊ ဟိုမေဂျာမှာဗရုတ်ကျ ဒီမေဂျာမှာဗရုတ်ကျလုပ်ရတာ ပျော်တာပဲ။

ညဘက်ရောက်ပြီဆိုရင်တော့ မေဂျာအလိုက်ဖျော်ဖြေတင်ဆက်မှုတွေရှိပါတယ်။ မေဂျာတွေအများကြီး၊ စင်ပေါ်တက်ချင်တဲ့သူကလည်းများတော့ မေဂျာအလိုက်ဆန်ခါတင်အရင်ရွေးရပါတယ်။ သီချင်းဆိုဖို့ဆို မြန်မာသံဘယ်နှစ်ယောက်၊ ခေတ်ပေါ်ဘယ်နှစ်ယောက်ပေါ့။ ပြဇာတ်တို့၊ အော်ပရာတို့က မိနစ် ၄၀ထက် ကျော်လို့မရပါဘူး။ ပွဲက ၂ရက်လုပ်ပေမယ့် ညဘက် ၈နာရီလောက်ပွဲစပြီး ၂ချက်တီးလောက်ဆို သိမ်းရပါပြီ။ ပရိသတ်က ကျောင်းသားတွေပဲဆိုတော့ ဇာတ်လမ်းတွေကလည်း ကျောင်းနဲ့သက်ဆိုင်တာတွေ၊ ကျောင်းသားတွေသိတဲ့ ပျက်လုံးတွေပဲများတာပါ။ မကခင်အစောကြီးကတည်းက ကိုယ့်မေဂျာကကမယ့် ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ပါမောက္ခကတဆင့် ပါချုပ်ဆီတင်ရပါတယ်။ ဟာသတွေဘာတွေဆို အရမ်းလွန်သွားမှာစိုးလို့ပါ။ ဒါပေမယ့်သိတယ့်အတိုင်းပါပဲ။ ကျောင်းသားတွေဆိုတော့ တင်တဲ့ဇာတ်ညွှန်းတုန်းကတော့ချောလို့။ တကယ်လည်းကရော ဇာတ်ညွှန်းထဲမပါတာတွေပြောတာပဲ။ အထူးသဖြင့်ကိုယ်တို့ကျောင်းကဘူမိဗေဒမှာနာမည်ကြီးတဲ့ တပည့်တွေနဲ့ဝိုင်းဖွဲ့တတ်တဲ့ ဆရာငယ်ငယ်လေး အကြောင်း၊ ဘူမိကပဲ စာမေးပွဲခန်းစောင့်ရင် ခိုးချတာကိုအသားကုန်နှိပ်ကွပ်တတ်တဲ့ ဆရာတယောက်အကြောင်း၊ ကိုယ်တို့အင်္ဂလိပ်စာက နာမည်ကြီး ဆရာခပ်နွဲ့နွဲ့အကြောင်း၊ အတန်းမတက်ပဲ မလေးရှားတောထဲရောက်သွားတတ်တဲ့အတွဲတွေအကြောင်း အကုန်စုံလို့ပဲ။ စင်ပေါ်မှာပြောနေပြီဆိုတော့လည်း ဆရာတွေလည်းဘာမှမတတ်နိုင်ပါဘူး။ ချစ်ဖို့အကောင်းဆုံးကတော့ ဘူမိပါမောက္ခပါ။ သူ့တပည့်တွေဇာတ်ညွှန်းကိုသူကတာဝန်ယူပါတယ်။ ပြီးရင် တပည့်တွေက စင်ပေါ်မှာပြောချင်တာတွေပြောပါတယ်။ တီချယ်ကြီးကပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့။ အဲမော်ကွန်းထိန်းဆူရင် သူပဲအဆူခံပါတယ်။ တပည့်တွေကိုတော့ ဘာမှမပြောတာပါ။

ကိုယ်ဒုတိယနှစ်ရောက်တော့ ကိုယ်တို့အတန်းနဲ့ ရှေ့ကစီနီယာအတန်းနဲ့ပေါင်းပြီး ဘာကကြရင်ကောင်းမလဲ ခေါင်းစားကြပါတယ်။ ဖေဖော်ဝါရီလဆိုတော့ စာမေးပွဲဖြေဖို့တလလောက်ပဲလိုတော့တာဆိုတော့ တချို့စာကြမ်းပိုးသူငယ်ချင်းတွေက၀င်မပါချင်ဘူး။ တိုက်ရပြုရနဲ့အလုပ်ရှုပ်တာကို။ တချို့ မိန်းကလေးတွေကျတော့လည်းကရမှာရှက်ပါတယ်။ ကိုယ်တို့မေဂျာက အချောအလှပေါလို့နာမည်ကြီးပါတယ်။ ဒါပေမယ့် စင်ပေါ်ကျဘယ်သူမှမတက်ချင်ကြဘူးလေ။ ကိုယ်တို့လို ဗရုသုတ်ခလုပ်ဖို့လောက်စိတ်ကူးနေတဲ့သူတွေပဲ တာဝန်ကျရော။ အဲဒါနဲ့ ကိုယ်တို့စီနီယာတန်းရယ် ကိုယ်တို့အဖွဲ့ရယ်ပေါင်းပြီး အဲဒီတုန်းကခေတ်စားနေတယ် ငါ့သမီးစာကျက်နေတယ် သီချင်းကို တေးသရုပ်ဖော်လုပ်ဖို့တိုင်ပင်ကြပါတယ်။ စင်တင်ပွဲဆိုရင် ယောက်ျားလေးတွေက မိန်းမလိုဝတ်ပြီး ကတာနှစ်တိုင်းပါနေတော့ ငါတို့ပြောင်းပြန်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယောက်ျားလေးနေရာကနေခိုင်းပါတယ်။ စီနီယာတန်းကနည်းနည်းခပ်နွဲ့နွဲ့ အကိုတယောက်ကိုမိန်းကလေးလုပ်ခိုင်းပါတယ်။ သူ့နာမည်က ဒါဒါတဲ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဖေလုပ်တဲ့သူရယ်၊ ကိုယ်နဲ့ယောက်ျားလေးသူငယ်ချင်းလုပ်ပေးတဲ့သူတွေ ရယ်ပါ။

ကမယ့်နေ့လည်းရောက်ရော ကိုယ်တို့မတိုင်ခင် Chemistry မေဂျာကအဖွဲ့ သီတာဒေ၀ီကြင်ရာရွေးတဲ့အခန်း ကိုဟာသလုပ်ကပါတယ်။ အဲဒီမှာအတိုင်းတိုင်းအပြည်ပြည်ကမင်းသားတွေလာတယ်ပေါ့။ လေးတင်တာမအောင်မြင်တဲ့ပုံကို ဟာသသရုပ်ဖော်ထားတာပါ။ တရုတ်ပြည်ကမင်းသားက လေးတင်လို့လည်း မရရော သူ့ရဲ့ဝက်သားခုတ်တဲ့ဓါးမကြီးကိုမြှောက်ပြီး သီတာဒေ၀ီမရလည်း ဒီတိုင်းတော့မပြန်ဘူး။ ဒီပုသိမ်တက္ကသိုလ်ပွဲမှာ ယောက်ျားတွေကမိန်းမလုပ်ကြတယ်။ အဲဒီတော့ သူတို့ရဲ့အပိုဖြစ်နေတဲ့ဟာတွေကို ဖြတ်ယူသွားမယ်တဲ့။ အဲဒါနဲ့ ကိုယ်တို့အဖွဲ့ကတင်းရော။ အဲဒါနဲ့ ကိုယ်တို့အလှည့်ကျရင် အဲဒီကောင်ကိုဘယ်လိုပြန်ဖဲ့မလဲတိုင်ပင်ကြတယ်။ အဲဒါနဲ့ကိုယ်တို့အလှည့်မှာ တေးသရုပ်ဖော်မလုပ်ခင် ကိုယ်နဲ့ကိုယ့်ရည်းစား ဒါဒါနဲ့က ချစ်သူသဘာဝ ကျူတာပေါ့။ အဲဒီအထဲမှာပေါက်ကရတွေထည့်ပြောတာလေ။ ဒါဒါက ကိုယ့်ကိုဘူမိကအဖွဲ့တွေ ဖဲရှုံးရင် ကင်မလင်းကျွန်းအပေါင်ဆိုင်ကိုသွားတာ သူတို့နဲ့မပေါင်းရဘူးတို့၊ ကျောင်းကင်တင်းအလယ်ဆိုင်က ဆက်ဆံရေးညံ့လို့မစားဘူးတို့။ အမှန်တွေပြောတာပေါ့။ အဲဒါပြောရင်းနဲ့ ဒါဒါက ကိုနော် သတိလည်းထားနေဦး။ ခုနက Chemistry ကတရုတ်ကြီးက ၀က်အူချောင်းစားချင်လို့ဆိုပြီး ကျောင်းထဲကယောက်ျားလေးတွေကို အတင်းလိုက်ဖြတ်နေတယ်။ ကိုပါပါသွားဦးမယ်တဲ့။ အဲဒါကို အောက်ကတရုတ်ကြီးက ကိုယ်တို့က လက်သီးဆုပ်ပြတယ်လေ။ နောက်ကျတော့ ညဘက်ကောင်မလေးအိမ်ရှေ့ဂစ်တာသွားတီးတယ်ပေါ့။ အဲဒီမှာ အဓိကဇာတ်ဆောင်အဖေက ဂစ်တာတီးတဲ့ကောင်တွေကို တင်းပြီး ဖုန်းဆက်လိုက်ရမလားတွေဘာတွေထပြောလိုက်၊ ထိုင်ခုံမှာထိုင်ချလိုက်လုပ်ပြီး သရုပ်ဆောင်နေတော့ အောက်ကလူတွေဆိုတာ ရယ်နေတာတအုန်းအုန်း။ နောက်ကိုယ်တို့အောက်ဆင်းလာတော့မှ စီနီယာတွေကပြောတာ အဖေလုပ်တဲ့သူငယ်ချင်းက ထိုင်ချလိုက်ရင် ပုဆိုးကတိုတော့ အောက်စလွတ်လွတ်သွားတာတဲ့။ ကိုယ်တို့ကစင်ပေါ်ကဆိုတော့ ဘာမှမသိဘူးလေ။ အကိုတွေက တော်သေးတာပေါ့။ ဘောင်းဘီတိုပါလို့ဆိုရယ်နေကြတာ။ ဟိုတယောက်လည်း ရှက်ပေမယ့် မတတ်နိုင်တော့ဘူး။ သူများတွေက ကိုယ်တို့အဖွဲ့ရယ်ရအောင် တမင်သက်သက်လုပ်တယ်ထင်တာ တကယ်တော့ မဟုတ်ပါဘူး။

မေဂျာအားလုံးထဲမှာ မြန်မာစာကတော့ အမြဲတမ်းအတည်ကြီးတွေလုပ်တတ်တယ်။ ဘယ်တော့မှဟာသမဟုတ်ဘူး။ ပြဇာတ်ကို အမှန်တကယ်သရုပ်ဆောင်တာ။ အဲဒီတုန်းက ကျန်စစ်မင်းတို့ဘာတို့အပြင်မှာ ရုပ်ရှင်တွေဘာတွေခေတ်မစားသေးဘူး။ သူတို့မြန်မာစာ ကျန်စစ်သားပြဇာတ်ခင်းပြီး ဘယ်လက်က အ၀တ်အစားပေးပြီး ညာလက်က အစားအစာပေးမယ်ဆိုလားလုပ်နေတာ။ အဲဒီကျန်စစ်သားကတဲ့အကိုကြီးက ချောတော့ချောပါတယ်။ အရမ်းတည်တယ်။ ကိုယ်တို့ကသူ့ကိုပွဲပြီးကတည်းကတွေ့ရင် နာမည်မခေါ်ဘူး။ ကျန်စစ်သားပဲ။ သူတို့မြန်မာစာကထုံးစံအတိုင်းဘာလုပ်လုပ် မာစတာသမားတွေပဲလုပ်တာဆိုတော့ အဲဒီစင်တင်ပွဲကလည်း မာစတာကျောင်းသားတွေပဲဦးစီးတာ။ မင်းသမီးဆိုလည်း သူတို့မြန်မာစာ မာစတာတန်းက အချောအလှအမကြီးတွေကို မင်းသမီးဝတ်စုံအစစ်တွေဝတ်ပေးပြီး သရုပ်ဆောင်ခိုင်းတာ။ ကိုယ်တို့ကတော့ မရယ်ရရင်ပျင်းတယ်လေ။ မြန်မာစာအဖွဲ့ကတဲ့ မိနစ် ၄၀၊ ၁နာရီက ကိုယ်တို့မုန့်ထွက်စား၊ လမ်းလျှောက်တဲ့အချိန်။ ကိုယ်တို့နောက်ဆုံးနှစ်မှာ ကိုယ်တို့အဖွဲ့ကဘာမှမလုပ်ပဲငြိမ်ငြိမ်လေးပဲနေဖြစ်တယ်။ သူများတွေကတာဆိုတာတွေကြည့်ပေါ့။ အဲဒီနှစ် ဒုတိယနေ့မှာBotany ကကောင်မလေးသီချင်းဆိုနေတုန်း စင်ရှေ့မှာရုတ်ရုတ်ရုတ်ရုတ်ထဖြစ်တော့ ကိုယ်တို့လည်း ရန်ဖြစ်ပြီလားလို့။ နောက်မှလူတွေက လှည့်ပြေးကြတာ မီးရောင်မြင်လို့။ မီးကလည်း ကျောင်းအပြင်ကမြန်မာစာပါမောက္ခ ၂ယောက်ထဲက တယောက်ရဲ့အိမ်ကိုလောင်တာပါ။ အဲဒီတအိမ်တည်းလောင်ပြီး ငြိမ်းသွားပါတယ်။ ကိုယ့်မှာတော့ အဆောင်က သူငယ်ချင်းတွေအားလုံးက အဆောင်ကိုပြန်ပြေးကြတာ လူတွေကြားထဲ ညပ်နေမှာကြောက်လို့ ဘေးကပ်ကျန်ခဲ့ရင်းက စင်ရှေ့မှာတယောက်တည်း ကျန်ခဲ့ပါတယ်။ နောက်မှာ သင်္ချာက မျက်မှန်းတန်းမိနေတဲ့ ကောင်လေးတယောက်လာခေါ်လို့ သူနဲ့မီးလောင်တဲ့နေရာသွားကြည့်ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့ပဲအိမ်လိုက်ပို့ပေးကြပါတယ်။

အဲဒီမီးပြဿနာဘယ်လိုငြိမ်းသွားတယ်ဆိုတာ မသိလိုက်ပေမယ့် ကိုယ်တို့အားလုံးကတော့ ရှို့မီးဖြစ်မှာပဲလို့ ကောက်ချက်ချကြပါတယ်။ အမြင်ကပ်ကပ်နဲ့ပါ။ သူတို့ဘာသာ သူတို့မြန်မာစာမေဂျာမို့လို့ မျိုးချစ်စိတ်အကြောင်းတို့၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း ကတာပြောစရာမရှိပေမယ့် အဲဒီနေ့က သူတို့ကတဲ့ပြဇာတ်က အိန္ဒယအနွယ်ဝင်တွေကို ဆန့်ကျင်ရေးဇာတ်ပါ။ အဲဒီတုန်းကဘယ်ဆရာတော်ထုတ်တဲ့ စာအုပ်ထဲမှာလည်းမသိဘူးပါပါတယ်။ လက်ဘက်ရည်ရောင်းတဲ့ဆိုင်ချင်းအတူတူ မြန်မာဆိုင်မှာမ၀ယ်ဘဲ အပိုရတဲ့ကုလားဆိုင်မှာဝယ်တာ နောက်ဆုံးသမီးပါပေးလိုက်ရတဲ့ဇာတ်ပါ။ အကုန်လည်းမမှတ်မိတော့ပါဘူး။ မြန်မာတွေကကိုယ့်လူမျိုးကိုယ်ချစ်ရမယ်။ မဟုတ်ရင် လူမျိုးပျောက်ကုန်မယ်ဘာညာပေါ့။ ကိုယ်ဘယ်သူ့ကိုမှ မစော်ကားချင်ပါဘူး။ ကိုယ့်လူမျိုးကိုယ်ချစ်လို့ပြောချင်ရင် တရုတ်ပါထည့်ပြောလေ။ (တကယ်လို့ တရုတ်ဆန့်ကျင်ရေးပြဇာတ်သာကရင် တမြို့လုံးတောင်ဝိုင်းဆဲဦးမယ်။ ပုသိမ်က သုံးပုံတပုံလောက်က တရုတ်စပ်တွေပါ။) အခုတော့သက်သက် ကုလားမကောင်းကြောင်းပြောတာ။ ကုလားမကောင်းကြောင်းပြော ရအောင် ဒါဝံသာနုအစည်းအရုံးမဟုတ်ဘူး။ တက္ကသိုလ်လေ။ အရွယ်ရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း တက်လို့ရတဲ့ကျောင်းလေ။ တရုတ်၊ ကုလားခွဲခြားရေးနယ်မြေ မဟုတ်ဘူး။ သူတို့ကအဲဒီဇာတ်ကတော့ ကျောင်းကကုလားလူမျိုးကျောင်းသားတွေက ဘယ်လိုခံစားရမလဲ။ ကိုယ်တို့အဖွဲ့လည်း အဲဒီမြန်မာစာပါမောက္ခအိမ်မီးလောင်တော့ မသနားပဲ ကိုယ်တို့ပါဝိုင်းမေတ္တာပို့ပေး လိုက်တယ်။ အဲဒီအဆက်ကတော့ နောင်နှစ်စင်တင်ပွဲမရှိတော့တာပဲ။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် ကျောင်းတက်နေတုန်းမှာ ကိုယ်တို့ရဲ့ကျောင်းတက်ရက်ကလေးတွေကို အမှတ်တရဖြစ်စေခဲ့တဲ့ အားကစားပွဲတွေ၊ စင်တင်ပွဲတွေရှိတာကို သဘောကျတယ်။ ပျော်စရာဖြစ်သလို၊ ကျောင်းသားတွေစည်းစည်း လုံးလုံးအလုပ်လုပ်ကြတာကို ပြတဲ့သက်သေလည်းဖြစ်တယ်။ အခုတော့ တနေ့တနေ့ ကျောင်းသွား၊ သင်တဲ့စာကိုဘာမှမတွေးဘဲကျက်၊ အချိန်တန်တော့ဘွဲ့ရ။ နောက်တချိန်ကျရင် ဒီကလေးတွေ ကျောင်းကိုတောင်လွမ်းတတ်ပါ့မလားပဲ။

Sunday, March 7, 2010

ကျောင်းအားကစားပွဲ

ဒီနေ့ညနေကိုယ်တို့နေတဲ့ခြံဝင်းထဲမှာ အားကစားပွဲရှိပါတယ်။ ဘောလီဘော၊ ကြက်တောင်၊ ခရစ်ကက်၊ ဘတ်စကတ်ဘော၊ တော်တော်များများပါပါတယ်။ ကျောင်းသားတွေအဖွဲ့တဖွဲ့ကို ၆ယောက်ဖွဲ့ရပါတယ်။ တဖွဲ့မှာ အနည်းဆုံးမိန်းကလေးတယောက်ပါရမယ်။ ပြီးတော့ပြိုင်ပွဲတိုင်းကို အဖွဲ့တိုင်းက၀င်ပြိုင်ရမှာပါ။ တပွဲချင်းစီမှာရတဲ့အမှတ်တွေကိုပေါင်းပြီး အမှတ်အများဆုံးရတဲ့အဖွဲ့ကိုဆုပေးမှာပါ။ ကိုယ်ဝင်ပြိုင်ချင်စိတ်ရော၊ ဘေးကအားပေးချင်စိတ်ရော ကုန်ခမ်းနေလို့ သွားဖြစ်ဖို့ကမသေချာပါ။ ခြံဝင်းထဲမှာတင်ဆိုတော့ အသံတွေကြားနေရမှာတော့အသေအချာ။ အရင်ကလို တက်တက်ကြွကြွမရှိလှတော့ သွားရမှာကို ပျင်းနေမိပါတယ်။


အားကစားပွဲလုပ်မယ်ဆိုတော့ ကိုယ်တို့ပုသိမ်တက္ကသိုလ်က ရာသီအလိုက်လုပ်ခဲ့တဲ့အားကစားပွဲတွေကို ပြန်လွမ်းနေမိပါတယ်။ မိုးတွင်း ဇွန်လကနေ အောက်တိုဘာစာမေးပွဲမဖြေခင်အထိမှာ ဘောလုံးပွဲ၊ Chess ၊ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်ပွဲရှိပါတယ်။ ဒီဇင်ဘာကျောင်းဖွင့်ချိန်ကနေ မတ်လစာမေးပွဲဖြေတဲ့အချိန်ထိက ပိုက်ကျော်ခြင်းနဲ့ ဘောလီဘောပွဲရှိပါတယ်။ ကိုယ်အကြိုက်ဆုံးနဲ့ လူအစည်ကားဆုံးပွဲတွေက ကြက်တောင်ပွဲနဲ့ ဘောလီဘောပွဲပါ။ ကိုယ်တို့အင်္ဂလိပ်စာမေဂျာမှာက များသောအားဖြင့် ယောက်ျားလေးသန်သန်မာမာဆိုတာ နည်းပါတယ်။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားတယ်ပေါ့။ အဲဒီတော့ ဘောလုံးပွဲဆိုလည်း ကိုယ်တို့မေဂျာကပွဲအစ ၂ပွဲလောက်ကန်ပြီးရင်ထွက်ရပြီ။ Chess ကျတော့လည်း သိပ်နာမည်ကြီးတဲ့သူမရှိ။ ကိုယ်ဆိုတခါတုန်းက တီချယ်ကြီးက လူမရှိဘူး။ နင်အားကစားကော်မတီခေါင်းဆောင်ဖြစ်ပြီး ဘာမှလည်းမလုပ်ဘူး။ Chess သွားထိုး တီရှပ်ပေးမယ်ဆိုလို့ Chess သွားထိုးပါတယ်။ ပထမဆုံးနေ့မှာကိုယ်နဲ့ပြိုင်ထိုးရမယ့် တယောက်ကသင်္ချာမေဂျာကပါ။ ကိုယ်ထိုးမယ်ဆိုတော့ ၉၉အတန်းက ကိုကြီးရွှေဂဲကိုမေးပါတယ်။ အဲဒီအမလက်ရည် ဘယ်လိုရှိလဲပေါ့။ သူက အေးဆေးပါတဲ့။ ဘာမှမတတ်ပါဘူးဆိုပဲ။ အဲဒီတော့ကိုယ်လည်း အားတက်သွားပါတယ်။ ပွဲစခရာလည်း မှုတ်ရော၊ သူတကွက်ရွှေ့ပါတယ်။ ကိုယ်လည်းတကွက်ရွှေ့လိုက်တယ်။ ၂ကွက်ရွှေ့ပြီးတော့ ကိုယ့်ဘုရင်ကြီးကို သူက ချက်ထားရော။ ကိုယ်လည်း ထွက်စရာအပေါက်မတွေ့တော့ဘူး။ အရှုံးပေးလိုက်ရတယ်။ ဘေးက တချို့ဝိုင်းတွေက စတောင်မစရသေးဘူး။ အဲဒီအမက ကိုယ့်ကိုကြည့်ပြီးရယ်ပါတယ်။ မနူးမနပ်ကလေးပေါ့လေ။ နောက်မှကိုယ်ပြန်သိရတာက အဲဒီအမကပွဲတိုင်းပြိုင်နေကျ၊ ဆုတွေဘာတွေလည်းရတယ်တဲ့။ ကိုယ်နဲ့ဆို ဘယ်လိုမှလက်ရည်ချင်းမတူတာ။ အဲဒါကိုပြောလိုက်ရင် စိတ်ဓါတ်ကျမှာစိုးလို့ ကိုရွှေဂဲက ညာပြောတာကိုယ့်ကို။ ဒါပေမယ့် အဲလိုညာပြောလိုက်လို့ ကိုယ်ကပြိုင်ဘက်ကို လျှော့တွက်လိုက်မိတယ်ဆိုတာ တော့ သူမသိလိုက်ဘူး။ ဟိ ကိုယ်ကလည်းညံ့ပါတယ်။


ကြက်တောင်ပွဲဆိုရင်တော့ ကိုယ်ပြိုင်မယ်ဆိုပြီးရင် တခါမှကွင်းထဲတောင်မ၀င်ပါဘူး။ ကြက်တောင်မှန်မှာ ကြောက်လို့ပါ။ ဒါပေမယ့် ကိုယ့်မေဂျာအကိုတွေပြိုင်တာကိုတော့ လည်ချောင်းနာအောင် အားပေးပါတယ်။ ကိုယ်ကြက်တောင်ပွဲကြိုက်ပြီး အားပေးတဲ့ရလာဒ်က အခုအချိန်အထိ ကိုယ်ကအရမ်းချစ်၊ ကိုယ့်ကိုလည်း အရမ်းချစ်ပြီး ကိုယ့်အပေါ်အရမ်းကောင်းတဲ့ အကိုတယောက်ရခဲ့တာပါ။ အဲဒီအကိုက ၉၉အတန်းကပါ။ ကိုယ်တို့ ပထမနှစ်ကတည်းက ကိုယ်တို့မေဂျာကကြက်တောင်မှာတော့ ဖိုင်နယ်အမြဲတက်တယ်ဆိုလို့ သွားသွားအားပေးတာပါ။ အဲဒီအကိုက ကိုယ်တို့အငယ်တန်းတွေကြားထဲမှာတော့ မင်းသားပေါ့။ ကြက်တောင်မင်းသားလေ။ သဘောကောင်းတဲ့ကိုကြီးကို အကုန်လုံးကခင်ကြတာပါ။ ကိုယ့်ကိုမှ အဲဒီအကိုကလည်း ကံဆိုးပြီး အရေးပေးမိလို့အခုအထိ ကိုယ့်ဒုက္ခတွေဝေမျှယူနေရတုန်းပါ။ စင်္ကာပူရောက်ကတည်းက အခုအထိကိုယ့်ကိစ္စပေါင်းသောင်းခြောက်ထောင်ကို ကူညီရတာပါ။ အဲဒီ ကိုယ်တို့ကျောင်းရောက်တဲ့နှစ်မှာပဲ Physics ကမာစတာကျောင်းသားတယောက် ဂျပန်ကနေပညာတော်သင်သွားရာက ပြန်ရောက်လာပါတယ်။ သူကကိုယ့်ရဲ့ ဂျပန်ဘာသာ ဆရာ (sensei) ပါ။ သူကလည်းကြက်တောင်ရိုက်တာနာမည်ကြီးပါ။ သူတခြားမေဂျာနဲ့ ရိုက်တဲ့ပွဲဆို ကိုယ်က သူ့ကိုအားပေးပါတယ်။ အဲဒီမှာသူ့ကိုကြိုက်နေတာလို့ နာမည်ကြီးတဲ့သူတို့ဂျူနီယာတန်းက အမတယောက်ကလည်း သူ့ကိုလာလာအားပေးပါတယ်။ အအေးဘူးတွေဘာတွေလည်း လာလာပေးပါတယ်။ အဲဒါဆိုကိုယ်က ဘာလိုလိုညာလိုလိုနဲ့ Sensei (ဆရာ) အနားသွားပြီး မောလိုက်တာဘာညာဆိုရင် အဲဒီအအေးဘူးတွေ သောက်ရပါတယ်။ အဲဒီအမကတော့ ကိုယ့်ကိုတော်တော်အမြင်ကပ်မှာပါ။ ကိုယ်ကလည်း ကိုယ့်ဆရာကိုလိုက်ကြိုက်လို့ဆို ကြည့်မရပါဘူး။ Sensei ကိုအဲဒီမိန်းမကြီးနဲ့ သဘောမတူဘူးတို့ ဘာတို့ ရာဇသံပေးနေကျ။ ဒါပေမယ့် တခြားအချိန်သာ Sensei ကိုချစ်ပြီး ကပ်စေးနည်းတာ။ ကြက်တောင်ပွဲမှာ ဖိုင်နယ်တက်ပြီဆို Sensei က ကိုယ့်မေဂျာက ကိုယ့်ချစ်တဲ့အကိုကို နိုင်အောင်ရိုက်လို့ အမြင်ကတ်ပါတယ်။ အဲဒါဆိုကွင်းဘေးကနေ အသက်ကြီးပြီး ကလေးတွေကိုအနိုင်ကျင့်တယ်တို့ ဘာတို့အော်ပါတယ်။ ခုနက Sensei ကိုကြိုက်တဲ့အမကြီးနဲ့ သူတို့Physics က တဘက်က၊ ကိုယ်တို့အုပ်စုကတဘက်က အပြန်အလှန်စကားလုံးတွေနဲ့ အပြန်အလှန်ထုကြတာပါ။ ဥပမာ ကိုယ်တို့က ကလေးကိုအနိုင်ကျင့်တယ်တို့ အဘိုးကြီးတို့အော်ရင် သူတို့ဘက်က လူကြီးကိုတောင်မနိုင်ဘူးလား၊ အသက်ငယ်ပြီးအားမရှိဘူးတို့ ဘာတို့ပေါ့။ ပြိုင်ပွဲမှာရှုံးရင်ကိုကြီးခမျာ မနားရသေးပါဘူး။ ဘေးနားကနေကြက်တောင်အိတ်တွေကိုင်ပေးပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ ကိုယ့်ကိုအမြဲချော့ရပါတယ်။ အဲဒီလိုအားကစားစိတ်ဓါတ်က။ နိုင်ရင်ပြုံးပြုံး ရှုံးရင်မုန်းဆိုတာ။ ပြီးရင်တော့ ကိုယ့် Sensei ကို ကလေးကိုအနိုင်ကျင့်ပြီး နိုင်ထားတာ။ မုန့်လိုက်ကျွေးဆိုပြီး ပြဿနာရှာပါတယ်။

မြန်မာစာနဲ့ကြက်တောင်ရိုက်ရင်တော့ အမြဲရယ်ရပါတယ်။ မြန်မာစာက ယောက်ျားလေးအရှားပါးဆုံး မို့လို့လားတော့မသိဘူး။ အားကစားပွဲတိုင်းမှာ ၀င်ပြိုင်တဲ့သူတွေက ဒီလူတွေချည်းပဲ။ မာစတာကျောင်းသားတွေပါ။ ခင်ဖို့လည်းကောင်း၊ သဘောလည်းကောင်းကြပါတယ်။ ဒါပေမယ့် သိတယ်မလား။ ပြိုင်ပွဲဆိုရင်တော့ ကွင်းထဲရောက်ပြီဆိုတာနဲ့ အပြင်ကနေအော်တာပဲ။ အဲဒီမြန်မာစာအားပေးတဲ့အထဲမှာ ပိန်ပိန်သေးသေးအမတယောက်ပါပါတယ်။ အဲဒီအမက အသံစူးစူးလေးနဲ့ပါ။ အဲဒါကို ကိုယ်တို့ဘက်ကယောက်ျားလေးတွေက မနှဲလေးလို့နာမည်ပြောင်ပေးထားပါတယ်။ အဲဒီအမက ကွင်းထဲကလူတွေကိုအားပေးရင် ကိုယ်တို့ဘက်ကယောက်ျားလေးတွေက ကွင်းထဲကလူတွေကို ပြောရမယ့်အစား သူ့ကိုမနှဲလေးငြိမ်ငြိမ်နေလေလို့ လှမ်းအော်ပါတယ်။ အဲဒါဆို အဲဒီအမကရယ်နေရော။

ကြက်တောင်ပွဲမှာအမှတ်တရတခုကတော့ တခါတုန်းက Botany ကတယောက်နဲ့ ကိုကြီး နဲ့ Single ရိုက်ကြရော။ အဲဒီတယောက်က ခပ်၀၀ပါ။ ဒါပေမယ့် ကြက်တောင်တော့တော်ပါတယ်။ ထုံးစံအတိုင်းပေါ့ ကိုယ်တို့ကအဲဒီတယောက်ကိုယ်တို့ဘက်ရောက်လာရင် အသားကုန်ပြောပါတယ်။ ပြိတ္တာကြီးတို့ဘာတို့အော် ပါတယ်။ သူ့မျက်နှာဆိုတာ မှုန်ကုပ်နေတာပဲ။ တခါအနားရောက်လာတော့ ကိုယ်က ပြိတ္တာကြီး ဖြေးဖြေးခုန်၊ ဗိုက်ထဲကကလေးထွက်ကျဦးမယ်ဆိုတော့ ကိုယ့်နောက်က Physics Queen ကထွက်ကျရင် နင်ကောက်မွေးစားထားပေါ့တဲ့။ ပြုံးစိစိနဲ့ပြောတာပါ။ သူကကိုယ့်သူငယ်ချင်းပါ။ ကိုယ်ကသူဘာလို့ အဲလိုပြောမှန်းမသိဘူး။ နောက်သူပြန်သွားမှ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုဝိုင်းပြောပါတယ်။ အဲဒီ ကြက်တောင်ရိုက်နေတဲ့တယောက်က သူ့အကိုအရင်းပါတဲ့။ ကိုယ့်မှာနောက်တခါသူ့ကိုတွေ့မှ တောင်းပန်ရပါတယ်။ ကျောင်းသားအချင်းချင်းဆိုတော့ အားကစားပွဲကကိစ္စကိုစိတ်လည်း မဆိုးကြပါဘူး။

ဘောလီဘောပွဲကတော့ အကြမ်းဆုံးလို့ပြောလို့ရပါတယ်။ ကိုယ့်တို့ဘက်ကအကိုတွေက ကျောင်းသားပီပီသသကစားပါတယ်။ ကိုယ့်မေဂျာမို့လို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလီဘောမှာ နာမည်ကြီးတာကကိုယ်တို့မေဂျာနဲ့ ပထ၀ီမေဂျာပါ။ ကိုယ့်တို့ ဒုတိယနှစ်လောက်မှာ ကျောင်းကိုရောက်လာတာက တိုင်းလက်ရွေးစင်၂ယောက်ပါ။ ဆယ်တန်းအောင်ပြီးပထ၀ီမေဂျာနဲ့ ရောက်လာပါတယ်။ သူတို့ကကိုယ့်ထက်တောင် ၂နှစ် ၃နှစ်အသက်ကြီးတာပါ။ တယောက်ဆို အရန်မြန်မာလက်ရွေးစင်ပါ။ အရပ်ခြောက်ပေရှိပါတယ်။ ကိုယ် ၈တန်းနှစ်ကျောင်းပိတ်တုန်းက ကိုယ့်အဖေသူငယ်ချင်းအားကစားဆရာက ကိုယ်ပျင်းနေလို့ဆို သူ့ရဲ့ဘောလီဘော camp ထဲသွင်းထားဖူးတော့ အဲဒီလူတွေကကိုယ်နဲ့အကုန်ခင်ပါတယ်။ ကိုယ့်ကိုဆို ၀က်ကလေးဆိုပြီး စနေကြ။ ဒါပေမယ့် သူတို့ကအပြင်မှာဘောလီဘောပုတ်တဲ့အပြင်၊ ကိုယ့်တို့အခေါ် စီးပွားရေး တွေပါလိုက်ပုတ်နေကြပါ။ စီးပွားရေးဆိုတာက ပိုက်ဆံကြေးပုတ်တာပါ။ တဖွဲ့မှာ ၃ယောက်၊ တခါတလေ ၂ယောက်ပဲပါပါတယ်။ ကြေးလည်းကြီးပါတယ်။ အဲဒီအပြင်မှာပုတ်တဲ့အကျင့်တွေက ကျောင်းထဲအထိပါလာပြီးတော့ ကျောင်းသားအချင်းချင်းကစားတာပဲဆိုတဲ့ စိတ်ကိုမထားတာပါ။ ရရင်ရသလို ညစ်ပါတယ်။ အမှန်ဆို သူတို့မှန်မှန်ကန်ကန်ဆော့လည်း သူတို့လက်ရည်နဲ့ဆို နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့မေဂျာကလည်း အကိုတွေကအရမ်းကိုဇွဲကောင်းကြတာပါ။ တော်တော်တောင့်ခံနိုင်ကြတော့ သူတို့က မြန်မြန်ပွဲပြီးအောင်ညစ်တာပါ။ အဲဒီဘောလီဘောပွဲကနေ ကိုယ်လည်းအဲဒီ ပထ၀ီက၂ယောက်ကို စကားအရှင်းမပြောတဲ့အဖြစ်ကို ရောက်သွားတာပါ။ ကိုယ့်အကိုတွေကို အနိုင်ကျင်လို့ဆို ကြည့်မရလို့လေ။ ပြီးတော့ ကွင်းအပြင်ကနေ အဲဒီမြန်မာလက်ရွေးစင်ကို အရံဘားနားကလက်ရွေးစင်လားတို့။ (ပုံမှန်က ဘားမားလက်ရွေးစင်လို့ ခေါ်တာပါ။) ဆယ်တန်းကနှစ်ချီဖြေတော့ ကလေးတွေကို အနိုင်ကျင့်လို့ရတာပေါ့ တို့။ အဆင့်အတန်းရှိရှိကစားတို့ အမျိုးစုံအော်တာပါ။ အဲဒီ၂ယောက်လည်း ကိုယ့်ကိုအမြင်ကတ်ရော။ ကိုယ့်တို့အားကစားဆရာနဲ့ပြိုင်တိုင်ပါတယ်။ ဆရာကမဆူဘူးလေ။ ရယ်နေတယ်။ နောက်ဆို တယောက်နဲ့ တယောက်တွေ့ရင် ဟင်းတို့၊ ဟွန်းတို့ ထွီတို့ ထွမ်တို့တွေဖြစ်ကုန်ပါတယ်။ ကိုယ်တို့အတန်းကကောင်မလေး တယောက်ကို အဲဒီမြန်မာ့လက်ရွေးစင်ကလာပတ်တော့ ကိုယ်တို့အားလုံးက ပြန်ကြိုက်ရဲကြိုက်ကြည့်။ နင့်ကို တီချယ်ကြီးကိုပြောပြီး မေဂျာပြောင်းပစ်မယ်တို့။ သံပုံးတီးပြီးနှင်ပစ်မယ်တို့ မျိုးစုံခြိမ်းခြောက်တာ။ အဲဒီတယောက်လည်း ပြန်ကိုမကြိုက်ရဲရှာပါဘူး။ (စိတ်ထဲမှာတော့ ဘယ်လိုရှိမလဲမသိဘူးလေ။)


အခုအချိန်ပြန်တွေးတော့ ဒါတွေအားလုံးက လွမ်းစရာတွေချည်းပါပဲ။ ဖြူစင်တဲ့၊ လွတ်လပ်တဲ့ လူငယ်ဘ၀လေးကိုတကယ်ပြန်လွမ်းမိပါတယ်။ ပြီးတော့ အခုအချိန်တော့ ဘယ်လိုနေမလဲ မသိဘူး။ ကိုယ်တက်ခဲ့တဲ့အချိန်ထိတော့ ကိုယ်တို့ကျောင်းကဆရာ၊ ဆရာမတွေက တပည့်တွေအပေါ်စေတနာ ထားကြပါတယ်။ တချို့လက်တဆုပ်လောက်က ပညာပြတာတို့၊ ရစ်တာတို့ရှိပေမယ့် အများစုက ကောင်းကြပါတယ်။ ကိုယ်ဆိုရန်ကုန်ကသူငယ်ချင်းနဲ့ဆုံရင် အမြဲဂုဏ်ယူရတာပါ။ သူတို့ဆီမှာ ဒီလိုပုံမှန်အားကစားပွဲတို့၊ ကျောင်းသားစင်တင်ပွဲတို့ဆိုတာမရှိဘူးလေ။ (အဲဒီစင်တင်ပွဲအကြောင်းကို နောက်မှသပ်သပ်ထပ်ရေးပါဦးမယ်။) အခုတော့ ဆရာမတွေ၊ အားကစားပွဲတွေ၊ သူငယ်ချင်းတွေ အားလုံးကိုလွမ်းရင်းနဲ့ပဲ…… ။

Saturday, February 20, 2010

အလွဲ

ဘာရယ်မဟုတ်ပါဘဲ အခုတလော စိတ်နဲနဲလေပြီး တောင်စဉ်းစား၊ မြောက်စဉ်းစားလုပ်ရင်းနဲ့ ကိုယ့်အမြဲအလွဲအလွဲအချော်ချော်လုပ်တတ်တာတွေကို သွားသတိရပါတယ်။ အဲဒီအလွဲတွေထဲကတခုအကြောင်းပြောပြဦးမယ်။ ကိုးတန်းအောင်ပြီး ဆယ်တန်းမတက်ခင်ထင်ပါတယ်။ ကျောင်းအပိတ်မှာ မြို့လေးတမြို့ကို အလည်သွားပါတယ်။ ကိုယ်တို့မြို့နားက မြို့လေးပါ။ မေမေကအဲဒီမြို့သူပါ။ တမြို့လုံးဆွေမျိုးချည်းပဲလို့မေမေကပြောတတ်ပါတယ်။ မေမေနဲ့အရင်ခဏခဏ သွားနေကြပါ။ မေမေနဲ့ သွားလည်တိုင်းဟိုအိမ်ကထမင်းစားဖိတ်၊ ဒီအိမ်ကထမင်းစားဖိတ်နဲ့ တည်းတဲ့ကြီးကြီးအိမ်မှာတနပ်၊ မေမေ့ညီမ အဒေါ်ငယ်အိမ်မှာတနပ်လောက်စားရဖို့ကိုမနည်းပြောယူရတာပါ။ ကိုယ်ကအရမ်းစိတ်ညစ်ပါတယ်။ ထမင်းလေး တနပ်အတွက် ဟိုအိမ်ကူးစား၊ ဒီအိမ်ကူးစားရတာကို စိတ်မရှည်ပါဘူး။ ဟင်းတွေကတော့ သူတို့မြို့လေးထုံးစံအတိုင်းကောင်းနိုင်သမျှကောင်းအောင်ချက်တာပေါ့။ ကြက်သား၊ ၀က်သား၊ ငါး အဲဒါမျိုးတွေပါပဲ။ ကိုယ်ကတော့ ကိုယ့်ကြီးကြီးအိမ်မှာပဲငါးပိနဲ့စားရစားရနေပြီး ကျန်ခဲ့မယ်လို့ အမေ့ကိုအမြဲပူဆာပါတယ်။ အမေက သမီးလေးကိုသူတို့ကမြင်ချင်တာလေ လိုက်ခဲ့ပါဆိုလို့လိုက်လိုက် သွားရပါတယ်။ အဲဒီတခေါက်သွားတာကတော့ ကိုယ်တို့အမ၂၀မ်းလောက်ကွဲတဲ့အိမ်မှာတည်းတာပါ။ သူကကိုယ်တို့အိမ်မှာအဝေးသင်လာလာတက်တာဆိုတော့ သူအပြန်မှာကိုယ့်ကိုအလည်ခေါ်လို့ လိုက်သွားတာပါ။ ကိုယ့်ကြီးကြီးတို့အိမ်မှာမအိပ်တဲ့ တခေါက်ပေါ့။ မမတို့အိမ်က ၂ထပ်တိုက်ကိုအောက်ထပ် ကကုန်စုံဆိုင်ဖွင့်ထားပါတယ်။ လှေတွေလည်းငှားပါတယ်။ ရောက်ပြီးအ၀တ်အစားတွေဘာတွေလဲပြီးတော့ ကိုယ်ကအောက်မှာ မမဈေးရောင်းလိုက်၊ လှေငှားတဲ့လူတွေကိုစာရင်းမှတ်လိုက်လုပ်နေတာကို ဘေးကထိုင်ကြည့်ပြီး စကားပြောနေပါတယ်။ အဲဒီအချိန်မှာပဲ အကိုကြီးတယောက်ဝင်လာလို့ မမကမိတ်ဆက်ပေးပါတယ်။ ဟဲ့ဒါတို့မြို့က ဒွေးမင်းသားတဲ့။ အန်ဘာလဲ ဒွေးနဲ့တူလို့လားဆိုတော့ မဟုတ်ဘူး သူ့အဖေနာမည်ကမောင်ဒွေးတဲ့ဆိုတော့ ကိုယ်လည်းရယ်နေမိပါတယ်။ အဲဒီအကိုကြီးကလည်း ကိုယ့်ကိုနှုတ်ဆက်ပြီး၊ မမနဲ့ခဏစကားပြောပြီး ပြန်သွားပါတယ်။ ညနေစောင်းလာတော့ ကိုယ်ပျင်းလာရော။ အဲဒါနဲ့အပေါ်ထပ်တက်ပြီးတီဗွီထိုင်ကြည့်နေပါတယ်။ ၇နာရီကျော်လောက်ကျတော့ မမက အောက်ထပ်ကနေ လှမ်းခေါ်ပါတယ်။ ဟဲ့ ဒီမှာမင်းမင်းရောက်နေတယ်တဲ့။ ငယ်လေးကိုမုန့်ကျွေးမလို့လာခေါ်တာ တဲ့။ မင်းမင်းဆိုတာ ကိုယ့်အကိုဝမ်းကွဲပါ။ အဲဒါနဲ့ကိုယ်လည်းဝမ်းသာအားရကစုန်ဆိုင်းပြီး အိမ်ပေါ်ကပြေးဆင်းသွားပါတယ်။ အိမ်ရှေ့က ပစ္စည်းထည့်ထားတဲ့ ရှိုးကေ့စ်တွေရှေ့မှာ အကိုကြီးကဆောင့်ကြောင့်ထိုင်ပြီး မမနဲ့စကားပြောနေပါတယ်။ မမကသူရှေ့မှာ စကောတချပ်နဲ့ ဘာတွေထိုင်ရွေးနေတာလည်း မသိပါဘူး။ အဲဒါနဲ့ လုပ်နေကျအတိုင်း နောက်ကနေသိုင်းဖက်ပြီး ကိုကြီး နေကောင်းလား၊ ထမင်းစားပြီးပြီလား ဘာညာဆို ချွဲပါတယ်။ ကိုကြီးကကိုယ့်ကိုမော့ကြည့်လို့ ကိုယ်ကငုံ့ကြည့်ပြီး ကိုကြီးမလား၊ ဟုတ်ပါတယ်လို့ပြောလိုက်သေးတယ်။ မမကရှေ့မှာပါးစပ်အဟောင်းသားနဲ့ ဘာမှလည်းဝင်မပြောဘူး။ ကိုယ်နောက်တခါထပ်ငုံ့ကြည့်တော့မှ အဲဒီအကိုကြီးက ကိုယ့်အကိုမဟုတ်ဘူး။ ညနေကလာသွားတဲ့ဒွေးမင်းသားဆိုတဲ့ အကိုကြီး။ အမွှေးတိုင်လာဝယ်တာလားမသိဘူး။ အမွှေးတိုင်ထုပ်လေးကိုင်လို့။ ခြံဝလှမ်းကြည့်တော့ကိုယ့်အကိုကစက်ဘီးပေါ်ခွပြီး ကိုယ့်ကိုစောင့်နေတယ်။ ရှက်လိုက်တာလေ။ မျက်နှာလည်းဘယ်ထားရမှန်းမသိဘူး။ ဘာမှလည်းမပြောရဲတော့ဘူး။ တချိုးတည်းကိုကြီးဆီလစ်ပြီး စက်ဘီးပေါ်တက်ပြီး မြန်မြန်နင်းတော့လို့ပြောရတယ်။ ကိုယ့်အကိုကမုန့်ဆိုင်ရောက်မှ ကိုယ့်ကိုခေါင်း ခေါက်တယ်။ နမော်နမဲ့နဲ့တဲ့။ အဲဒါငါ့သူငယ်ချင်းတဲ့။ နင့်ကိုပျံတံတံမိန်းကလေးထင်သွားရင် ဘယ်လိုလုပ်မလဲတဲ့။ လူဆိုတာစိတ်ညစ်လိုက်တာလေ။ ကိုကြီးနဲ့မုန့်စားပြီးပြန်လာတော့ အဲဒီလူကြီးအိမ်မှာ မရှိတော့ပါစေနဲ့လို့ဆုတောင်းပြီးပြန်လာတာ။ အိမ်ရောက်တော့ မမကကိုယ့်လဲမြင်ရော ရယ်တာပဲ။ ငါကအရမ်းအံ့သြနေတာ။ ငယ်လေးအရင်တုန်းကအဲလိုမဟုတ်ပါဘူး။ ဒီကောင်နဲ့ညနေကမှ ငါမိတ်ဆက်ပေးလိုက်တာ။ ချက်ချင်းကြီးဒီလိုဖြစ်သွားလားဆို အရမ်းအံ့သြနေတာတဲ့။ လူဆိုတာထူပူနေတာပဲ။ တော်သေးတယ်။ လူကြီးတွေမသိလိုက်လို့ပေါ့။ တညပဲအိပ်ပြီး နောက်တနေ့ညနေပြန်လာဖြစ်လို့ တော်သေးတယ်။ အဲဒါတောင်ပြန်လာခါနီးအထိ အဲဒီလူကြီးအသံကြားရင်အိမ်ပေါ်တက်ပြေးရတယ်။ ကိုယ်တက္ကသိုလ်ဒုတိယနှစ်လောက်မှာထင်တယ်။ အိမ်နားကအမတွေဘွဲ့ယူလို့ ကိုယ်ကသူတို့အလှပြင်ထားတာ သွားငမ်းတာ။ အဲဒီအကိုကြီးကသူတို့သူငယ်ချင်းဖြစ်နေတာ။ ဘွဲ့အတူတူယူဖို့လာစောင့်နေတာနဲ့တိုးရော။ ကိုယ့်မှာလူကြီးဖြစ်နေပြီ ဘာရှက်စရာလိုလဲဆို စိတ်ကိုအားတင်းပြီး နှုတ်ဆက်ခဲ့ရတယ်။ သူကတော့ကိုယ့်မြင်တိုင်း ပြုံးစိပြုံးစိနဲ့။

Monday, February 8, 2010

ကျိန်စာသင့်ဖူးစာ


နင်လေသတိရရင် ဖုန်းဆက်ပါအချိန်တိုင်း လေပြေစကားနဲ့တင်ကျေနပ်တယ် ဆုံဆည်းဖို့နေ့ရက်လေး ငါလေအချိန်တွေလက်ချိုးရေ……။ အေသင်ချိုဆွေရဲ့သီချင်းသံရုတ်တရက်ထွက်ပေါ်လာရာ သူမရဲ့ လက်ကိုင်ဖုန်းလေးကိုကောက်ကိုင်ကြည့်လိုက်တော့ သူ။ Ko Lin Calling တဲ့။ ဟယ်လို ကိုလင်းပြောပါ… ညီမလေးဘာလုပ်နေလဲ… စာဖတ်နေတာပါရှင့်…အော်အနှောင့်အယှက်ပေးသလိုများဖြစ်သွားသလားဟင်။ သူမဘယ်လိုပြန်ဖြေရပါ့။ သက်ပြင်းကိုပဲ ခိုးရှိုက်ရင်း ရပါတယ်ဆိုတော့ သူကပျော်သွားသလိုမျိုးလေသံနဲ့ ကိုယ်သတိရလို့တဲ့။ အဲဒီနောက်တော့ သူ့စကားတွေအဆက်မပြတ်… သူမကတော့ သူပြောသမျှကိုအင်းလိုက် ရင်း ဘေးမှာဖွင့်ထားလက်စ ကျောင်းစာအုပ်ကိုပဲ သံယောဇဉ်မပြတ်တပြတ်လှည့်ကြည့်လို့……..။

သူ သူမဆီဖုန်းဆက်နေတာ တော်တော်ကြာနေပြီ။ တစိမ်းယောက်ျားလေးတယောက်က ကိုယ့်ကိုသတိရလို့ဆို ခဏခဏဖုန်းဆက်၊ အကြောင်းမရှိပါဘဲ စကားတွေအကြာကြီးပြောနေတာ ဘာကြောင့်လဲဆိုတာ သိပ်တုံးသိပ်အလွန်းတဲ့မိန်းမမျိုးကလွဲရင် မိန်းကလေးတော်တော်များများကခန့်မှန်းနိုင်ပါတယ်။ ကိုယ်လည်း ဒီခေတ်မိန်းကလေးပဲလေ။ ကိုယ်သိတာပေါ့။ ဒါပေမယ့် သူမဘက်ကသိပ်ပြီးသူဆွဲဆောင်သလောက်ပါမလာတဲ့ အခါသူ့ဘက်ကလည်းရှေ့ဆက်တိုးဖို့အခက်တွေ့နေပုံပါပဲ။ သူမဘက်မှာလည်း ရင်မခုန်တဲ့နှလုံးသားတစုံနဲ့ သူဖုန်းဆက်တိုင်း အားနာပါးနာနားထောင်နေရတာကိုငြီးငွေ့လှပါပြီ။ တကယ်တမ်းတော့ သူမကသိပ်ပြီး အားနာတတ်တဲ့မိန်းကလေးမဟုတ်ပါ။ ကိုယ်မကြိုက်ရင် ဖုန်းမဆက်နဲ့တော့လို့ ဖွင့်ပြောလိုက်လို့ရသားနဲ့ ဘာလို့မပြောရတာလဲ။ သူမကိုယ်သူမလည်း အားမရဖြစ်ရပါတယ်။ တကယ်တမ်းတော့ သူမအားနာနေတယ်ဆိုတာ သူ့ကိုမဟုတ်။ သူမရဲ့သူ့အပေါ်ခံစားလို့မရတဲ့နှလုံးသားကို အားနာနေတာပါ။ အရင်တုန်းကလိုနွေးထွေးတဲ့ခံစားမှု၊ ပျော်ရွှင်တက်ကြွမှုတွေဘယ်ရောက်ကုန်တာလဲ။ အရင်တုန်းကသာ သူဒီလိုသူမအပေါ်မှာအရေးပေးခဲ့မယ်ဆိုရင် သူမအရမ်းပျော်ခဲ့မှာသေချာပါတယ်။ ကိုယ့်အတွက်မဟုတ်တဲ့ အပြုံးတချက်ကိုတောင် အရူးအမူးခံစားခဲ့ဘူးတာပဲ။ အဲဒီတုန်းကတော့……။

“အထွန်း နင်ဒီနေ့ကျောင်းရောက်တာနောက်ကျတယ်။ ဟဲ ဟဲ သူဖြတ်သွားပြီးပြီဟ” လို့သူမကျောင်းရောက်ရောက်ချင်း မေသူလှမ်းပြောတော့လွယ်အိတ်ကိုခုံပေါ်ဘုံးခနဲပစ်ချရင်း “အဲဒါ အမေ့ကြောင့်ပေါ့ဟ။ ငါ့ကိုအသင်းလည်းမရှိဘဲ ဘာလို့ကျောင်းစောစောသွားမှာလဲဆိုပြီး အဖေ့အတွက်ဟင်းကို အရင်ချက်ပေးတယ်လေ။ အဖေက ဒီနေ့သက်သက်လွတ်လေ။ ငါထမင်းဘူးစောင့်နေရတော့ နောက်ကျတာပေါ့။ အခုတော့သွားပါပြီ။ သူကပြန်ထွက်လာမှာမဟုတ်တော့ဘူး။ နေ့လည်မုန့်စားဆင်းချိန် ကျရင် ကျောင်းကြီးဘက်ခဏသွားရအောင်ဟာ။ သူတို့အတန်းရှေ့ကဖြတ်ကြည့်ရအောင်”

“နင့်အကိုတွေ့ရင် ကျောင်းကြီးပေါ်ဘာလာလုပ်တာလဲဆို ဆူနေဦးမယ်” “ဟာ လိုင်ဘရီသွားတာလို့ ပြောမှာပေါ့ဟ” “ယုံလိမ့်မယ် လိုင်ဘရီကဟိုဘက်စွန်း၊ နင့်အကိုအတန်းက ဒီဘက်စွန်း။ နင့်အကိုကလည်း ဒီနှစ်ကျမှသူနဲ့တတန်းတည်းကျရတယ်လို့” “အေးဟာ သူသိရင် ငါ့ကိုဗျင်းမှာ၊ တခြားဟာသာခွင့်လွှတ်မှာ။ သူ့အတန်းထဲကသူငယ်ချင်းကိုလာကြည့်တယ်ဆိုလို့ကတော့ ငါ့ကိုအိမ်နဲ့လည်းပြန်တိုင်လိမ့်မယ်။ ဘာပဲပြောပြောဟာ ဒီနေ့တနေ့လုံးသူ့ကိုမမြင်ရလို့ကတော့ မဖြစ်ဘူး။ တနည်းနည်းတော့ကြံမှ။”

သူတို့နှစ်ယောက်စကားပြောနေတုံးမှာပဲ ထက်ထက်တယောက် လွယ်အိတ်စလွယ်သိုင်းပြီး ထမင်းချိုင့်နဲ့ရေဘူးထည့်ထားတဲ့ခြင်းကို တဘက်ကကိုင်၊ ထမီစကိုမနင်းမိအောင် လက်တဘက်နဲ့ကိုင်လို့ ပြုံးစိစိမျက်နှာနဲ့ရောက်ချလာပါတယ်။ “ဟဲ့ မိန်းမတွေ မှန်းကြည့်စမ်း။ ငါဘယ်သူနဲ့တွေ့လာသလဲလို့။” “အမယ်လေး ဘယ်သူနဲ့တွေ့တွေ့စိတ်မ၀င်စားဘူး” လို့သူမကဘုတောတော့ “ဟုတ်လား စိတ်မ၀င်စားနေပေါ့ဟ။ ငါတော့ ရင်ခုန်တောင်မပျောက်သေးဘူး။ ကိုလင်းကအရမ်းချစ်ဖို့ကောင်းတာပဲ” “ဘာ နင်ကိုလင်းနဲ့တွေ့လာလား။ ဘယ်မှာလဲ” သူမတောင်ပါးစပ်မဟရသေးခင် မေသူကဦးအောင် ကမန်းကတန်းဝင်မေးတော့ ပြင်ထားတဲ့ပါးစပ်ကိုပြန်စေ့ပြီး မေသူမကိုမျက်စောင်း လှမ်းထိုးမိပါတယ်။ ထက်ထက်က “ငါကျောင်းကြီးနောက်ဘက်ကအပေါက်ကလာတာဟ။ ကိုလင်းက သူ့သူငယ်ချင်း ဟိုတံမြက်စည်းနဲ့လေ သောက်ရေအိုးဖြည့်မလို့ သောက်ရေကန်ကိုလာတာဟ။ ငါ့ကိုတောင် ကြည့်သွားသေးတယ်။ ” (ကိုလင်းနဲ့တွဲနေကျသူငယ်ချင်းက ၀င်းဦးလိုနှုတ်ခမ်းမွှေးစစနဲ့မို့ နှုတ်ခမ်းမွှေးကိုကြည့်မရတဲ့ သူမကပဲ တံမြက်စည်းလို့ကွယ်ရာမှာ နာမည်ပြောင်ပေးထားတာပါ။) “တွေ့လာတာကိုတော့ ယုံပါတယ်။ နင့်ကိုကြည့်သွားတယ်ဆိုတာကတော့ အဟမ်း အဟမ်း သိပ်မယုံနိုင်ဘူး” လို့သူမကပြုံးစိစိပြောတော့ မေသူက “အော် အထွန်းကလည်း ဒီလောက်ရုပ်ဆိုးတဲ့ ကောင်မလေးမျိုးငါတခါမှ မတွေ့ဘူးပါဘူးလို့ ကြည့်သွားတာနေမှာပေါ့” စတော့ ထက်ထက်မစိတ်တိုပြီး ဆွေ့ဆွေ့ခုန်လို့ သူမတို့နှစ်ယောက်အသည်းအသန်ပြန်ချော့ရပါတယ်။ တကယ်တော့ ကိုလင်းက သူတို့ တကျောင်းလုံးမှာ ရုပ်အချောဆုံး။ သူတို့အုပ်စုကတော့ ကိုလင်းကချောတာထက်ချစ်ဖို့ကောင်းတာလို့ သဘောတူ ကြတယ်။ ကျောင်းမှာ သူတို့အားကျရတဲ့ စာအရမ်းတော်တဲ့၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွေမှာ ဆုရနေကြ နာမည်ကြီးအကိုကြီးတွေရှိပါတယ်။ သူတို့ စာမေးချင်တိုင်း၊ သူမစာစီစာကုံးဖြေခါနီးတိုင်း အမြဲတမ်း ကူညီနေကျအကိုသန့်ဇင်ဆို ဆရာမတွေကလည်းအရမ်းချစ်။ သူတို့အုပ်စုကတော့ စာမေးတဲ့အချိန်သာ ကိုကြီး၊ ကိုကြီးနဲ့ လည်ကြပတ်ကြပြီဆို သူ့ကိုမခေါ်ကြတော့။ သူကတော့ သူမတို့ကိုစေတနာထားရှာပါတယ်။ အထူးသဖြင့်သူမကို သူ့သူငယ်ချင်းရဲ့ညီမလေးဆိုပြီး အရေးပေး၊ အလိုလိုက်ပြီး သူမဆိုးသမျှကို ခွင့်လွှတ်တတ်သူပါ။

အဲဒီတုန်းကသူမတို့က ရှစ်တန်း။ ကိုသန့်ဇင်၊ ကိုလင်းနဲ့ သူမရဲ့အကိုတို့ကဆယ်တန်းရောက်နေပါပြီ။ ၉တန်းရောက်ရင် ထမီဝတ်ရတော့မယ်ဆိုတော့ ၈တန်းစတက်ရတဲ့အခါ ၀တ်စုံအသစ်ကိုအမေက အလယ်တန်းက ၀တ်စုံလိုရှပ်အကျီ င်္နဲ့အပေါ်ကတဆက်တည်းတွဲဝတ်ရတဲ့ ဘိုဆန်ဆန်ဂါဝန်ရှည်မျိုး ချုပ်မပေးတော့။ ရင်ဖုန်းနဲ့ထမီပဲချုပ်ပေးတော့တယ်။ ၅တန်းကနေ ၈တန်းအထိပဲထားတဲ့ ဒီဘက်ကျောင်းဆောင်မှာ သူတို့ကအတန်းအကြီးဆုံးဖြစ်နေပြီး ကလေးတွေလိုမနေချင်ကြတော့။ ဂါဝန်လည်းမ၀တ်ချင်၊ ထဘီနဲ့ရင်ဖုန်းဝတ်ရတာလည်း ကျဉ်းကျပ်နဲ့ စကောစကတွေဖြစ်နေကြတာပါ။ သူမတို့အုပ်စုကတော့ ဖက်ရှင်ထွင်ကြတယ်။ အလယ်တန်းတုန်းက၀တ်ရတဲ့ ဂါဝန်အောက်ခံရှပ်အကျီ င်္အဖြူကို ထမီနဲ့တွဲဝတ်တာပါ။ လွယ်အိတ်ကိုစလွယ်သိုင်းရင်သိုင်း၊ မသိုင်းရင် လက်တဘက်ကဆွဲ၊ ဒါမှမဟုတ် ကျောပိုးအိတ်တစောင်းလွယ်ပြီး ထမီကခြေမျက်စိဖုံးတဲ့စတိုင်နဲ့ ကျောင်းတက်တဲ့သူမတို့အုပ်စုက လူကြီးတွေ မျက်စိထဲမှာတော့ တော်တော်မျက်စိနောက်စရာဖြစ်နေမယ်ဆိုတာ အခုမှပဲပြန်တွေးမိပါတယ်။ သူတို့ကတော့ ကျောင်းကိုအစောကြီးလာ၊ အရင်လိုလည်း စိန်ပြေးတမ်းတွေ၊ ထုပ်ဆီးတိုးတာတွေမလုပ်ဖြစ်၊ စာကြည့်တိုက်ကစာအုပ်တအုပ်ငှား၊ အခန်းရှေ့က ခရေပင်ခုံတန်းမှာ စာထိုင်ဖတ်ရင်း ကိုလင်းကျောင်းအလာ ကိုမျှော်ရတာကိုပဲ ပျော်ရွှင်လို့။ အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာတော့ အငယ်ဆုံးသမီးအလိမ်မာလေးပေါ့။ ဒီလိုနဲ့သူမတို့စာမေးပွဲပြီးလို့ နောက်လမှာပဲကိုကြီးတို့ဆယ်တန်းဖြေရတော့ ဘုရားရှိခိုးတိုင်းကိုကြီးရော ကိုလင်းရော ဖြေနိုင်ပါစေလို့ဆုတွေတောင်းလို့….။

နောက်တနှစ်၉တန်းရောက်လာတဲ့အခါ ရင်ဖုံးအကျီ င်္၊ ထမီလေးနဲ့ကျောင်းတက်တော့ လူလည်းအရင်က လောက်ရှပ်ပြာရှပ်ပြာမလုပ်ဖြစ်တော့။ ရင်ဖုံးနဲ့ထမီကကိုယ့်ကိုတည်ငြိမ်သွားစေသလိုပဲ။ ကျောင်းသွား ကျောင်းပြန်အနောက်ကလိုက်တဲ့ ကောင်လေးတွေရှိလာလို့ဆိုပြီး အိမ်ကကိုကြီးနဲ့အကိုဝမ်းကွဲတွေက တလှည့်စီအကြိုအပို့။ သူမကိုယ်တိုင်ကလည်း ၁၀တန်းမအောင်ခင်ဘာမှရှုပ်ရှုပ်ထွေးထွေးမလုပ်ချင်သူမို့ ကျောင်းစာထဲမှာပဲအာရုံနှစ်လို့။ တခါတလေတော့ သူငယ်ချင်းတွေနဲ့စကားပြောရင်း ကိုလင်းကိုသတိတွေရလို့။ ၈လပိုင်းကျတော့ ကိုကြီးတို့အောင်စာရင်းထွက်တယ်။ ကိုကြီးကအောင်တယ်ဆိုတာကိုအိမ်ကိုပြန်ပြောပြီး သူငယ်ချင်းတွေနဲ့အပြင်ပြန်ထွက်ဖို့လုပ်နေတုန်း မရဲတရဲနဲ့ ကိုကြီး ဟိုကိုကြီးသူငယ်ချင်းအောင်လားဆိုတော့ သန့်ဇင်လားတဲ့ သူကဘာသာစုံဂုဏ်ထူးလေတဲ့။ အော်ဟုတ်လား ဟိုလေကိုကြီးတို့အတန်းထဲကပဲလေ ချိုတေးသံသွင်းကလေ ဟိုအကိုကြီးကွာ၊ သူ့နာမည်က လင်းဘာဆိုလည်း မသိဘူးလေဆိုတော့ အော် လင်းဥာဏ်လား။ အောင်တယ် ဂုဏ်ထူးတော့ မပါဘူးတဲ့။ အကိုကအပြင်ထွက်ဖို့အပြေးအလွှားလုပ်ရင်းနဲ့ပြောသွားတော့ သူမကိုအာရုံမရလိုက်တာ။ သာမာန်အချိန်မှာဆို သူမကိုဘာလို့သိချင်တာလဲ နင်နဲ့ဘာဆိုင်လဲနဲ့မေးခွန်းတွေထုတ်တော့မှာ။ ကိုကြီးနဲ့ ကိုလင်းနဲ့ကတတန်းတည်းဆိုပေမယ့် သိပ်ရင်းနှီးကြတာမဟုတ်။ မေးထူးခေါ်ပြောလောက်ပဲရှိကြတာ။ နောက်တနေ့ကျောင်းတက်ရတော့ ကိုလင်းအောင်တဲ့အကြောင်း သူငယ်ချင်းတွေကိုဖောက်သည်ချရင်း နောက်ရက်တွေမှာ ကျောင်းကအောင်လက်မှတ်လာထုတ်မယ့်၊ ဆရာကန်တော့ပွဲကိစ္စတွေလာလုပ်ကြတဲ့ ကျောင်းသားဟောင်းတွေကြားမှာ ကိုလင်းကိုရှာမိပါတယ်။ သူမစာသင်နေရတဲ့အချိန်ပဲလာသွားတာလား။ ကိုလင်းကပဲ ကျောင်းကိုမလာတာလားတော့မသိ။ ဆရာကန်တော့ပွဲပြီးသွားတဲ့အထိကိုလင်းကို ကျောင်းမှာမတွေ့ရတော့ပါ။ ကျူရှင်သွားရင်းနဲ့သူမတို့သူငယ်ချင်းတစု ကိုလင်းတို့တေးသံသွင်း ရှေ့ကဖြတ်တော့လည်း အဲဒီဘက်ကို သူမကလှည့်မကြည့်ရဲ။ ထက်ထက်ကတော့ မတွေ့ပါတဲ့။ ၉တန်းစာမေးပွဲပြီး ၁၀တန်းအတွက်ကျူရှင်တွေ လိုက်တက်နေရင်း နွေရာသီတနေ့မှာကိုလင်းတို့ ချိုတေးသံသွင်းကိုအရဲစွန့်ပြီး သူမတို့ရောက်သွားကြပါတယ်။ ကိုလင်းအမေလား အဒေါ်လားမသိတဲ့အန်တီကြီးကကောင်တာမှာ။ သူမတို့ကသီချင်းခွေတွေရွေးလိုက် အတွင်းဘက်ကိုမသိမသာခိုးကြည့်လိုက်ပေါ့။ အဲဒီအချိန်မှာပဲ ပိုက်ဆံအိတ်အနက်လေးကို ခါးကြားမှာထိုးရင်း ကိုလင်းကအသံသွင်းခန်းထဲကနေထွက်လာပါတယ်။ သားအပြင်ခဏသွားလိုက်ဦးမယ်တဲ့။ သူမတို့ကို ပြောတာမဟုတ်ပေမယ့် ကြားရခဲတဲ့ကိုလင်းရဲ့ ရှတတအသံလေးကို နားထဲမှာပြန်ပြန်ကြားယောင်လို့ သူမအဲဒီနေ့က အပျော်တွေနဲ့အိမ်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ဆယ်တန်းတနှစ်ကဘယ်လိုမှန်းမသိလိုက်ပဲကျော်ဖြတ်သွားပါတယ်။ အောင်စာရင်းထွက်တော့ သူငယ်ချင်းတွေလိုဆေးတက္ကသိုလ်လည်းဝါသနာမပါ၊ ကွန်ပျူတာကိုလည်း ဘွဲ့တခုရအောင် မသင်ချင်တဲ့သူမကသူမတို့မြို့လေးမှာပဲ အင်္ဂလိပ်စာအဓိကတက်ဖို့လျှောက်လိုက်ပါတယ်။ အဲဒီလိုမြို့မှာ အင်္ဂလိပ်စာအဓိကယူမိတာကပဲ သူမကို ကိုလင်းနဲ့ပြန်ဆုံဖို့ဖြစ်လာခဲ့ပြန်တယ်။ တယောက်အကြောင်းတယောက် မစုံစမ်းပဲသိနိုင်တဲ့သူမတို့မြို့ငယ်ငယ်လေးမှာ ကိုလင်းဘယ်ကျောင်းတက်တယ်သူမ မသိခဲ့ပါဘူး။ သူမတက္ကသိုလ်ပထမနှစ်တက်ပြီး ၂လလောက်မှာသူတို့ ကျောင်းမှာမေဂျာတိုင်းအတွက် ကျောင်းသားကော်မတီရွေးပွဲလုပ်ပါတယ်။ ပထမနှစ်အတွက်သူမတို့အတန်းမှာ ကော်မတီဝင် ကျောင်းသား ၂ယောက်၊ ကျောင်းသူ ၂ယောက်ရွေးပေးပါလို့ ပါမောက္ခကအတန်းထဲက ကျောင်းသားတွေကိုပြောတော့ တခြားကျောင်းသား ၂ယောက်၊ တခြားမိန်းကလေးတယောက်နဲ့ သူမကို ရွေးလိုက်ကြပါတယ်။ သူငယ်ချင်းတွေအကုန်လုံးက ဆေး၊ သွားဆေး၊ ကွန်ပျူတာနဲ့ GTCတွေမှာပဲ စုပြုံနေတော့ သူမတယောက်တည်း မိန်းကိုရောက်လာတာပါ။ ဒါပေမယ့်လည်းသူမရဲ့ သွက်လက်မှုကပဲအချိန်တိုအတွင်းမှာသူငယ်ချင်းတွေအများကြီးရသွားစေပြီး အတန်းကော်မတီလည်း ဖြစ်သွားပါတယ်။ သူမကတော့ထုံးစံအတိုင်းစလိုက်၊ နောက်လိုက်၊ ရယ်လိုက်၊ မောလိုက်၊ အတန်းထဲမှာ မုန့်ခိုးစားလိုက်ပေါ့။ နောက်တပါတ်ကြာတော့ မေဂျာမှာကျောင်းသားကော်မတီအစည်းအဝေးတဲ့။ သူမတို့ ပထမနှစ်တွေကိုကြိုဆိုရေးနဲ့ ဆရာကန်တော့ပွဲအတွက်ဆွေးနွေးဖို့ပါတဲ့။ အဲဒီနေ့ကျမှ သူမနဲ့အတူတူ ကော်မတီဝင်မိန်းကလေးက နေမကောင်းလို့ ကျောင်းမလာနိုင်။ သူမတယောက်တည်း ယောက်ျားလေး ၂ယောက်နဲ့ အစည်းအဝေးခန်းကိုရောက်သွားတော့ လူတော်တော်များများရောက်နေကြပြီ။ စီနီယာအမတယောက်ဘေးမှာဝင်ထိုင်ပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်တော့ အဲဒီအမကလည်း သွက်သွက်လက်လက်မို့သူမနဲ့ချက်ချင်းခင်သွားတော့တယ်။ အဲဒီအမကပဲ သူမကိုတယောက်ချင်းရဲ့ နာမည်နဲ့ ဘယ်နှစ်ကဆိုတာတွေပြောပြပေးပါတယ်။ သူမကတော့ ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတုန်းမှာပဲ ကိုရွှေဂဲလို့ အမအခုပဲပြောပြထားတဲ့ အတန်းအကြီးဆုံးအကိုကြီးက လူစုံပြီလားဟေ့၊ လူစုံရင်စကြမယ်တဲ့။ အမတယောက်က မစုံသေးဘူး 99အတန်းက ကျန်သေးတယ်ဆိုတော့ ကိုရွှေဂဲက အော်99က အတန်းရှိလို့ ၁၀မိနစ်လောက်နောက်ကျမယ်ပြောထားတာ။ အခုလာတော့မှာပါ ခဏစောင့်လိုက်ကြတာပေါ့တဲ့။ (99အတန်းဆိုတာ ၁၉၉၉ခုနှစ် ဆယ်တန်းအောင်သူများအသုတ်ကိုခေါ်တာပါ။) သူမဘေးက အမက သူမကို အဲဒီ 99 ကအခုလာမယ့် ၂ယောက်ထဲမှာ 99 King လည်းပါတယ်သိလား တဲ့။ “ဟုတ်လား အမ၊ King ဆိုတော့ ချောမှာပေါ့” လို့သူမကရယ်ပြီးပြောတော့ “ချောတယ်။ အခုနာမည်ကြီးနေတဲ့ကိုရီးယားဇာတ်လမ်းတွဲ တွေထဲက ကိုရီးယားမင်းသားလေးတွေလိုကိုချောတာ” လို့အမပြောတော့သူမက ကိုလင်းကိုသတိရပြန်ရော။ ကိုလင်းကျောင်းမှာရှိနေတုန်းက တီဗွီကလာနေကျဇာတ်လမ်းတွဲတွေက တရုတ်ဇာတ်လမ်းတွေ။ ခပ်ချောချောမင်းသားတွေပါပေမယ့်လည်း သူမတို့ကကိုလင်းလောက်ကို မနု၊ မချောလို့မြင်ကြတယ်။ နောက်ပိုင်း ကိုရီးယားကားတွေ သူမတို့ ၁၀တန်းနှစ်လောက်ကစပြီးအရမ်းခေတ်စားလာတဲ့အခါကျတော့ သူမတို့သူငယ်ချင်းအချင်းချင်း ပြန်ပြောမိကြသေးတယ်။ “ကိုလင်းက ကိုရီးယားမင်းသားချောပုံမျိုး” ဟု။ သူမကိုလင်းအကြောင်းစဥ်းစား နေတုန်းမှာပဲ “ဆောရီးအကို ကျွန်တော်တို့နောက်ကျသွားတယ်” ဆိုပြီး အသားညိုညို ခပ်ပိန်ပိန်အကိုကြီးတယောက် အပေါက်ဝကနေ၀င်လာပါတယ်။ သူကပဲအားလုံးကိုပြုံးပြပြီး လွတ်နေတဲ့ ၂ခုံမှာ ဘယ်ဘက်က၀င်ထိုင်လိုက်ပါတယ်။ သူထိုင်ချလိုက်တဲ့အခါမှပဲ သူ့နောက်ကပါလာတဲ့သူကို သူမမြင်လိုက်ရပါတယ်။ “အဲဒါ ၉၉ Kingလေ”တဲ့။ ဘေးကအမကကပ်အပြောကိုကြားပေမယ့် သူမအကြည့်တွေက ကိုလင်းဆီမှာငြိမ်သက်လို့။ ကိုလင်းကတော့ ထုံးစံအတိုင်း ဘယ်သူမှမကြည့်၊ ပြုံးလည်းမပြုံးဘဲ ခုံကိုဆွဲထိုင်ချလိုက်ပြီး ကိုရွှေဂဲရှိတဲ့စားပွဲထိပ်ကိုမျက်နှာလှည့်ထားပါတယ်။ မျက်နှာချင်းဆိုင်က သူမကတော့ မမြင်ရတာကြာနေတဲ့ ကိုလင်းရဲ့ဘေးတိုက်မျက်နှာကို လူမသိအောင် ခိုးခိုးငေးရင်း အဲဒီနေ့ကအစည်းအဝေးကို ဘာမှသေသေချာချာမကြားလိုက်ပဲ ပြီးသွားပါတယ်။ နောက်ပိုင်းမှာလည်း ကထိန်ပွဲအတွက်၊ ကျောင်းကထုတ်တဲ့မဂ္ဂဇင်းအတွက် ဆုံဖြစ်ကြတိုင်းမှာ သူမနဲ့စကားဆို စရာကြုံလာရင်တောင် မျက်နှာကိုသေချာမကြည့်ဘဲပြောချင်တာပဲပြောသွားတတ်တဲ့ ကိုလင်းအကြောင်းကို သူငယ်ချင်းတွေဆီဖုန်းဆက်တိုင်တည်မိပါတယ်။ သူငယ်ချင်းတွေကတော့ အားလုံးထဲမှာကိုလင်းနဲ့ ကျောင်းအတူတက်ခွင့်ရတဲ့အတွက်သူမက ကံထူးရှင်တဲ့လေ။ တကယ်တမ်းကျ ကိုလင်းတို့ ၉၉ ကျောင်းဖွင့်ချိန်က တခြားနှစ်တွေနဲ့မတူပဲ တကွဲတပြားကွဲထွက်နေပြီး တနှစ်မှာ သူမတို့ကျောင်းချိန်နဲ့ ၃၊ ၄လ လောက်ပဲ တိုက်တာပါ။ ကျောင်းချိန်မတူတော့လည်း ကိုလင်းနဲ့ကမတွေ့ဖြစ်ပြန်။ သူမပထမနှစ်မှာ ကိုလင်းက ဒုတိယနှစ် နောက်ဆုံးနှစ်ဝက်ဖြစ်နေပြီ။ သူမဒုတိယနှစ်မှာ ဆရာကန်တော့ပွဲလုပ်တော့ အဲဒါနောက်ဆုံးအကြိမ် ကိုလင်းကိုသူကျောင်းမှာတွေ့ရတာပါ။ ဆရာ၊ ဆရာမတွေကန်တော့ပြီးတော့ ထမင်းစားနေကြတဲ့အချိန် ကျောင်းသားတွေမစားရသေးခင် ဂစ်တာဝိုင်းဖွဲ့တီးနေတဲ့ဘေးမှာ ကိုလင်းကဂစ်တာမတီး၊ သီချင်းမဆိုပဲ ငြိမ်ငြိမ်လေးထိုင်နေပါတယ်။ သူမ ဂုဏ်ထူးတန်း ရောက်တော့ ကိုလင်းကျောင်းပြီးသွားပြီ။ ကိုလင်းမရှိတော့တဲ့ ကျောင်းကသူမအတွက်ခြောက်ကပ်ကပ်။ အရင်ကလို ကင်တင်းမှာခဏတဖြုတ်ဆုံမိရင် ဆွေ့ဆွေ့ခုန်ပျော်ရွှင် ကြည်နူးရတာမျိုးတွေမရတော့။ အစည်းအဝေးမှာခိုးငေးနေကျမျက်နှာလေးကိုလည်းမတွေ့ရတော့။ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကတော့ သူမအတွက်အခြောက်သွေ့ဆုံး။ ကိုလင်းအကြောင်း ရင်ဖွင့်နေကျ သူငယ်ချင်းတွေက နောက်ဆုံးနှစ်ပြီးလို့အိမ်ပြန်ကုန်ကြပြီ။ ကျန်ခဲ့တဲ့အတန်းဖော်တွေက အတန်းထဲကအတန်း ပြင်မထွက်တဲ့ စာကြမ်းပိုးလေးတွေ။ သူမမှာ သူငယ်ချင်းတွေကိုလွမ်းရင်း တမြို့တည်းပေမယ့် မတွေ့ရတဲ့ ကိုလင်းကိုလည်း လွမ်းရင်းပေါ့။

ကျောင်းပြီးပြီးရန်ကုန်မှာ ၂နှစ်ကြာပြီးနောက်မှာ ရန်ကုန်မြို့တမြို့စာလောက်ပဲရှိတဲ့ ဒီကျွန်းလေးမှာ ကျောင်းဆက်တက်ဖို့ သူမရောက်လာပါတယ်။ နိုင်ငံပေါင်းစုံကသူငယ်ချင်းအသစ်တွေရလာတဲ့အပြင်၊ Facebook ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လာခဲ့ပါတယ်။ တနေ့ကျတော့ Facebook ပေါ်ကနေ အဆက်ပြတ်နေတဲ့ကျောင်းတုန်းကစီနီယာအမတယောက်ကိုတွေ့တာကြောင့် ဖုန်းနံပါတ်ပေးလိုက်ပါတယ်။ နောက်တနေ့မှာပဲသူမဆီကို လင်းဥာဏ်လို့ကိုယ့်ကိုယ်ကိုမိတ်ဆက်လာတဲ့ သူတယောက်ဖုန်းခေါ်လာပါတယ်။ ကိုယ့်ဓါတ်ပုံတွေကို Facebook ပေါ်မှာတွေ့တယ်တဲ့။ အမြဲတမ်းပြုံးနေတတ်တဲ့မိန်းကလေးမို့ ခင်ချင်လို့ပါတဲ့။ မကြာခဏမကြားရပေမယ့် ဘယ်သူနဲ့မှသိပ်မတူတဲ့ရှတတအသံလေးကို သူမမှတ်မိနေခဲ့ပါတယ်။ တခြားသူသာဆိုဖုန်းချပစ်မိမှာမှန်ပေမယ့် သူဘယ်သူဆိုတာသိနေတဲ့သူမ အဲလိုမလုပ်ရက်ခဲ့ဘူး။ သူရဲ့ဇာတိ၊ ကျောင်း၊ မေဂျာ၊ အခုလုပ်နေတဲ့အလုပ်အကိုင်တွေပြောပြပြီး မိတ်ဆက်လာပါတယ်။ သူမက သူနဲ့တမြို့တည်းကဆိုတာသိတော့ အံ့သြတကြီးဖြစ်လို့။ ဘာလို့များကိုယ် ညီမလေးကို အရင်တုန်းက မသိခဲ့ရတာလဲ တဲ့။

အဲဒီနေ့ကစပြီးသူအခါခါ ဖုန်းဆက်ပေမယ့် သူမနှလုံးသွေးတွေအေးခဲနေပြီဆိုတာ သူသိပုံမရခဲ့ပါဘူး။ အထက်တန်းအတူတူ၊ တက္ကသိုလ်မှာ မေဂျာတူ၊ လုပ်ငန်းကော်မတီအတူတူ။ ဒါပေမယ့် တခါမှသူမကို သူဂရုမစိုက်မိခဲ့ဘူးပေါ့နော်။ သူမဟာသူ့အတွက်မြူမှုန်၊ သဲမှုန်လေးတမှုန်ပဲပေါ့။ သူ့ကိုအမြဲတမ်းစောင့်ကြည့်နှစ်သက်ခဲ့တဲ့ မိန်းကလေးတယောက်ကို သူမသိခဲ့ဘူးဆိုရင်တောင် တကျောင်းတည်းတက်ခဲ့တဲ့၊ တမြို့တည်းသားချင်းညီမငယ်တယောက်အဖြစ် သိနှင့်နေသင့်ပါတယ်။ ဒီမျက်နှာကိုရင်းနှီးနေသင့်တာပေါ့။ နှစ်ပေါင်းများစွာ ကြာမှ Facebook ပေါ်ကဓါတ်ပုံလေး ၁ပုံ ၂ပုံကြောင့် မိန်းကလေးတယောက်ကိုအလေးထားမိလာတယ်တဲ့လား။ အဲဒါဟာ ဖူးစာလို့ဆိုရင်တောင်မှ ကျိန်စာသင့်နေတဲ့ ဖူးစာပဲဖြစ်ပါလိမ့်မယ်။ သူ့မျက်နှာမြင်ရုံနဲ့ပျော်ရွှင်ကြည်နူးခဲ့ဖူးတာတွေအားလုံးက ဟိုးအတိတ်မှာ။ အခုပြန်တွေးရင် ရုပ်ရှင်တပုဒ်ကြည့်သလို၊ ကိုယ်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတခုကိုဘေးက ကြည့်နေသလိုမျိုး။ သူ့ဆီကဖုန်းလာရင် မဆက်ပါနဲ့တော့လို့ပြောချင်ပေမယ့် ပြောမထွက်။ မပြောရက်။ ဒါပေမယ့်အရင်လိုသူ့အသည်းနှလုံးကအလုပ်မလုပ်တော့။ တခါတလေတော့လည်း သူမဖြစ်နေတဲ့ရောဂါက ကျောက်ကပ်မှာလား၊ နှလုံးသားမှာလား သေချာအောင်စမ်းသပ်ချင်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ သူမဆီဖုန်းမဆက်ပါနဲ့တော့လို့ သူမပါးစပ်ကဖွင့်ဟပြောရဲတဲ့နေ့တနေ့ရောက်တဲ့အထိ သူဆက်တဲ့ဖုန်းတွေကို သည်းခံနားထောင်ရဦးမှာပေါ့လေ။