Sunday, April 19, 2009

အမှတ်တရ ဒါလတ် (၂)


နှုတ်ဆက်ခဲ့ပါတယ် ဒါလတ်ဆိုတဲ့မြို့ကလေးရေ။ အေးစက်စက်ကြိုဆိုခဲ့ပေမယ့် လှပတဲ့မင်းရဲ့အသွင်အပြင်၊ အထပ်ထပ်ထုပ်ထားတဲ့ အနွေးထည်တွေကြားကို ရောက်အောင်တိုးဝင်တတ်တဲ့ အေးစိမ့်စိမ့်လေပြည်၊ မြင်လေရာမှာ လှပတဲ့ပန်းတွေရဲ့ရနံ့နဲ့အတူ မင်းကိုသတိရနေဦးမှာပါ။ မင်းရင်ခွင်မှာ ငါပျော်ခဲ့တယ်။ ငိုခဲ့တယ်။ တွေ့ဆုံချိန် ၃ညမှာ သုံးလတာလောက်ခံစားမှုတွေရှိခဲ့တယ်။ လူတွေရဲ့သဘော၊ ငါကိုယ်တိုင်ရဲ့မနောကို အားလုံးလေ့လာတွေ့ရှိခဲ့တာ ပေါ့။ မင်းကြောင့်ငါ့နှလုံးသားပိုမာကျောလာခဲ့တယ်ဆိုလည်း မမှားပါဘူး။ မင်းရင်ခွင်မှာ လူးလာခေါက်တုံ့ငါပျော်ပါး ခဲ့တယ်။ ပြန်ရမယ့်ညမှာတော့ ငါတယောက်တည်း ကန်နံဘေးက သစ်ပင်ရိပ်အောက်မှာ ငိုခဲ့တယ်။ ညဘက်သန်းခေါင်ရောက်တော့မယ့်အချိန်မှ လှည်းကလေးနဲ့ရောင်းတဲ့ အီတလီအစားအစာပေါင်မုန့်ဝက်သားညှပ် ကို မြိန်ရည်ယှက်ရည်စားခဲ့တယ်။


ပြန်ရောက်လာခဲ့ပြီးချိန်မှာတောင်မှ မင်းကငါ့အိပ်မက်တွေထဲကို ခဏခဏရောက်လာတယ်။ တခါတလေ ငါက ကန်နံဘေးမှာ ရှိုက်ကြီးတငင်ငင်ငိုလို့။ တခါတလေ ပန်းတွေကြားမှာ လိပ်ပြာတွေနဲ့အပြိုင် မြူးတူးပျော်ပါးလို့။ တခါတလေ အေးစက်စက်လေပြည်ကြားမှာ ဆိုင်ကယ်လီဗာကို အရှိန်ပြင်းပြင်းဆွဲမိလို့။ ညသန်းခေါင်မှာ စေ့ထားတဲ့ဟိုတယ်အ၀င်တံခါးကို ယောင်ယောင်ဖွင့်မိတယ်။ ဟိုတယ်ရှေ့က ခရစ္စမတ်ပင်ကြီး အခုလောက်ဆို သိမ်းပြီးလောက်ရောပေါ့။ နွေ၊ မိုး၊ ဆောင်းသုံးရာသီမှာ လူတွေကတော့ တသုတ်ပြီး တသုတ်ရောက်လာကြဦးမယ်။ တချို့ကဟိုချီမင်းက၊ တချို့ကညကျမ်းကတဆင့်ပေါ့။ သူတို့မင်းအလှမှာမိန်းမောကြ ဦးမယ်။ မင်းရင်ခွင်ထဲက ပန်းကလေးတွေရှေ့မှာ ကင်မရာမီးတွေတဖျတ်ဖျတ်လက်ကြဦးမယ်။ ထင်းရှုးရိပ်မှာ သူတို့တွေတရေးအိပ်ကြဦးမယ်။ ညဦးပိုင်းမှာစည်ကားတတ်တဲ့ ဈေးတန်းလေးမှာလည်း လူတွေစည်မြဲစည်ဦးမယ်။ နောက်တော့သူတို့ပြန်သွားကြ ဦးမှာပဲ။ မင်းအလှကို တဖွဖွပြောကြရင်း။ မင်းဆီကို နောက်တခေါက်ပြန်လာဦးမယ် လို့ မျှော်လင့်ရင်းပေါ့။ ငါလဲဒီလိုပဲ ပြန်လာခဲ့တယ်။ ဘယ်အချိန် မင်းအရိပ်အောက်တခေါက်ရောက်လာဦးမယ် ငါမသိဘူး။ အနာဂါတ်ဆိုတာ ငါမပိုင်ဆိုင်တဲ့တခဏပါ။ ဒါပေမယ့် ငါ့နှလုံးသားထဲက မင်းပုံရိပ်ကတော့ ထာဝရလေ။



(ပထမ အမှတ်တရဒါလတ်ဆိုတဲ့ကဗျာလေးကို ၂၀၀၈ ဒီဇင်ဘာ ဗီယက်နမ်ခရီးစဉ်ကပြန်ရောက်ရောက်ချင်း ရေးခဲ့ဖူးပါတယ်။ ဒီမှာဖတ်လို့ရပါတယ်။ လာလည်ကြတဲ့အကို၊ အမတွေကျေးဇူးပါ။ အခုတော့ စာမေးပွဲက တပါတ်ပဲလိုတော့တာမို့ ဘလော့မလည်နိုင်သေးလို့ပါ။)

5 comments:

ကိုလူထွေး said...

စာမေးပွဲပြီးရင် နောက်တစ်ခေါက်သွားလည်ပေါ့...

ဆောင်းယွန်းလ said...

စာကြိုးစားပါညီမလေးရေ
အစစအရာရာ အဆင်ပြေနို်င်ပါစေ

ဒူကဘာ said...

ဗီယက်နမ်က မြို့ဆိုတော့ ဒါလတ်တော့ မဖြစ်နိုင်ဖူး၊ ဒါနန်း ဆို ပိုမှန်မလားပဲ တောင်တရုတ်ပင်လယ်ကို မျက်နှာပြုထားတဲ့ မြို့လေ ဟုတ်တယ် မဟုတ်လား?

Anonymous said...

ဒါလတ်တွေဒါနန်းတွေအကိုတော့မေ၇ာက်ဘူးလို့မသိဘူး၊ ချားစ်ဒါဝင်တော့သိတယ်၊ လွမ်းတာတွေခဏဖယ်ပြီး စာမေးပွဲအောင်မြင်အောင်လုပ်ပါ ညီမလေးရေ၊ စာကြိုးစားပါ၊ အောင်မြင်အောင်ဖြေဆိုနိုင်ပါစေလို့ အကိုဆုတောင်းပေးပါတယ်။

Anonymous said...

စာမေးပွဲနီးလို့ ဆိုပေမယ့် ရေးထားတဲ့ အရေးအသားက မြို့တစ်မြို့ကို လွမ်းလို့ ရေးထားတာလို့တောင် မထင်ရဘူးနော်။ ရင်ခွင်ထဲက ချစ်သူတစ်ယောက်ရဲ့ အငွေ့အသက်ကို တမ်းတလွမ်းမော နေမိတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်မျိုး ... ဒီလို လှပတဲ့ မြို့လေးကို ကျွန်တော်လည်း တစ်ခေါက်လောက်တော့ ရောက်ဖူးချင်သေးတယ် ....