Thursday, March 19, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (ဆုံး)

နင့်ကြောင့်ငါမပျော်ခဲ့ရဘူးလို့ ငါမပြောချင်ပေမယ့် နင်နဲ့ပါတ်သက်လာရင် စိတ်ညစ်စရာကလည်း များနေခဲ့တာကိုး။ သူငယ်ချင်းတွေကြားမှာ နင့်ကြောင့်မျက်နှာပူရတဲ့အချိန်တွေလည်း အများကြီးရှိခဲ့ရတယ်။ နင်ကတော့ မသိတာလား။ မသိချင်ယောင်ဆောင်ခဲ့တာလားတော့ ငါလည်းမခန့်မှန်းတတ်ဘူးလေ။

နင်မှတ်မိဦးမလား။ နင်ဆေးကျောင်းသွား တက်တော့မယ်ဆိုတော့ ငါ့ကိုလာနှုတ်ဆက်တယ်လေ။ အဲဒီနေ့က နင်အိမ်လာတဲ့အချိန် ငါ့ရဲ့တခြားယောက်ျားလေး သူငယ်ချင်းတွေကလည်း အိမ်ရှေ့ကိုအရောက်နဲ့ဆုံတယ်။ ငါ့သူငယ်ချင်းတွေက အိမရေ လို့လှမ်းအော်လို့ ငါထွက်လာတော့ အိမ်ရှေ့မှာဆိုင်ကယ်ပေါ်ကနင့်ကိုအရင်လှမ်းတွေ့တယ်။ နင့်နောက်မှာ စက်ဘီးနဲ့ငါ့သူငယ်ချင်း တွေ။ ငါ့သူငယ်ချင်းလို့သုံးရတာကလည်း ငါ့နဲ့ကအတွဲများလို့ပါ။ တကယ်တော့ အဲဒါနင်နဲ့လည်း အတန်းတူတူ တက်ခဲ့တဲ့ သူငယ်ချင်းတွေပါပဲဟာ။ ဒါပေမယ့်နင်ကိုယ်တိုင်လည်း လူတိုင်းနဲ့အပေါင်းအသင်းမလုပ်သလို ငါ့ကိုလည်း အပေါင်းအသင်းများတာမကြိုက်ခဲ့ဘူးဆိုတာ ငါခန့်မှန်းမိပါတယ်။ အဲဒါနဲ့ပဲ နင်ရော၊ ဟိုကောင်တွေရောအိမ်ထဲဝင် လာပြီးထိုင်ကြတယ်။ သူတို့ကငါနဲ့ပါတ်သက်လာရင် ငါ့စိတ်ကို ကကြီးကအအထိသိတဲ့ကောင်တွေ၊ ပြီးတော့ နင်နဲ့လည်းတစ်ခန်းနေခဲ့တာဆိုတော့ နင်ဘယ်လိုဆိုတာ သူတို့သိနေပုံရပါတယ်။ မျက်နှာသိပ်မကြည်လင်တဲ့ နင့်ကိုကြည့်ပြီး ငါတို့ပြန်ရမလားလို့ ငါ့ကိုကပ်မေးတယ်။ ငါကဘာပြောရမှာလဲ။ နင်လည်းသူငယ်ချင်း သူတို့လည်း သူငယ်ချင်း ငါနင့်အတွက်နဲ့ ငါ့သူငယ်ချင်းတွေအပေါ်မရက်စက်သင့်ဘူးလေ။ နင်နဲ့ငါရဲ့ဆက်ဆံရေးအတွက် ငါရဲ့တခြား ငါ့အပေါ်မှာလည်း နားလည်တဲ့သူငယ်ချင်းကောင်းတွေကို စတေးဖို့ ငါမရဲဘူး။ ဘာဆိုင်လဲဟာ သူငယ်ချင်းတွေပဲ လို့ငါပြန်ပြောလိုက်တယ်။ အဲဒီလိုနဲ့ခြောက်ခြောက်သွေ့သွေ့ဧည့်ခန်းမှာ နင်ကတစ်ဘက်၊ ငါ့သူငယ်ချင်း သုံးယောက်ကတစ်ဘက်၊ ငါကအလယ်က။ ဒီလိုနဲ့ပဲ စကားပြောသွက်တဲ့ ဖိုးဇေက နင့်ဘက်လှည့်ပြောလိုက်၊ ငါ့ကိုလှည့်ပြောလိုက်နဲ့ စကားဝိုင်းကိုစိုပြည်လာအောင် ထိန်းရှာပါတယ်။ ဒါပေမယ့် နင်ကတော့အေးစက်စက်။ နောက်တော့ ငါမနက်ဖြန်မကွေးသွားတော့မယ်။ နင့်ကိုလာနှုတ်ဆက်တာ တဲ့။ သြော် အေး နင်ဂရုစိုက်နော်လို့ငါပြောတော့ ခေါင်းညိတ်တယ်။ ပြီးတော့ ငါသွားတော့မယ်ဆိုပြီး နင်ထထွက်သွား တော့တာပဲ။ သာမာန်အချိန်မှာတောင် ငါ့အိမ်ကိုလာရင် တစ်နာရီအနည်းဆုံးကြာအောင်စကားပြောတတ်တဲ့နင်က ငါတို့နှစ်ယောက်ခွဲရမယ့်အချိန်မှာ ငါးမိနစ်ပြည့်အောင်ငါနဲ့စကားပြောမသွားဘူး။ နင်ပြန်သွားတော့ ဖြိုးကျော်ကပြော တယ်။ အမှန်ဆိုငါတို့အရင်ရောက်တာနော်တဲ့။ သူကဆိုင်ကယ်နဲ့မို့ ငါတို့ရှေ့ကရောက်သွားတာ တဲ့။ ဖြေရှင်းသလိုပြောတော့ ငါရယ်မိတယ်။ အေးပါ ငါဘာပြောနေလို့လဲလို့။ ငါ့ကြောင့်သူငယ်ချင်းတွေ စိတ်မကောင်းဖြစ် မှာလည်း ငါမလိုလားခဲ့ဘူး။

ဒီလိုနဲ့နင်မကွေးကသူငယ်ချင်းတွေပြန်လာတဲ့အခါ လူပြန်မလာတဲ့နင့်သတင်းတွေက ပါလာတတ်တယ်။ နင်မိန်းကလေးတွေနဲ့သိပ်ရှုပ်တယ်တဲ့။ သူငယ်ချင်းမိန်းကလေးတစ်ချို့က ထိန်ထိန်သာဆောင်မှာနေတယ်။ ဆေးတက္ကသိုလ်ကျောင်းသူတွေနဲ့ မကွေးတက္ကသိုလ် နေ့ကျောင်းသူတွေကိုတစ်ခြံဝင်းထဲမှာထားပါသတဲ့။ ဖုန်းကိုတော့ သူတို့နှစ်ဆောင်ရဲ့အလယ်မှာရှိတဲ့ ပိုင်ရှင်အိမ်မှာထားပါတယ်တဲ့။ ဆေးကျောင်းသူတွေက စာမေးပွဲဖြေ စရာရှိရင် သူငယ်ချင်းယောက်ျားလေးတွေကို ဖုန်းဆက်ပြီးမေးခွန်းတွေမေးကြ၊ စာဆွေးနွေးကြ၊ ကျူရှင်ချိန်မေးကြနဲ့ ပေါ့။ အဲဒီအချိန်မှာ နေ့ကျောင်းသူတွေကဖုန်းဘေးမှာညနေဘက်ဆိုတချိန်လုံးရှိနေတတ်တယ်တဲ့။ ဖုန်းဆက်ပြီးလို့ ဆေးကျောင်းသူတွေပြန်သွားရင် နေ့ကျောင်းသူတွေကအဲဒီဖုန်းနံပါတ်ကို redial ပြန်လုပ်ပြီးခေါ်စကားပြောပါသတဲ့။ ကျွန်မသူငယ်ချင်းတချို့ကပြန်ပြောတာပါ။ သူတို့ရဲ့တချို့သူငယ်ချင်းယောကျာ်းလေးတွေက အဆောင်ကနေသူတို့ ဆီဖုန်းမဆက်ပါနဲ့လို့တောင်ပြောတယ်တဲ့။ ဒါပေမယ့် နင်ကနင့်ဆီဆက်တဲ့မိန်းကလေးတိုင်းကို လက်ခံစကားပြောပါသတဲ့။ သူငယ်ချင်းတွေပြောစကားအရသိရတဲ့အခါ နင့်အတွက်ငါစိတ်ပူမိတယ်။ ပြီးတော့ နင်နဲ့တွဲတဲ့မိန်းကလေးတွေအားလုံးဟာလည်း မကွေးတက္ကသိုလ်ကပဲ ဖြစ်နေခဲ့တယ်လေ။ နင်ကျောင်းမမှန်မှာ၊ စာတွေမရမှာ ငါစိတ်ပူနေခဲ့ပေမယ့် ဒုတိယနှစ်အောင်ပြီးတော့ နင်ပြန်လာခဲ့တယ်။ နင်ပြန်ရောက်တယ်လို့ပဲ ငါကြားတာ။ နင်ကတော့ ငါ့ဆီရောက်မလာခဲ့ပါဘူး။ နင့်နဲ့ဆုံရတဲ့ အဲဒီနှစ်သင်္ကြန်တုန်းကရယ်ရသေးတယ်။ ငါရယ်၊ တခြားငါတို့အထက်တန်း ကျောင်းကအတူတူတက်ခဲ့တဲ့ သူငယ်ချင်းတော်တော်များများ လမ်းမကြီးကသူငယ်ချင်းတစ်ယောက်အိမ်မှာ မဏ္ဍာတ်ထိုးပြီး သင်္ကြန်ရေဆော့ကြတယ်။ အကျနေ့မှာငါရယ်၊ သန္တာရယ်ရေခွက်ကလေးတွေကိုင်ပြီး ဘယ်သူ့ပက်ရင်ကောင်းမလဲကြည့်နေကြပါတယ်။ တက္ကသိုလ်ရောက်နေပြီဆိုတော့ ကလေးတုန်းကလို မြင်မြင်သမျှလူမပက်ဖြစ်ကြတော့ဘူး။ သူငယ်ချင်းကောင်လေးတွေကလည်း ကောင်မလေးတွေပဲ ရွေးပက်ပြီးလိုက်နောက်နေကြပါတယ်။ အဲဒီအချိန်မှာငါတို့မဏ္ဍာတ်ဘက်ကို ကောင်လေးတစ်ယောက်ဆိုင်ကယ်လေး စီးပြီးလာနေတာလှမ်းမြင်တယ်။ အဲဒီကောင်လေးက Giordarno ဦးထုပ်အပြာနုရောင်လေးဆောင်းထားတယ်။ အသားဖြူဖြူလေးနဲ့။ ငါတို့နှစ်ယောက်လုံးသဘောကျသွားတယ်။ ဟဲ့ဟိုကောင်လေးချောတယ်လို့ ပြောမိကြသေး တယ်။ ဆိုင်ကယ်လေးအနားကိုရောက်တဲ့အထိ ငါတို့နှစ်ယောက်ကြည့်နေမိကြတယ်။ ရုတ်တရက်အနား ရောက်လာပြီး ဆိုင်ကယ်ကိုရပ်ပြီး ငါ့ဘက်ကိုလှည့်ပြီး ပြုံးကြည့်လိုက်တဲ့အခါ ငါရုတ်တရက်အသက်ရှုရပ်သွားမတ် မင်သက်သွားမိတယ်။ အဲဒီကောင်ချောလေးက ငါ့ရဲ့နင်ဖြစ်နေခဲ့တယ်လေ။ နင်ငါ့ကိုအဲဒီနေ့က အိမ်ပြန်လိုက် ပို့တယ်။ သူများနဲ့သိပ်မတည့်တတ်တဲ့နင်က မဏ္ဍာတ်ထဲကသူငယ်ချင်းတွေအားလုံးနဲ့ ရယ်ရယ်မောမောစကားတွေ ပြောနေတော့ ငါစိတ်ချမ်းသာရတယ်။ နင့်ကို သူငယ်ချင်းတွေအားလုံးနဲ့ သိုက်သိုက်ဝန်းဝန်း ခင်ခင်မင်မင်ရှိစေချင် ခဲ့တာ ငါ့စေတနာပါ။


ဒီလိုနဲ့ပဲ နင်နဲ့ငါဟာအရင်ကလိုတတွဲတွဲပြန်ဖြစ်သွားပြန်ရော။ သင်္ကြန်အတူလည်ကြ၊ မုန့်ထွက်စားကြ၊ မဏ္ဍာတ်တွေသွားကြည့်ကြနဲ့ ငါအရမ်းပျော်နေခဲ့တယ်။ နင့်ကို မကွေးကကောင်မလေးတွေအကြောင်းမေးတော့ နင့်ကခပ်ပေါ့ပေါ့ပဲ ပျင်းလို့တွဲတာတဲ့။ ပြီးတော့ငါ့ကိုပြောသေးတယ်။ မကွေးကအရမ်းပူတာတဲ့။ ငါညဘက်မှအပြင်ထွက်နိုင်တာတဲ့။ အဲဒီတော့ ဆေးကျောင်းသူတွေနဲ့တွဲလို့မရဘူး။ ညဘက်ထွက်လို့ရတဲ့ အဆောင်ကတက္ကသိုလ်ကျောင်းသူတွေနဲ့တွဲတာ တဲ့။ ငါ့ရင်ထဲမှာဘယ်လိုဖြစ်မလဲ နင်မစဉ်းစားမိဘူးလား။ ရင်တစ်ခုလုံးအချေမွခံလိုက်ရသလို ခံစားနေရပေမယ့် နင့်ကိုငါဘာမှမပြော ဖြစ်ခဲ့ဘူး။ ကျောင်းဖွင့်ခါနီးမှာ တော့ နင်ပြန်သွားခဲ့တယ်။ စာသင်နှစ်တစ်နှစ်လုံးလည်း ရောက်လာသမျှနင့်သတင်းတွေက တစ်ခုမှမကောင်းဘူး။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်၊ မိန်းကလေးတွေနဲ့လည်း တွဲတုန်းပဲ တဲ့။ ငါအံ့သြရလောက်အောင်နင်ပြောင်းလဲ သွားခဲ့တာပဲ။ တတိယနှစ်ပြီးတော့ နင်ပြန်လာခဲ့တယ်။ ငါကရန်ကုန်သွားနေတဲ့အချိန်။ ငါ့အိမ်ကိုလာတယ်တဲ့။ ရန်ကုန်ကငါပြန်ရောက်ရောက်ချင်း ဖုန်းဆက်ပါလို့အမေ့ကို မှာသွားတယ်။ ငါချက်ချင်းမဆက်ဖြစ်တာက တွေဝေတတ်တဲ့ငါ့စိတ်ကြောင့်ပါ။ နင်ဘာတွေဘယ်လိုပြောင်းလဲ သွားမလဲ။ ငါ့အပေါ်ကိုရော အရင်လိုခင်တုန်းပဲလား ဆိုတဲ့အတွေးတွေနဲ့ အိမ်ရှေ့အိမ်မှာဖုန်းသွားဆက်ဖို့ ငါနှောင့်နှေးနေခဲ့တယ်။ ဒါပေမယ့် ငါပြန်ရောက်မယ့်ရက်ကို အမေ့ဆီကသိနေတဲ့နင်က ညနေပိုင်းကျတော့ရောက်လာခဲ့တယ်။ ငါရောက်ရောက်ချင်း နင့်ဆီပြေးလာတာ နင်မရှိလို့ငါအမောတောင်မပြေဘူး တဲ့။ အဲဒါနင့်စကား။ ငါစိတ်ချမ်းသာအောင်ပြောတတ်တယ် နော်။ ဒီစကားတစ်ခွန်းနဲ့ ငါ့ရင်ထဲကပူပန်မှုတွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေဘယ်ရောက်သွားမှန်းမသိလိုက်သလို ခံစားလိုက်ရတယ်။ နင်က မုန့်သွားစားရအောင်တဲ့။ နင်ဘာစားချင်လဲ။ ငါကျွေးမယ် တဲ့။ ငါက ကော်ရည်သောက်ချင်တယ် ဆိုတော့ နင်က ငါ့ခေါင်းကိုအုပ်ကိုင်ပြီးရယ်တယ်။ ဘယ်လိုလဲကောင်မလေး ရန်ကုန်ကို၃ရက်လောက်သွားပြီး ကော်ရည်ကိုလွမ်းလာပြန်ပြီလား တဲ့။ ငါရယ်မိတယ်။ နင်ပြောလဲပြောချင်စရာ။ ငါကငါတို့မြို့ကကော်ရည်ကို အရမ်းကြိုက်တာကိုး။ တခြားမြို့တွေအလည်သွားရင် အဲဒီကကော်ရည်လည်းငါမသောက်ဘူး။ ပြီးရင် ကော်ရည်သောက်ချင်တယ်လို့အော်နေတတ်တဲ့ငါ့အကြောင်းနင်သိနေခဲ့တာကိုး။ ကော်ရည်တောင်မှ တခြားတနေရာမှမသောက်တဲ့ ငါ့ရဲ့စွဲလန်းမှု ဟာ လူတစ်ယောက်အပေါ်မှာဆိုရင် ဘယ်လောက်အထိပြင်းထန်မလဲ နင်စဉ်းစားကြည့်မိဘူးလား။ ဒီလိုနဲ့နင်နဲ့ ကော်ရည်သောက်၊ ပြီးတော့ ဆိုင်ကယ်နဲ့မြို့စွန်ချောင်းသာသွားတဲ့လမ်း ပေါ်က အသစ်ဖွင့်တာမကြာသေးတဲ့ ကြိုးတံတားပေါ်ကိုသွားကြတယ်။ တံတားပေါ်မှာ ရောက်တတ်ရာရာ စကားပြောကြရင်းနဲ့ရုတ်တရက် နင်က မေးတယ်။ နင်ရန်ကုန်ကိုဘာသွားလုပ်တာလဲတဲ့။ အမေရိကန်စင်တာ ကစာမေးပွဲတစ်ခုသွားဖြေတာလို့ငါဖြေတော့ နင်ငါ့ကိုသေချာကြည့်တယ်။ ပြီးမှ ဘာစာမေးပွဲလဲ တဲ့။ စကော်လားရှစ်လျှောက်တာ ဆိုတော့ ဘာလုပ်ဖို့လဲတဲ့။ ဟာ နင်ကလည်း ကျောင်းတက်ဖို့ပေါ့ လို့ဆိုတော့ နင်အခုလည်းကျောင်းတက်နေတာပဲ တဲ့။ မဟုတ်ဘူးလေ ဟိုမှာသွားတက်ဖို့ဆိုတော့ နင်ခဏငြိမ်သွားတယ်။ ပြီးတော့ ငါ့ကိုသေချာကြည့်ပြီး ခပ်မဲ့မဲ့ပြုံးတယ်။ပြီးတော့မှ နင်ငါ့ကိုထားခဲ့ဖို့ စဉ်းစားနေပြီပေါ့ တဲ့။ အော်နင်ကလည်း နောက်တော့ပြန်တွေ့ရမှာပဲဆိုတော့ ဘယ်တော့လဲတဲ့။ ကျောင်းပြီးတာနဲ့နင်ကပြန်လာမှာလား၊ ပြီးရင်ရောနင်ကဘာလုပ်မှာလဲ တဲ့။ အော် ၅နှစ် ၆နှစ်လောက်တော့ကြာမှာပေါ့၊ ငါတတ်တဲ့ပညာကို အသုံးချလို့ရတဲ့ အလုပ်တစ်ခုတော့လုပ်ရမှာပေါ့ ဆိုတော့ နင်အကြာကြီးငြိမ်နေတယ်။ နောက်တော့ ငါက ကျောင်းပြီးရင် အိမ်ထောင်ပြုမှာ တဲ့။ အဲဒီစကားက ငါ့နားထဲမှာမိုက်နဲ့အော်ထည့်လိုက်သလို အကျယ်ကြီးပဲကြားလိုက်ရတယ်။ ဟင် နင်က ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ လို့ငါမေးတော့နင်မဖြေဘူး။ ပြီးတော့မှ ငါယူမယ့်မိန်းကလေးကို ငါ့နားမှာပါရမီဖြည့်ဖက်ဖြစ်စေချင်တယ်၊ ငါဆေးရုံကပြန်လာတဲ့အခါ ငါ့ဆေးအိတ်ကိုပြေးကြိုမယ့်မိန်းမမျိုး၊ သနပ်ခါးလိမ်း၊ ထမင်းပွဲအဆင်သင့်နဲ့စောင့်မယ့်မိန်းမမျိုး၊ ငါစကားကို ရိုသေနာခံမယ့်မိန်းမမျိုး၊ ငါ့အဖေနဲ့အမေကိုလည်း အကူအညီရမယ့် မိန်းမမျိုးပေါ့ တဲ့။ နင်ဘာကိုရည်ရွယ်ပြီး ပြောနေတာလဲ။ နင် ငါ့ကိုအဲဒီလိုမိန်းမမျိုးဖြစ်စေချင်တာလား။ ငါလုပ်နေတဲ့အလုပ်တွေ၊ ငါကြိုးစားနေတာတွေကို ရပ်လိုက်ဖို့ပြောနေတာလား။ ငါ့မိသားစုအတွက် အားကိုးရတဲ့သမီး၊ ငါ့ပါတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်တဲ့ လူတယောက်၊ ငါ့နိုင်ငံအတွက် အုတ်တချပ်၊ သဲတပွင့်၊ ဒါတွေငါဖြစ်ချင်ခဲ့တာ။ ဒါတွေအားလုံးကို နင့်ရဲ့ပါရမီဖြည့်ဖက် ဖြစ်ခွင့်ရဖို့စွန့်လွှတ်ခိုင်းနေတာလား။ ငါ့ကိုချစ်တယ်လို့တစ်ခါမှ မပြောဘူးတဲ့သူတစ်ယောက်အတွက်လေ။ နင်ကိုငါဘာမှပြန်မဖြေလိုက်ဘူး။ နင်ကလည်း ငါ့ကိုမေးခွန်းတွေမေးနေတာမှ မဟုတ်တာ။ ဒါပေမယ့် ပြန်ခါနီးတော့ ငါနင့်ကိုမေးခွန်းတစ်ခုမေးမိတယ်။ နင်ချစ်တဲ့သူက နင့်ပါရမီဖြည့်ဖက်မဖြစ်ရင် ဘယ်လိုလုပ်မလဲ လို့။ နင်ပြန်ဖြေတဲ့အဖြေဟာ ငါအသည်းကိုခွဲတဲ့ဓါးဆိုတာ နင်မသိလိုက်ဘူးနော်။ ပါရမီဖြည့်မယ့်သူကိုရှာပြီး ချစ်အောင်ကြိုစားလိုက်မယ် တဲ့။ နင်အရွဲ့တိုက်ပြီးဖြေလိုက်တာလား။ ငါမသိဘူး။ ဒါပေမယ့် အဲဒီကစပြီး ဒဏ်ရာရသွားတဲ့ ငါ့အသည်းနှလုံးဒီနေ့အထိသွေးမတိတ်သေးပါဘူး။ နင်သာမြင်နိုင်ရင် မြင်ခဲ့မှာပါ။ အဲဒီနေ့က နင်ပြန်သွားပြီးနောက် နင်ငါ့ဆီကို မလာတော့ဘူး။ ငါလည်းနင့်ကိုတွေ့ဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအချိန်ကစပြီး နင်သာဖွင့်ပြောရင် နင့်ကိုပေးဖို့အဆင်သင့်ရှိနေခဲ့တဲ့ အဖြေတစ်ခု၊ ဘယ်တော့မှလည်း ပေးဖြစ်တော့မှာမဟုတ်တဲ့ အဖြေတစ်ခုကို ငါ့မှတ်ဥာဏ်ထဲက၊ ငါ့နှလုံးအိမ်ထဲကမေ့ပစ်လိုက်ဖို့ ငါကြိုးစားရတော့မယ်။ နင့်သတင်းတွေကြားတိုင်း မှာ သိဟောင်းကျွမ်းဟောင်းတစ်ယောက်အကြောင်း ကိုနားထောင်ရသလို ဘာမှမဖြစ်သလိုပဲ ငါဟန်ဆောင်နိုင်အောင် ကြိုးစားတော့မယ်။ ငါဒီလိုဆုံးဖြတ်ခဲ့တယ်။ နင်နဲ့ဝေးသွားခဲ့ပေမယ့် ငါ့ဆီရောက်ရောက်လာတတ်တဲ့ နင့်သတင်းတွေက ငါ့ကိုနှိပ်စက်နေတုန်းပဲ။ ငိုချင်လာတိုင်းလည်း ပြုံးရယ်နိုင်ဖို့ငါ အားထုတ်ခဲ့ရတယ်။ မာနကြီးတဲ့၊ ဆေးရုံမှာလည်း တော်သလောက်ထက်ပြီး နာစ့်မလေးတွေကိုဟောက်တတ်တဲ့၊ ဆေးရုံဝန်ထမ်းတွေကို အရက်ဝယ်ခိုင်းပြီး ရုံးခန်းထဲမှာသောက်တယ်ဆိုတဲ့၊ လူနာတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတယ်ဆိုတဲ့ နင့်သတင်းတွေကြားတိုင်း အောင့်သွားတတ်တဲ့ဘယ်ဘက်ရင်အုံထဲမှာတော့ နင်မသိလိုက်တဲ့ တစ်စုံတစ်ခုက အခုထိနာကျင်နေဆဲပေါ့ သူငယ်ချင်းချစ်သူရယ်။

Sunday, March 15, 2009

စင်္ကာပူက ဘူးဝါး ဘူးဝါးပွဲ

ကျောင်းက Irish သူငယ်ချင်းတစ်ယောက်က St.Patrick Day Parade သွားဖို့ဆိုပြီး ပြီးခဲ့တဲ့အပါတ်တည်းက လူစုပါတယ်။ အဲဒါနဲ့ဒီနေ့တော့ စင်္ကာပူမှာပထမဆုံးလုပ်တယ်ဆိုတဲ့ St. Patrick Day Parade ကိုသူငယ်ချင်းတွေနဲ့ သွားဖြစ်ပါတယ်။ အတန်းထဲမှာ လူပေါင်း ၇၄ယောက်ရှိထဲအထဲက ၃၅ယောက်ပါလာတယ်။ အိမ်ကစထွက်ပြီး ဘတ်စ်ကားစီးကြကတည်းက အစိမ်းရောင်တွေဝတ်၊ အစိမ်းရောင်ဦးထုပ်တွေဆောင်း၊ အစိမ်းရောင်ကြိုးစည်းတွေ၊ စတစ်ကာတွေကပ်ထားတဲ့ ကိုယ်တို့အုပ်စုကိုကားပေါ်ကလူတွေက ပြုံးစိစိနဲ့ကြည့်သွားကြပါတယ်။


Parade လုပ်မယ့်နေရာရောက်တော့ ရာသီဥတုကဖောက်ပြန်လာတော့တယ်။ တစ်နေ့လုံးပူနေတဲ့နေပျောက်သွားပြီး မှောင်လာပါတော့တယ်။ အဲဒီအချိန်အထိတော့ ကဲလို့ကောင်းတုန်းပေါ့လေ။ ကျောင်းအတွက်လုပ်ပေးထားတဲ့ Banner ကိုယူပြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။ Parade မစခင်မှာပဲမိုးကရွာလာပါတော့တယ်။ မိုးရွာကြီးထဲမှာ လမ်းလျှောက်ရတာပေါ့လေ။ စင်္ကာပူမြစ်ကိုဖြတ်တဲ့တံတားပေါ်ကနေဖြတ်ပြီး ပွဲလုပ်မယ့်နေရာကိုသွားကြတော့ လမ်းမှာမိုးကသည်းသထက်သည်းလာပါတယ်။ ဒါပေမယ့် အတန်းထဲကကောင်တွေကတော့ ပျော်နေကြတုန်းပဲ။ သူတို့ကြည့်ပြီး ကိုယ်ပါအလိုလိုမြူးလာပါတယ်။ Irish သူငယ်ချင်းကရှေ့ကနေတိုင်ပေးပါတယ်။ ကျောင်းနာမည် LKY လို့အော်ရင် ဘူးဝါး ဘူးဝါးလို့အော်မယ်တဲ့။ အဲဒါနဲ့ တလမ်းလုံး LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ဆိုပြီး တစ်လမ်းလုံး လုပ်လာကြတယ်။ ပွဲလုပ်တဲ့အမိုးအောက်ရောက်တော့ Parade အတွက်ချီတက်လာကြတဲ့အဖွဲ့တွေကို နာမည်ခေါ်ပြီး လက်ခုပ်တီးရင်လည်း LKY LKY ဘူးဝါး ဘူးဝါး ဘူးဝါး ပါပဲ။ ဘာမှန်းသာမသိပေမယ့် ကိုယ်တွေတဖွဲ့လုံး လည်းဘူးဝါးဘူးဝါးပေါ့။

တစ်ချို့အဖွဲ့တွေက အကတွေ၊ အတီးအမှုတ်တွေနဲ့ဖျော်ဖြေပါတယ်။ အဲဒီထဲမှာထူးထူးခြားခြားဖျော်ဖြေမှုတစ်ခု ကတော့ Star Wars Fans ဆိုတဲ့အဖွဲ့ပါ။ သူတို့က Star Wars ကလူတွေအတိုင်းဝတ်ထားပြီးတော့ သရုပ်ဆောင်ပြ သွားပါတယ်။ ပျော်စရာပွဲလေးပါပဲ။ မိုးတွေရွာ၊ အေးစိမ့်စိမ့်နဲ့ ၀တ်ထားတဲ့ရှုးဖိနပ်ထဲရေတွေဝင်ပြီး ခြေထောက်ကိုက်လာတာကလွဲလို့ပေါ့။ အားလုံးကြည့်လို့ရအောင် ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်။





Wednesday, March 11, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (၂)

နင်အကြောင်းပြန်တွေးတိုင်း ငါ့ကိုပြုံးမိစေတဲ့၊ ငါနောက်ထပ်ငါအမှတ်ရနေတဲ့အဖြစ်တစ်ခုက နန္ဒာမွေးနေ့မှာလေ။ အဲဒီနေ့ကကျောင်းပိတ်ရက်နဲ့လည်းတိုက်နေတော့ သူငယ်ချင်းတွေစုပြီး မြို့စွန်ကရေကြည်ဦး ဘုရားကို စက်ဘီးကိုယ်စီနဲ့သွားကြတယ်လေ။ ငါတို့ဘုရားပေါ်က ဆင်းပြီးပြန်လာတော့ မန္တလေးစံပြနည်းပညာ ကောလိပ်ကလေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေအများကြီးနဲ့ဆုံတယ်။ သူတို့ကငါတို့ စက်ဘီးရပ်ထားတဲ့နေရာနားမှာ သူတို့ယူလာတဲ့အိုးကြီးတွေထဲက ထမင်းတွေ၊ ဟင်းတွေနဲ့နေ့လည်စာစားမလို့လုပ် နေတယ်။ ငါတို့ဆင်းလာတော့ အဲဒီကအစ်ကိုတွေကလှမ်းနောက်တယ်။ အပြန်အလှန်နောက်ကြပြောင်ကြရင်းနဲ့ စကားခဏပြောဖြစ်ကြတယ်။ အားလုံးကလည်း လူငယ်တွေဆိုတော့ ခဏတွေ့ရပေမယ့် ရင်းရင်းနှီးနှီးပေါ့။ ငါတို့လည်း စက်ဘီးတွေမထုတ်ဖြစ်သေးဘဲ ရပ်စကားပြောဖြစ်နေတယ်။ ၀င်မပြောတာနင်တစ်ယောက်တည်း။ သစ်ပင်အောက်မှာထိုင်ပြီး မျက်နှာပုပ်ပုပ်နဲ့။ ငါကသိပါတယ်။ နင်ဘာဖြစ်နေတယ်ဆိုတာကို။ ငါတို့နဲ့စကားပြောနေ တာကလည်း ယောက်ျားလေးတွေမို့နင်မကြိုက်ဘူးဆိုတာငါရိပ်မိပြီးသားပဲ။ ဒါပေမယ့် ငါကဘာလုပ်ပေးလို့ရမှာလဲ။ နန္ဒာကတော့ ငါ့ကိုလာပြောပါတယ်။ ဟဲ့ အထွန်း စူပုပ်နေပြီနော် တဲ့။ ငါခေါင်းပဲညိတ်ပြလိုက်တယ်။ ပြန်လာတဲ့ လမ်းတလျှောက်လုံး နင်စကားမပြောဘူး။ ငါမသိချင်ယောင်ဆောင်ပြီး နင်မကြိုက်တာကို တမင်လုပ်တာလည်း မဟုတ်ဘူး။ နင်စိတ်ဆိုးတာကို သိရက်သားနဲ့မသိချင်ယောင်ဆောင်ပြီး နင့်ကိုမချော့ဘဲနေတာလည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုကိစ္စမျိုးမှာ ငါနင့်ကိုဘယ်လိုချော့မလဲ။ ငါနဲ့နင်က သူငယ်ချင်းတွေလေ။ ငါယောက်ျားလေးတွေနဲ့ စကားပြောတာမကြိုက်ဘူးလို့ နင်ကိုယ်တိုင်ရော တားမြစ်ရဲခဲ့လို့လား။ အဲဒီလိုနင်နဲ့ငါဟာ ရင်ထဲကခံစားချက်ကို သိပ်သိုဝှက်လွန်းခဲ့လို့များ ငါတို့ဝေးခဲ့ရတာလားလို့ တခါတလေမှာမဟုတ်မှန်းသိရက်နဲ့ တွေးမိနေတတ်တယ်။



ဒီလိုနဲ့တိုတိုပြောရရင် ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ အချိန်ကိုရောက်လာခဲ့တယ်။ အားတဲ့ရက်တွေမှာ နင်နဲ့ အောင်အောင် ငါ့အိမ်ကိုခဏခဏရောက်လာပြီးငါနဲ့စကားပြောတတ်တယ်။ နင်နဲ့ငါအဲဒီရက်တွေမှာ ဘာအကြောင်းတွေပြောဖြစ်ကြလဲဆိုတာ ငါမမှတ်မိတော့ဘူး။ ငါမှတ်မိနေတာက အောင်စာရင်းတွေမထွက်ခင် နင်နဲ့ငါ ပထမဆုံးအကြိမ် စကားများကြတဲ့အကြောင်းပဲ။ မိန်းကလေးတွေ နိုင်ငံခြားမှာ ပညာသွားသင်တာတို့ အလုပ်လုပ်ဖို့တို့ နင်မကြိုက်ဘူးလေ။ ငါ့အတွက်တော့ ငါပညာတွေအများကြီး တတ်ချင်တယ်။ ငါ့ပညာနဲ့ အလုပ်လုပ်ချင်တယ်။ မိဘကို ကျေးဇူးဆပ်ချင်တယ်။ ပိုက်ဆံနောက်တကောက်ကောက် လိုက်ရတဲ့ စီးပွားရေးမျိုးကို ငါမလုပ်ချင်ပေမယ့် ပိုက်ဆံအတွက်ပူပန်နေရတဲ့ဘ၀မျိုးလည်း ငါပြန်မရောက်ချင်တော့ဘူး။ သာမာန်ဝန်ထမ်းတွေ ဖြစ်တဲ့ ငါ့မိဘတွေအတွက် ငါ့ကျောင်းစားရိတ်က၀န်ထုတ်ဝန်ပိုးတစ်ခု။ အဲဒီတော့ ပညာကိုပိုကြိုးစားပြီး Scholarship ရမှငါတတ်ချင်တဲ့ပညာကို ငါဆက်သင်လို့ရမှာလေ။ ဒါတွေကို ဆယ်တန်းတစ်နှစ်လုံး အိမ်ကကားနဲ့အကြိုအပို့လုပ်၊ ပညာတစ်ခုပဲအာရုံစိုက်စရာလိုတဲ့ နင်ကဘယ်နားလည်မှာလဲ။ နင်နားမလည်တဲ့အရာတစ်ခုကို နင်နဲ့ငါခံမငြင်းသင့်ဘူး လို့ရင်ထဲမှာရှိနေတဲ့ကြားထဲက ငါနင်နဲ့အပြိုင်ငြင်းခဲ့မိတယ်။ ရှေးရှေးတုန်းကလို မိန်းကလေးဆိုတာ သေစာ၊ရှင်စာ ဖတ်တတ်ရင်ပြီးရော။ အချိန်တန်ယောကျာ်းယူ၊ အပြင်ထွက်အလုပ်လုပ်တာ မိန်းမအလုပ်မဟုတ်ဘူးဆိုတဲ့ အယူအဆ ကိုလက်မခံနိုင်တာလည်း ပါတာပေါ့။ နင့်ကိုလည်းငါအံ့သြမိတယ်။ ၂၁ရာစုခေတ်လူငယ်ဖြစ်ပါရက်နဲ့ ဒီလိုအတွေး အခေါ်တွေရှိရမလားလို့။ အဲဒီနေ့ကနင် ငါ့ကိုစိတ်ဆိုးပြီးပြန်သွားတယ်လေ။ နင်ပြန်သွားတော့ အမေကငါ့ကို ရယ်ပြီးပြောတယ်။ ဘာလို့ခံငြင်းနေတာလဲ။ သူ့အယူအဆနဲ့သူပေါ့ တဲ့။ နောက်တနေ့ကျတော့ အောင်အောင်တစ်ယောက်ပဲ ငါ့ဆီရောက်လာတယ်။ ပြီးတော့ ငါ့ကိုပြောတယ်။ နင်တို့နှစ်ယောက်ကရယ်ရတယ် တဲ့။ မနေ့ကနင်ပုံကအေးအေးဆေးဆေးပဲ။ ဟိုကောင်ကသာ မျက်နှာတွေနီရဲပြီး စိတ်တိုနေတာ တဲ့။ အဲဒီနေ့က ပထမဆုံးအကြိမ် နင်နဲ့ငါကြားကအကွာအဝေးကို ငါခံစားမိလိုက်ပါတယ်။ အရင်တုန်းကအကြိုက်ချင်းတူ၊ စိတ်ထားချင်းတူတယ်လို့ထင်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သဘောထားခြင်းမတိုက်ဆိုင်မှု ဟာငါတို့နှစ်ယောက်ကို ဝေးကွာစေလိမ့်မယ်လို့ ငါမတွေးမိသေးတာတော့ အမှန်ပါ။ ရည်မှန်းချက်မတူပေမယ့် တချိန်မှာတစ်လမ်းတည်းသွားနိုင်ပါသေးတယ် ငါတို့ဆန္ဒရှိဖို့ပဲလိုတာပါလို့ ငါ့ရင်ထဲမှာတော့တိတ်တိတ်လေး ပြောနေမိတယ်။ ငါ့အတွေးထဲမှာလည်း အချိန်တွေနဲ့အတူ နင့်အယူအဆတွေပြောင်းလဲလာပါစေလို့ ဆုတောင်းရင်းပေါ့။ နင်နဲ့ပါတ်သက်လာရင် ငါ့ဘက်ကတစ်ဘက်သတ် မျှော်လင့်ချက်တွေများ ခဲ့မိတယ်နဲ့ထင်ပါရဲ့။



ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာ ငါကမနက်၈နာရီလောက်ကတည်းက သူငယ်ချင်းတွေနဲ့အိမ်ကထွက်သွား ပြီး ကိုယ်စာဖြေခဲ့တဲ့ကျောင်းမှာ ကိုယ့်နာမည်ကိုအမှတ်တရဆိုပြီးလိုက်ကြည့်နေကြတာ။ သူငယ်ချင်းမိန်းကလေး ၅ယောက်က ကျောင်း၎ကျောင်း ခွဲဖြေရတော့ ကျောင်းတွေတစ်ကျောင်းပြီး တစ်ကျောင်းသွားရတယ်။ ငါတို့ ၅ယောက်ထဲမှာ ၄ယောက်က ဂုဏ်ထူး၎လုံး၊ ငါက ဂုဏ်ထူး၃လုံး။ နင်အပါအ၀င် ငါတို့အုပ်စုထဲကကျန်တဲ့သူငယ်ချင်း တော်တော်များများကလည်း ဂုဏ်ထူး၎လုံးရကြတယ်။ အမှန်တော့ ငါဘယ်ဘာသာတွေဂုဏ်ထူးပါပြီး ရတဲ့ဘာသာတွေကဘာဆိုတာ ညကတည်းကအတန်းပိုင်ဆီကို တိုင်းပညာရေးရုံးကပို့တဲ့စာရင်းထဲမှာပါလို့ ဆရာမကဖုန်းဆက်ခေါ်ပြီး ဆူတောင်ပြီးသွားပြီ။ D ၃လုံးပဲရပြီး ရတဲ့ဘာသာတွေက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဆိုတော့ ကျန်တဲ့ ၀ိဇ္ဇာတွဲနဲ့သိပ္ပံတွဲနဲ့ D မပါတာ စာမကျက်လို့ဆိုတာ ထင်ရှားနေတော့ အတန်းပိုင်နဲ့ Chemistry ဆရာမခေါ်ဆဲတာကို အောင်စာရင်းမထွက်ခင်ညမှာ ခံပြီးသားလေ။ ငါကတော့ ဆေးကျောင်းတက်ဖို့ မရည်ရွယ်ခဲ့သူဆိုတော့ ဘာမှလည်းမခံစားရဘူး။ ဒါပေမယ့် အောင်စာရင်းထွက်တဲ့နေ့ကတော့ ငါမျက်ရည်ကျရ သေးတယ်။ နင်သိလား။ ငါတို့ကျောင်းတွေလျှောက်မသွားခင် သူငယ်ချင်းတစ်ယောက်ကိုသွားခေါ်တော့ လမ်းမှာ နင်နဲ့တွေ့တယ်လေ။ နင်ကငါ့ကိုတွေ့တော့ဆိုင်ကယ်ကိုကွေ့ပြီး လိုက်လာတယ်။ ငါ့ကိုလှမ်းရယ်ပြတဲ့နင့်ကို ငါပြုံးမပြမိသလို စကားလည်းမပြောလိုက်မိဘူး။ အဲဒီတုန်းက ငါဘာဖြစ်သွားလဲငါ့ကိုယ်ငါတောင်မသိဘူး။ နင်ကတော့ နင်D၄လုံးထွက်ပြီး ငါ၃လုံးပဲထွက်လို့ စိတ်ကောက်တာလားလို့ ထင်သွားလားမသိဘူး။ နင်ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်းပြီးထွက်သွားတော့ ငါပဲစိတ်မကောင်းဖြစ်ကျန်ခဲ့ရတယ်။ တကယ်တော့ အဲဒီတုန်းက ငါရူးသွားတာလားမသိဘူး။ စိတ်မရှည်တတ်တဲ့နင့်အကြောင်းလဲသိသားနဲ့။ ကျောင်းရှေ့ရောက်တော့ သူငယ်ချင်းတွေ နဲ့တွေ့တယ်။ ရွာကကျောင်းလာတက်ပြီး ငါကတောသားလို့စလေ့ရှိတဲ့ ဖြိုးမင်းက ငါတို့အကုန်လုံး D ၄လုံး၊ နင်တစ်ယောက်ပဲ ၃ လုံးရတာ၊ မရှက်ဘူးလားတဲ့။ ငါငိုရော။ အဲဒါနဲ့ဖြိုးမင်းခမျာသူငယ်ချင်းတွေ ၀ိုင်းဆဲတာခံလိုက် ရရှာတယ်။ ဒါပေမယ့် ငါဘာကြောင့်ငိုတယ်ဆိုတာ ငါကိုယ်ငါပဲသိတယ်။ ငါ့အတွက် D ၄လုံးတို့၊ ၃လုံးတို့ဆိုတာ နင့်အပြုံးတစ်ချက်လောက် အရေးမကြီးဘူးဆိုတာ နင်ကျောခိုင်းသွားမှ ငါသိလိုက်တာပါ။

ငါအိမ်ပြန်ရောက်တော့ နင်ငါ့အိမ်ကိုလာသွားတယ်တဲ့။ အမေပြန်ပြောလို့ ငါပြန်သိရတယ်။ အဲဒီနေ့ကနင်နဲ့ငါ လမ်းမှာတွေ့တာ နင်ငါ့အိမ်ကပြန်လာတာဆိုတာ ငါတကယ်မသိဘူး။ ဟိုတခေါက် စကားများပြီးပြန်သွား ကတည်းက နင့်ငါ့ဆီကိုမှမလာတော့တာ။ တကယ်ဆိုရင် ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့လို ပျော်စရာနေ့မျိုး မှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ပျော်ရွှင်မနေသင့် ဘူးလား။ အဲဒီပျော်ရွှင်မှုကိုငါ့ဘက်က ဖျက်ဆီးပစ်ခဲ့လို့ ငါ့အတွက်ပျော်ရွှင်မှုတွေဆိတ်သုဉ်းကုန်ပါစေလို့များ နင်ကျိန်စာတိုက်ခဲ့တာလားဟယ်။

(နောက်တစ်ပိုင်းတွင် အဆုံးသတ်ပါတော့မည်။ :D)

Saturday, March 7, 2009

ရင်ထဲကပန်းတစ်ပွင့်အကြောင်း (၁)

ငါ့နှလုံးသားမှာ ပွင့်ခွင့်မကြုံလိုက်ပဲ ကြွေလွင့်သွားရတဲ့ ပန်းဖူးကလေးတစ်ငုံ ရှိခဲ့ဘူးတယ်……။



မာနကြီးတဲ့၊ အတ္တလည်းကြီးတဲ့၊ အတွေးအခေါ် ခေတ်မမီတဲ့ (မိန်းမဆိုတာ မီးဖိုချောင်ထဲမှာပဲနေသင့်တယ်ထင်တဲ့၊ အိမ်ထောင်ကျပြီးတဲ့ မိန်းမတွေအလှပြင်တာကို မကြိုက်တဲ့) တချိန်တည်းမှာပဲ ထက်မြက်တဲ့ယောကျာ်း တစ်ယောက်ဖြစ်တဲ့ နင့်ကို ငါရင်ထဲမှာအချိန်ကာလတစ်ခု အထိသိမ်းဆည်းထားခဲ့ဖူးတယ်။ ငါ့အတွက်တော့ ဘယ်တုန်းကမှ ပွင့်ဖူးခွင့်မရလိုက်တဲ့၊ လူမသိလိုက်တဲ့ နှလုံးသားပန်းပွင့်လေးဟာ အထွန်းလို့ငါက ချစ်စနိုးခေါ်တဲ့နင်ပါ။ နင်ဘယ်တော့မှသိမှာမဟုတ်သလို နင်သိဖို့လိုအပ်မှာလည်းမဟုတ်တော့ပါဘူး။
ငါမှတ်မိနေသေးတယ်။ အတန်းရဲ့မော်နီတာဖြစ်ပြီး အဲဒီတာဝန်ကိုအလွန်တရာ (လူအမြင်ကတ်ခံရလောက်အောင်) ကျေပွန်လှတဲ့နင့်ကြောင့် ငါခဏခဏအပြစ်ပေးခံခဲ့ရဘူးတယ်။ ပထမဆုံးနင်ငါတို့နဲ့တစ်တန်းတည်းကျတဲ့အချိန်က ငါတို့ ၆တန်းနှစ်လေ။ ၄တန်းအောင်လို့ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းမှာ ၅တန်းပြောင်းတက်ရတဲ့ အချိန်မှာ နင်ကတခြားအခန်းမှာ။ ၆တန်းနှစ်ကစပြီး စာတော်တဲ့ကျောင်းသားတွေကိုပဲထားတဲ့ A ခန်း၊ သူများတွေက ရှယ်ခန်းလို့ခေါ်တဲ့အခန်းမှာ ငါတို့မူလတန်းတစ်ကျောင်းတည်းကလူတွေတော်တော်များတဲ့အပြင် ငါးတန်းမှာတုန်း တည်းက A ခန်းမှာအတူတူကျခဲ့တဲ့သူတွေပါတာကြောင့် ငါတို့က လူတော်တော်များများနဲ့ရင်းနှီးပြီးသားလေ။ ပြီးတော့ သိပ်အသွက်လွန်နေတဲ့၊ သိပ်ကဲတဲ့ငါ့ကလည်း နေရာတကာစပ်စပ်ပါတတ်တဲ့ အကျင့်ကြောင့် လူတိုင်းနဲ့ခင်နေတဲ့အချိန်မှာ နင်ကတော့လူသိပ်မသိတဲ့၊ လူတွေနဲ့သိပ်မရောတဲ့၊ နင့်တို့ခုံတန်းမှာအတူတူထိုင်တဲ့ လူတွေလောက်နဲ့ပဲစကားအပြောအဆိုရှိခဲ့တယ်။ နင်ကိုငါစသတိထားမိတဲ့အချိန်ကိုနင်သိလား။ ကျောင်းတက်ပြီး သိပ်မကြာခင်မှာပဲ အင်္ဂလိပ်စာဆရာမအချိန်မှာပေါ့။ မုန့်စားဆင်းပြီးပြန်တက်ခါစအချိန်ဆိုတော့ ထမင်းဆိပ်တက်ပြီး ငါအိပ်ငိုက်နေခဲ့တယ်။ မျက်စိကိုမနည်းအားတင်းဖွင့်နေရတာပေါ့။ အဲဒါကိုဆရာမကမြင်ပြီး ငါ့ကိုမတ်တပ်ရပ် ခိုင်းတယ်။ မတ်တပ်ရပ်ခိုင်းခံရတာ ငါတစ်ယောက်တည်းမဟုတ်ဘူးနော်။ နင်လည်းပါတယ်။ ဆရာမက ငါ့ကိုအရင်မေးတာနော် “အိပ်ငိုက်နေတာလား၊ မျက်လုံးကဘာဖြစ်နေတာလဲ”တဲ့။ ငါက “ဘာဖြစ်မှန်းမသိပါဘူး၊ အဲဒီလိုပဲ”လို့ ခပ်တည်တည်နဲ့ငါဖြီးတော့ ဆရာမက“ဆေးခန်းလည်းပြကြည့်ဦး”တဲ့။ ဒါနဲ့နင့်ကိုဆရာမက ဆက်မေးတယ် “မင်းကရော” တဲ့။ နင်က “ကျွန်တော့မျက်လုံးက အစတည်းကဒီလိုပဲ” တဲ့။ ငါနင့်ကို လှည့်ကြည့်တော့ ဟုတ်တယ်၊ နင့်မျက်လုံးက မျက်ခွံတွေမို့နေတဲ့အပြင်မျက်လုံးက ခပ်မှေးမှေး။ နင့်ရုပ်က ပုပ်စပ်နေတာပဲ။ ငါနင့်ကိုကြည့်ပြီးရယ်ချင်လိုက်တာ။ အဲဒီတုန်းက ငါကနင့်ကိုခင်ပါတယ်။ ဒါပေမယ့် နင်ကတော့ ငါနဲ့ပါတ်သက်လာရင် အမြဲတင်းမာ နေတတ်တယ်နော်။ ငါ့ကိုပဲ နင်အမြင်ကတ်တာလားလို့တွေးမိဘူးတယ်။ နင့်ကို မကြားတကြားစောင်းပြီး “မော်နီတာ ဘော်လီမပါ၊ မော်နီတာ အလုပ်ပြုတ်၊ ချီးကျုံးကုလားလုပ်”လို့ အော်မိခြင်းရဲ့ရလာဒ်က အတန်းပိုင်ဆရာမရဲ့ကြိမ်လုံး နဲ့ဆုချခံရတာလေ။ ခဏခဏပဲ နင်နာမည်မှတ်တဲ့စာရင်းမှာ မုန့်ခိုးစား၊ ထမင်းခိုးစား၊ စကားပြောစတဲ့ ပြစ်ချက်တွေနဲ့ ဆရာမရိုက်တာခံရတိုင်းနင့်ကိုစိတ်ဆိုးတယ်၊ မုန်းတယ်လို့အော်မိပေမယ့် ငါတကယ်နင့်ကိုမုန်းခဲ့တာမှ ဟုတ်ရဲ့လား။ နင်နဲ့ပါတ်သက်လာရင် ငါဟာ အစကတည်းကရှုံးနေခဲ့တာပါ။



ဒီလိုနဲ့သက္ကရာဇ်တစ်ခုကျော်သွားပြီးနောက် ငါမထင်မှတ်တဲ့တစ်နေ့မှာ နင်ကအလံဖြူပြလာခဲ့တယ်။ မင်္ဂလာရှိလှတဲ့ ကျောင်းပိတ်ရက်တစ်ခုမှာ ငါဘယ်လိုမှထင်မထားတဲ့ ဧည့်သည်တစ်ယောက်အိမ်ကိုရောက်လာခဲ့တယ်။ ငါနေ့လည် စာထမင်းစားမလို့ လုပ်နေတုန်း အိမ်ရှေ့ကခေါ်သံကြားလို့ထွက်လာတော့ နင်ဖြစ်နေခဲ့တယ်။ ငါအရမ်းအံ့သြနေတာ ကိုမြင်တော့ နင်ကပြုံးစိစိနဲ့။ ငါနဲ့နင် စကားတွေတော်တော်ကြာကြာပြောဖြစ်ကြတယ်။ နင်က ငါ့ကိုပြောတယ်နော်။ “မိန်းကလေးသူငယ်ချင်းတွေထဲမှာ နင့်ကိုငါအခင်ဆုံးပဲ”တဲ့။ နင့်မှာ မိန်းကလေးသူငယ်ချင်းရောရှိရဲ့လားလို့ ငါပြန်မမေးလိုက်ပါဘူး။ နင်ပြောတဲ့စကားကိုပဲ ငါပျော်နေခဲ့တယ်။ အဲဒီနောက်ပိုင်းနင်နဲ့ငါရဲ့ဆက်ဆံရေးက အရင်ကနဲ့ ဆန့်ကျင်ဘက်ကိုပြောင်းသွားခဲ့တယ်။ ဘာမဆိုငါ့ကိုဖွင့်ပြောတတ်တဲ့ နင့်ရဲ့အခင်ဆုံးမိန်းကလေး သူငယ်ချင်းဆိုတဲ့နေရာဟာ ငါ့ကိုအများကြီးစိတ်ပျော်ရွှင်စေခဲ့တာ ငါဝန်ခံရမှာပါ။ နင်သဘောကျတဲ့မိန်းကလေး တိုင်းကို ငါသဘောကျတတ်ပေမယ့် တခါတလေငါစိတ်ထဲမှာသ၀န်တိုမိတာလည်းအမှန်ပဲ။ နင်နဲ့ငါဟာ အကြိုက်ချင်းတူ၊ ရင်ဘတ်ချင်းတူတဲ့လူနှစ်ယောက်ဖြစ်နေတာဟာ ငါတို့ကိုမြန်မြန်ဆန်ဆန်နီးကပ်စေခဲ့တယ်။ တချိန်တည်းမှာပဲ မဟုတ်တဲ့နေရာမှာ မာနကြီးတာချင်းကလည်းတူနေသေးတယ်။ အဲဒီအချက်ကတော့ ငါတို့နှစ်ယောက်ကို ခဏခဏရန်ဖြစ်အောင်၊ စကားမပြောဘဲနေအောင်လုပ်ခဲ့တာပေါ့။ နင်မှတ်မိဦးမလား။ တစ်နှစ်မှာ နွေရာသီ ကျောင်းပိတ်ရက်ကုန်လို့ နှစ်စကျောင်းပြန်တက်တော့ နင်နဲ့ငါတစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲနေကြတာ ကျောင်းတက်တာ တစ်လလောက်ကြာတဲ့အထိပဲလေ။ အဲဒီနှစ်နွေရာသီကျောင်းပိတ်တုန်း ကတောင်နင်ငါ့အိမ်လာလည်ပြီး နှစ်နာရီလောက်ကြာအောင် စကားပြောသွားသေးတယ်။ ဒါပေမယ့် ကျောင်းပြန်တက်ကြတော့ နင်နဲ့ငါနှစ်ယောက်ပြန်အတွေ့မှာ တစ်ယောက်အခေါ်ကိုတစ်ယောက်က စောင့်ကြရင်းနဲ့ စကားမပြောဖြစ်ကြတော့ဘူးလေ။ အဲဒီအချိန်တုန်းက ပြန်ခေါ်ဖို့စလာတဲ့သူကနင်နော်။ အဲဒီတစ်ချိန်တည်းပါပဲ။ ငါနေမကောင်းနေရက်နဲ့ ကျောင်းကိုလာနေတာလေ။ ပြီးတော့ မနက်ဆိုကျောင်းကိုအစောကြီးလာပြီး အငယ်တန်းတွေကို ပန်းပွားအကသင်ပေးရတယ်လေ။ အကူမရှိဘဲ ကျောင်းသူ၆၀လောက်ကို သင်ပေးရတော့ ငါအရမ်းပင်ပန်းတာပဲ။ တစ်နေ့ငါပင်မကျောင်းဆောင်ကြီးက အကသင်ပေးပြီး ပြန်လာတော့အန်တယ်။ နင်သိပါတယ်။ နင်နောက်ဆုံးခုံမှာထိုင်တာပဲ။ နောက်တနေ့ငါကျောင်းရောက်လာတော့ အတန်းထဲမှာအဲဒီနေ့ အသင်းတာဝန်ကျတဲ့သူတွေကလွဲပြီး ဘယ်သူမှမရှိဘူး။ ငါထိုင်နေတုန်းနင်ရောက်လာတယ်။ ပြီးတော့ ငါထိုင်နေတဲ့ခုံ ရဲ့ရှေ့ခုံမှာဝင်ထိုင်လိုက်ပြီး ငါ့ဘက်ကိုပြုံးကြည့်လိုက်တဲ့မျက်နှာ ငါအခုထိမမေ့ဘူး။ အစ်ကိုတစ်ယောက်က ညီမဆိုးလေးတစ်ယောက်ကို ချစ်စနိုးကြည့်သလိုမျိုး။ ငါရင်ထဲမှာရုတ်တရက်ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ နင့်ကို စကားမပြောနိုင်ဘဲ ငါထထွက်သွားမိတာ ငါအရမ်းငိုချင်လို့ပါ။ ငါသိပ်ပျော်သွားလို့ပါ။ နင်သိရဲ့လား။ နင့်အပြုံးတစ်ပွင့်ဟာ ငါ့ကိုရူးစေနိုင်ခဲ့တယ်ဆိုတာ……။